ဂြိုဟ်သားနှင့် စကားပြောခြင်း

ဂြိုဟ်သားနှင့် စကားပြောခြင်း

ကာတွန်း -သီဟ(စခန်းသစ်) (၂၀၁၇)

အကြံပေးဆရာ ရန်လိုကျွဲ အင်္ဂါဂြိုဟ်သို့ အလည်အပတ်ရောက်နေသည်။ အင်္ဂါဂြိုဟ်အကြောင်း မပြောခင် ခရီးစဉ်အကြောင်း အရင်ပြောရမည်။ ကုန်ကျစရိတ် များပြားလှသော ဤခရီးကို ရန်လိုကျွဲ အဘယ်ကြောင့် သွားနိုင်သနည်းဟု သိလိုကြမည် ဖြစ်သောကြောင့် အနည်းငယ် ရှင်းပြပါမည်။ ဆောင်းထိဆောင်းမိဒေသတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးကို အကြံကောင်းများ ပေးမိပြီးနောက်ပိုင်း ထိုလုပ်ငန်းရှင် အကြီးအကျယ် ကြီးပွားလာရာမှ ဤခရီးစဉ် အစပြုလာခြင်းဖြစ်သည်။

ထိုလုပ်ငန်းရှင်ကို ရွှေအကြီးအကျယ်ထွက်သော ဆောင်းထိဆောင်းမိဒေသတွင် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရနိုင်မည့်နည်းလမ်းများကို အကြံပေးမိသည်။ များမကြာမီ အနှီလုပ်ငန်းရှင်လုပ်ပိုင်ခွင့် အတော်များများ ရသွားသည်။ ပိုမို ကြီးပွားလိုပါက အစိုးရထံ ပေးသွင်းရမည့် ရွှေပမာဏ အများအပြားကို ကိုယ့်ဂိုဒေါင်ထဲ သိမ်းထားဟု အကြံပေးရာ ထိုလုပ်ငန်းရှင်က တိတိကျကျလိုက်နာရာမှ ပိုက်ဆံထားစရာနေရာမရှိအောင် ချမ်းသာလာလေသည်။

ဤသို့ဖြင့် ထိုဒေသ ရွှေလုပ်ငန်း၏ အကျိုးဖြစ်မှု၊ အကျိုးထိခိုက်မှုတို့နှင့် ပတ်သက်ပြီး အပြစ်မကင်းသူများထဲတွင် ရန်လိုကျွဲလည်း ပါဝင်လာလေသည်။ သို့သော်လည်း စာချုပ်ဖောက်ဖျက်ရန် အကြံပေးသူ ရန်လိုကျွဲသည် အပြစ်မကင်းဟု ဆိုနိုင်သော်လည်း ဥပဒေအရ အရေးယူရန် မဖြစ်နိုင်သောသူ ဖြစ်နေပြန်သည်။

ကျိကျိတက်ချမ်းသာလာသော လုပ်ငန်းရှင်က ယောလိဝုဒ်မှ ရုပ်ရှင်မင်းသမီးတစ်ဦးနှင့် အိမ်ထောင်ကျလေရာ ကြင်ဦးစ ပျားရည်ဆမ်းခရီးအတွက် အင်္ဂါဂြိုဟ်သို့ သွားရောက် အပန်းဖြေရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမသိသူများက အင်္ဂါဂြိုဟ်သို့ အသွားခရီးစဉ်အတွက် ဒေါ်လာ ၆ ဘီလီယံ ပေးရမည်၊ ဟိုရောက်လျှင် ထပ်ကုန်မည်၊ မဖြစ်နိုင်သော ခရီးစဉ်ဟု ဆိုကြသည်။ အကြောင်းသိသူများ၊ သူ့ကြွယ်ဝမှုကို နားလည်သူများကတော့ ဖြစ်နိုင်သော ခရီးစဉ်ဟု ဆိုကြပြီး မည်သည့်အချိန်တွင် သွားမည်ကို စောင့်ကြည့်နေကြလေသည်။

ထိုသို့ စောင့်ကြည့်နေစဉ် ထိုလုပ်ငန်းရှင်က ရန်လိုကျွဲကို ဖုန်းဆက်လာသည်။

”ဆရာရေ၊ အင်္ဂါဂြိုဟ်ကို ဆရာ အရင်သွားလည်ပါ။ ကျွန်တော် စရိတ်ခံပါ့မယ်။ ပြန်လာရင် ကျွန်တော့်ကို အတွေ့အကြုံတွေ ရှင်းပြပါ။ ဟိုမှာ ဘယ်လို နေထိုင်ပြုမူပြောဆိုသင့်တယ်ဆိုတာ ကျွန်တော့်ကို အကြံပေးပါ” ဟု အနှီလုပ်ငန်းရှင်က ဆိုလေ၏။

”ကောင်းပါပြီ။ သွားဆိုတော့လည်း သွားတာပေါ့။ဟိုရောက်ရင် အစားအသောက်နဲ့ ပတ်သက်ပြီး ပြဿနာတော့ နည်းနည်းရှိနိုင်တယ်”

”ဗျာ၊ ဆရာကျွဲ ဘာတွေ ပြဿနာရှိသလဲ။ ဘယ်သူနဲ့ ပြဿနာ တက်နေသလဲ။ ကျုပ်ရဲ့ အကြံပေးအရာရှိကို ဘယ်သူက ပြဿနာရှာရဲသလဲ”

လုပ်ငန်းရှင်က နားထိုင်းခြင်းမရှိပေ။ တယ်လီဖုန်းလိုင်း အသံမကြည်လင်သောကြောင့် အနည်းငယ် နားကြားလွဲခြင်းပင်။

”ဘယ်သူနဲ့မှ ပြဿနာ မတက်ပါဘူးဗျာ။ ဒုက္ခသီရိမှာ စားနေကျအစားအစာတွေ အင်္ဂါဂြိုဟ်မှာ မရှိနိုင်တဲ့ ပြဿနာမျိုး ကြုံရနိုင်တယ်လို့ ပြောတာပါ”

”သြော်…ဟုတ်တယ်။ ဒီလိုပြဿနာတွေ၊ အခက်အခဲတွေတော့ ရှိနိုင်တယ်။ ဒါကြောင့် ဆရာကျွဲ အရင်သွားစနည်းနာချေ၊ ပြီးမှ ကျုပ်သွားမယ်လေ”

”အစားအသောက် သိပ်မရွေးတော့ အဆင်ပြေမှာပါ။ စားနေကျ သရက်သီးသနပ်ကိုပဲ များများ သယ်သွားတာပေါ့”

”ဆရာကျွဲ သေနတ် သယ်သွားမယ်ဟုတ်လား။ ကြည့်လည်းလုပ်ပါ ဆရာကျွဲရေ၊ လက်နက်မှုနဲ့ အရေးယူခံရမှ ကျုပ်ပါ အမှုပတ်နေမယ်”

သယ်လိုသည့်ပစ္စည်းမှာ သရက်သီးသနပ်ဖြစ်ကြောင်း၊ ဥပဒေဖြင့် တားမြစ်ထားသော သေနတ် မဟုတ်ကြောင်း လုပ်ငန်းရှင် နားလည်အောင် ရှင်းပြရ၏။

”အသံတူလို့ လန့်သွားတာပါ ဆရာကျွဲရေ၊ သေနတ်မဟုတ်ရင် ပြီးတာပဲ။ သွားခါနီး မူးယစ်ဆေးတို့၊ အရက်တို့လည်း မမှီဝဲနဲ့ဗျို့။ စတုတ္ထိနိဗ္ဗာန် ရောက်နေပြီ၊ ခံစားချက် သိပ်ကောင်းနေပြီ ဆိုရင် ကိုယ့်အိတ်ထဲ ဘာထည့်လို့ ထည့်မိမှန်း သတိမထားမိဘဲ လေယာဉ်ကွင်းမှာ အဖမ်းခံရလိမ့်မယ်။ ကဲ… အထုပ်အပိုးပြင်ထားပါ၊ ရက်ပိုင်းအတွင်း ဒုက္ခသီရိကနေ ထွက်ရမယ်”

ဤသို့ဖြင့် ရန်လိုကျွဲ အင်္ဂါဂြိုဟ်သို့ အလည်အပတ် သွားရလေ၏။

မြေပြင်မှအထွက် အထုပ်အပိုး ဓာတ်မှန်ရိုက်သည့်နေရာတွင်လည်း အဆင်ပြေသည်။ ဌာနဆိုင်ရာများက အထုပ်အပိုးတချို့ လူကြုံပါးလိုက်သေးသည်။ ”ဒီထဲက ဘာတွေလဲဗျ။ ဟိုရောက်ရင် ဘယ်သူ့ကိုပေးရမှာလဲ” ဟု မေးရာ မည်သူ့ကိုမျှ ပေးရန် မလိုအပ်၊ ကြော်ငြာဆိုင်းဘုတ်တိုင်များသာ ဖြစ်သောကြောင့် အဆင်ပြေသည့်နေရာတွင် စိုက်ထူပေးပါဟု ဆိုကြ၏။ ဌာနဆိုင်ရာ အရာရှိမင်းများဆိုတော့လည်း ရန်လိုကျွဲ ကြောက်ကြောက်နှင့် လက်ခံထားလိုက်သည်။ ”ကိုယ် ထမ်းသွားရတာမှ မဟုတ်ဘဲလေ”ဟုလည်း တွေးမိ၏။

မရောက်ဖူးသော အရပ်မို့သာ လာရသည်၊ အင်္ဂါဂြိုဟ်ဟူသည်ကား အလွန်အမင်း ပျင်းစရာကောင်းသောအရပ် ဖြစ်မည်မှန်း ကြိုသိထားပြီးဖြစ်၏။ ရေ ရှိ၊ မရှိ မသေချာ။ လူမရှိတာတော့ သေချာသည်ဟု သတင်းများက ဆိုသည်။

အင်္ဂါဂြိုဟ်ပေါ် ခြေချပြီးနောက်တွင် ရန်လိုကျွဲ ဟိုဟိုဒီဒီ လမ်းသလားနေမိသည်။ သစ်ပင်ပန်းပင်မရှိ၊ ခဲလုံးကြီးငယ်သာရှိသည့် မြေပြင်မညီသော ကန္တာရ။ အိမ်ပြန်သည်အခါ ခဲလုံးတချို့ကို အမှတ်တရ ကောက်ယူ သယ်ဆောင်သွားရမည်ဟု တွေးလိုက်မိသည်။

အရပ်လေးမျက်နှာကို ပတ်ချာလည်ကြည့်လိုက်ရာ မျက်စိတစ်ဆုံး တွေ့ရသည်မှာ ကန္တာရလွင်ပြင်ကျယ်ကြီးသာ။ ကမ္ဘာ့နိုင်ငံအသီးသီးက အင်္ဂါဂြိုဟ်ကို မျက်စိကျကြခြင်းမှာ ကမ္ဘာပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ ဤဂြိုဟ်သည် အနာဂတ် လူသားတို့ နေထိုင်ကျက်စားနိုင်မည့် ဒေသတစ်ခု ဖြစ်လာနိုင်သည်ဟူသော အယူအဆကြောင့်ပင်။

‘ဒီနေရာ ငါ အရင်ရောက်တာဖြစ်တဲ့အတွက် ဒါဟာ ငါ့မြေလို့ သတ်မှတ်လည်း ရတာပဲ’ ဟု ရန်လိုကျွဲလည်း အနီးအနားမှ ပိုင်ရှင်မဲ့ မြေကွက်လပ်များကိုကြည့်ပြီး ခပ်ကြောင်ကြောင် တွေးမိလိုက်သေးသည်။ ယူတဲ့မြေ သိပ်ကျယ်သွားရင် ခြံစည်းရိုးခတ်ရတာ ငွေကုန်ကြေးကျ များလိမ့်မယ်ဟုလည်း ဆင်ခြင်ရသည်။ သြော်…ဘယ်သူမှ မရှိမှတော့ ခြံခတ်စရာ လိုသေးသလားဟုလည်း တစ်ကိုယ်တည်း ပြောနေမိသည်။

ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးချိန်တွင် ချိုင့်ဝှမ်းလေးတစ်ခုအနီး ရောက်သွားသည်။ ထိုနေရာမှ မြေသားမှာ ပွယောင်းယောင်းနိုင်လှသဖြင့် တစ်ခုခုတော့ ထူးနေပြီ၊ မှားနေပြီဟု ရန်လိုကျွဲ သိလိုက်သည်။ အသိ နောက်ကျလေပြီ။ ထိုနေရာတစ်ဝိုက်မှာ နင်းလေ ကျွံကျလေ ဖြစ်လေ၏။ အနီးအနားတွင် အားကိုးအားထား ဆွဲခိုစရာ မရှိသဖြင့် ရန်လိုကျွဲ တစ်ကိုယ်လုံး ကျွံကျလေတော့သည်။ ကျွံကျသည်နှင့် တစ်ပြိုင်နက် ရန်လိုကျွဲလည်း ကမ္ဘာပေါ်မှ ရှိရှိသမျှ ဘုရားများ၊ နတ်ဒေဝါများကို လှမ်း၍ တမ်းတမိလေသည်။ မည်မျှပင် ဘုရားတသော်လည်း ကျွံကျမှုက မရပ်ချေ။ အရှင်လတ်လတ် မြေမျိုပြီလော။ ရန်လိုကျွဲ အကြောက်လွန်ပြီး သတိလစ်လေ၏။

မည်မျှကြာအောင် သတိလစ်သွားသည်မသိ၊ မျက်စိနှစ်လုံး ပြန်ဖွင့်နိုင်ချိန်တွင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခန်းတစ်ခုထဲ ရောက်နေသည်ကို တွေ့ရသည်။

အင်္ဂါဂြိုဟ်မှာ မြေကျွံကျရာမှ ဒုက္ခသီရိသို့ ပြန်ရောက်လာခြင်းလော၊ သို့တည်းမဟုတ် အိပ်မက်မက်နေခြင်းလော။ပါးတစ်ဖက်ကို အားထည့်ပြီး ဆိတ်ဆွဲလိုက်ရာ နာကျင်သွားသောကြောင့် အိပ်မက်မဟုတ်မှန်း ရန်လိုကျွဲ သဘောပေါက်လိုက်၏။ မြေကမ္ဘာမှ ပါလာသော အထုပ်အပိုးများ အနားတွင် ရှိနေသည်။ အခန်းတံခါးကိုလည်း အတွင်းမှ ဖွင့်မရအောင် လုပ်ထားဟန် တူသည်။ ရန်လိုကျွဲလည်း ကိုယ့်အထုပ်အပိုးတွေကြား အူကြောင်ကြောင်ဖြင့် ထိုင်နေမိ၏။

ပီကေတစ်ခု အချိုဓာတ်ကုန်ခန့် အကြာတွင် တံခါးပွင့်လာပြီး အခန်းတွင်းသို့ တစ်စုံတစ်ယောက် ဝင်လာသည်။ ထိုသူမှာ ရုပ်ရှင်ဇာတ်ကားများထဲမှ ဂြိုဟ်သားပုံစံပေါက်နေသည်။ ဆံပင်မရှိ။ နားရွက်လည်း မရှိချေ။

သူက သူ့ကိုယ်သူ စပြီး မိတ်ဆက်သည်။ အင်္ဂါဂြိုဟ်သို့ တရားမဝင် ကျူးကျော်လာသူ ရန်လိုကျွဲကို စစ်ဆေး အရေးယူရမည့် ဂြိုဟ်သားအရာရှိ ဟူသတတ်။

ကမ္ဘာပေါ်မှ နိုင်ငံအများအပြားက အင်္ဂါဂြိုဟ်ကို စိတ်ဝင်စား စောင့်ကြည့်လေ့လာသည်ကို ကောင်းစွာ သိရှိပါကြောင်း၊ လူသားတို့ လာရောက် ကျူးကျော်နေထိုင်မည်ကို စိုးရိမ်သဖြင့် ဂြိုဟ်သားအားလုံး ကိုယ်ရောင် ဖျောက်ထားရကြောင်း၊ မြေအောက်မြို့တော်များ ဖန်တီးပြီး နေထိုင်ကြကြောင်း၊ ဤအခြေအနေကို အမေရိကန် နာဆာအဖွဲ့ အပါအဝင် ကမ္ဘာသူ ကမ္ဘာသားတို့ မသိရှိကြကြောင်း စသဖြင့် ရှင်းပြသည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ရေတွေ့သည်ဟု ကမ္ဘာ့သိပ္ပံပညာရှင်တချို့ ကြေညာချက်ထုတ်သည်ကိုလည်း သိရှိကြောင်း၊ လူသား သုတေသီတို့၏ ကင်မရာကောင်းသည်ဟု ချီးကျူးလိုကြောင်း၊ သို့သော်လည်း ထိုရေမှာ သောက်သုံးရန် မသင့်တော်ကြောင်း၊ အများသုံး စုပေါင်းအိမ်သာကြီးတစ်ခု မိလ္လာကန်ပေါက်ရာမှ စိမ့်ယိုထွက်ခြင်းသာဖြစ်ကြောင်းလည်း ရှင်းပြ၏။

ရှင်းပြ မိတ်ဆက်ပြီးသကာလ ရန်လိုကျွဲ ဘယ်သူဖြစ်သည်၊ ဘယ်က လာသည်၊ ဘာလာလုပ်သည် စသဖြင့် ဘကုန်း ၆၆ လုံးမေးခွန်းများကို အဆက်မပြတ် ထုတ်လေ၏။ ရန်လိုကျွဲ လည်း မှန်ကန်စွာ ဖြေဆို၏။

သူ့မေးခွန်းများကို ဖြေဆိုပြီးနောက်တွင် ရန်လိုကျွဲသည် အင်္ဂါဂြိုဟ်သို့ လူငယ်သဘာဝ ရောက်လာသူ မဟုတ်ကြောင်း၊ ခရီးသည် အစစ်အမှန်ဖြစ်ကြောင်း စစ်ကြောရေး ဂြိုဟ်ကောင်အရာရှိ သဘော ပေါက်သွားလေသည်။ ဂြိုဟ် အကျိုးထိခိုက်စေမည့်သူဖြစ်ပါက ထောင်ရာသက်ပန်ချခံရမည်ဟု ခြိမ်းခြောက်လိုက်သေး၏။ မကြာခင် ပြန်လွှတ်ပေးမည်၊ သို့သော် တည်ဆဲဥပဒေအရ အင်္ဂါဂြိုဟ်မှ ပြန်သည့်အခါ ကျောက်ခဲတစ်လုံး၊ မြေကြီးတစ်ကော်မျှပင် ယူဆောင်သွားခွင့်ပြုမည်မဟုတ်ဟု ဆို၏။ ယူဆောင်သွားပါက မြေကြီးတစ်မှုန်လျှင် တင်ပါးကို ကြိမ်ဒဏ် ၁ဝ ချက် ဆော်မည် ဟူသတတ်။ အင်မတန် ပြင်းထန်လှသောတည်ဆဲ ဥပဒေပင် တည်း။

ကျောက်ခဲ အမှတ်တရ ကောက်ယူသွားရန် စိတ်ကူးမိသော ရန်လိုကျွဲလည်း တင်ပါးကို အမှတ်တမဲ့ အုပ်လိုက်မိသေးသည်။

အမိမြေကို တစ်လက်မမျှ အကျူးကျော်မခံဟု ရန်လိုကျွှဲတို့ သီချင်းဆိုကြ၊ ကြွေးကြော်ကြသည်။ အင်္ဂါဂြိုဟ်တွင် နေထိုင်သူတို့မှာ မိမိတို့ထက်ပင် မြေချစ်စိတ်၊ နိုင်ငံချစ်စိတ် ကြီးမားပေမည်ဟု တွေးနေစဉ် ဂြိုဟ်ကောင်အရာရှိထံမှ မေးခွန်းတစ်ခု ထပ်ထွက် လာပြန်သည်။

”အတော်များများကိုတော့ ငါသိပြီးသွားပါပြီ။ မရှင်းတာ တစ်ခုက မင်းနဲ့အတူ ပါလာတဲ့ ဆိုင်းဘုတ်တွေပဲ။ အဲဒါတွေက ဘာတွေလဲ”

ဂြိုဟ်ကောင်အရာရှိက မေးလည်းမေး၊ အထုပ်အပိုးထဲမှ ဆိုင်းဘုတ်များကို ဆွဲထုတ်သည့်အလုပ်လည်း လုပ်၏။ ”အရေးမကြီးပါဘူး၊ မြေကမ္ဘာရဲ့ ကြော်ငြာတွေပါဗျာ။ အင်္ဂါဂြိုဟ်အနံှ့လိုက်ပြီး စိုက်ထူဖို့ ထည့်ပေးလိုက်တဲ့ ကြော်ငြာတွေပါ”ဟု အမှန်အတိုင်း ဖြေလိုက်မိသည်။

သူဆွဲထုတ်သဖြင့် ဆိုင်းဘုတ်များ ထွက်ကျလာလေသည်။ ထိုဆိုင်းဘုတ်များတွင် ပုလိပ်အဖွဲ့ပိုင်မြေ၊ တပ်ပိုင်မြေ၊ ဌာနပိုင်မြေ စသဖြင့် စာလုံးကြီးကြီး ရေးထားသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။

ရန်လိုကျွဲ ခေါင်းနားပန်းကြီးသွားသည်။ ခေါင်းဆင်နင်းခံရ သည်ဟူသော စကားလုံးမှာ ဤအခြေအနေအတွက် ပေါ်လာခြင်းဖြစ်မည်ဟု ယူဆရသည်။

”ကြော်ငြာမှာ ဘာတွေ ရေးထားတာလဲ။ ကြော်ငြာဆိုပြီး ပုံတွေ မပါတာ ဘာကြောင့်လဲ”

ဂြိုဟ်ကောင်အရာရှိမှာ အင်မတန် အရစ်ရှည်သောသူဖြစ်၏။ ရန်လိုကျွဲလည်း ရှိသမျှ ဉာဏ်နီဉာဏ်နက် အကုန်ထုတ်သုံးရလေသည်။

ကွမ်းတံတွေး မထွေးရ၊ စည်းကမ်းရှိပါ၊ အမှိုက်မပစ်ရ၊ သေးမပေါက်ရဟု ရေးထားကြောင်း၊ သတိပေးစာ ကြော်ငြာများ ဖြစ်သောကြောင့် ပုံမပါခြင်း ဖြစ်ကြောင်း ဗြောင်လိမ်ရလေသည်။

”ကျွတ်…ကျွတ်…ကျွတ်…မင်း အလေးခံပြီး သယ်လာတာ အလကားမဖြစ်အောင် ဒီကြော်ငြာတွေ လိုက်ပြီး စိုက်ပေးပါ့မယ်။ ငါတို့ ဂြိုဟ်သားတွေက စည်းကမ်းရှိပြီးသားပါ။ အဲ… မင်းတို့ကြော်ငြာတွေက ကြည့်လို့ကောင်းတဲ့အတွက် ငါလိုက်ရောင်းရင် အလုအယက်တောင် ဝယ်ကြမှာကွ။ ငါတော့ ထောပြီ”

ရန်လိုကျွဲ ပြောသမျှ ဂြိုဟ်ကောင်ငနဲ ယုံကြည်သွားပုံရသဖြင့် သက်ပြင်း တိတ်တဆိတ် ချနေမိစဉ်မှာပင် ဂြိုဟ်ကောင်အရာရှိက စစ်ကြောရေး ပြီးဆုံးပြီ ဖြစ်ကြောင်း၊ အင်္ဂါဂြိုဟ်မြေအောက်မြို့တော်များကို လိုက်လံ ကြည့်ရှုလည်ပတ်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောလိုက်လေသတည်း။

(လာမည့်လတွင် အင်္ဂါဂြိုဟ်တွင် ရန်လိုကျွဲ အကြံပေးရပုံ အပါအဝင် အတွေ့အကြုံများကို ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။)

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ သရော်စာ ဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."