ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို ဒီနေ့မနက်ပိုင်းက တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခလေဆိပ်ကနေ တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်တဲ့ Mi-35 နဲ့ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်ခဲ့တာလို့ ကုန်းသာရွာခံတစ်ဦးကပြောပါတယ်။
“ အကိုတို့ဘက်ကိုတော့ အပေါ်ကနေ ရမ်းသမ်းပစ်တာ။ (ဒေသခံတွေ) အန္တရာယ်တော့ ဘာမှဖြစ်မသွားဘူး။ ယင်းနဲ့ကုန်းသာရွာနှစ်ရွာကြားက ကွင်းပြင်ကိုပစ်သွားတယ်။ ပြီးကျ ကုန်းသာအရှေ့ဘက်က တောတိုက်(တဲ)တွေကိုပစ်သွားတယ်။ ရွာအပြင်တွေပစ်သွားတာ။ ထိခိုက်မှုတော့ ဘာမှမရှိဘူး” လို့ ကုန်းသာရွာခံကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကင်း၊ ယင်း၊ ကုန်းသာ၊ ကျောက်လှေကားရွာက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ကနီမြို့နယ်မြောက်ပိုင်းကရွာတွေကို လေကြောင်းကတိုက်ခိုက်ခဲ့တဲ့အပြင် ကနီ၊ မင်းကင်းနဲ့ ရေဦးမြို့နယ်သုံးခုအစပ်နားက ဇင်ကလဲကျေးရွာမှာလည်း စစ်အင်အားဖြည့်တင်းသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဇင်ကလဲမှာ ခွေးအင်းအား ၂၅၀ လောက်ချသွားတာဆိုတော့ အနီးကရွာတွေက ပြေးနေရတာ။ တိုက်ပွဲကမရှိဘူး။ ကနီ-မင်းကင်းအစပ်ကရွာတွေ ပြေးရတာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေတဲ့အတွက် စစ်ရေးအခြေအနေတင်းမာနိုင်တယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ မကြာခဏဆိုသလို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ဆောင်လာနေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေများလာတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာငါးရွာကို ဗုံးတစ်ဒါဇင်ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ပျက်စီးခဲ့သလို ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရုံးကို ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့လို့ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။
ပုံစာ-ကနီမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကောင်စီတပ်လေကြောင်းကနေ တိုက်ခိုက်စဉ်။
Video-Pyae Aung Naming Kani