ကြွက်တို့စံပျော် ရန်ကုန်မြို့တော်

ကြွက်တို့စံပျော် ရန်ကုန်မြို့တော်

မနက်မိုးလင်းလို့ ဘုရားရှိခိုးပြီးရင် အိမ်မှာရှိတဲ့ ကြွက်တွေ ကို ဒေါ်နီမေတ္တာပို့ပါတယ်။ လွန်ခဲ့တဲ့ တစ်လကျော်အထိ ဒေါ်နီ မေတ္တာပို့သူတွေစာရင်းမှာ ကြွက်တွေ မပါခဲ့ပါဘူး။

ဒါပေမဲ့ ညဘက်အိပ်လို့မရအောင်အထိ အိမ်မှာ ကြွက်တွေ ပိုသောင်းကျန်းလာကြတဲ့အခါမှာတော့ ကြွက်တွေ ကျန်းမာချမ်း သာဖို့ မေတ္တာပို့တဲ့ အစီအစဉ်တစ်ခုကို ဒေါ်နီ စတင်ခဲ့ပါတယ်။ ဝေနေယျသတ္တဝါတွေကို မေတ္တာပို့အမျှဝေရင်း ကြွက်တွေကို လည်း ထည့်ပြီး မေတ္တာပို့သလို အိမ်မှာ တစ်ချက်တစ်ချက် ကြွက်သံတွေကြားရတိုင်းလည်း ဒေါ်နီက ကြွက်တွေကို မေတ္တာပို့တယ် လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး အသက် ၆၃ နှစ်ရှိပြီဖြစ် တဲ့ ဒေါ်နီဟာ လှိုင်မြို့နယ်၊ အေးရိပ်မွန်(၁)လမ်းက နှစ်ထပ်တိုက် တစ်လုံးရဲ့  အပေါ်ထပ်မှာ နေထိုင်ပါတယ်။ သူဟာ သောင်းကျန်းတဲ့ ကြွက်တွေကိုမေတ္တာပို့လိုက်ရင် ကြွက်တွေငြိမ်သွားတယ်လို့ ယုံ ကြည်သူ တစ်ယောက်ပါ။

”မေတ္တာပို့တာတစ်လကျော်လောက်တော့ရှိပြီ။ မေတ္တာပို့ လု့ိလား တော့မသိဘူး၊ ကြွက်တွေနည်းလာသလိုတော့ရှိတယ်”လို့ ဒေါ်နီက ပြောပါတယ်။

ဒေါ်နီနေတဲ့ တိုက်ခန်းရဲ့ ကြမ်းပြင်နဲ့ထုတ်တန်းတွေကြားမှာ တော့ ကြွက်တွေ အသိုက်လုပ်ပြီး နေကြပါတယ်။ ည လူခြေတိတ် ပြီဆိုရင် အဲဒီထုတ်တန်းတွေကြားက ကြွက်တွေအလျှိုလျှိုထွက် လာကြပါတယ်။ ကြွက်တွေဟာ မီးဖိုချောင်မှာရှိတဲ့ စား စရာတွေ ထည့်ထားတဲ့ အိုးခွက်ပန်းကန်တွေကို တိုးဝှေ့ပြီး အစာရှာကြ တယ်။ တကျွိကျွိကြွက်မြည်သံတွေ၊ အိုးခွက်ပန်းကန်တွေကို ကြွက်တိုးလို့ ထွက်လာတဲ့ တဂွမ်းဂွမ်းတချွမ်းချွမ်းအသံတွေ အပြင် ကြောင်လိုက်လို့ ကြွက်ပြေးတဲ့အသံ ဂလုံးလုံးဂလွမ်းလွမ်း အသံတွေနဲ့ တစ်အိမ်လုံး ဗြောင်းဆန်နေတတ်ပါတယ်။

ကြွက်တွေကို သတ်ရင် ငရဲကြီးမှာစိုးတဲ့အတွက် အိမ်မှာ သောင်းကျန်းတဲ့ ကြွက်တွေကို အသေမသတ်ဘဲ  တစ်ဘူးကို ၇၅ဝ ကျပ်ပေးရတဲ့ ကြွက်ကပ်ကော်နဲ့ ဒေါ်နီရဲ့သမက်က ကြွက် ဖမ်းပါတယ်။ အဲဒီနည်းကတော့ ပလတ်စတစ်ကတ်ထူပြားပေါ်မှာ ကော်တွေကို သုတ်ရတဲ့နည်းပါ။ အဲဒီကတ်ထူပြားအပေါ်က ဖြတ် ပြေးတဲ့ ကြွက်တွေဟာ ကော်နဲ့ကပ်သွားပြီး ပြေးလို့မရတော့ပါ ဘူး။ ဒီလိုနည်းမျိုးနဲ့ ကြွက်တွေကို ဖမ်းပါတယ်။

တစ်ခါဖမ်းရင် အနည်းဆုံး ကြွက်သုံး၊ လေးကောင်ဖမ်းမိ တယ်လို့ ဒေါ်နီရဲ့ မိသားစုတွေက ပြောပါတယ်။ ဒါပေမဲ့ ဖမ်းမိတဲ့ ကြွက်တွေကိုမသတ်ဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့ လှိုင်မြစ်ကမ်းဘေးနားက အမှိုက်ပုံမှာ သွားလွှင့်ပစ်ကြပါတယ်။ လွှတ်ပေးလိုက်တဲ့ ကြွက်တွေ ဘယ်ကိုသွားကြသလဲ၊ အိမ်ကို ပြန် လာကြလားဆိုတာကိုတော့ သူတို့မသိကြပါဘူး။

ကြွက်ပြဿ      နာကို ခံစားနေရတာ ဒေါ်နီတို့မိသားစုတစ်စု တည်း မဟုတ်ပါဘူး။ ရန်ကုန်မြို့က အိမ်တိုင်းလိုလိုမှာ ကြွက်တွေ ရှိနေပါတယ်။ တိုးတက်များပြားလာတဲ့ ရန်ကုန်လူဦးရေနဲ့အတူ ကြွက်တွေဟာလည်း တစ်နေ့တခြား ပိုမိုများပြားလာတာ ကြောင့် မြို့နေလူထုကျန်းမာရေးကို ခြိမ်းခြောက်လာနေပါတယ်။ လူ့အသုံးဆောင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးပစ်တာကြောင့် နေ့စဉ်လူနေမှုဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ မြို့ခံ တွေက ပြောကြပါတယ်။

ကြွက်ဆိုတာ ရန်ကုန်မြို့မှာ သွားရင်းလာရင်း မြင်တွေ့နိုင် တဲ့ သတ္တဝါတစ်မျိုးလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ကား ကြိတ်ခံရလို့ သေနေတဲ့ကြွက်တွေကို တွေ့ရတတ်သလို ကြောင်တစ်ကောင်လောက် ကြီးထွားတဲ့ ကြွက်တွေကိုလည်း အိမ်နောက်ဖေးလမ်းကြားတွေမှာ တွေ့မြင်နိုင်ပါတယ်။ ပျစ်ပျစ် ချွဲချွဲ ရေညစ်ရေဆိုးတွေနဲ့ ပြည့်နေတဲ့ ရေမြောင်းတွေကြားမှာ လည်း ကြွက်တွေ အချိန်ပြည့် အလုပ်လုပ်နေကြတယ်ဆိုတာကို လူတွေ သတိမထားမိကြပါဘူး။ ရန်ကုန်မြို့မှာ အများဆုံးတွေ့ရ တာကတော့ မြေကြွက်တွေ၊ ကြွက်ဝမ်းဖြူလို့ ခေါ်တဲ့ အိမ်ကြွက် တွေနဲ့ ကြွက်စုတ်တွေ ဖြစ်ပါတယ်။ အဲဒီကြွက်တွေ ဘာကြောင့် ပေါက်ဖွား ရှင်သန်နေကြပါသလဲ။

ဓာတ်ပုံ - လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

ကြွက်ပျော်တဲ့မြို့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန် ရှိသူတချို့နဲ့ ကျန်းမာရေးပညာရှင်တွေက ကြွက်တွေ ပေါက်ဖွား ရှင်သန်နှုန်းမြင့်နေတာဟာ အမှိုက်တွေနဲ့ စားကြွင်းစားကျန်တွေ ကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

နောက်ဆုံးကောက်ခံရရှိထားတဲ့စာရင်းများအရ ရန်ကုန် မြို့ရဲ့ လူဦးရေဟာ ငါးသန်းကျော်ရှိနေပြီး တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေပါတယ်။ လမ်းဘေးဈေးသည်တွေ၊ စားသောက် ဆိုင်တွေကနေ စည်းစနစ်မဲ့စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေနဲ့ အိမ်နောက်ဖေးလမ်းကြားအမှိုက်တွေဟာလည်း ကြွက်တွေ အတွက် စားစရာရိက္ခာတွေ ဖြစ်သလို အမှိုက်ပုံတွေဟာ ကြွက် တွေအတွက် နေထိုင်ဖို့ အကောင်းဆုံးဂေဟာတွေလည်း ဖြစ်လာ ပါတယ်။

စားကြွင်းစားကျန်တွေကို ကြွက်တွေက လွယ်လင့်တကူ စားသောက်ခွင့်ရနေတဲ့အတွက် ကြွက်ပေါက်ဖွားနှုန်းကလည်း တစ်ဟုန်ထိုး တက်လာနေတယ်လို့ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း အတွင်းရေးမှူး ဒေါက်တာစိုးမင်းက သုံး သပ်ပါတယ်။

ကြွက်တွေဟာ တစ်နှစ်ကို အနည်းဆုံးသုံးကြိမ်ပေါက်ဖွား ကြပြီး တစ်ကြိမ်မှာ ခြောက်ကောင်ကနေ ၁၂ ကောင်အထိ ပေါက်ဖွားကြပါတယ်။

”နောက်ဖေးမှာ ပစ်ကြတဲ့ အစာတွေကလည်း ပေါတဲ့အခါ ကျတော့ ပေါက်ချင်တိုင်း ပေါက်၊ မွေးချင်တိုင်း မွေး၊ ကြီးချင်တိုင်း ကြီးနေကြတာ”လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။

ယေဘုယျအားဖြင့်တော့  ကြွက်သားပေါက်တိုင်းဟာ အသက်ရှင်ခွင့်မရကြပါဘူး။ ကင်းလိပ်ချော၊ မြွေ၊ ဖားစတဲ့ သူတို့ရဲ့ ရန်သူတွေရဲ့ ဖမ်းယူစားသောက်ကြခြင်းကို ခံရတတ်တဲ့အတွက် ပါ။ ဒါပေမဲ့ ကြွက်တွေကို ဖမ်းယူစားသောက်မယ့်သတ္တဝါတွေ မရှိသလောက်နည်းတဲ့ ရန်ကုန်လို မြို့ပြမှာတော့ ကြွက်အများစု က အရွယ်ရောက်ခွင့်ရကြပါတယ်။ အဲဒီလို ကြွက်ကို စားသောက်  တဲ့ သတ္တဝါတွေနည်းပါးခြင်းကလည်း ရန်ကုန်မှာ ကြွက်နေပျော် တဲ့ အကြောင်းအရင်းတစ်ရပ်လို့ ဒေါက်တာစိုးမင်းက ဆိုပါတယ်။

ကြွက်တွေဟာ အမှိုက်ပုံနဲ့ အနီးဆုံးနေရာတွေမှာ နေထိုင် ကြတယ်။ ကြွက်တွင်းတွေကို မြေအောက်ရထားလမ်းတွေလို တူး ဖောက်ထားတတ်ကြပါတယ်။ မြေညီထပ်တွေရဲ့ သမံတလင်း ကြမ်းပြင်တွေအထိ လိုဏ်ခေါင်းတွေတူးပြီး နယ်ချဲ့လာတတ်ကြပါ တယ်။ တစ်ခါတလေ လူတွေရဲ့ စားစရာတွေကို ခိုးယူစားသောက် ကြသလို လူတွေရဲ့ စီးပွားရေးတွေမှာလည်း အနှောင့်အယှက် ပေးတတ်ကြပါတယ်။

လသာမြို့နယ် ၁၇ လမ်းက ဦးသက်လွင်ပိုင်တဲ့ အချိုရည် ဆိုင်မှာဆိုရင် ဆိုင်က ပစ္စည်းတွေကို ကြွက်တွေလာရောက်ဖျက်ဆီးတဲ့ပြဿ      နာနဲ့ ကြုံနေရပါတယ်။ ညသန်းခေါင်ကျော်ဆိုရင် လမ်းပေါ်က မြေကြွက်ကြီးတွေဟာ တစ်ထွာလောက်ဟနေတဲ့ ဆိုင်တံခါးကြားကနေ ဆိုင်ထဲကို ဝင်လာကြပါတယ်။ ဦးသက်လွင် တို့က အစားအသောက်တွေကို ဆိုင်ထဲမှာ ချက်ပြုတ်စားသောက် ကြတာမဟုတ်လို့ စားကြွင်းစားကျန်တွေတော့ မရှိပါဘူး။

ဒါပေမဲ့ ဆိုင်ထဲမှာရှိနေတဲ့ အပြာရောင် ပဲနို့ဘူးလေးတွေက တော့ ကြွက်တွေသဘောကြိုက်ဖြစ်လို့နေပါတယ်။ ပဲနို့ဘူးလေး တွေ၊ ရေသန့်ဘူးလေးတွေ၊ နို့မှုန့်ထုပ်တွေစတဲ့ စားသောက်လို့ရတဲ့ ပစ္စည်းတွေအပြင် စားစရာမဟုတ်တဲ့ ဖော့ပန်းကန်တွေ၊ ဖော့ဘူး ခွံတွေကိုလည်း ကြွက်တွေက ကိုက်ဖောက် ဖျက်ဆီးကြပါတယ်။

တွေ့သမျှကို ကိုက်တတ်တဲ့ ကြွက်တွေဟာ ဆိုင်ထဲကို ဝင် လာလိုက်၊ လမ်းပေါ်ထွက်လိုက်နဲ့ မိုးလင်းပေါက် လှုပ်ရှားကြပါ တယ်။ ဦးသက်လွင်တို့ဆိုင်အနီးမှာ အခြားစားသောက်ဆိုင် တချို့လည်း ရှိပါတယ်။ အဲဒီဆိုင်တွေကိုလည်း ကြွက်တွေက ချမ်း သာမပေးပါဘူး။

”ဆိုင်တိုင်းကို လိုက်မေးကြည့်၊ ကြွက်နဲ့ လွတ်တဲ့ ဆိုင်မရှိ ဘူး”လို့ ကြွက်ကိုက်ထားတဲ့နို့မှုန့်ထုပ်တွေကို ညွှန်ပြရင်း ဦးသက် လွင်က ပြောပြပါတယ်။

တွင်းဝမှ ကြွက်ကို လေးခွဖြင့် ဤသို့ပစ်ဖမ်းကြသည်။ ဓာတ်ပုံ -လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း
တွင်းဝမှ ကြွက်ကို လေးခွဖြင့် ဤသို့ပစ်ဖမ်းကြသည်။ ဓာတ်ပုံ -လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

ကြွက်သယ်ဆောင်တဲ့ရောဂါများ

ကြွက်တွေဟာ ရောဂါသယ်ဆောင်တဲ့ တိရ္ဆာန်တွေဖြစ်တဲ့ အတွက် ကြွက်တွေကတစ်ဆင့် ရောဂါတွေကို ရန်ကုန်မြို့နေ ပြည်သူတွေ အချိန်မရွေးရနိုင်တယ်လို့ ကျန်းမာရေးပညာရှင် တွေက သတိပေးကြပါတယ်။ တစ်နေ့ထက်တစ်နေ့ များပြားလာ တဲ့ ကြက်တွေဆီကနေ လူတွေကို ရောဂါအလွယ်တကူ ကူးစက် နိုင်ပါတယ်။ ပလိပ်ရောဂါနဲ့ လက်ပ်တို စပိုင်ရိုးစစ် (Leptospirosis) လို့ ခေါ်တဲ့ ရောဂါတွေကို သတိထားရမယ်လို့ ရန်ကုန်ဆေး တက္ကသိုလ်(၁)မှအမည်မဖော်လိုတဲ့ တွဲဖက်ပါမောက္ခတစ်ဦးက မော်ကွန်းကို ပြောပြပါတယ်။

”ဒီရောဂါတွေက အချိန်မရွေးဖြစ်နိုင်တယ်။ အဲဒီတော့ သန့်ရှင်းဖို့ လိုတယ်”
ပလိပ်ရောဂါဟာ လူသိများတဲ့ ရောဂါဖြစ်ပါတယ်။ ကြွက်ကိုယ်မှာကပ်ပါလာတဲ့ ကြွက်လှေး (Rat Flea) ခေါ် ကြွက်သန်း အကိုက်ခံရရင် ကူးစက်နိုင်တဲ့ ရောဂါပါ။ ကြွက်ရဲ့ အရေပြားနဲ့ အမွေးတွေကြားမှာ လှေးတွေ ရှင်သန်နေကြပါတယ်။

ကြွက်တွေသေဆုံးတဲ့အခါ လှေးတွေက ဟိုဒီခုန်ထွက်လာ တတ်ပါတယ်။ ကြွက် တစ်ကောင်ရဲ့ ခန္ဓာကိုယ်မှာ လှေးကောင်ရေ ထောင်ချီရှိနေပါတယ်။ လှေးတွေဟာ တစ်ခါခုန်ရင် ပေ ၄ဝ အကွာအဝေးလောက် ရောက်နိုင်ပါတယ်။

လူကိုကိုက်တဲ့အခါမှာတော့ ယာဆီးနီးယား ပတ်စတစ် (Yersinia Pestis) လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကို လူရဲ့ သွေး ထဲမှာ ချန်ထားခဲ့ပါတော့တယ်။

ဒီအချိန်မှာပဲ ပလိပ်ရောဂါ စတင်ပါတယ်။ ပလိပ်ရောဂါ ကူးစက်ခံရတဲ့လူတွေဟာ အကြိတ်တွေထွက်တာ၊ ဖျားနာတာ၊ သွေးဆိပ်တက်တာစတဲ့ ရောဂါလက္ခဏာတွေကို စတင်ခံစားရ တတ်ပါတယ်။ ရောဂါပိုးဟာ အဆုတ်အထိရောက်သွားရင် သုံး၊ လေးရက်အတွင်း အသက်သေနိုင်တဲ့အထိ ရောဂါပြင်းထန်ပါ တယ်။

မြန်မာနိုင်ငံမှာတော့ ပလိပ်ရောဂါဟာ လက္ခဏာတွေ့တွေ့ ချင်း အစိုးရဌာနအဆင့်ဆင့် ချက်ချင်းသတင်းပို့တင်ပြရမယ့် ရောဂါတွေထဲမှာ ပါဝင်ပါတယ်။

ပလိပ်ရောဂါဖြစ်နေတဲ့လူက ချောင်းဆိုးတဲ့အခါ အခြားလူ တွေဆီကိုလည်း တိုက်ရိုက်ကူးစက်ပြီး အခန့်မသင့်ရင် ကပ် ရောဂါအသွင် ပြောင်းလဲသွားနိုင်တယ်လို့ ဆေးတက္ကသိုလ် (၁)မှ တွဲဖက်ပါမောက္ခက ဆက်ပြောပါတယ်။

”အဲဒီနည်းက ပိုကူးစက်မြန်တယ်။ ကိုယ့်အိမ်မှာ ကြွက် မရှိလို့ ရောဂါမရရင်တောင် ချောင်းဆိုးတဲ့လူဆီက ဘယ်သူမဆို ကူးနိုင်တယ်”လို့ တွဲဖက်ပါမောက္ခက ရှင်းပြပါတယ်။

ကြွက်ရဲ့ အညစ်အကြေးကနေ ကူးစက်တဲ့ လက်ပတိုစပိုင်ရိုး စစ်ကလည်း သေးသေးမွှားမွှားမဟုတ်ပါဘူး။ ကြွက်အညစ် အကြေးစွန့်တဲ့ ရေကို ထိကိုင်မိတဲ့ လူတွေဟာ ရောဂါရနိုင်ပါတယ်။ ရောဂါပိုးဟာ လူရဲ့အရေပြားကို ဖောက်ဝင်တာပါ။

မသန့်စင်တဲ့ရေတွေကို အများဆုံးထိတွေ့ရတဲ့ လယ်သမား တွေ၊ စည်ပင်ဝန်ထမ်းတွေ၊ သန့်ရှင်းရေးသမားတွေကို ကူးစက်ဖို့ အခွင့်အလမ်းများတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

လက်ပ်တိုစပိုင်ရိုးစစ်ရဲ့ ရောဂါပြင်းထန်ပုံကို မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ တွဲဖက်ပါမောက္ခကတော့ ”သွေးဆိပ်တက် မယ်။ ကျောက်ကပ်ပျက်မယ်။ သေနိုင်တယ်”လို့ ခပ်ပြတ်ပြတ် ပြောပါတယ်။

Rat-bite Fever (RBF) လို့ခေါ်တဲ့ ကြွက်ကိုက်ခံရလို့ ဖျားတဲ့ ရောဂါတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။ အိပ်ပျော်နေတဲ့ ကလေးတွေနဲ့ အစာစားပြီး လက်ကို သေချာမဆေးတဲ့လူတွေ တစ်ခါတလေ ကြွက်ကိုက်ခံရတတ်ပါတယ်။ ကြွက်ကိုက်တဲ့အရှိန် ကြောင့် အဖျားရှိန်တက်လာတာကို RBF လို့ ခေါ်ပါတယ်။

ကြွက်ပေးတဲ့ မရဏရောဂါတွေကို ကုသနိုင်မယ့်ဆေးဝါး တွေ၊ ရောဂါရှိမရှိ စစ်ဆေးနိုင်တဲ့ကိရိယာတွေ မြန်မာနိုင်ငံမှာ ရှိ နေပြီလို့ ဆရာဝန်တွေက ပြောကြပါတယ်။ ရောဂါဖြစ်ရင် ကျန်း မာရေးဌာနက အသင့်အနေအထားရှိနေပေမယ့် လူတွေအနေနဲ့ ကြွက်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ပတ်ဝန်း ကျင်သန့်ရှင်းရေးလုပ်ဖို့ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။

တည်ကြွက်အသုံးပြု ပြီး တွင်းထဲမှ ကြွက်ကိုပစ်ဖမ်းရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း
တည်ကြွက်အသုံးပြု ပြီး တွင်းထဲမှ ကြွက်ကိုပစ်ဖမ်းရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

သတ်လို့မနိုင် ကြွက်တွေမြိုင်

ကြွက်တွေနှိမ်နှင်းဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ်ရုံများဌာနက တာဝန်ယူထားပါတယ်။၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာတော့ ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကကြွက်ကောင်ရေ လေးသိန်းနီးပါး(တစ်ရက်လျှင် ကြွက်ကောင်ရေ တစ်ထောင် ကျော်)ကို သတ်ဖြတ်နှိမ်နှင်းခဲ့ပါတယ်။

ဌာနမှာ လခစားနဲ့ခန့်ထားတဲ့ ကြွက်ဖမ်းကျွမ်းကျင်ဝန် ထမ်း အယောက် (၄ဝ) ရှိပါတယ်။ ရန်ကုန်မှာ ခရိုင်လေးခုရှိတဲ့ အတွက် တစ်ခရိုင်ကို ဆယ်ယောက်နှုန်းရှိတဲ့ သဘောပါ။ ကြွက် ဖမ်းဝန်ထမ်းတစ်ယောက်ရဲ့လစာဟာ တစ်လကို ကိုးသောင်းကျပ် ဖြစ်ပါတယ်။

ကြွက်ဖမ်းသူတွေဟာ ညလုံးပေါက် အလုပ်လုပ်ကြပါတယ်။ ကြွက်အများဆုံးတွေ့ရတာကတော့ နောက်ဖေးလမ်းကြားတွေ ဖြစ်ပါတယ်။ ရပ်ကွက်တွေထဲဝင်ပြီး နောက်ဖေးလမ်းကြားတွေမှာ ကြွက်ဖမ်းပြီဆိုရင် ကြွက်တွေ လက်မလည်အောင်သတ်ရတယ်လို့ ကြွက်ဖမ်းသူတွေက ပြောပါတယ်။

ကြွက်ဖမ်းသမားတွေနဲ့အတူ မော်ကွန်းက လိုက်ပါမှတ် တမ်းတင်ခဲ့တဲ့ညက ဒဂုံမြို့နယ်မှာရှိတဲ့ အမှိုက်ပုံတချို့နဲ့ ဗဟန်း ဈေးအနီးတစ်ဝိုက်မှာ ကြွက်ဖမ်းခဲ့ကြပါတယ်။ အဲဒီနေ့က ကြွက် ဖမ်းအဖွဲ့မှာ ကြွက်ဖမ်းသမားလေးယောက်ပါပြီး ဦးသံချောင်းဆို တဲ့ အရပ်ထောင်ထောင်မောင်းမောင်း ဝါရင့် ကြွက်ဖမ်းသမား ကြီးက အဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ မြို့တော်ခန်းမရှေ့မှာ လူစုပြီး ဒဂုံမြို့နယ်၊ နဝဒေးလမ်း အမှတ်(၁) ဒဂုံ အထက်တန်းကျောင်းရှေ့က အမှိုက် ပုံကို ဦးတည်ချီတက်ကြပါတယ်။ အချိန်က ည ၉ နာရီကျော်ကျော်။ အမှိုက်ပုံရောက်တော့ စည်ပင်သန့်ရှင်းရေးဌာနက ဝန်ထမ်းတချို့ အမှိုက်သိမ်းနေတာကို တွေ့ရတယ်။ စောသေးလို့ ကြွက်တွေ ကြီး ကြီးမားမားမတွေ့ရ သေးပေမယ့် ကျောင်းရှေ့အမှိုက်ပုံကတော့ စားကြွင်းစားကျန်တွေနဲ့ ချဉ်စုပ်စုပ်အနံ့တွေလည်း ထွက်နေပါ တယ်။

ကြွက်ဖမ်းသမား ကိုလှဌေးက သူ့ကိုယ်မှာ စလွယ်သိုင်း ထားတဲ့ အနီရောင်ချည်လွယ်အိတ်ကို တစ်ချက်ပင့်လိုက်ပါတယ်။ ပြီးတော့ အမှိုက်ပုံကို လက်နဲ့ဖွပြီး စိတ်ရှိလက်ရှိ ကြွက်တွင်းတွေ ရှာပါတော့တယ်။ ဒါပေမဲ့ အမှိုက်ပုံအနီးမှာရှိတဲ့ ဓာတ်မီးတိုင်က လင်းအားကောင်းနေသေးတာရယ်၊ အမှိုက်ကားနဲ့ အမှိုက်သိမ်း ဝန်ထမ်းတွေကလည်း လှုပ်လှုပ်ရွရွနဲ့ အမှိုက်သိမ်းနေဆဲမို့ ကြွက် တွေ ထွက်လာတာ မတွေ့ရပါဘူး။

သူတို့အဖွဲ့ဟာ နဝဒေးလမ်းကနေ ရွှေတိဂုံဘုရားလမ်းကို ဆက်လျှောက်လာကြပါတယ်။ လမ်းတစ်လျှောက် ခွေးအူသံတွေ နဲ့ ဆူညံနေပါတယ်။ ငါးမိနစ်လောက် လမ်းလျှောက်ပြီး ဒဂုံ အလက (၃)ကျောင်းအနီးမှာရှိတဲ့ အမှိုက်ကန်တစ်ခုကို ရောက် တဲ့အခါမှာတော့ ကြွက်ဖမ်းညရဲ့ ပထမဆုံးကြွက်တိုင်းပြည်ကို မြင်တွေ့လိုက် ရပါတယ်။

မှုန်ရီဝိုးတဝါးမီးရောင်အောက်မှာ ပလတ်စတစ် ကြွပ်ကြွပ် အိတ်ခွံတွေနဲ့ ဖွေးဖွေးဖြူဖြူမြင်ရတဲ့ အမှိုက်ပုံဝန်းကျင်တစ်ဝိုက် ဟာ ကြွက်တွေဖြတ်ပြေးတဲ့ အသံတွေနဲ့ တရွှတ်ရွှတ်အသံတွေ ထွက်နေပါတယ်။

ကိုလှဌေးက ဘောင်းဘီရှည်နဲ့ ကြွက်ရှာရတာကို အား မရလို့ အသင့်ယူလာတဲ့ ပုဆိုးကို လဲဝတ်လိုက်ပါတယ်။ နောက်ပြီး တွင်းထဲကနေ မျက်လုံးပြူးပြူးနဲ့ လှမ်းကြည့်နေတဲ့ ကြွက်တစ် ကောင်ကိုတွေ့တော့ လက်တစ်ဖက်က လေးခွကိုကိုင်ပြီး နောက် လက်တစ်ဘက်က လေးခွဆွဲသီးကို လှစ်ခနဲ လွှတ်ပေးလိုက်ပါ တယ်။ ကြွက်ခေါင်းကို လောက်စာလုံး ထိမှန်သွားပြီး ရွံ့လောက် စာလုံးဟာ ဖွားခနဲ ကွဲထွက်သွားပါတယ်။ ‘အစ်’ဆိုတဲ့အသံနဲ့ အတူ တွင်းဝမှာ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ ကြွက်ကို အဖွဲ့ခေါင်း ဆောင် ဦးသံချောင်းက လက်နဲ့ဆွဲယူလိုက်ပြီး လမ်းမပေါ်မှာ ရိုက် သတ်လိုက်ပါတယ်။

အဲဒီကြွက်ဟာ ထိုညက ပထမဆုံးအသတ်ခံရတဲ့ ကြွက် ဖြစ်ပြီး ငါးမိနစ်အတွင်း နောက်ကြွက်သုံးကောင်ကို ဖမ်းမိခဲ့ပါ တယ်။ ဒီလိုနဲ့ပဲ ကြွက်တွေကို တစ်ကောင်ပြီး တစ်ကောင် လိုက် သတ်ပါတော့တယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုကြောင့် တစ်ညတည်းမှာ ဝန်ထမ်းလေးယောက်ပေါင်း ကြွက်ကောင်ရေ ၁၇၄ ကောင် ဖမ်း မိခဲ့ပါတယ်။

များသောအားဖြင့်တော့ ကြွက်တွေကို လေးခွနဲ့ ပစ်ဖမ်းကြ ပါတယ်။ မသေမရှင်ဖြစ်နေတဲ့ ကြွက်တွေကို ဝါးညှပ်နဲ့ အမြီးကို ညှပ်၊ ကြွက်သံအတုပေးပြီး ကြွက်တွေထွက်လာအောင် လုပ်ပါ တယ်။ ကြွက်ဖမ်းသမားတွေ နှုတ်က ထွက်လာတဲ့ ကြွက်သံတု တွေကို နားယောင်မိတဲ့ ကြွက်ကတော့ ပြန်လမ်းမရှိပါဘူး။ ကြွက် ဖမ်းသူတွေရဲ့ ခြင်းတောင်းထဲကို မလွဲမသွေရောက်ကြရပါတယ်။

ကြွက်ဖမ်းသူတွေမှာ ခြင်းတောင်း၊ လေးခွ၊ ရွှံ့လောက်စာ လုံးတွေနဲ့ ဝါးညှပ်တွေက လွဲရင် ခေတ်မီလက်နက်ကိရိယာ မရှိ ပါဘူး။ ကြွက်ရောဂါကာကွယ်ဖို့ နှာခေါင်းစည်းတွေ၊ လက်အိတ် တွေလည်း ဝတ်ဆင်ခြင်းမရှိကြပါဘူး။ ”ရောဂါရမှာ မကြောက် ဘူးလား” လို့ မေးမြန်းကြည့်တဲ့အခါမှာတော့ ”တစ်လတစ်ခါ ရောဂါစစ်ပေးတယ်”လို့ ကြွက်ဖမ်းသက် လေးနှစ်ကျော်ရှိပြီ်ဖြစ် တဲ့ ဦးစိုးဝင်းက ပြန်ဖြေပါတယ်။

လေးခွနဲ့ ပစ်ဖမ်းတဲ့နည်းဟာ ထိရောက်တဲ့ကြွက်ရှင်းနည်း လို့ ကြွက်ဖမ်းသမားတွေက ယုံကြည်ကြပေမယ့် သူတို့တာဝန်ယူခဲ့ တဲ့ သုံးလေးနှစ်တာကာလအတွင်း ကြွက်တွေက လျော့မသွား သေးပါဘူး။ ညဆိုရင် အမှိုက်ပုံတွေဟာ လှုပ်ရှားအသက်ဝင်လာ ဆဲဖြစ်သလို ကြွက်တွေကိုလည်း နေ့စဉ်ဖမ်းမိနေဆဲပါပဲ။

ဖမ်းမိတဲ့ ကြွက်တွေကို ဘီယာဆိုင်၊ ထန်းရည်ဆိုင်တွေမှာ သွားရောင်းတယ်လို့ လူတချို့က သံသယရှိကြပါတယ်။ ဒါပေမဲ့ ဖမ်းမိတဲ့ ကြွက်တွေကို မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနကို လွှဲပြောင်းပေးပြီး အမှိုက်ပုံကြီးတွေ မှာ ကျင်းတူးမြှုပ်နှံပစ်တယ်လို့ မြို့တော်စည်ပင် တိရစ္ဆာန် ဆေး ကုသရေးနှင့် သားသတ်ရုံများဌာနက ဒုတိယဌာနမှူး ဦးမျိုးလွင် က ပြောပါတယ်။

”ရော့…အကောင်တစ်ရာ၊ အကောင်ငါးဆယ်ဆိုပြီး ဒီ အတိုင်းစွန့်ပစ်လို့ မဖြစ်ဘူး။ သန့်ရှင်းရေးဌာနက ခွင့်ပြုချက်ယူပြီး မှ စွန့်ပစ်ရတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

ဒဂုံမြို့နယ် အထက(၁)ကျောင်းရှေ့အမှိုက်ပုံတွင် ကြွက်ရှာနေသည့် စည်ပင် ကြွက်ဖမ်းသမားတစ်ဦး ။ ဓာတ်ပုံ - လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း
ဒဂုံမြို့နယ် အထက(၁)ကျောင်းရှေ့အမှိုက်ပုံတွင် ကြွက်ရှာနေသည့် စည်ပင် ကြွက်ဖမ်းသမားတစ်ဦး ။ ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

တစ်ကောင်ရ တစ်ကောင်ရှင်း

ရန်ကုန်နေလူထုရဲ့ နေစဉ်ဘဝ ပြဿ      နာတွေထဲ ကြွက် ပြဿ      နာက နေရာတစ်နေရာ ယူလာတဲ့အခါမှာတော့ ကြွက် သုတ်သင်ရေးလုပ်ငန်းတွေကို အိမ်တိုင်းလိုလို တစ်နိုင်တစ်ပိုင် လုပ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန် များအသင်း အတွင်းရေးမှူး ဒေါက်တာစိုးမင်းက တိုက်တွန်းပါ တယ်။

”ကြွက်ကို လုံးဝမျက်နှာသာမပေးဘဲနဲ့ တစ်ကောင်တွေ့ရင် တစ်ကောင် စစ်ဆင်ရေးသဘောမျိုးပဲ။ အိမ်မှာ တစ်ကောင်တွေ့ ရင် တစ်ကောင်မရမချင်း နေ့တိုင်း ကြိုးစားရမယ်။ ကော်နဲ့ ဖမ်း မလား။ ထောင်ချောက်နဲ့ ဖမ်းမလား။ ကြွက်သတ်ဆေးနဲ့ လုပ် မလား။ တစ်ခုခုတော့ စဉ်းစားပြီး အကုန်လုံးလုပ်ရမယ်”

လူအများစုကတော့ ကိုယ့်အိမ်မှာ နိုင်ရင်နိုင်သလောက် ထောင်ချောက်တွေ၊ ကြွက်သတ်ဆေးတွေ သုံးပြီး ကြွက်သတ်ကြ ပါတယ်။ တချို့က ကြွက်ကပ်ကော်များသုံးပြီး မီးဖိုချောင်ကြမ်းပြင် မှာ လမ်းသလားကြတဲ့ ကြွက်များကို ဖမ်းကြတယ်။

၁၇ လမ်းက အချိုရည်ဆိုင်ပိုင်ရှင် ဦးသက်လွင်ကတော့ ဆိုင်ထဲဝင်မွှေတဲ့ ကြွက်တွေကို နှိမ်နှင်းဖို့ နည်းလမ်းမျိုးစုံသုံးပါ တယ်။ ပထမက ကြွက်ထောင်ချောက်နဲ့ ထောင်ဖမ်းတော့ တစ် ကောင်စ၊ နှစ်ကောင်စ မိပါတယ်။ ဒါပေမဲ့ တစ်ကောင်မိပြီးရင် ထောင်ချောက်မှာ ကျန်ခဲ့တဲ့ ကြွက်နံ့တွေကြောင့် အကင်းပါးတဲ့ ကြွက်တွေဆို နောက်တစ်ကောင်မိဖို့မလွယ်ပါဘူး။

”တစ်ခါဝင်ပြီးလို့ သူတို့ကိုယ်နံ့ရရင် နောက်တစ်ခေါက် မဝင်တော့ဘူး။ ရေနွေးနဲ့ အသေအချာဆေးပြီးတော့မှ နောက် တစ်ခေါက်ဖမ်းလို့ရတယ်”လို့ ဦးသက်လွင်က ပြောပါတယ်။
ဒီနည်းနဲ့ အလုပ်မဖြစ်လို့ ကြွက်သတ်ဆေး ကျွေးတော့ လည်း ချက်ချင်းမသေဘဲ ဆိုင်ထဲမှာ ဟိုကိုက်ဒီကိုက်နဲ့ အကုန် လိုက်ဖျက်ဆီးကြပါတယ်။ နောက်ဆုံးတော့ ကြွက်ကပ်ကော်နဲ့ ဖမ်းပါတယ်။ ဒါပေမဲ့ အကောင်ကြီးတဲ့ ကြွက်တွေကတော့ ကော် ကပ်ထားတဲ့ ကတ်ထူပြားတွေကို ဒရွတ်တိုက်ဆွဲယူသွားတာ ကြုံ ဖူးတယ်လို့ ဦးသက်လွင်က သူ့ရဲ့ ကြွက်စစ်ဆင်ရေးအတွေ့အကြုံကို ရှင်းပြပါတယ်။

ဒါပေမဲ့ ကြွက်သတ်ရင်း ရောဂါရမှာ စိုးရိမ်တဲ့သူတချို့က တော့ ဖမ်းမိတဲ့ ကြွက်များကို ဘယ်လိုကိုင်တွယ်ရမလဲ၊ စွန့်ပစ်ရ မလဲဆိုတဲ့ မေးခွန်းက မေးစရာဖြစ်လာပါတယ်။

အခုန်မြန်၊ အကိုက်မြန်တဲ့ လှေးတွေဟာ တစ်ခဏအတွင်း ရောဂါတွေ ပေးနိုင်တာမို့ ရောဂါပိုးတွေ ပြင်ပကိုပျံ့နှံ့ပြီး လူတွေနဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေကို ကူးစက်မသွားဖို့အတွက် ကြွက် သေတွေကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးစွန့်ပစ်ဖို့ ဒေါက်တာ စိုးမင်းက အကြံပြုပါတယ်။

”သေတာနဲ့ တစ်ခါတည်း ပလတ်စတစ်အိတ်ထဲကို ထည့်၊ ပိတ်၊ နောက်ထပ် ပလတ်စတစ်အိတ်နှစ်ထပ်ထည့်ပြီးမှ လွှင့်ပစ်ရ မယ်။ ကရိကထတော့ အရမ်းများတယ်”လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။

သူဆက်ပြောတာက ”ငရဲကြီးတာ မကြောက်ဘူးဆိုရင် တော့ လေရှူလို့မရအောင် ပလတ်စတစ်အိတ်မှာထည့်ပြီး အပေါ် က ချည်ထားလိုက်။ လေရှူလို့မရဘဲ သေသွားရင် သူ(ကြွက်)လည်း သေ၊ အထဲကကောင်(ရောဂါပိုး)လည်း အပြင်မထွက်။ ပြီး သွားပြီ”လို့ ရောဂါပိုးအပြင်မရောက်နိုင်တဲ့ ကြွက်သတ်နည်းကို အကြံပေးပါတယ်။

ကြွက်တွေကို မြို့တော်စည်ပင်က တတ်နိုင်သလောက် လိုက်နှိမ်နင်းပေမယ့် သူတို့ရဲ့ ကြွက်စစ်ဆင်ရေးဗျူဟာကို သူတို့ ကိုယ်တိုင် အားရမှုတော့ မရှိပါဘူး။ အတိုင်းအတာတစ်ခုအထိ နှိမ်နင်းနိုင်တယ်ဆိုပေမယ့် ကြွက်တွေရဲ့ သားပေါက်နှုန်းကို ထိန်း ပစ်ဖို့အထိတော့ သူတို့မှာ နည်းပညာ အခက်အခဲတွေ ရှိနေဆဲပါ။

”မြုံသွားတဲ့နည်းတော့ မရှိသေးပါဘူး။ ဒီလောက်အထိ အသေးစိတ်မလုပ်နိုင်သေးဘူး”လို့ ဦးမျိုးလွင်က ပြောပါတယ်။

စားကြွင်းစားကျန်တွေ မရှိရင် ကြွက်တွေမပေါက်ဖွား၊ မရှင်သန်နိုင်ပါဘူး။ အမှိုက်ပုံတွေမရှိရင် ကြွက်တွေအတွက် အိမ် မရှိပါဘူး။ ဒါကြောင့် စားကြွင်းစားကျန်တွေနဲ့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းကပဲ ကြွက်အန္တရာယ်ကို လျှော့ချကာ ကွယ်နိုင်လိမ့်မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

ရန်ကုန်မြို့တော်အတွင်းမှာ တစ်နေ့ကို အမှိုက် ၁,၆၉ဝ တန်အထိ ထွက်ရှိနေပြီး တန်ချိန် ၁,၅ဝဝ ကျော်ကို သိမ်းဆည်းနိုင် တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့  ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမှိုက်သိမ်းစနစ်တွေကို မြို့တော်စည်ပင်က အပြည့်အဝ ဝန်ဆောင်မှုမပေးနိုင်တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ စီစဉ်နေပေမယ့် လက်ရှိမှာ အကောင်အထည် မပေါ်သေးပါဘူး။

စနစ်တကျအမှိုက်စွန့်ပစ်ဖို့၊ မြို့ပြတွေကို စနစ်တကျ ဆောက်လုပ်ဖို့နဲ့ ရေနုတ်မြောင်းတွေကို စနစ်တကျရှင်းလင်းဖို့ အရမ်းအရေးကြီးတယ်လို့ မော်ကွန်းက မေးမြန်းခဲ့တဲ့ ကျန်းမာ ရေးပညာရှင်တွေက ထောက်ပြကြပါတယ်။

ရန်ကုန်မှာ နေထိုင်တဲ့ လူဦးရေ ခြောက်သန်းကျော်က နေ့ စဉ်စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကို စနစ်တကျသိမ်းပြီး အမှိုက်ပုံ တွေမှာ စနစ်တကျ လက်စသတ်နိုင်ဖို့ကိစ္စကလည်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကို စိန်ခေါ်နေဆဲပါ။

”စနစ်တကျလုပ်နိုင်ပြီဟေ့ဆိုတဲ့ အချိန်ကျရင် ကြွက် ပေါက်ဖွားမှုနှုန်းက တရှိန်ထိုး ဒုန်းဆို ကျသွားမှာ။ အခု မကျသေး ဘူး။ အခုက နောက်ဖေးလမ်းကြားကနေ ပစ်ချတာနဲ့ဆိုတော့ အဆင်မပြေဘူး”လို့ ဒေါက်တာစိုးမင်း ကပြောပါတယ်။

ဒေါ်နီရဲ့ အိမ်နောက်ဖေးမှာလည်း အမှိုက်တွေက တောင် လိုပုံနေတာတွေ့ရတယ်။
ဒေါ်နီ့အိမ်ထဲမှာလည်း နီတီတီကြွက်ပေါက်လေးတွေ မကြာခဏတွေ့ရဆဲဖြစ်ပါတယ်။ မော်ကွန်းသတင်းထောက်က သူတို့မိသားစုနဲ့ စကားပြောနေစဉ်မှာပဲ သစ်သားကြမ်းပြင် အောက်က ကြွက်မြည်သံတချို့ ကြားလိုက်ရပါတယ်။ ဒေါ်နီက တစ်ချက်ပြုံးလိုက်ပြီး အခုလို ရေရွတ်လိုက်ပါတယ်။
”မောင်မင်းကြီးသားကြွက်တွေ ကျန်းမာ၊ ချမ်းသာကြပါ စေ။ နင်တို့လည်း အေးဆေးနေ၊ အနှောင့်အယှက်မပေးကြပါနဲ့ ။    ။

၂၀၁၅-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."