၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Travelogue ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။
လူတစ်ယောက်ရဲ့ သွားလာရေး ယာဉ်တွေထဲမှာ အခြေခံအကျဆုံး ယာဉ်ကဘာဖြစ်မယ်ထင်ပါသလဲ။ ကျွန်တော့်အထင်စက်ဘီးတွေ ဖြစ် ပါလိမ့်မယ်။ ယာဉ်ယန္တရား လောက တီထွင်မှုရဲ့ ကနဦးခြေလှမ်းကလည်း စက်ဘီးတွေပဲ ဖြစ်ပါလိမ့်မယ်။
ကမ္ဘာဦးဘီးယဉ်ကျေးမှုအစက ရိုလာလို့ခေါ်တဲ့ ဒလိမ့် တုံးကြီးတွေ။ လေးလံတဲ့ ပိရမစ်ကြီးတွေ၊ ကြီးမားတဲ့ ကျောက် တုံးကြီးတွေ ကိုလိုအပ်တဲ့ နေရာရောက်အောင် ရွှေ့လိုတဲ့ ပစ္စည်း အောက်ခြေမှာ သစ်လုံးကြီးတွေကို ဒလိမ့်တုံးအဖြစ်ခံပြီး တစ် နေရာက တစ်နေရာကို ရွှေ့ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ လူ တွေရဲ့ တီထွင်မှုကြောင့် စက်ဘီးအဖြစ် ရောက်လာခဲ့ကြတာပါ။ စက်ဘီးကို စတင် တီထွင်ခါစက ရှေ့ဘီးနဲ့ နောက်ဘီးကို သံဖရိန်နဲ့ ဆက်သွယ်ထားပြီး လူတစ်ယောက် ဟန်ချက်ညီညီ စီးနင်းပြီး လိုရာခရီးကို သွားလို့ရတယ်ဆိုတာ အိပ်မက်လို့ ထင်မှတ်ခဲ့ကြ သတဲ့။
စက်ဘီးအကြောင်းစဉ်းစားတိုင်း ကျွန်တော့်ဘဝမှာ ပထမဆုံး ထိတွေ့ ခွင့်ရတဲ့စက်ဘီးကို သတိရမိတယ်။ အဖေစီးနေ ကျ ရာလေး ၂၈ လက်မ ယောကျ်ားစီးဘီးကြီးက ကျွန်တော့်ဘ၀ မှာ ပထမဆုံး ထိတွေ့ ခွင့်ရတဲ့စက်ဘီးပဲ။ အဲဒီဘီးကြီးက အဖေ အလုပ်သွား အလုပ်ပြန် အမြဲစီးနေတဲ့ဘီး။ ဆေးရောင်တွေ လွင့် ပြယ်နေပေမယ့် သူ့မှာ အဟောင်းဂုဏ်သတ္တိ အပြည့်ရှိတယ်။ ပေါင်တန်းက ပုဆိုးနဲ့ပွတ်တိုက်ပါများလို့ ပြောင်လက်နေတယ်။ ချိန်းဖုံးတွေ၊ မားဒ်ကတ်တွေရဲ့ တချို့နေရာတွေမှာ သံချေးတွေ တက်နေပေမယ့် အဖေက အမြဲရိုရိုသေသေစီးတယ်။ ဆုံဝင်ရိုး နောက်မှာရှိတဲ့ မားဒ်ကတ်နဲ့ ပေါင်ကြားက ခွက်လေးထဲမှာ တဘက်လက်ကိုင်ပဝါ အဟောင်းတစ်ထည် အမြဲထည့်ထားပြီး အားတဲ့အချိန်တိုင်း စက်ဘီးကိုပွတ်တိုက်နေတဲ့ အဖေ့ဝါသနာ ကြောင့် ကာလရှည်ကြာ သက်တမ်းရှိနေပေမယ့် စက်ဘီးက ဟောင်းသင့်သလောက် မဟောင်းသေးဘူး။ တကယ်တော့ အဖေစီးနေတဲ့ ရာလေးဘီးက အဖေမမွေးမီ အဘိုးလူပျိုပေါက် ဘဝကတည်းက စီးခဲ့တဲ့ စက်ဘီး။ အဘိုးရဲ့ အမွေကို ဆက်ခံပြီး စီးနေတာလေ။ အဲဒီဘီးရဲ့ ပေါင်တန်းပေါ် ကျွန်တော် ထိုင်ပြီး အဖေနဲ့အတူ ဗထူးကွင်းမှာ တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲတွေ သွားကြည့်ဖူးတယ်။ မစိုးရိမ်ရုပ်ရှင်ရုံမှာ ရှောင်ကွန်နရီကားတွေ ကြည့်ခဲ့ဖူးတယ်။ ညဈေးတန်းသွားပြီး ဖာလူဒါ သောက်ခဲ့ဖူးတယ်။ အဲဒီစက်ဘီးက ကျွန်တော်တို့ မိသားစုအတွက် ပထမဆုံး စက် ဘီးပဲ။
ကျွန်တော့်ဦးလေးတစ်ယောက်ကတော့ ဟမ်းမားခရေစီ။ ရာလေးရော ဟမ်းမားပါ အင်္ဂလန်လုပ်စက်ဘီးတွေ ဖြစ်ကြ တယ်။ ရာလေးဘီးရဲ့ ဆင်စွယ်က တစ်ဖက်တစ်ချောင်းစီ ဖြစ်ပေ မယ့် ဟမ်းမားဘီးရဲ့ ဆင်စွယ်က တစ်ဖက်နှစ်ချောင်းစီ ပါတယ်။ ဆိုက်ကားတွဲသူတွေကတော့ ရာလေးထက်စာရင် ဆင်စွယ်နှစ် ချောင်းပူးပါတဲ့ ဟမ်းမားကို ပိုကြိုက်ကြတယ်။ ဦးလေးရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ တစ်လျှောက်လုံးမှာ ဟမ်းမားစက် ဘီးကိုသာစီးပြီး ကျောင်းတက်ခဲ့တယ်။ အဲဒီခေတ်က ဟမ်းမား စက်ဘီးစီးသူတွေကို ဟမ်းမားနဲ့လမ်းသလားနေသူတွေလို့ ခေါ် ခဲ့ကြတယ်။
ကျွန်တော့်ဦးလေး နောက်တစ်ယောက်ကတော့ တက္ကသိုလ်ကျောင်းသားဘဝမှာ စက်ဘီးရှစ်စီး ကုန်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်တယ်။ တက္ကသိုလ် ပထမနှစ်ကနေ နောက် ဆုံးနှစ်အထိ တစ်တန်းနှစ်နှစ်နှုန်းနဲ့ ကျောင်းပျော်ကြီး လုပ်ခဲ့သူ ဖြစ်တယ်။ မြို့ထဲက ကျောင်းတက်သူ ဖြစ်လို့ ကျောင်းဆောင်မရ ဘူး။ ကျောင်းအနီးက အပြင်ဆောင်မှာ အခန်းငှားနေပြီး ကျောင်း တက်တာပါ။ စာမေးပွဲဖြေပြီးလို့ ကျောင်းတွေ ပိတ်ပြီဆိုမှ ဆိုက် ကားငှားပြီး သံသေတ္တာလေးနဲ့အတူ အိမ်ပြန်လာတာပါ။ နောက် နှစ်လည်း ဒီအတိုင်းပဲ။ ကျောင်းဖွင့်ပြီဆိုတာနဲ့ သူ့အိမ်က ဝယ်ပေး တဲ့ စက်ဘီးလေးပေါ် သံသေတ္တာလေး တင်ပြီး ကျောင်းနားက အဆောင်မှာ သွားနေတယ်။ စာမေးပွဲဖြေပြီး ပြန်လာရင် စက်ဘီး က ပါမလာတော့ဘူး။ ကျောင်းစာ ညံ့လွန်းလို့ စာမေးပွဲကျတာ မဟုတ်ဘဲ ကျောင်းနေရတာ ပျော်လွန်းလို့ တစ်တန်း နှစ်နှစ်နေခဲ့ တာပါ။ တက္ကသိုလ်အတန်းတိုင်း ပထမနှစ်မှာ စာမေးပွဲမဖြေဘဲ အကျခံတယ်။ သူနဲ့အတူ တက်ခဲ့သူတွေ ကျောင်းမှာ ဆရာပြန်ဖြစ် နေပေမယ့် ဦးလေးက ကျောင်းမပြီးသေးဘူး။
ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ အိန္ဒိယဖြစ် ဟီးရိုးမိန်းမစီးဘီးကြီးစီးခဲ့တာ အမှတ်ရမိတယ်။ ကျွန်တော် အလယ်တန်းတက်တဲ့ နှစ် (၁၉၈၅ ခုနှစ်မှာ) ဟီးရိုးဘီးကြီး အိမ် မှာတင် တပ်ဆင်ကြတယ်။ စက်ဘီးအပိုပစ္စည်းရောင်းတဲ့ ဆိုင်က နေ ဟိုဟာလေး ဝယ်လာလိုက်၊ ဒီဟာလေး ဝယ်လာလိုက်နဲ့ စက် ဘီးတစ်စီးစာ ပြည့်အောင် အတော်လေး အားခဲဝယ်ခဲ့ကြသူတွေ ဖြစ်တယ်။ စက်ဘီးပစ္စည်းတွေ ပြည့်စုံတဲ့နေ့မှာ စက်ဘီး စပြီး ဆင် ကြတယ်။ စက်ဘီးပေါင်ကြီးကို အိမ်ကထုပ်တန်းမှာ ရေပုံးကြိုး တွေနဲ့ ဆိုင်းလို့ ချိတ်ဆွဲပြီး စနစ်တကျ သေချာတပ်ဆင်ကြတာပါ။ အစ်ကိုတို့အိမ်က တစ်မိသားစုလုံး စက်ဘီးတပ်ဆင်တာ ဝိုင်းပြီး ကြည့်နေကြတယ်။ ကျွန်တော်တို့ ကလေးတစ်သိုက်လည်း စက် ဘီးဆင်တဲ့နေရာက မခွာဘဲ ထမင်းမေ့ ဟင်းမေ့ ကြည့်ခဲ့ကြတယ်။ အဲဒီတုန်းက ကမ္ဘာကြီးလည်း မပြားသေးဘူး။ ကျွန်တော်တို့လည်း ဗျာမများသေးဘူး။
ကျွန်တော် စက်ဘီးစပြီး စီးတတ်တာက အလယ်တန်း တက်တဲ့နှစ်ရောက်မှ စီးတတ်တာပါ။ မိန်းမစီးနဲ့ စသင်ဖြစ်တာ လား၊ ပေါင်တန်းပါတဲ့ ယောကျ်ားစီးစက်ဘီးနဲ့ စီးတတ်ခဲ့တာလား တောင် မမှတ်မိတော့ပါဘူး။ အလဲလဲအကွဲကွဲနဲ့ စက်ဘီးစီးတတ် ခဲ့တာပါပဲ။ ယောကျ်ားစီးဘီးကြီးတွေ စီးတဲ့အခါ ငယ်သေးတဲ့ အရွယ်မို့ စက်ဘီးပေါင်တန်းကို ကျော်ခွပြီး မစီးနိုင်သေးဘူး။ ပေါင်တန်းအောက်ကနေ ခြေထောက်တစ်ဖက်ထိုးပြီး စီးခဲ့ရလို့ အဲဒီလို စက်ဘီးစီးနည်းကို ဘေးထိုးလို့ ခေါ်ခဲ့ကြတယ်။ မူလတန်း အရွယ်တုန်းက အရပ်ထဲက ငွေကြေးကြွယ်ဝသူတွေ သူတို့ သား သမီးတွေ ဝယ်ပေးတဲ့ ဗိုလ်အုန်းသီးသုံးဘီးစက်ဘီးလေးတွေကို သွားရည်ယိုခဲ့ဖူးတယ်။ ဗိုလ်အုန်းသီးစက်ဘီးတွေက မြန်မာ့ထုတ် ကုန်တွေထဲမှာ တစ်ခေတ်တစ်ခါက ဂုဏ်ယူစရာပစ္စည်း ဖြစ်ခဲ့ဖူး တယ်။ ရှေ့ဘီးမှာ ခြေနင်းတံတပ်ထားပြီး နောက်ဘီးနှစ်ဘီးပါတဲ့ ဗိုလ်အုန်းသီးစက်ဘီး စီးနိုင်သူက အဲဒီခေတ်ရဲ့ ဆရာကြီးပဲ။ ဗိုလ် အုန်းသီးစက်ဘီးတွေက သံနဲ့ လုပ်ထားပြီး ခိုင်ခိုင်ခံ့ခံ့ရှိလို့ သားဖို့ ဝယ်ပေးထားရင် မြေးရတဲ့အထိ စီးလို့ရတယ်။ အခုတော့ ဗိုလ် အုန်းသီးစက်ဘီးတွေလည်း ရှိမှရှိသေးရဲ့လား မသိ။ မမြင်မတွေ့ တာတောင် ကာလရှည်ကြာ ရှိခဲ့ပြီ။ ဗိုလ်အုန်းသီး စက်ဘီးနေရာ မှာ အိမ်နီးချင်းနိုင်ငံတွေကလုပ်တဲ့ ကလေးစီးစက်ဘီးတွေ ဒလ ဟော ဝင်နေတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ စက်ဘီးတွေ လည်း ဝင်သလို သံအပါးနဲ့ လုပ်ထားတဲ့ စက်ဘီးတွေလည်း ဈေးကွက်ထဲမှာ ဝင်ရောက်နေတယ်။ ဗိုလ် အုန်းသီး စက်ဘီးတွေလိုပါပဲ ဈေး ကွက်မှာ အခိုင်အမာရှိဖူးတဲ့ အခြားအိမ်တွင်းမှုထုတ်ကုန်တွေ လည်း ဈေးကွက်ကြောင့်၊ နည်းပညာကြောင့်၊ လုပ်သားရှားပါးမှု ကြောင့်၊ အရင်းအနှီးကြောင့် စတဲ့ အကြောင်းပေါင်းများစွာနဲ့ ဈေးကွက်နေရာ ဖယ်ပေးလိုက်ရတာတွေ များလှပြီ။
ဆိုရှယ်လစ်ခေတ်မှာ စက်ဘီးအသစ်ဆိုတာ လူကုံထံတွေမှ သာ ဝယ်ယူနိုင်တာ။ သာမန်လူတွေအဖို့ စက်ဘီးအသစ် ဝယ်ဖို့ စိတ်ကူးမယဉ်နိုင်ဘူး။ ပြည်တွင်းဖြစ် မောင်ဗမာစက်ဘီးတွေ ပေါ် ခဲ့ဖူးပေမယ့် ဈေးကွက်ထဲ လုံလုံလောက်လောက် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ တရုတ်စက်တွေနဲ့ ပြည် တွင်းမှာ ဆင်ပြီး မောင်မြန်မာနာမည်နဲ့ ဈေးကွက်ချဲ့ထွင်ပြီး နည်း မျိုးစုံနဲ့ အရောင်းမြှင့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အရပ်ထဲကလူတွေအဖို့ အသစ်စီးချင်သပဆိုရင် မြင်းခြံပေါင် တွေနဲ့ ဆင်ပြီး စီးကြတာတော့ ရှိတယ်။ အဲဒီလို မြင်းခြံပေါင်တွေနဲ့ စက်ဘီးအသစ်ဆင်ပြီး စီးကြတဲ့ဘီး တွေကို ညွန့်ပေါင်းဘီးတွေလို့လည်း ခေါ်ကြသေးတယ်။ အိန္ဒိယဘက်က စက်ဘီးတွေ ဝင်တာရှိပေမယ့် တံခါးပိတ် စီးပွားရေးစနစ် ကျင့်သုံးနေချိန်မို့ ပြောက်တိပြောက် ကျားသာ ဈေးကွက်ထဲမှာ တွေ့ရတယ်။ ကလေး-တမူးဘက်မှာ စက်ဘီးသယ်ကြတဲ့ ပုံပြင်တစ်ပုဒ် ခေတ်စားခဲ့ဖူးတယ်။ အဲဒီခေတ် က စီမံကိန်းစီးပွားရေးကာလဖြစ်လို့ ပြည်ပက ဘယ်ပစ္စည်း ဖြစ်ဖြစ် ပြည်တွင်းကို ဝင်ဖို့ခဲယဉ်းနေချိန်။ တစ်နိုင်တစ်ပိုင်သာ သယ်ယူခွင့် ပြုထားချိန်ဖြစ်တယ်။ စက်ဘီးသယ်မယ့်သူတွေက တစ်ဖက်နိုင်ငံထဲဝင်သွားပြီး အပြန်မှာစက်ဘီးစီးလာကြတယ်။ ဂိတ်စစ်ဆေးရေး တာဝန်ရှိသူတွေက စက်ဘီးကယ်ရီယာပေါ် တင်လာတဲ့ ဝန်စည်စလွယ်တွေကို အိတ်သွန်ဖာမှောက် စစ်ဆေး ကြတယ်။ စက်ဘီးသယ်တဲ့သူတွေကလည်း အသာတကြည်ပဲ အစစ်ဆေးခံကြတယ်။ သူတို့ ဝန်စည်စလွယ်တွေထဲ ဘာမှမပါ ဘူး။ ကယ်ရီသမားတွေ တကယ်သယ်လာတာက အိန္ဒိယစက်ဘီး တွေသာ ဖြစ်တယ်။
ကျွန်တော် စက်ဘီး စပြီး ပိုင်ဆိုင်ခွင့်ရတာ ခုနစ်တန်းနှစ် (၁၉၈၇) ရောက်မှပါ။ စက်ဘီးကျွမ်းကျင်သူ အိပ်စ်ပတ်ရဲ့ ထောက်ခံချက်နဲ့ ဂျပန်စက်ဘီး တစ်ပတ်ရစ်ကို ၂,၈၀၀ ကျပ်ပေး ပြီး ဝယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက စက်ဘီးဝယ်ရတာလည်း ကိန်းကြီးခန်းကြီး နိုင်လိုက်တာ။ စက်ဘီးတစ်စီး ဝယ်ဖို့အရေး စက်ဘီးအရေး ကျွမ်းကျင်သူ အိပ်စ်ပတ်တွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ ရပ်ကွက်တိုင်းမှာ စက်ဘီးကျွမ်းကျင်သူတွေ ရှိကြ တယ်။ ချိန်းဖုန်း မှန် မမှန်၊ ဆေးက အော်ရဂျင်နယ် ဟုတ် မဟုတ်၊ လက်ကိုင်တို့၊ ပေါင်တို့မှာ ဂဟေဆက်ရာ ပါ မပါ သေချာစစ်ဆေး ကြည့်ရှုကြရတယ်။ အများအားဖြင့် စက်ဘီးခွေတွေက သံချေး တက်လေ့ရှိတော့ သံချေး ပါ မပါ ဂရုတစိုက် စစ်ရတယ်။ စက်ဘီး ဝယ်တော့မယ်ဆိုရင် ကျောက်ကုန်သည် ကျောက်ကြည့်သလို ကြည့်ပြီး စိတ်တိုင်းကျ ကျေနပ်ပြီဆိုမှ ဝယ်လေ့ရှိကြတယ်။ သူ တို့က စက်ဘီးအရောင်းအဝယ် ဖြစ်လို့ ပွဲခရယ်လို့လည်း ရကြ တာ မဟုတ်ဘူး။ စက်ဘီးဝယ်ပြန်လာမှ ဝယ်သူက ဧည့်ခံတဲ့ လက် ဖက်ရည်လေးလောက် သောက်ကြရရှာတာ။ သူတို့ဝယ်ပေးလိုက် တဲ့ စက်ဘီး ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ရပြီး ဝယ်သူက ကျေကျေနပ်နပ် စီးနေကြရင်ပဲ ပီတိဖြစ်နေကြသူတွေ။ တစ်ခါတလေများ စက်ဘီး အရောင်းအဝယ်ဖြစ်ရင် အသိသက်သေတွေနဲ့ စာချုပ်စာတမ်း တောင် ချုပ်ခဲ့ကြရတာကလား။
ကျွန်တော်တို့ ဝယ်လိုက်တဲ့ စက်ဘီးက လိပ်ပြာအမှတ် တံဆိပ် ၂၆ လက်မ နီညိုရောင် မိန်းမစီးလေး။ စက်ဘီးလေးက အရောင်တောင် လွင့်စပြုနေပါပြီ။ ဒါပေမဲ့ အဲဒီလိပ်ပြာစက်ဘီး လေးကိုပဲ တယုတယ စီးခဲ့ရတယ်။ တစ်ပတ်တစ်ခါ ရေတွင်းကုန်း မှာ ဆပ်ပြာမှုန့်တွေနဲ့ ကြေးပြောင်အောင်ဆေး၊ နေပူမှာ ရေ ခြောက်အောင် ခဏရပ်ထား၊ ရေခြောက်ပြီဆိုမှ အရိပ်ထဲ သွင်း ပြီး အုန်းဆီပါးပါးသုတ်လို့ ပုဆိုးဟောင်းနဲ့ ပြောင်အောင် ပွတ် တိုက်ခဲ့ရတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ကျွန် တော့်လိုပဲ စက်ဘီးရေဆေးကြသူတွေ အများကြီးပဲ။ စက်ဘီးရှား တဲ့ ခေတ်မှာ စက်ဘီးသူခိုးတွေကလည်း ပေါလိုက်တာ။ ကျွန် တော့်ဘဝမှာ ပထမဆုံးပိုင်ခွင့်ရတဲ့ စက်ဘီးသည်ပင် လက်ဖက် ရည်ဆိုင်ရှေ့ သော့ခတ် ရပ်ထားတုန်း စက်ဘီးသူခိုးက ခိုးယူသွား ခဲ့တယ်။ ရဲစခန်းတွေရဲ့ ပထမ သတင်းပေးတိုင်တန်းချက် (FIR) မှာ ၃၇၉ (စက်ဘီး) ဆိုတာ နာမည်ကျော်အမှုပေါ့။
စက်ဘီးတွေက သူ့ခေတ် သူ့အခါမှာ ငွေဖော်ဖို့ လွယ်တဲ့ ပိုင်ဆိုင်မှုပစ္စည်း။ ပေါင်ချင်ပေါင်၊ ရောင်းချင်ရောင်း၊ လွယ်မှ လွယ်။ စက်ဘီးငှားစီးတဲ့ ဈေးကွက်သည်ပင် ၁၉၉၀ ဝန်းကျင် အထိ တွင်ကျယ်ခဲ့ဖူးတယ်။ စက်ဘီးတစ်စီး တစ်ရက်ငှားရမ်းခက ကျပ် ၅၀ ဖြစ်ပြီး မြို့သစ်သားအများစု စက်ဘီးငှားပြီး မြို့ထဲ အလုပ်ဆင်းခဲ့ကြတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ စက် ဘီးအုပ်ကြီးတွေက ဒီဝီဇံတပ်မကြီး ချီတက်လာသလို အုံခဲနေတာ ပဲ။ တွင်ခုံအလုပ်သမားနဲ့ ဝပ်ရှော့လုပ်သူ နှစ်ယောက်စပ်တူ စက်ဘီးငှားစီးကြသလို လက်သမားနဲ့ ပန်းရန် နှစ်ယောက်စပ်ပြီး စက်ဘီးငှားစီးတာလည်း ရှိတာပဲ။
ကျွန်တော် သဘောကျတဲ့ စက်ဘီးအုပ်ကြီးတွေ ရှိတယ်။ ပြင်သစ်မှာ လုပ်တဲ့ တိုးရ်ဒီဖရန့် စက်ဘီးအုပ်ကြီး။ ကမ္ဘာတစ်ဝန်း က စက်ဘီးသမားတွေ အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်ကြတယ်။ တစ်နှစ် တုန်းဆီက စက်ဘီးပြိုင်ပွဲတစ်ခုမှာ ပန်းဝင်ခါနီး ချိန်းကျသွားတဲ့ စက်ဘီးသမားက စက်ဘီးကြီးထမ်းပြီး ပြေးတယ်။ သူ့နောက်က စက်ဘီးသမား စက်ဘီးထမ်းပြေးသွားသူကို မကျော်ဘဲ နောက် ကနေသာ လိုက်သွားခဲ့တယ်။ အဲဒီပြိုင်ပွဲကို ကြည့်ရင်း ကြက်သီး ဖြန်းဖြန်းထမိတယ်။ အားကစားပွဲတွေမှာ လူပြောသူပြောများလှ တဲ့ တရားမျှတစွာ ယှဉ်ပြိုင်ခြင်းဆိုတာ ဒါပါပဲ။ နယ်သာလန်နိုင်ငံ အက်စတာဒမ်က စက်ဘီးအုပ်ကြီးတွေ ကြည့်ရတာလည်း ပျော် စရာကောင်းတယ်။ သူတို့က ချမ်းသာကြသူတွေ ဖြစ်ကြပေမယ့် မြို့တွင်းအသွားအလာအတွက် စက်ဘီးကို ရိုးရာယာဉ်သဖွယ် အသုံးပြုနေကြတာပါ။ အခုထိလည်း စက်ဘီးတွေကို ခုံခုံမင်မင် သုံးနေကြဆဲပါပဲ။ အက်စတာဒမ်လို့ ပြောလိုက်တာနဲ့ ပြောင် လက်နေတဲ့ လမ်းမထက်က စက်ဘီးအုပ်ကြီးကို ပြေးမြင်ကြစမြဲ။
ကျွန်တော် စက်ဘီးဝယ်ချိန်မှာ ဖီးဆင့်ဘီးက နာမည်ကြီး ချိန်။ စက်ဘီးပေါင်မှာ ပန်းပွင့်လေးတွေ ကပ်ထားတာမို့ ပန်းတွေ နဲ့ ေ၀ ဘီးလို့ အရပ်ထဲမှာ ခေါ်ကြတယ်။ ပန်းတွေနဲ့ ေ၀ ဘီးတွေရဲ့ အစပိုင်းကာလတွေမှာ ကယ်ရီယာခုံက နီကယ်ရောင်တောက် တောက် သံခုံတွေ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆိုဖာခုံတွေ ဖြစ်သွားတယ်။ ဖီးဆင့်ဘီးတွေက မိန်းကလေးတွေအကြိုက် ပေါ့ ပေါ့ပါးပါး ပုံစံလေး။ ရာလေးစပေါ့တွေ ရှိနေပေမယ့် အများစုက လက်လှမ်းမမီကြဘူး။ ဖီးဆင့်နဲ့အပြိုင် ပေါ်လာတဲ့ ဘီးတွေက မိကျောင်းဘီးနဲ့ စတင်းန်ဒတ်ဘီးတွေ ဖြစ်တယ်။ ဖီးဆင့်၊ မိကျောင်း၊ စတင်းန်ဒတ်ဘီးတွေက ဂျပန်ဖြစ် ဘီးတွေပါ။ နောက် ပိုင်းကာလတွေမှာတော့ ထိုင်းနိုင်ငံဘက်က ဝင်လာတယ်။ ထိုင်း ဘီးတွေက ဂျပန်ဘီးတွေလောက် မသွက်ဘူး။ စက်ဘီးလောကမှာ ဘီအမ်အိတ်စ် (BMX) တွေကလည်း ခေတ်တစ်ခေတ် ထူ ထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း အချို့ ဘီအမ်အိတ်စ်ဘီးတွေ ဝယ်စီးခဲ့ကြတာ အမှတ်ရမိတယ်။ အဲဒီအချိန်က နိုင်ငံခြားရုပ်ရှင်ကားတွေထဲမှာ ဘီအမ်အိတ်စ် စတန့်ကားတွေ ပြသချိန် ဖြစ်ပြီး ဘီအမ်အိတ်စ်ဘီးတွေကို ဈေး ကွက်မြှင့်ပေးနေတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ ဂန္ဓလရာဇ်ဖြစ် တရုတ်စက်ဘီး တွေ ဈေးကွက်ထဲဝင်လာပါပြီ။WU YANG (ဝူယမ်း)တံဆိပ်။ ဝူဆိုတာက ငါး၊ ယမ်းဆိုတာက ဆိတ်ဆိုတော့ ဆိတ်ငါးကောင် ဖြစ်ရော။ နောက်တော့ ကြက်ဖတံဆိပ်တို့၊ ကြက်မြီးရှည်တို့၊ ပန်းဘီးတို့လည်း ဈေးကွက်ထဲ ရှေ့ဆင့် နောက်ဆင့် ဝင်လာတယ်။ တရုတ် စက်ဘီးအသစ်တစ်စီး ကျပ်လေးထောင်လောက် သာ ပေးရချိန်လည်း ဖြစ်တယ်။ အရင်က စက်ဘီး အဟောင်းတွေကိုပဲ မွမ်းမံပြုပြင်ပြီး စီးခဲ့ရတဲ့ သူတွေအဖို့ အရောင်လွင်လွင်နဲ့ တရုတ်စက်ဘီးတွေက လိုချင် မက်မောစရာ။ အရောင်ကလည်း အစုံဝင်တယ်။ အနီ၊ အနက်၊ အစိမ်း၊ ခရမ်း၊ ပန်းရောင် စုံနေအောင် ဝင်တယ်။ စက်ဘီးတွေက စာပေ၊ ဂီတ၊ ရုပ်ရှင်မှာ တခမ်းတနား နေရာပေး ခြင်းခံရတဲ့ ဇာတ် ကောင်တွေ ဖြစ်တယ်။ ဒါရိုက်တာ ဦးဝင်းဖေက ဇာတ်မင်းသား လေး သိန်းဇော်နဲ့ စက်ဘီးကလေးဆိုပြီး ရုပ်ရှင်ရိုက်ခဲ့တယ်။ ရွာ စားကြီး စိန်ဗေဒါက သူ့ရဲ့ ဆင်တိုစက်ဘီးကြီးနဲ့ ဓာတ်ပုံအရိုက်ခံ ခဲ့တယ်။ သြင်္ကန်မိုးရုပ်ရှင်ကားမှာ ကိုငြိမ်းမောင်တို့ သားအဖစီးတဲ့ စက်ဘီးက စိတ်ဝင်စားစရာ ဖြစ်ခဲ့ရတယ်။ စာရေးဆရာ ကိုငြိမ်း (မန္တလေး)က စက်ဘီးမန္တလေး ဆိုပြီး ဝတ္ထုတိုပေါင်းချုပ်စာအုပ် ထုတ်ခဲ့တယ်။ မကြာသေးမီးကပဲ ကဗျာဆရာ မောင်နီဦးကလည်း မန္တလေး-တောင်ကြီး စက်ဘီးခရီးစဉ်အကြောင်း ခရီးသွား ဆောင်းပါး အခန်းဆက်ရေးပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့သေး တယ်။ စိုင်းထီးဆိုင်က “ဘီးကလေး ကို စီး” ဆိုတဲ့ သီချင်း သီဆို ခဲ့လို့ လူတိုင်းပါးစပ်ဖျား ရေပန်းစားခဲ့တယ်။
ဘီးလေးကို စီး xxx အချစ်လေးကို တင်ပြီး xxx ကိုယ်သွား ရတာလေ xxx အင်မတန်ပျော် xxx စကြဝဠာအဆုံးထိ နင်းရ မလား xxx အချစ်က မေးတယ် xxx (တကယ်)၃
သိပ်မောသွားသလား မောင်ရယ်တဲ့ xxx (မောတော့ မော တာပေါ့ xxx ဒါပေမဲ့ မမောဘူး)၂
xxx ရှေ့နားမှာ အဖြတ်အသန်း သိပ်များတယ်ကွယ့် xxx ကိုယ့်ခါးကို အချစ်ကလေး xxx ဖက်ထားနော်ကွယ် xxx ကားများ ကို ရှောင်ရင်းတိမ်းရင်း သွားမယ် xxx စိတ်ညစ်စရာ ချန်ထား xxx လောကကို မေ့ထား xxx ဒီဘီးလေးဟာ အမှန်ဧကန် xxx ကိုယ် တို့နှစ်ဦးရဲ့ xxx ချစ်ဗိမာန် xxx နင်းလိုက်ရတာ xxx အမြန်ဆိုတော့ xxx သိပ်မောသွားသလား မောင်ရယ်တဲ့ xxx (မောတော့ မော တာပေါ့ xxx ဒါပေမဲ့ မမောဘူး)၂
စက်ဘီးကို ဆပ်ကပ်ပညာရှင်တွေလည်း ကြိုက်ကြတယ်။ ရှေ့ဘီးကြီးကြီး၊ နောက်ဘီးသေးသေး စက်ဘီးတွေက ဆပ်ကပ် ပညာရှင်တွေအတွက် ဖျော်ဖြေရေးကိရိယာ။ စက်ဘီးတွေကိုပဲ ကြိုးတန်းပေါ်စီးပြပြီး စက်ဘီးအောက်က တွဲလွဲခိုလိုက်တဲ့ ပြ ကွက်ကလည်း ပရိသတ်လက်ခုပ်သံ ချူလို့ကောင်းတဲ့ ပြကွက် တစ်ခု။ တန်ပိုလာကစားနည်းမှာဆိုရင် စက်ဘီးက ဆုကြေး အမြင့်ဆုံး အောင်ဘာလေ ပေါက်မဲ။ ပြင်ဦးလွင်က လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ စက်ဘီးအဟောင်းတွေကို မျက်နှာကြက်မှာ ချိတ်ဆွဲအလှဆင်ပြီး စားသုံးသူတွေကို ဆွဲဆောင်ထားတယ်။ အမှောင်ခေတ်ကြီးစိုးတဲ့ကာလမှာ စက်ဘီးသမားတွေ ဒုက်္ခတွင်း ထဲ ဒလိမ့်ခေါက်ကွေးကျခဲ့ဖူးတယ်။ စက်ဘီးလမ်းဆိုတာ သတ် မှတ်ပေးပြီး စက်ဘီးလမ်းအတွင်းက မစီးသူတွေကို ဒဏ်ငွေကြီး ကြီးတပ်ပြီး ပညာပေးခဲ့တာပါ။ ကားလမ်းအစွန်ဆုံး ပလက် ဖောင်းနဲ့ ခြောက်ပေအကွာလောက်ကို ကွန်ကရစ်ဘလောက်တုံး တွေနဲ့ ကာရံပြီး စက်ဘီးလမ်းအဖြစ် သတ်မှတ်လိုက်တာပါ။ လမ်းအစွန်ဆုံးဖြစ်လို့ ကျင်းတွေ၊ ချိုင့်တွေနဲ့ ပြည့်နှက်နေတဲ့ စက် ဘီးလမ်းကို ဘယ်စက်ဘီးသမားကမှ စက်ဘီး အနာခံပြီး မစီးချင် ဘူး။ လမ်းကောင်းတဲ့ အခြမ်း ရွေးပြီး စီးရင်လည်း စက်ဘီးဖမ်းဖို့ စောင့်နေတဲ့ အနားပြာတွေက ရောက်ချလာပြီး လော်လီကားပေါ် ပစ်စလက်ခတ် တင်သွားတာပဲ။ စည်းကမ်းရယ်လို့ သတ်မှတ်ရင် စည်းကမ်းလိုက်နာချင်အောင် ဖန်တီးပေးဖို့ တာဝန်ရှိသူတွေက မေ့လျော့ခဲ့ကြတယ်။ စက်ဘီးအဟောင်း ကျပ်လေးရာ ပေးပြီး ဝယ်လာတဲ့ လက်လုပ်လက်စားတစ်ယောက် စက်ဘီးလမ်းက မစီးလို့ ဖမ်းသွားတာ ဒဏ်ကြေးက ကျပ်ငါးရာ ဖြစ်နေလို့ မရွေး ဘဲ နေခဲ့ဖူးတယ်။
စက်ဘီးနောက်မီးခြောက်နဲ့ ရှေ့မီး မတပ်မနေရ ဒေသန္တရအမိန့်ထုတ်ခဲ့သေးတာလည်း မေ့ကောင်းစရာအတိတ်မဟုတ် ဘူး။ ရှေ့မီး နောက်မီးကနေ့ဖြစ်စေ၊ ညဖြစ်စေ တပ်ထားရတယ်။ နေ့လယ်နေ့ခင်းမို့ အပြင်ထွက်ရင်လည်း ရှေ့မီးနောက်မီး အင်္ဂါစုံမှ စက်ဘီးစီးရဲ ကြတယ်။ အင်္ဂါမစုံလို့ကတော့ ဘယ်အချိန်မှာပဲ စက်ဘီးစီးစီး စည်းကမ်းထိန်းသိမ်းရေးတွေနဲ့ တွေ့ရင် ဒဏ် ငွေကျပ်ငါးရာပဲ။ နောက်မီးခြောက်ဆိုတာ နောက်မားဒ်ကတ်မှာ တပ်ရတာဖြစ်လို့ စက်ဘီးအထုတ်အသွင်းလုပ်ရင် မကြာ ခဏ ပြုတ်လေ့ရှိတယ်။ ဒါပေမဲ့ မတပ်ရင် ဒဏ်ငွေ ကျပ်ငါးရာဆိုပြန်တော့ နောက်မီးရှေ့မီး မဖြစ် မနေ တပ်ဆင်ကြရပြန်တယ်။ ရှေ့မီးအတွက် ပေါက်ဖော်တွေက တီထွင်လိုက်တဲ့ ဓာတ်ခဲ ထည့် မီးခွက်လေးတွေ ကောက်စွပ်လိုက်ကြ ရတယ်။
စက်ဘီးသမားတွေအဖို့ တစ်နှစ် တစ်ခါ ကြေးဆေးရတာလည်း အလုပ်တစ်ခု။ စက်ဘီးကြေးဆေးတယ်ဆိုတာ စက် ဘီးဆိုင်မှာ တစ်စီးလုံး ဖြုတ်ပြီး ဆေး ကြောသန့်စင်တာပါ။ စက်ဘီးတစ်ခါ ကြေး ဆေးရင် သုံးလေးရက် အချိန်ပေးရပြီး ပြုပြင်သင့်တာ ပြုပြင်၊ လဲ သင့်တာလဲ လုပ်ကြရတယ်။ စက်ဘီး ကြေးဆေးလက်ခက တစ်စီး ကျပ်သုံးရာ ပေးခဲ့ရတယ်။
၂၀၀၀ ပြည့်နှစ်လောက်မှာတော့ စက်ဘီးလောက တစ် ဆစ်ချိုးဖြစ်လာခဲ့ပြီ။ ထိုင်းနိုင်ငံက တင်သွင်းတဲ့ စက်ဘီးတံဆိပ် သစ်တွေ ဈေးကွက်ထဲဝင်လာပြီး အကြီးအကျယ် ကြော်ငြာပြီး ရောင်းခဲ့ကြတယ်။ ကျွန်တော် မှတ်မိနေတဲ့ စက်ဘီးတွေက ရော် ဘင်ဟုနဲ့ မန်ချက်စတာတံဆိပ်တွေပဲ။ အဲဒီအချိန်မှာ စက်ဘီး တစ်စီးတန်ဖိုးကလည်း ရှစ်သောင်း၊ တစ်သိန်း ဖြစ်လာတယ်။ ရော်ဘင်ဟုကြော်ငြာက ခြင်္သေ့က နောက်ကနေ လိုက်တာကို ရော်ဘင်ဟုတံဆိပ် စက်ဘီးစီးပြေးတဲ့ ရုပ်ပုံနဲ့ ပုံနှိပ်မီဒီယာတွေမှာ ကြော်ငြာခဲ့တယ်။
၂၀၁၀ ဝန်းကျင် ချန်ဂီတို့၊ ဘေယောင်ဂျွန်းတို့ခေတ်မှာ ကိုရီးယားစက်ဘီးတွေ ခေတ်စားလာပြန်တယ်။ ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ ပါလေ့ရှိတဲ့ စက်ဘီးပုံစံတွေ ဖြစ်ပြီး ထုံးစံ အတိုင်း တရုတ်ပြည်က တင်သွင်းလာတာပါ။ ဂျပန်ကွန်တိန်နာ စက်ဘီးတွေလည်း ကိုရီးယားဘီးတွေနဲ့ အပြိုင် ဈေးကွက်ထဲကို ဝင်လာကြတယ်။ ကျွန်တော်ကိုယ်တိုင် ဂျပန်စက်ဘီးတစ်စီး ဝယ်ခဲ့သေးတယ်။ ဒီတစ်ခါ ဝယ်တဲ့ ဘီးက ၂၇ လက်မ မိန်းမစီး စက်ဘီးဖြစ်ပြီး ခွေက အလူမီနီယမ် ဖြစ်တယ်။ ကျွန်တော်ဝယ်တဲ့ အချိန်က ဂျပန်တစ်ပတ်ရစ် စက်ဘီးတစ်စီး ကျပ်လေးသောင်း ရှစ်ထောင် ပေးခဲ့ရတယ်။ အဲဒီအချိန်က ဂီယာလည်း ပါမယ်။ ဆန် ဆာ ဒိုင်နမိုလည်း တပ်ဆင်ထားမယ်ဆိုရင် ကျပ်တစ်သိန်းအထိ ပေးခဲ့ရတယ်။ နောက်ပိုင်းမှာတော့ မောင်တိန်ဘိုက်လို့ ခေါ်တဲ့ ပေါင်တုတ်၊ တာယာအတုတ်နဲ့ လက်ကိုင်အဖြောင့်နဲ့ ဂီယာဘီး တွေ ဝင်လာပြီး စက်ဘီးလောကကို လှုပ်ယမ်းလိုက်တယ်။
ကျွန်တော့်မိတ်ဆွေတွေ၊ ဆရာသမားတွေထဲမှာ မောင် တိန်ဘိုက်စီးကြသူတွေ ရှိတယ်။ တကယ်တော့ စက်ဘီးအား ကစားက စိတ်ဝင်စားဖို့ ကောင်းတယ်။ အဖော်မလိုဘဲ တစ် ယောက်တည်း လေ့ကျင့်လို့ ရသလို နေရာစုံကို ရွေးချယ်စီးနင်း နိုင်လို့ ပတ်ဝန်းကျင်သစ်နဲ့ အမြဲ ထိတွေ့နိုင်တဲ့ အားကစားလည်း ဖြစ်တယ်။ ခန်္ဓာကိုယ် ကိုယ်လက်ကြံ့ခိုင်ရေးအတွက်လည်း ကောင်းကောင်း အထောက်အကူပြုတဲ့ အားကစားဖြစ်တယ်။ အခြေအနေပေးရင် မောင်တိန်ဘိုက်စီးပြီး ခြေဆန့်ဖို့ ကြံစည်ထား ပါတယ်။
- #Mg_U_Yin
- #mawkun
- #magazine
- #chronicle