၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Feature ဖြစ်ပါသည်။
စီဇံမျိုးကျော် ရေးသည်။
မိုးကုတ် (ဇန်နဝါရီ၊ ၂၀၁၉)
ဗုံးကြဲခံထားရသလို ချိုင့်တွေ၊ ကျင်းတွေ ပြည့် နှက်နေတဲ့ တောင်ကြောတစ်လျှောက်မှာ ဝါး တိုင်တွေထောင်၊ တာပေါ်လင်စတွေ မိုးထားတဲ့ တစ်ဖက်ယက် တဲသေးသေးလေးတွေက ဟို တစ်စု ဒီတစ်စု နေရာယူထားကြတယ်။
အဲဒီတဲလေးတွေထဲမှာတော့ စကျင်ကျောက်တွေကို တူနဲ့ ထုခွဲတဲ့သူက ထုခွဲ၊ ရွှံ့ပေနေတဲ့ကျောက်တွေကို ရေဆေးတဲ့သူက ဆေးနဲ့ ရာနဲ့ချီတဲ့လူတွေဟာ တန်ဖိုးကြီးကျောက်တစ်ပွင့်ရဖို့ အရေး သဲသဲမဲမဲ ရှာဖွေနေကြပါတယ်။
အခြားကျောက်ရှာသူတွေနည်းတူ ချစ်ချစ်တောက်ပူတဲ့ နေပူရှိန်ကို တာပေါ်လင်စအမိုးအကာရဲ့ အကူအညီနဲ့ အန်တုရင်း အသက် ၆၈ နှစ် အရွယ် ဦးဘမောင်ဟာ စကျင်ကျောက်တုံးတွေ ကို တူတစ်လက်နဲ့ တတောက်တောက်ထုခွဲလိုက်၊ ကွဲထွက်လာတဲ့ ကျောက်အပိုင်းအစလေးတွေကို လက်နဲ့ ပွတ်ပြီး ကြည့်လိုက်နဲ့ပါ။ တစ်မနက်လုံး တူထုရလွန်းလို့ သူရဲ့လက်တွေသာ ညောင်းညာပြီး လက်အံသေလာပေမယ့် သူလိုချင်တဲ့ ကျောက်တစ်စကိုတောင် မတွေ့သေးရသေးပါဘူး။
““တစ်ခါတလေ တစ်ပတ်လုံးရှာတာတောင် ကျောက်တစ် ပွင့်မှ မတွေ့ဘူး””လို့ ဦးဘမောင်က ညည်းတယ်။
သူတို့ထုခွဲနေတဲ့ကျောက်တွေဟာ အစိုးရနဲ့ ဖက်စပ် လုပ် ကိုင်ကြတဲ့ ကျောက်မျက်ကုမ္ပဏီတွေက စွန့်ပစ်ခဲ့တဲ့ ကျောက် တွေပါ။
ဦးဘမောင်တို့ဟာ ပတ္တမြားမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရဲ့ အနောက်ဘက် သုံးမိုင် လောက်အကွာမှာရှိတဲ့ တောင်ကြောတစ်နေရာမှာ ကျောက်ရှာ နေကြတာပါ။ အဲဒီတောင်ကြောဟာ နာမည်ကြီးပတ္တမြား ကျောက်ကြောတစ်ခုဖြစ်တဲ့ ကတုတ်တပ်ကျောက်ကြောနဲ့ တဆက်တည်း ရှိနေတာပါ။
ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက မိုးကုတ် ဒေသဟာ ပတ္တမြားမြေအဖြစ် နာမည်ကြီးခဲ့ပေမယ့် အဲဒီဒေသမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ဒေသထွက် အဖိုးတန်ရတနာတွေရဲ့ အကျိုးအမြတ်ကို ရသင့်သလောက်ရရှိခံစားခွင့်မရကြရုံမက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ ချန်ထားရစ်ခဲ့တဲ့ ဘေး ထွက်ဆိုးကျိုးတွေဖြစ်တဲ့ မြေပြိုတာတို့၊ ရေကြီးတာတို့ကိုသာ ခါးစည်းခံနေကြရတယ်လို့ မိုးကုတ်ဒေသခံတွေ၊ လွှတ်တော် အမတ်တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြော ဆိုကြပါတယ်။
““ခေတ်အဆက်ဆက်က အာဏာပိုင်တွေက ဒေသခံတွေရဲ့ အကျိုးကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး””လို့ မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို ကျောက်မျက်မူဝါဒ ရေး ဆွဲရာမှာ အကြံပေးနေတဲ့ သဘာဝသယံဇာတအရင်းအမြစ် စီမံ အုပ်ချုပ်မှုဆိုင်ရာသိပ္ပံ (Natural Resource Governance Institute – NRGI) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဦးမော် ထွန်းအောင်က ပြောပြတယ်။
ကျောက်မျက်တွေကနေရတဲ့ အကျိုးအမြတ်ခွဲဝေမှုက ““မမျှတဘူးဖြစ်နေတယ်။ အကောင်းကိုတော့ ဒေသခံမဟုတ်တဲ့ လူတွေက လာယူသွားပြီးတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုးကျိုးတွေကိုတော့ ဒေသခံတွေဆီမှာ ပုံချခဲ့တယ်””လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်မျက်သယံဇာတခွဲဝေမှုမညီမမျှ ဖြစ်ရတာဟာ ကျောက်မျက်ရတနာဥပဒေမူဘောင်တွေရဲ့ အား နည်းချက်ကြောင့်ဖြစ်တယ်လို့ ဦးမော်ထွန်းအောင်က ဆိုပါတယ်။
ကျောက်မျက်လုပ်ငန်းတွေ၊ ကုမ္ပဏီတွေက စက်ယန္တရား ကြီးတွေ သုံးပြီး အလုံးအရင်းနဲ့ ထုတ်ယူသွားပေမယ့် သူတို့လို ဒေသခံ လက်လုပ်လက်စားတွေအတွက် အကျိုးခံစားခွင့်ဆိုတာ ဘာမှန်းတောင်မသိလိုက်ရဘူးလို့ ဦးဘမောင်ကလည်း ပြော ပါတယ်။
““သူတို့ ပြန်ထွက်သွားတဲ့အချိန်မှာ အဘတို့ဆီက သဘာ၀ ပတ်ဝန်းကျင်က အရာရာပျက်စီးကုန်ပြီ””လို့ ဦးဘမောင်က ဆိုတယ်။
မပြေလည်တော့တဲ့ ဒေသခံတွေ
မဆလအစိုးရလက်ထက် ကျောက်တွင်းတွေ ပြည်သူပိုင်အသိမ်းမခံရခင်တုန်းကဆိုရင် ဦးဘမောင်တို့ သဖန်းပင် ရွာသား တွေအပါအဝင် အနီးအနားက ကျောက်ဆောင်ရွာနဲ့ အခြားရွာ သားတွေဟာ တစ်နိုင်တစ်ပိုင်ကျောက်တွင်းကိုယ်စီနဲ့ စားဝတ် နေရေး ပြေပြေလည်လည် ရှိခဲ့ကြတယ်လို့ဆိုပါတယ်။
““အဲဒီအချိန်တုန်းကဆိုရင် တစ်ရွာလုံး တွင်းပေါလံ (ကျောက်တွင်းပိုင်ရှင်)တွေချည်းပဲ””လို့ ကျောက်ဆောင်ရွာသား အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ ဦးထွန်းသိန်းက ပြောပြတယ်။ အတိတ်အကြောင်းကို ပြောပြနေတဲ့ သူ့ရဲ့မျက်နှာဟာ ပြုံးရွှင်လို့ နေတယ်။
ကျောက်တွင်းတွေကို ပြည်သူပိုင်သိမ်းသွားတဲ့အချိန်မှာ တောင် ကျောက်တွင်းတွေကို လုံခြုံရေးယူထားတဲ့ စစ်သားတွေ၊ ရဲတွေနဲ့ ညှိနှိုင်းပြီး နားလည်မှုနဲ့လုပ်ကိုင်ခွင့်ရနေသေးလို့ အတန် အသင့် ချောင်လည်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပြကြတယ်။
အဲဒီအချိန်တုန်းကဆိုရင် ကျောက်ဆောင်ရွာမှာ ဒေသခံ တွေအပြင် တခြားဒေသတွေကပါ ကျောက်လာရှာတဲ့လူတွေနဲ့အလွန်စည်ကားခဲ့တယ်လို့ ထိုခေတ်ကာလကို မီခဲ့ကြတဲ့ ကျောက်ဆောင်ရွာသားတွေက ပြောပြတယ်။ အိမ်ခြေ ၁၀၀ လောက်သာရှိတဲ့ ရွာလေးမှာ လက်ဖက်ရည်ဆိုင်သုံးဆိုင်၊ ထမင်း ဆိုင်၊ ကွမ်းယာဆိုင်တွေနဲ့ ရွာလမ်းမဟာ ဘုရားပွဲလိုပဲ ညနေဘက် ဆို အလွန်စည်ကားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအချိန်တုန်းက မိုးကုတ်ရတနာမြေတစ်ခုလုံးနီးပါး ပြေလည်ခဲ့တယ်လို့ မော်ကွန်းက မေးမြန်းခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် မြို့ခံလူကြီးပိုင်းတွေကဆိုပါတယ်။
Photo-Kaung Htet Sanကျောက်မျက်ရှာဖွေနေသည့် ဒေသခံအချို့
ဒီလိုပြေပြေလည်လည်နဲ့ စည်ကားခဲ့တဲ့ မိုးကုတ်မြို့ရဲ့ ရွှေ ရောင်နေ့ရက်တွေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး လက်ထက်မှာ နေဝင်သွားခဲ့ရပါတယ်။
၁၉၉၀ – ၉၁ ဝန်းကျင်မှာ နဝတအစိုးရဟာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ ကိုးကန့်နဲ့ ဝတပ်ဖွဲ့တွေကို မိုးကုတ်မြို့ မှာ ကျောက်မျက်တူးဖော်ခွင့် ပြုခဲ့ပါတယ်။
ကျောက်မျက်ဥပဒေမရှိ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆို တာ ဘာမှန်းမသိသေးတဲ့ အဲဒီအချိန်မှာ နိုင်ငံတော်နဲ့အကျိုးတူ ဖက်စပ်ဆိုပြီး ကျောက်မျက်လုပ်ငန်းကို လုပ်ကိုင်ကိုင်ခွင့်ရခဲ့တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေဟာ မိုးကုတ်မြို့ရဲ့ အဖိုးတန် ကျောက်မျက် ရတနာလုပ်ကွက် တော်တော်များများကိုတူးဖော်ထုတ်ယူခွင့် ရခဲ့ပါတယ်။
၁၉၉၅ မှာတော့ အစိုးရက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေမှာ ဒေသခံလက်လုပ် လက်စားတွေ လုပ်ကိုင်စားသောက်ဖို့ ခွင့်ပြုထားတဲ့ ပြဋ္ဌာန်းချက် တစ်ခုတလေတောင် မပါဝင်ပါဘူး။
ကျောက်မျက်ဥပဒေရဲ့အခန်း ၁၃၊ ပုဒ်မ ၄၁ မှာဆိုရင် ခွင့်ပြုမိန့်မရှိဘဲ ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ရင်၊ ကျောက်မျက်ရတနာအရိုင်းကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေစမ်းသပ်တိုင်းတာရင် ထောင်ဒဏ်အနည်းဆုံး ခုနစ်နှစ် ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထား ပါတယ်။
ပုဒ်မ ၄၂ မှာတော့ ကျောက်မျက်ရတနာအရိုင်းကို တရား မဝင်လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သို့မဟုတ်တစ်နည်းနည်းနဲ့ လွှဲပြောင်းခြင်းပြုလုပ်ခဲ့ရင် ထောင် ဒဏ်တစ်နှစ်ကနေ ခုနစ်နှစ်အထိ ပြစ်ဒဏ်ခံရမယ့်အပြင် ငွေဒဏ် လည်း ချမှတ်ခံရနိုင်တယ်လို့ ဆိုထားပါတယ်။
အဲဒီပုဒ်မတွေကြောင့် ဒေသခံတွေရဲ့ ကျောက်မျက်လုပ် ကိုင်ခွင့်နဲ့ ရောင်းဝယ်ခွင့်တွေ ဆုံးရှုံးကုန်ပြီး တစ်နိုင်တစ်ပိုင် ကျောက်တွင်းပိုင်ရှင်ဘဝကနေ ခိုးရောင်း၊ ခိုးတူးရတဲ့ ဘဝကို ရောက်ကုန်တယ်လို့ မိုးကုတ်မြို့ ရေပေါက်တစ်ရာကျေးရွာက အသက် ၃၀ အရွယ် လီဆူတိုင်းရင်းသား ကိုအားစာက ဆို ပါတယ်။
ကိုအားစာ ခြောက်တန်းနှစ်အရောက်မှာ မိသားစုဝင် ၁၂ ယောက်ကို တစ်နိုင်တစ်ပိုင် ကျောက်ရှာပြီးလုပ်ကျွေးနေတဲ့ သူ့ အဖေဟာ ကျောက်မျက်ဥပဒေနဲ့ အဖမ်းခံလိုက်ရပါတယ်။ ဖခင် ဖြစ်သူဟာ ပေါက်ပြားတစ်လက်နဲ့ ရေနီချောင်းဘေးမှာ ကျောက် ရှာနေတုန်း အဖမ်းခံခဲ့ရတာပါ။ အဲဒီအချိန်ကစလို့ ကိုအားစာ လည်း ကျောင်းထွက်လိုက်ရပြီး ခနွဲဆေးတဲ့အလုပ်ကို လုပ်ခဲ့ ရတယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။ ခနွဲဆေးတယ်ဆိုတာ ချောင်းဘေးက မြေကြီးတွေကိုရေနဲ့ဆေးပြီး ကျောက်ရှာ တဲ့အလုပ် ဖြစ်ပါတယ်။
““အဲဒီအချိန်တုန်းက တအားဆိုးတယ်။ အားလုံးကို ကြောက်နေရတာ။ ကျွန်တော်တို့လို လက်လုပ်လက်စားတွေဆီ မှာ စက်တွေ့ရင် စက်သိမ်း၊ ဆိုင်ကယ်တွေ့ရင်ဆိုင်ကယ်ကိုသိမ်းတာ””လို့ သူတို့ခံစားခဲ့ရတဲ့အခြေအနေတွေကို ကိုအားစာက ပြန် ပြောပြပါတယ်။
အခုအခါ ဖခင်ဖြစ်သူ အနားယူသွားပေမယ့် ကိုအားစာ တို့ညီအစ်ကိုတွေဟာ တရားမဝင်မှန်း သိပေမယ့် ရေနီချောင်း တစ်လျှောက်မှာ ခနွဲဆေးတဲ့အလုပ်ကို ပုန်းလျှိုးကွယ်လျှိုးဆက်လုပ်နေကြပါတယ်။ ရဲတွေ၊ ဌာနဆိုင်ရာက လူတွေ လာစစ်မယ်လို့ သတင်းကြားတဲ့အခါမျိုးဆို တစ်ပတ်လောက် အလုပ်မလုပ်ဘဲ ရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
““ကိုယ့်မြေပေါ်ကဟာတွေ ကျောက်တွေကို ကျွန်တော် တို့က ပြန်ပြီး ခိုးတူးနေရသလို ဖြစ်နေတယ်။ ပြန်စဉ်းစားမိရင် မပျော်ဘူး၊ ဝမ်းနည်းတယ်””လို့ ကိုအားစာက ဆိုပါတယ်။
အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် ကျောက်ဆောင် ရွာက လူငယ်တော်တော်များများဟာ တရုတ်ပြည်မှာ အလုပ် သွားလုပ်ကြတာရှိသလို ဖားကန့်၊ တနိုင်း စတဲ့ဒေသတွေမှာ သွားပြီး အလုပ်လုပ်ကြတယ်လို့ ကျောက်ဆောင်ကျေးရွာ အုပ် ချုပ်ရေးမှူးဟောင်း ဦးထွန်းသိန်းက ဆိုပါတယ်။ ရွာမှာ အများစု တွေ့ ခဲ့ရတာက လူကြီးပိုင်းတွေ ဖြစ်ကြပါတယ်။
Photo-Kaung Htet San ကျောက်မျက်ရှာဖွေနေသည့် ဒေသခံအချို့
အရင်က လက်ဖက်ရည်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေနဲ့ စည်ကားခဲ့တဲ့ရွာဟာ အိမ်တိုင်းနီးပါးတံခါးပိတ်ထားပြီး ရွာလမ်းမ တွေမှာလည်း လူသွားလူလာ မရှိသလောက်နည်းတာကို တွေ့ရ ပါတယ်။
အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ရွာလယ် လမ်းမကြီးကိုကြည့်ပြီး ““အခုဆိုရင် နေ့လယ်နေ့ခင်းကြီးတောင် တစ္ဆေခြောက်မှာ ကြောက်နေရတယ်””လို့ ဆိုတယ်။ ဈေးဆိုင် တစ်ဆိုင်မှ မရှိတော့လို့ ဈေးဝယ်ချင်ရင် တခြားရွာကို ဈေးသွား ဝယ်စားရတဲ့အထိ ခြောက်ကပ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အခုအခါမှာ ကျောက်မျက်က ထွက်တဲ့ အကျိုးရလဒ်တွေ ကို ဒေသခံတွေ မခံစားရတော့ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ကိုတော့ မငြင်းသာဘဲ ခံစားကြရပါတယ်။
ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်
၁၉၉၁ မှာ အကျိုးတူဖက်စပ်ကျောက်မျက်လုပ်ကွက်တွေ ကို အလုံးအရင်းနဲ့ လုပ်ကိုင်ခွင့်ပြုလိုက်ကတည်းက မိုးကုတ်မြို့ရဲ့ သဘာဝပတ်ဝန်းကျင်ဟာ စတင်ပျက်စီးခဲ့တယ်လို့ စိမ်းလန်း မိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အတွင်းရေး မှူးဦးရဲအောင်က ဆိုပါတယ်။ စိမ်းလန်းမိုးကုတ်အဖွဲ့ဟာ မိုးကုတ် မြို့ခံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မိုးကုတ်မြို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဒေသခံအဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။
ဖက်စပ်လုပ်ကွက်တွေဟာ ကျောက်မျက်တူးဖော်တာက နေ ထွက်လာတဲ့မြေစာတွေနဲ့ ကျောက်ဖြုန်းတွေကို မိုးကုတ်မြို့ရဲ့ အဓိကရေထွက်ပေါက်ဖြစ်တဲ့ ရေနီချောင်းထဲကို စည်းကမ်းမဲ့ စွန့်ပစ်တာကြောင့် ချောင်းကောလာပြီး ၁၉၉၂ မှာ ရေကြီးရေလျှံ တာတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဦးရဲအောင်က ဆိုပါတယ်။
အရင်က မိုးသဲသဲမဲမဲရွာတဲ့အခါမျိုးမှာ နာရီဝက်လောက် နေရင် ရေကျသွားလေ့ရှိပေမယ့် ရေနီချောင်း ကောလာပြီး နောက်ပိုင်းမှာတော့ နှစ်တိုင်းနီးပါးရေကြီးလေ့ရှိတယ်လို့ မြို့ခံ တွေကဆိုပါတယ်။ ရေကြီးတဲ့ဒဏ်ကို အဓိက ခံစားရတဲ့ ရပ် ကွက်တွေကတော့ ရေနီချောင်းဘေးက ရပ်ကွက်တွေဖြစ်တဲ့ အောင်ချမ်းသာ၊ စည်ပင်သာယာ၊ ထင်းရှူးမြိုင်၊ ဈေးသစ်နဲ့ မင်း တံတားရပ်ကွက်တွေ ဖြစ်တယ်လို့ ဦးရဲအောင်က ဆိုပါတယ်။
ရေနီချောင်းကောလာတာကို သက်သေပြနိုင်တဲ့ အချက် တစ်ခုကတော့ မင်းတံတားရပ်ကွက်ကနေ ရေနီချောင်းကို ဖြတ် ပြီး တံတားထိုးထားတဲ့နေရာဖြစ်တယ်လို့ ဦးရဲအောင်က ဆို တယ်။ သူတို့ငယ်စဉ်တုန်းက အဲဒီနေရာဟာ ရေအရမ်းနက်တဲ့ အတွက် တံတားနက်လို့ ခေါ်ကြတယ်။ အခုအချိန်မှာတော့ စွန့်ပစ်မြေစာတွေကြောင့် ချောင်းကောလာပြီး အဆိုပါ တံတား နေရာမှာ ရေအရမ်းတိမ်လာလို့ ““တံတားတိမ်လို့ လူတွေက နောက်ပြီး ခေါ်နေကြပြီ”” လို့ ဦးရဲအောင်က ပြောပါတယ်။
အောင်ချမ်းသာရပ်ကွက်မှာဆိုရင်လည်း ရေကြီးမှုကြောင့် မနှစ်က နေအိမ် ၁၀ လုံးကျော်လောက် ပျက်စီးခဲ့တဲ့အတွက် ပြု ပြင်မှုတွေလုပ်ခဲ့ရပြီး သူတို့အိမ်တွေထဲရေမဝင်အောင် ကွန်ကရစ် အကာအရံတွေ ပြုလုပ်ခဲ့ရတယ်လို့ ပြည်သူ့လွှတ်တော် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်၊ မိုးကုတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံ ကျော်က ဆိုပါတယ်။
ကျောက်မျက်လုပ်ကွက်တွေကြောင့် နောက်ထပ် ကြုံတွေ့ ရတဲ့ ဘေးအန္တရာယ်တစ်ခုကတော့ ကျောက်တွင်းတွေကြောင့် မြေလွှာနိမ့်ဆင်းလာပြီး နေအိမ်တွေအက်ကွဲတာ၊ ပြိုတာတွေ ဖြစ် လာတာပါ။ အဲဒီပြဿနာကို အဓိကခံစားနေရတာကတော့ ကျောက်ဆောင်ရွာပဲဖြစ်ပါတယ်။
ကျောက်ဆောင်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲက တစ်ဝက်ကျော်လောက်ဟာ နံရံတွေအက်ကွဲတာရှိသလို အိမ် စောင်းကုန်တာမျိုးလည်းရှိပြီး အခြေအနေဆိုးတဲ့ တချို့အိမ်တွေ ဆို နောက်ဖေးမီးဖိုချောင်တစ်ခုလုံး ပြိုကျလုနီးပါးအထိ ဖြစ် နေတယ်လို့ အဲဒီရွာရဲ့အုပ်ချုပ်ရေးမှူး ဦးအုန်းဖေက ဆိုပါတယ်။
အဓိကဖြစ်ရတဲ့အကြောင်းကတော့ ကုန်းမြင့်ပေါ်မှာရှိတဲ့ ကျောက်ဆောင်ရွာအောက်မှာ ကျောက်မျက်ကုမ္ပဏီတွေက လိုဏ်ခေါင်းတွေတူးပြီး ကျောက်ရှာခဲ့တဲ့အတွက်ကြောင့်ဖြစ် တယ်လို့ ဆိုပါတယ်။
ကတုတ်တပ်ပတ္တမြားကြောဟာ ကျောက်ဆောင်ရွာ အောက် ကျောက်လွှာထဲကို ၂၀ ဒီဂရီစောင်းပြီး ဝင်သွားတဲ့ အတွက် ကျောက်မျက်ကုမ္ပဏီတွေဟာ ယမ်းခွဲလိုဏ်ခေါင်းတွေ ဖောက်ပြီး ကျောက်ကြောနောက်ကို လိုက်ခဲ့ကြလို့ ကျောက် ဆောင်ရွာအောက်မှာ ကြွက်တွင်းတွေလို လိုဏ်ခေါင်းတွေ အများကြီးဖြစ်နေတယ်လို့ မာစီဖူးလ်ကုမ္ပဏီမှာ တွင်းသားအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဘူမိဗေဒဘွဲ့ရ ကျောက်ဆောင်ရွာသားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
သတ္တုတွင်းဦးစီးဌာနက ဒုတိယဩန်ကြားရေးမှူး (အငြိမ်း စား) ဦးစိန်မြင့်ကလည်း အခုလိုနေအိမ်တွေ ထိခိုက်မှု ဖြစ်လာရ တာဟာ ကျောက်တွင်းတွေကို လိုဏ်ခေါင်းဖောက်ဖို့ ယမ်းခွဲတာ ကြောင့် ဖြစ်တဲ့တုန်ခါမှုတွေ၊ ဖောက်ပြီးသား လိုဏ်ခေါင်းတွေကို စနစ်တကျ ဒေါက်တိုင်တွေ မထောက်ခဲ့တာတွေနဲ့ ကျောက်မျက် တွေကို တူးဖော်ထုတ်လုပ်ပြီး သက်တမ်းကုန်သွားတဲ့အခါ ကျောက်တွင်းတွေကို စနစ်တကျပိတ်သိမ်းမှုတွေ မလုပ်ခဲ့တာ ကြောင့်လို့ ရှင်းပြပါတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့ သတ္တုတွင်း ပညာရှင်တွေမပါဝင်ဘဲ တူးဖော်မှုတွေ လုပ်ခဲ့တာဟာလည်း အခု လို ပျက်စီးမှုတွေ ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။
ကျောက်ဆောင်ရွာက အိမ်ခြေ ၉၂ လုံးဟာ သူတို့ရဲ့ နစ်နာ မှုတွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ၂၀၁၇ အတွင်းက စာရေးသားတိုင်တန်းခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေက ဆိုပါတယ်။ အဲဒီလို တိုင် တန်းခဲ့တဲ့အတွက် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက တာဝန်ရှိသူတွေဟာ ကုမ္ပဏီတာဝန်ခံတွေနဲ့ ကျေးရွာသားတွေကို အကြိမ်ကြိမ် ညှိနှိုင်းမှုတွေပြုလုပ်ပေးခဲ့ပြီး လူနေအိမ်တွေ ပြင် ဆင်ဖို့ လျော်ကြေးငွေတွေပေးဖို့ ဩန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မျက်ကုမ္ပဏီတွေပေးတဲ့လျော်ကြေးကို ရွာသား တချို့က လက်ခံခဲ့ပေမယ့် အများစုက လက်မခံခဲ့ဘူးလို့ ဦးအုန်း ဖေက ဆိုပါတယ်။ ကျောက်မျက်ကုမ္ပဏီတွေရဲ့လျော်ကြေးဟာ အမှန်တကယ်ပျက်စီးမှုထက် နည်းပါးပြီး အိမ်တွေရဲ့ အပေါ်ယံ ပျက်စီးမှုတွေကိုသာ ကြည့်ရှုတွက်ချက်သွားတဲ့အတွက် လက်မခံ တာလို့ သူက ဆိုပါတယ်။
ကျောက်မျက်ကုမ္ပဏီတွေဟာ အနည်းဆုံး ၁၀ သိန်းကနေ အများဆုံးသိန်း၄၀ အထိပဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။ သင့်တော် မှန်ကန်တဲ့ လျော်ကြေးရရှိတဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွား မယ်လို့လည်း သူက ပြောပါတယ်။
တိုင်တန်းခံရတဲ့ ကျောက်မျက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ သက် နိုင်အောင်ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ ဦးအောင်သူရကတော့ သူတို့ကုမ္ပဏီဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနရဲ့ ဩန်ကြားချက်ဖြစ်တဲ့ နေအိမ်တွေကို တာဝန်ယူ ပြုပြင်ပေးရမယ်ဆိုတဲ့အချက်ကို လိုက်နာခဲ့ပြီး လျော် ကြေးတွေပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ တွက်ချက်ပြီး ပေးတဲ့ လျော်ကြေးငွေက အလွန်နည်းပါးတယ် ဆိုပြီး ရွာသားအများစုက လက်မခံခဲ့ဘူးလို့ သူက ရှင်းပြတယ်။ တိုင်တန်းခဲ့တဲ့ ၉၂ အိမ်ထဲက ၁၄ အိမ်ကပဲ လျော်ကြေးငွေကို လက်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။
လျော်ကြေးငွေပေးတာအပြင် သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရေးအတွက် သစ်ပင်တွေ ပြန်စိုက်ပေးတာ၊ မြေ ထိန်းနံရံတွေ တည်ဆောက်ပေးတာအပြင် လမ်းပြုပြင်ပေးတာ တွေကိုပါ လုပ်ဆောင်ပေးခဲ့တယ်လို့ ဦးအောင်သူရက ပြောပါတယ်။
နေအိမ်ပျက်စီးမှုတွေဟာ သူတို့ကျောက်မျက်ကုမ္ပဏီတွေ ကြောင့်ဖြစ်တယ်ဆိုတာကို လက်ခံပေမယ့် ပျက်စီးမှုတွေဟာ သူတို့ ကုမ္ပဏီတွေရဲ့ တူးဖော်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျေးရွာရဲ့ အောက်ခံမြေသားပျော့ပျောင်းတာ၊ ငလျင်လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
သတ္တုတွင်းပညာရှင်တွေ အဓိကစိုးရိမ်တာကတော့ မြေပြင်ပေါ်က နေအိမ်ပျက်စီးမှုတွေကိုမဟုတ်ဘဲ ကျောက် ဆောင်ရွာအောက်က ကြွက်တွင်းတွေလိုဖြစ်နေတဲ့ ကျောက် တွင်းဟောင်းတွေကိုပါ။ ဒီကျောက်တွင်းဟောင်းတွေကို စနစ် တကျ ပိတ်သိမ်းမှုမလုပ်ခဲ့ဘူးဆိုရင် ကျောက်ဆောင်ရွာအနေနဲ့ နေအိမ်ပျက်စီးတာတွေထက်ပိုတဲ့ ဘေးအန္တရာယ်တွေနဲ့ ကြုံ ရနိုင်တယ်လို့ သတ္တုတွင်းဦးစီးဌာနက ဒုတိယဩန်ကြားရေးမှူး (အငြိမ်းစား) ဦးစိန်မြင့်က သတိပေးပါတယ်။
Photo-Kaung Htet Sanကျောက်တွင်းတွေကြောင့် ကွဲအက်နေသည့်ကျောက်ဆောင်ရွာမှ အိမ်တစ်အိမ်
မြေအောက် လိုဏ်ခေါင်းတွေဟာ နှစ်တွေကြာလာရင် မြေပြိုတာတွေ ဖြစ်လာပြီး လူနေအိမ်တွေပါ မြုပ်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။
““မိုးကုတ်ဒေသဟာ မိုးရွာရင် စိမ့်ဆွဲပြီး ရွာတတ်တဲ့နေရာ မျိုး။ မြေကြီးတွေက အစိုဓာတ် များတတ်တဲ့နေရာမျိုးဆိုတော့ သိပ်မကြာလောက်ဘူး၊ နောင်လေးငါးခြောက်နှစ်အတွင်း မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်”” လို့ သူကပြောပါတယ်။
သက်နိုင်အောင် ကုမ္ပဏီရဲ့ မန်နေဂျာ ဦးအောင်သူရက တော့ သူတို့ရဲ့ ကျောက်တွင်းတွေဟာ ရွာသားတွေ စွပ်စွဲသလို ကျေးရွာအောက်အထိ လိုဏ်ခေါင်းတွေ မတူးခဲ့ဘူးလို့ ဖြေရှင်း ချက်ထုတ်ပါတယ်။
ကျောက်မျက်ကုမ္ပဏီတွေက ဥပဒေလိုက်နာခဲ့ရဲ့လား
ကျောက်မိုင်းတစ်ခုစတော့မယ်ဆိုရင် ဥပဒေအတိုင်းပဲ လုပ်ရမှာဖြစ်ပြီး ကျောက်မိုင်းတစ်တွင်းဟာ ရွာနဲ့ အနည်းဆုံး မီတာ နှစ်ရာ (ပေ ၆၀၀ကျော်) ကွာရမယ်လို့ သတ္တုတွင်း အင် ဂျင်နီယာဟောင်း ဦးစိန်မြင့်က ဆိုပါတယ်။
ယမ်းတွေခွဲမယ် ဆိုရင်လည်း လုပ်ထုံးလုပ်နည်းအရ ယမ်း ခွဲတဲ့ ဧရိယာအတွင်း လူတွေ ထိခိုက်မှုမရှိအောင် မဖြတ်သန်း အောင် ကြေညာချက် ထုတ်ထားရမှာဖြစ်ပြီး လမ်းတွေမှာ အမှတ်အသားလုပ်တာ၊ အလံနီ ထောင်တာတွေပြုလုပ်ရမယ့် အပြင် အနီးအနားကရွာတွေကိုလည်း ကြိုတင်အသိပေးထားရ မယ်လို့ သူက ဆိုပါတယ်။
ကျောက်မျက်ဥပဒေမှာ ကျောက်မိုင်းတစ်ခု စတော့မယ် ဆိုရင် ကျွမ်းကျင်ပညာရှင်ပါရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဥပဒေမှာအားနည်းတာက ကျွမ်းကျင်ပညာရှင်ဆိုတာနဲ့ပတ်သက်ပြီး သတ်မှတ်ချက် တိတိကျကျ မပါဘူးလို့လည်း ဦးစိန်မြင့်က ဆိုပါတယ်။
““ကျွမ်းကျင်ပညာရှင်ဆိုတာ သတ္တုတွင်းပညာဘွဲ့ ရရမှာ လား၊ လုပ်ငန်းကျွမ်းကျင်တဲ့လုပ်သားကို ပြောတာလားဆိုတဲ့ သတ်မှတ်ချက်မပါဘူး ဖြစ်နေတယ်””လို့ သူက ဆိုပါတယ်။
အဲဒီလိုဥပဒေရဲ့ အားနည်းချက်ကြောင့် ကျောက်မျက် ကုမ္ပဏီ တော်တော်များများက သတ္တုတွင်းပညာရှင်နှင့် ဘူမိဗေဒ ပညာရှင်တွေကို ကျွမ်းကျင်ပညာရှင်အဖြစ် မခန့်ထားဘဲ နီးစပ် ရာ လုပ်ငန်းကျွမ်းကျင်တဲ့လူတွေကိုပဲ ကျွမ်းကျင်ပညာရှင်ဆိုပြီး အလုပ်ခန့်ထားလေ့ရှိတယ်လို့ သူက ပြောပါတယ်။
Photo-Kyaw Zayyaသက်တမ်းကုန်သွားသည့် ကျောက်မျက်ကုမ္ပဏီတစ်ခု
ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ သတ္တုတွင်းပညာရှင်တွေနဲ့ သာ မိုင်းတွင်းတူးခဲ့မယ်ဆိုရင် မိုင်းတွင်းတွေကြောင့် ဖြစ်ပေါ် လာမယ့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို သုံးပုံတစ်ပုံ လောက် လျှော့ချနိုင်မယ်လို့ ဦးစိန်မြင့်က ဆိုပါတယ်။
ကျောက်မျက်ဥပဒေမှာ နောက်ထပ်ပါဝင်တာကတော့ မိုင်းတွင်းတစ်တွင်းဟာ သီးနှံစိုက်ပျိုးထားတဲ့ မြေနဲ့မီတာ ၅၀ လောက်ဝေးဖို့၊ အများပြည်သူသုံးမယ့်ရေကို ထိခိုက်လောက် အောင် သုံးမယ်ဆိုရင်တော့ သက်ဆိုင်တဲ့ ပြည်သူတွေနဲ့ ညှိရမယ် လို့ ပြဋ္ဌာန်းထားပါတယ်။
၁၉၉၅ ကျောက်မျက်ဥပဒေပုဒ်မ ၁၆ မှာလည်း ကျောက် မျက်တူးဖော်ခွင့်ရတဲ့ကုမ္ပဏီတွေဟာ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက် စီးအောင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးရမယ်လို့ ပါရှိပါတယ်။
ဒါပေမဲ့ ကျောက်ဆောင်ရွာနားက တချို့ ကျောက်မျက် ကုမ္ပဏီတွေဟာ လူနေအိမ်တွေနဲ့ ပေ ၁၀၀ တောင်မဝေးဘူးလို့ ရွာသားတွေက ဆိုပါတယ်။ မော်ကွန်းက ကျောက်ဆောင်ရွာကိုကွင်းဆင်းလေ့လာခဲ့တဲ့အခါမှာ ကျောက်မျက်လုပ်ကွက် အချို့ ဟာ လူနေအိမ်တွေနဲ့ အလွန်နီးကပ်နေတာကို တွေ့ ခဲ့ရပြီး အနီး ကပ်ဆုံးလုပ်ကွက်ဆိုရင် ပေ ၆၀ လောက်ပဲဝေးတာကို တွေ့ ခဲ့ရ ပါတယ်။
ကျောက်မျက်ကုမ္ပဏီတွေဟာ မြေပြင်ပေါ်မှာ သတ်မှတ် ပေးထားတဲ့ လုပ်ကွက်ဧရိယာအတိုင်း မြေအောက်မှာလည်း လုပ်ကိုင်ရမယ်လို့ ကျောက်မျက်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ မြေပေါ်မှာ လုပ်ကွက်ဧရိယာတစ်ဧကလို့ သတ်မှတ်ထားရင် မြေအောက်မှာလည်း အဲဒီဧရိယာအတိုင်းပဲ တည့်တည့်အောက် ကိုဆင်းသွားရမှာဖြစ်ပြီး ကျူးကျော် တူးခွင့်မရှိဘူးလို့ ဦးစိန်မြင့် က ဆိုပါတယ်။
ကျောက်ကြောတွေနောက်လိုက်ပြီး သတ်မှတ်ဧရိယာ ကျော်လွန်တူးဖော်တာဟာ တရားမဝင် တူးဖော်တာ ဖြစ်တာ ကြောင့် တရားစွဲလို့ရတယ်လို့လည်း သူက ထောက်ပြပါတယ်။
အဲဒါမျိုးကို ထိန်းသိမ်းကြီးကြပ်ဖို့ မြန်မာကျောက်မျက် ရတနာလုပ်ငန်းရဲ့ သက်ဆိုင်ရာကျောက်မျက်တူးဖော်ရေးဌာန တွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ အထွေထွေ မန်နေဂျာ ဦးမင်းသူကတော့ သူတို့ဌာနမှာ လူအင်အားနည်းပြီး မိုးကုတ်ရတနာမြေတစ်ခုလုံးမှာ ဝန်ထမ်းအင်အား ၁၀၀ လောက် သာရှိတဲ့အတွက် ထောင်နဲ့ချီတဲ့လုပ်ကွက် တွေကို ကြီးကြပ်နိုင်ဖို့ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက မော်ကွန်းကို စာနဲ့ ဖြေကြားချက်တွေအရ မိုးကုတ်ရတနာမြေမှာ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျောက်မျက်လုပ်ကွက်စုစုပေါင်း ၁,၁၇၄ ကွက် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ လုပ်ကွက် ၅၈၈ ကွက် က သက်တမ်းကျန်သေးတယ်လို့ ဆိုပါတယ်။
လက်ရှိအစိုးရဟာ ကျောက်မျက်ဥပဒေသစ်ကို ပြည် ထောင်စုလွှတ်တော်မှာ ၂၀၁၈၊ ဒီဇင်ဘာ ၁၈ ရက်က ဆွေးနွေးပြီး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကျောက်မျက်ဥပဒေသစ် မထွက်ပေါ်ခင်မှာ ကျောက်မျက်လုပ်ကိုင်ခွင့်တွေကို အသစ် ထပ်ချမပေးတော့ဘဲ ရပ်ဆိုင်းထားပြီး သက်တမ်းကျန်ရှိနေတဲ့ လုပ်ကွက်တွေဟာလည်း လပိုင်းသာ ကျန်တော့တာကြောင့် ကျောက်မျက်ဥပဒေအသစ် မပေါ်ခင်မှာပဲ မိုးကုတ်မြို့က ကျောက် မျက်လုပ်ကွက်တွေ အားလုံးနီးပါးဟာ သက်တမ်းကုန်သွားဖို့ ရှိပါတယ်။
အဲဒီသက်တမ်းကုန်သွားတော့မယ့် ကျောက်မျက်လုပ်ငန်း တွေဟာ သူတို့ကြောင့်ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို မူလပုံစံအတိုင်းမဟုတ်ရင်တောင် အတတ်နိုင် ဆုံး မူလပုံစံနီးပါး ပြန်လည်ပြုပြင်ပေးဖို့လိုအပ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ဆိုပါတယ်။
မိုးကုတ်ရတနာမြေမှာလုပ်ကိုင်ခဲ့ဖူးတဲ့ ကျောက်မျက် ကုမ္ပဏီမှန်သမျှဟာ ပတ်ဝန်းကျင်ပျက်စီးမှုတွေအတွက် တာ ဝန်ရှိတယ်လို့ မြန်မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ အထွေ ထွေမန်နေဂျာဦးမင်းသူက ဆိုပါတယ်။
ဒါပေမဲ့ ၁၉၉၅ ကျောက်မျက်ဥပဒေအရ နောက်ဆုံးလုပ် ကိုင်ခဲ့တဲ့ ကုမ္ပဏီကသာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို တာဝန်ယူ ဖြေရှင်းပေးရမယ်လို့ ပါရှိတဲ့အတွက် နောက်ဆုံး လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီတွေက အားလုံး လုပ်ကိုင်ခဲ့တဲ့ပျက်စီး မှုတွေကို တာဝန်ယူဖြေရှင်းပေးရမယ့် သဘောမျိုး ဖြစ်သွား တယ်လို့ သူကဆိုပါတယ်။
ကျောက်မျက်လုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ လိုဏ် ခေါင်းတွေကို မြေမပြိုအောင် မြေစာတွေ ပြန်ထည့်ပြီး ကာကွယ် တာ၊ သစ်ပင်တွေပြန်စိုက်ပေးတာ၊ စွန့်ပစ်မြေစာတွေကြောင့် ကောလာတဲ့ချောင်းတွေထဲက အနည်အနှစ်တွေကို ပုံမှန်ဆယ် ပေးတာတွေကို ပြုလုပ်ပေးရမယ်လို့ မြန်မာပတ်ဝန်းကျင်ဆန်းစစ် လေ့လာခြင်းဆိုင်ရာအသင်းက တွဲဖက်အတွင်းရေးမှူး ဦးစိုးမြင့် က ဆိုပါတယ်။
ဒါ့အပြင် သတ္တုတွင်းပိတ်သိမ်းမှုအစီအစဉ်တွေဟာ တစ် နေရာနဲ့ တစ်နေရာ လုပ်ဆောင်ရတာ မတူညီဘဲ ရှုပ်ထွေးပြီး ငွေကုန်ကြေးကြများပြားတဲ့အတွက် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းက ဦးဆောင်ကာ မိုင်းပိတ်သိမ်းမှု ရန်ပုံငွေထားရှိပြီး သက်တမ်းကုန်သွားတဲ့ လုပ်ကွက်တွေရဲ့ နေရာတွေမှာ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုတွေကို ပြုလုပ်ပေးသင့်တယ်လိ့ု ဆိုပါတယ်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကလည်း ကျောက် မျက်လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခဲ့တဲ့ အတွက် ပြန်လည်ထိန်းသိမ်းမှုတွေ ပြုလုပ်နေတယ်လို့ မော်ကွန်း ကို စာနဲ့ ပြန်လည်ဖြေကြားပါတယ်။
ချောင်းတွေထဲကို အနည်အနှစ်တွေ မရောက်နိုင်အောင် အနည်စစ်ကန်တွေ ပြုလုပ်တာ၊ သစ်ပင်ဝါးပင်တွေ ပြန်လည် စိုက်ပျိုးတာ၊ ကောလာတဲ့ ချောင်းတွေကို ပြန်ဆယ်တာတွေကို စီမံချက်တွေချပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချောင်းတွေထဲကို စည်းကမ်းမဲ့မြေစာတွေကိုစွန့်ပစ်ခြင်းမရှိစေဖို့နဲ့ မြေစာစွန့်ပစ်မှု စနစ်တကျဖြစ်စေရး လမ်းဩန်ချက်တွေ ထုတ် ထားတယ်လို့လည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
မော်ကွန်းက မိုးကုတ်မြို့ကို သွားရောက်လေ့လာခဲ့တဲ့ အချိန်မှာတော့ ရေနီချောင်းထဲကနုန်းတွေကို မြေကော်ကား ဘက်ဟိုးနဲ့ ဆယ်တဲ့လုပ်ငန်းတွေ လုပ်နေတာကို မြင်ခဲ့ရသလို ကျောက်မျက်ကုမ္ပဏီတွေက ကျောက်ဆောင်ရွာနားမှာ သစ်ပင် တွေ ပြန်စိုက်ပေးထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ကျောက်မျက်လုပ်ငန်းတွေအနေနဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းမှုအစီအစဉ်တွေကို အမှန်တကယ်လိုက်နာလား၊ ပျက်ကွက် နေလားဆိုတာကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေအနေနဲ့ အောက်ခြေအထိ ကွင်းဆင်းပြီး စစ်ဆေးသင့်တယ်လို့ ဦးစိန်မြင့် က ဆိုပါတယ်။
ဒါပေမဲ့ အခုလက်ရှိ မိုးကုတ်မှာဖြစ်နေတာက လုပ်ငန်း ရှင်တွေဟာ ကျောက်တွင်းတွေကို တူးပြီးရင် ဒီအတိုင်း ပြန်ထွက် သွားတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလုပ်ဆောင်ဖို့ လိုအပ်လာတဲ့အခါ လက်သည်ရှာဖို့ခက်ခဲတယ်လို့ စိမ်းလန်း မိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အတွင်းရေး မှူး ဦးရဲအောင်က ဆိုပါတယ်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းအနေနဲ့ ကျောက် မျက်ကုမ္ပဏီတွေကို တူးဖော်ခွင့်ပြုတဲ့အခါမှာ အမှန်တကယ် ဆက်သွယ်လို့ရမယ့် နေရပ်လိပ်စာကို တိတိကျကျ မှတ်တမ်း တင်ထားဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။
မိုးကုတ်ကို ကယ်တင်ဖို့
ပြည်တွင်းပြည်ပခရီးသွားတွေကို ဆွဲဆောင်ပြီး မိုးကုတ် မြို့ကို ခရီးသွားဒေသအသစ်တစ်ခု ဖြစ်လာအောင် ဖော်ဆောင် မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ဆို ပါတယ်။
မိုးကုတ်မြို့ဟာ ခရီးသွားမြို့တော်တစ်ခုဖြစ်လာရင် ဒေသခံ ပြည်သူတွေအတွက် ကျောက်မျက်လုပ်ငန်းအပြင် နောက်ထပ်အလုပ်အကိုင်အခွင့်အလမ်းတွေကနေ ဝင်ငွေတွေရလာနိုင်မယ် လို့ သူက ဆိုပါတယ်။
Photo-Kaung Htet Sanဒေသခံများ ကျောက်မျက်ရောင်းဝယ်သည့် ထာပွဲဈေး မြင်ကွင်းတစ်ခု
မိုးကုတ်မြို့က မြို့မိမြို့ဖတွေ မျှော်လင့်နေတာနောက် တစ်ခုကတော့ မိုးကုတ်မှာကျောက်မျက်ပြတိုက်အသေးစားလေး တစ်ခုပါဝင်တဲ့ ကျောက်မျက်စင်တာတစ်ခု တရားဝင်ပေါ်ပေါက် လာဖို့ပါ။တန်ဖိုးမြင့်ပတ္တမြားတွေအပြင် မိုးကုတ်ကထွက်တဲ့ ကျောက်မျက်ရတနာတွေကို ရောင်းဝယ်နိုင်တဲ့ဈေးကွက်၊ အခွန် ဆောင်နိုင်မယ့် ကောင်တာတွေ၊ ကျောက်မျက်တွေကို အရည် အသွေးစစ်ဆေးနိုင်မယ့် ဓာတ်ခွဲခန်း၊ ကျောက်မျက်ပြတိုက် စတာတွေပါဝင်တဲ့ ကျောက်မျက်စင်တာ တစ်ခုပေါ်ပေါက်လာဖို့ မြို့ခံတွေကဆန်္ဒရှိနေကြတာပါ။
အဲဒီလို စင်တာတစ်ခု ပေါ်ပေါက်လာခဲ့မယ်ဆိုရင် မြန်မာ ပြည်တွင်းမှာပဲ ကျောက်မျက်ဈေးကွက်ကြီးတစ်ခုဖြစ်လာပြီး မိုးကုတ်မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာမယ်လို့ မြို့ခံတွေက ယုံကြည်နေကြပါတယ်။
မိုးကုတ် နှစ် ၈၀၀ ပြည့် ပွဲတော်အထိမ်းအမှတ်အဖြစ် ထုတ် ဝေခဲ့တဲ့ “မြန်မာတို့၏ ပတ္တမြားမြေ” စာအုပ်အဆိုအရ မိုးကုတ် ရတနာမြေဟာ ပတ္တမြား၊ နီလာ၊ မြတို့အပါအဝင် အဖိုးတန် ကျောက် ၄၂ မျိုးထွက်ရှိပြီး ဒီဒေသကထွက်တဲ့ ခိုသွေးရောင် ပတ္တမြားတွေဟာ ကမ္ဘာမှာအကောင်းဆုံးဖြစ်တယ်လို့ သတ်မှတ် ခံရလောက်အောင် အရည်အသွေး ကောင်းမွန်ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်တဲ့ ကျောက်မျက်ရတနာဥပဒေသစ်မှာ တစ်နိုင်တစ်ပိုင် လက်လုပ် လက်စားတွေကို လုပ်ကိုင်ခွင့်ပြုမယ့် အခွင့်အရေးတွေကို ထည့် သွင်းရေးဆွဲထားတဲ့အတွက် ဒေသခံလက်လုပ်လက်စား ကျောက်မျက်တူးဖော်သူတွေအတွက် အခွင့်အလမ်းကောင်းတွေ ပိုရှိလာစေမယ်လို့လည်း ဦးနိုင်ငံကျော်က ဆိုပါတယ်။
သဖန်းပင်ရွာက ဦးဘမောင်ကတော့ သူတို့လိုဆင်းရဲသားလက်လုပ်လက်စားတွေအတွက် နေရာလေးအတည်တကျနဲ့ သင့်တင့်တဲ့အခွန်ဆောင်ပြီး ကျောက်မျက်တူးဖော်ခွင့်ရချင် တယ်လို့ ဆိုပါတယ်။ အခုလို ကိုယ့်မွေးတဲ့ မြေပေါ်က ကျောက်တွေ ကို ပြန်ပြီး ခိုးကြောင်ခိုးဝှက်တူးနေရတဲ့ဘဝမျိုးကို မလိုချင်တော့ ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဦးဘမောင် အပါအဝင် မိုးကုတ်မြို့ သားတွေဟာ ရတနာပုံကြီးပေါ်မှာ မွေးဖွားလာပေမယ့် သူတို့ရဲ့ ဘဝတွေကတော့ ကျောက်မျက်ကုမ္ပဏီတွေ စွန့်ပစ်ခဲ့တဲ့ မြေစာ တွေထဲက ကျောက်တစ်လုံး နှစ်လုံးများ တွေ့မလား မျှော်လင့် ချက်နဲ့ ကျောက်ပုံတွေ၊ ရွှံ့တွေ ကြားထဲမှာပဲ ကုန်ဆုံးနေရဆဲပါ။
- #season_Myo_Kyaw
- #mawkun
- #magazine
- #chronicle