ထားဝယ် – ၂၀၂၅ မေ ၉ (မော်ကွန်း)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာရှိတဲ့ ထီးခီးစစ်ကောင်စီတပ်စခန်းကို ဒီကနေ့ နံနက်ပိုင်းမှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ Force for Federal Democracy – FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က မော်ကွန်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ထီးခီးနဲ့ မဝေးတဲ့ ထီးထရွာ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကေအဲန်ယူပူးပေါင်းတပ်တွေက သိမ်းပိုက်တိုက်ခိုက်ခဲ့ပါတယ်။
” ပြီးခဲ့တဲ့လမှာ ထီးထဗျူဟာကို ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အခါမှာ အကြမ်းဖက်စစ်တပ်ရဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးကျော်ကျော်ဟန်က တပ်မဟာ ၄ ဧရိယာကို အမှုန့်ချေပစ်မယ်ဆိုပြီး ကြုံးဝါးထားတာရှိတယ်၊ ဒါကြောင့်ထီးခီးစခန်းကို ကျွန်တော်တို့တိုက်ချိန်မှာ ဟယ်လီကော်ပတာလေးစီးနဲ့အင်အားလာချပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ အမှုန့်ကြေသွားတာ သူတို့ထီးခီးစခန်းပဲဖြစ်ပါတယ်”လို့ ကိုအောင်အောင်က ပြောပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ ထီးခီးစခန်းဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်၊ ကုန်သွယ်ရေးဂိတ်ပေါက်တစ်ခုလည်းဖြစ်ပြီး မြဝတီ ကုန်သွယ်ရေးဂိတ်ပြီးနောက် ကေအဲန်ယူရဲ့ ဒုတိယသိမ်းပိုက်နိုင်တဲ့ စခန်းလည်းဖြစ်ပါတယ်။
ထီးခီးစခန်းဟာ ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုး နေ့စဉ် အမေရိကန်ဒေါ်လာ ၆.၆၉ သန်းရှိပြီး မြန်မာပြည်မှာရှိတဲ့ တရားဝင် နယ်စပ်ဂိတ်ပေါက်တွေမှာ အများဆုံးဂိတ်ပေါက်လည်းဖြစ်သလို မြဝတီကုန်သွယ်ရေးဂိတ်ပေါက်ရပ်တန့်သွားချိန်မှာလည်း ပိုမိုများပြားလာတဲ့ ဂိတ်လည်းဖြစ်ပါတယ်။
မြဝတီမြို့နဲ့ ကုန်သွယ်ရေးဇုန်ကိုတော့ ၂၀၂၄ နှစ်ဆန်းပိုင်းက ကေအဲန်ယူပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြားစောင့်နဲ့ စစ်ကောင်စီလက်ထဲကို ပြန်ရောက်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ကေအဲန်ယူတပ်တွေဟာ သင်္ကန်းညီနောင်ကနေ ဖြတ်တောက်ပိတ်ဆို့ထားပြီး နယ်ခြားစောင့်တပ်ကတော့ ကေအဲန်ယူဂိတ်နဲ့ တစ်ဖာလုံလောက်အကွာမှာ ပိတ်ဆို့ကာ မြဝတီမြို့ကို ထိန်းချုပ်ထားပါတယ်။
ရုပ်သံ – ထီးခီးစခန်းသိမ်းတိုက်ပွဲ
Source – FFD