၂၁ရာစု ပင်လုံညီလာခံ စစ်တမ်း

၂၁ရာစု ပင်လုံညီလာခံ စစ်တမ်း

ညီလာခံဖွင့်ပွဲနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ KNUဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊  NLD နာယက ဦးတင်ဦးနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ အဖွင့်မိန့်ခွန်းအသီးသီး ပြော ကြားခဲ့ကြပါတယ်။ မူလက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး နဲ့ UNFC ကလည်း တစ်ဦးစီသာ အဖွင့်မိန့်ခွန်းပြောကြားဖို့ပါ။ ဒါပေမဲ့ UNFC က NCA လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးရသေး တဲ့အဖွဲ့ဆိုပြီး နှစ်ပိုင်းကွဲနေလို့ နှစ်ဦးပြောခွင့်ပြုဖို့ တောင်းဆိုခဲ့ကြ လို့ ညှိနှိုင်းသဘောတူ ခွင့်ပြုလိုက်ကြတာပါ။

အဖွင့်မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် ပြောရာမှာတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ရာစုနှစ်တစ်ဝက်ကျော် နှစ် ၇ဝ နီးပါး ကြာမြင့်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းဝေးခဲ့ရတယ်။ ဒုက္ခကြီးစွာ ရောက်ခဲ့ကြရတဲ့ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးရဖို့ ကြီးစွာ မျှော်လင့်နေကြပြီ။ ဒီနေ့တော့ နိုင်ငံရေးပြဿ      နာတွေကို နိုင်ငံ ရေးအရ ဖြေရှင်းနိုင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံကနေ စတင် လျှောက်လှမ်းနေကြပြီ။ ဒီညီလာခံကတစ်ဆင့် NCA သဘောတူ ညီချက်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွား နိုင်ဖို့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးကြပါလို့ တိုက်တွန်းနှိုး ဆော်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းကို  ယေဘုယျအားဖြင့် ကောင်းတယ်လို့ မြင်ကြပေမယ့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတချို့က အား မရခဲ့ကြပါဘူး။ အထူးသဖြင့် NLD ပါတီရဲ့ နိုင်ငံရေးဦးတည်ချက် ဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ရေးကို တစ်ခွန်းတစ်ပါဒမှ မပြောဘဲ NCA လက်မှတ်ထိုးရေးကို ဦးစားပေးတိုက်တွန်းသွားတာကို မကျေလည်ကြပါဘူး။ ဒါကြောင့်လည်း NLD ပါတီ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ‘ဒီနေ့ ငြိမ်းချမ်းရေးပြဿ  နာ ဆိုတာ ဘယ်လိုမှ ထူထောင်နိုင်စရာ မရှိဘူး။ ဒီဖွဲ့စည်းပုံအတိုင်း ဆက်သွားလို့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ဒီတော့ ပြင်မလား၊ အသစ် ရေးမလားဆိုတာ ဆွေးနွေးဖြေရှင်းဖို့ လိုပါတယ်’လို့ ပြောသွားခဲ့ ခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းထဲမှာ တော့ ၂ဝဝ၈ ဖွဲ့စည်းပုံပြဿ      နာဟာ ပျောက်ကွယ်နေတဲ့ နိုင်ငံရေး ကွင်းဆက် ဖြစ်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၈ ဖွဲ့ စည်းပုံပြဿ      နာကို ရှောင်ကွင်းပြီး တိုင်းရင်းသားလက်နက်ကိုင် တွေကို NCA ထီးရိပ်အောက် မောင်းသွင်းနေတယ်လို့ ခံစားရ ဟန် ရှိပါတယ်။ ဒါကြောင့် UNFC အတွင်းရေးမှူး ဦးထွန်းဇော်က ”ဒီညီလာခံကို လာတက်တာ၊ တန်းတူရည်တူ အခွင့်အရေးရှိမယ် လို့ ယူဆပြီး လာတက်တာပါ။ ဒီညီလာခံပြီးရင် နိုင်ငံရေးဆွေးနွေး ပွဲ အဆင့်ဆင့်သွားဖို့ နိုင်ငံရေးမူဘောင်တွေ ပြန်လည်သုံးသပ်ခွင့် ပြုမယ်ဆိုလို့ လာတက်ကြတာပါ။ ဒါပေမဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ဆက်လက်တင်ပြခွင့် ရမယ်၊ မရဘူးဆိုတာ NCA အကန့်အသတ်ကြောင့် မသေချာလှပါဘူး”လို့ ပြောသွားခဲ့ပါ တယ်။ ပါဝင်ချင်တယ်ဆိုရင် NCA မှာ လက်မှတ်ထိုးရမယ်ဆိုတဲ့ ကန့်သတ်ချက် ချမှတ်ထားပြန်တယ်။ ဒီတော့ NCA လက်မှတ် ထိုးမှသာ ရှေ့ဆက်နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ခွင့်ရမယ်ဆိုတဲ့ သဘော ဖြစ်နေပြန်တယ်။ တစ်ချိန်တည်းမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ ‘အားလုံးပါဝင်ရေး’မူကို တင်ပြကြွေးကြော်ထားပေ မယ့် လက်တွေ့အားဖြင့် အကောင်အထည်ဖော်ပေးနိုင်စွမ်း မရှိခဲ့ ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ ရှိတဲ့ အနက် ၁၈ ဖွဲ့သာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ပလောင်အဖွဲ့၊ ရခိုင် အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တွေ တက်ရောက်ခွင့် မရခဲ့ကြပါဘူး။ ဒီလို ဖြစ်ရတာ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ‘ညီလာခံတက်၊ မတက်ဆိုတာ ကာယကံရှင်တွေကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ် တယ်’ ဆိုတဲ့ အနေအထားကြောင့် မဟုတ်ပါဘူး။ ဒီအဖွဲ့ သုံးဖွဲ့ စလုံးက ညီလာခံတက်ရောက်လိုတဲ့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြ သလို NCA လက်မှတ်ထိုးဖို့ သဘောထားရှိကြောင်းလည်း တင် ပြခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရန် ဆန္ဒရှိ ကြောင်း၊ ထုတ်ဖော်ကြေညာရန် တပ်မတော်ရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်လို့ ညီလာခံတက်ဖို့ ဖိတ်ကြားခြင်း မခံခဲ့ရတာပါ။ ဒီတော့လည်း ညီလာခံတက်ရောက်ခွင့်ကို ဒေါ်အောင်ဆန်းစု ကြည် ဆုံးဖြတ်ခွင့်မရှိဘဲ တပ်မတော်က ဆုံးဖြတ်နေသလားဆို တာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

ဖက်ဒရယ်ဝိရောဓိများ

၂၁ ရာစု ပင်လုံညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို အကြိမ်ကြိမ် တိုက်တွန်းပြောဆိုခဲ့ပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ မိန့်ခွန်းမှာတော့ ‘ဖက်ဒရယ်’ဆိုတဲ့ အသုံးအနှုန်းကို တစ်လုံး တစ်ပါဒမှ သုံးနှုန်းဖော်ပြခြင်း မပြုခဲ့ပေ။ ဒါပေမဲ့ ဖက်ဒရယ်စနစ် အပေါ်  တပ်မတော်ရဲ့ သဘောထားကို တင်ပြရာမှာ ဖက်ဒရယ် ဆိုင်ရာပညာရှင် ပါမောက္ခ  Ronald Watts ရဲ့ အမည်ကို အကြိမ် ကြိမ် ရည်ညွှန်းကိုးကားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေမှာ ဖက်ဒရယ် စနစ်ရဲ့ ဝိသေသလက္ခဏာရပ်များ ပါဝင်နေကြောင်းကို တင်ပြခဲ့ ပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေအရ ပထဝီအခြေခံ ဖက်ဒရယ်စနစ်ကို ထောက်ခံတင်ပြခဲ့ ကြတယ်။ ဖက်ဒရယ်မူဆိုင်ရာ တပ်မတော်ရဲ့ တင်ပြချက်စာတမ်း မှာ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေအရ အချုပ်အခြာအာဏာဟာ အခြေခံ အရ ပြည်သူလူထုထံမှ ဆင်းသက်ခြင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်း၊ ပြည်နယ်အစိုးရများ ဖွဲ့စည်းခွင့်ပေးခြင်း၊ ပြည်သူ့လွှတ် တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို အာဏာတူခွဲဝေပေးခြင်း၊  ပြည်နယ်လွှတ်တော်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ ခွဲခြား သတ်မှတ်ပေးခြင်းတို့ဟာ ဖက်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာ ဖြစ်ရုံမက တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ တန်းတူမှုကို အသိ အမှတ်ပြု ပုံဖော်ခြင်းဖြစ်တယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အာဏာ မဏ္ဍိုင်နှစ်ရပ်ကို ပိုင်းခြားပေးခြင်း၊ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်အစိုးရတို့အကြား အငြင်းပွားမှုကို ဖြေရှင်းပေးမယ့် အခြေခံဥပဒေခုံရုံးထားရှိပေးခြင်းတို့ကိုလည်း ဖက်ဒရယ်စနစ်ရဲ့ အခြေခံများအဖြစ် ပုံဖော်ထောက်ပြထားပါတယ်။ ဒါပေမဲ့ လွှတ်တော်အဆင့်ဆင့်မှာ ရွေးကောက်တင်မြှောက်ခံရခြင်းမရှိတဲ့ တပ် မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကြောင့် စစ်မှန်တဲ့ ဖက် ဒရယ်စနစ် မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့ နဲ့  နိုင်ငံရေးအင်အားစုတွေက ယူဆနေကြပါတယ်။

ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ UNFC ကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် ဆိုင်ရာ အခြေခံလက္ခဏာနဲ့ မူဝါဒများကို တင်သွင်းဖတ်ကြားခဲ့ ပါတယ်။ UNFC ရဲ့ မူကတော့ လူမျိုးများကို အခြေခံတဲ့ အမျိုး သားပြည်နယ်များ စုစည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူ ထောင်ရေးဖြစ်ပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးအလိုက် ပြည်နယ်များနဲ့ စုဖွဲ့ထားတဲ့ ပြည် ထောင်စုဖြစ်ပါတယ်။ ဒီ ရှစ်ပြည်နယ် ပြည်ထောင်စုမှာလည်း ဗမာတွေက ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရမှာဖြစ်တဲ့အတွက် မြန်မာ(ဗမာ)နိုင်ငံဆိုတဲ့ လူမျိုးကြီးနာမည်ကို နိုင်ငံအဖြစ် ရယူ ထားခြင်းကို ဖျက်သိမ်းပြောင်းလဲသင့်တယ်။ ပြည်ထောင်စုဖွဲ့ စည်းပုံတစ်ရပ် ရှိဖို့လိုအပ်သလို ပြည်နယ်အလိုက် သီးခြားဖွဲ့ စည်းပုံဥပဒေများ လည်း ရှိဖို့လိုအပ်တယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ အာဏာခွဲဝေမှုညီမျှဖို့ လိုအပ်သလို အချိုးအစားလည်း တူညီဖို့ လိုအပ်ပါတယ်။ ပြည်နယ်အလိုက် ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုယ်စီ ရှိရမှာဖြစ်ပြီး အဆိုပါ ဝန်ကြီးချုပ်တွေက ပြည်ထောင်စုအစိုးရအဖွဲ့ကို အလှည့်ကျဦး ဆောင်ရမှာဖြစ်တယ်။ ပြည်ထောင်စုအစိုးရကိုလည်း ပြည်နယ် အစိုးရအဖွဲ့တွေက စေလွှတ်တဲ့ အချိုးကျကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းထူထောင်နိုင်မှသာ တန်း တူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်နိုင်မယ်လို့UNFC က အဆိုပြု တင်ပြသွားခဲ့ပါတယ်။

UNFC က အဓိက တိုင်းရင်းသားပြည်နယ်များကို အခြေ ခံတဲ့ ရှစ်ပြည်နယ်ဖက်ဒရယ်ပြည်ထောင်စုမူကို တင်ပြလိုက်တဲ့ တစ်ချိန်တည်းမှာ အခြားတိုင်းရင်းသားအချို့ကလည်း ပြည်နယ် သစ် ထူထောင်ပါဝင်ခွင့်ရရေးကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။ ညီလာခံမှာ ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ‘လက်ရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရှိ ခြောက်မြို့နယ်နဲ့ ကျိုင်းတုံနယ် မြေရှိ ၁ဝ မြို့နယ် ပူးပေါင်းကာ ပြည်ထောင်စုဝင် ‘ဝ’ပြည်နယ် အဖြစ် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့တယ်။ အလားတူ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း သူတို့ တိုင်း လိုင် (ရှမ်းနီ)များကို အမျိုးသားတစ်ရပ်အဖြစ် အသိအမှတ်ပြုပြီး ပြည်နယ်သစ် ဖွဲ့စည်းပါဝင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့အတူ ထားဝယ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ထားဝယ် လူမျိုးတို့ဟာ ဗမာနဲ့မတူဘဲ သီးခြားသမိုင်းအစဉ်အလာ ရှိကြသူ များ ဖြစ်ကြသဖြင့် အမျိုးသားတစ်ရပ်အဖြစ် အသိအမှတ်ပြုပြီး တနင်္သာရီတိုင်းကို ထားဝယ်ပြည်နယ်အဖြစ် အသိအမှတ်ပြုပေး ဖို့ တင်ပြခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ ပအို့ဝ်၊ ပလောင်၊ အင်း သား၊ ဓနုတို့ကလည်း ပြည်နယ်ထူထောင်ခွင့်ပေးဖို့ အရေးဆိုလှုပ် ရှားနေကြပါပြီ။ ဂဒူး-ဂဏန်းကိုယ်စားလှယ်ကလည်း ပြည်နယ် ပေးဖို့ မတောင်းဆိုပေမယ့် ‘ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ရမယ် ဆိုရင် ဂဒူး-ဂဏန်းတွေကိုလည်း တစ်ကျပ်’ ပေးဖို့ တောင်းဆိုသွား ခဲ့ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံတွင် မည်သည့်တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းကမှ ခွဲထွက်ရေးစကား မပြောကြားကြ တော့ပါ။ သို့သော် အမျိုးသားပြည်နယ်များ ပြည်ထောင်စုဖွဲ့စည်း ရေးကြွေးကြော်သံ တင်လိုက်သည့်အခါ လူမျိုးတိုင်းလိုလိုက ပြည်နယ်အဆင့်အတန်း ရလိုနေကြ၏။ ဤသည်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ပုဂ္ဂိုလ်တစ်ဦးက ”ဒါကျတော့ ဖက် ဒရယ်ထက် လွန်သွားပြီဗျ။ ကွန်ဖက်ဒရေးရှင်း (Confederation) တောင်းတာ ဖြစ်သွားပြီ”လို့ မှတ်ချက်ချခဲ့ပါတယ်။

ပန်ဒိုရာသေတ္တာဖွင့်ပွဲ

၂၁ ရာစုပင်လုံညီလာခံ တတိယနေ့မှာ ကာကွယ်ရေးနဲ့ လုံ ခြုံရေးကဏ္ဍကို ဆွေးနွေးကြခြင်းဖြင့် မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ ပန်ဒိုရာသေတ္တာ (Pandora Box) ကို ဖွင့်ဖောက်လိုက်ကြပါတယ်။ UNFC အဖွဲ့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာစာတမ်းမှာ တိုင်းပြည်တစ်ပြည်မှာ တပ်မတော်တစ်ရပ်တည်း တည်ရှိရေးကို မူအရ လက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ နှစ်ပေါင်း ၇ဝ နီးပါးမျှ တိုင်းရင်းသားများနဲ့ လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာစွာ ဖြစ်ပွားခဲ့တဲ့အလျောက် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့များအကြား အမုန်းတရား၊ သံသယနဲ့ မယုံကြည်မှုများ  ဖြစ်တည်ခဲ့ကြတယ်။ ဒီအခြေအနေအောက်မှာ ပြည်ထောင်စု တပ်မတော်တစ်ရပ် နိုင်ငံတော်ကာကွယ်ရေးအတွက် တည်ရှိဖို့ လိုအပ်သလို ပြည်နယ်များအလိုက် တိုင်းရင်းသားအခွင့်အရေးနဲ့  လုံခြုံရေးကို အကာအကွယ်ပေးမယ့် တိုင်းရင်းသားများရဲ့ ပြည် နယ်လုံခြုံရေးတပ်ဖွဲ့တွေလည်း ထားရှိဖို့ လိုအပ်ပါလိမ့်မယ်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်အလိုက် လုံခြုံရေးတပ်ဖွဲ့တွေ အချိုးကျ ပါဝင်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ပြည် ထောင်စုတပ်မတော် စစ်ဦးစီးအဖွဲ့ကို ပြည်နယ်အသီးသီးက စေ လွှတ်တဲ့ စစ်ဦးစီးမှူးများဖြင့် ပါဝင်ဖွဲ့စည်းရမှာဖြစ်တယ်။ ဖက် ဒရယ်ပြည်ထောင်စု စစ်ဦးစီးအဖွဲ့ဟာ အရပ်သားဦးစီးတဲ့ ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့  လက်အောက်မှာ ဖွဲ့စည်းတည်ရှိရမှာ ဖြစ် တယ်။ ကာကွယ်ရေးဦးစီးချုပ်ကို အဆိုပါစစ်ဦးစီးအဖွဲ့ထဲမှ နှစ်နှစ် သက်တမ်းတစ်ကြိမ် အလှည့်ကျ ရွေးချယ်ခန့်အပ်ရမှာဖြစ်တယ်။ ပြည်ထောင်စုတပ်မတော်ရဲ့ အင်အားဟာ ပြည်ထောင်စုလူဦးရေ ရဲ့ ဝ.၅ ရာခိုင်နှုန်းထက် မပိုစေရပါ။ နိုင်ငံတော်ကာကွယ်ရေး အတွက် လိုအပ်ရင် အင်အားဖြည့်တင်းနိုင်ရေးအတွက် အရန် တပ်ဖွဲ့များ ဖွဲ့စည်းထားရှိရမယ်လို့ ဖော်ပြထားပါတယ်။ ၁၉၆၂ မှာ အာဏာသိမ်းခဲတဲ့ ဗိုလ်ချုပ်နေဝင်းဟာ တပ်မတော်အင်အားကို အဆက်မပြတ်တိုးချဲ့ပြီး ဒီမိုကရေစီအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများကို ဖိနှိပ်ရုပ်သိမ်းကာ စစ်အာဏာရှင်စနစ် ရေ ရှည်ခိုင်မြဲရေးကို အားထုတ်ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် စစ် အာဏာရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ တပ်မတော်ရဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးဟာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ရပ် ဖြစ်လာခဲ့တယ်။ ဒီလို စစ်တပ်အခြေပြု အာဏာရှင်စနစ် နောက်ထပ် မပေါ်ပေါက် နိုင်ရေးအတွက် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေး အခြေခံမူတွေ UNFC က တင်ပြရခြင်းဖြစ်တယ်လို့ ဆို ပါတယ်။

ညီလာခံ စတုတ္ထနေ့မှာတော့ တပ်မတော်ရဲ့ သဘောထား အချုပ်ကို တင်ပြရာမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာကဏ္ဍ တွေလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါစာတမ်းမှာ တပ်မတော်အနေ နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒခြောက်ရပ်ကို ချမှတ်ထားရှိခဲ့တယ်။ ဒီလို ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ မည်သည့်ပြင်ပ နိုင်ငံနဲ့ အဖွဲ့အစည်းရဲ့ ကြီးကြပ်စောင့်ကြည့် စွက်ဖက်မှုကိုမှ လက် ခံမည်မဟုတ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင် စုတပ်မတော်ကို Standard Army ဖြစ်အောင် စဉ်ဆက်မပြတ် တည်ဆောက်သွားမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA စာချုပ် အခြေခံပြီး မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို နိုင်ငံရေးနည်းလမ်း အရ ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။ ၂၁ ရာစု ပင်လုံညီလာခံ က ဖွင့်ပေးထားတဲ့ နိုင်ငံရေးလမ်းကြောင်းအတွင်း ပါဝင်လိုက်ပါ ပြီး NCA လမ်းပြမြေပုံအရ DDR(လက်နက်စွန့်၊ တပ်ဖွဲ့ဖျက်၊ ပြန်လည်ဖွဲ့စည်း)လုပ်ငန်းစဉ်အတိုင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပြီး SSR(လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး)လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်သွားရမှာဖြစ် တယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆက်လက်ဆောင်ရွက်သွားရ မယ့် လုပ်ငန်းစဉ်အားလုံးဟာ ၂ဝဝ၈ အခြေခံဥပဒေကိုသာ အခြေခံရမည်ဖြစ်ပြီး ပြင်ဆင်လိုတဲ့အချက်တွေကို ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်များအတိုင်းသာ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့  တပ်မတော်ရဲ့ သဘောထားအချုပ်ကို တင်ပြသွားခဲ့ပါတယ်။

ပန်ဒိုရာသေတ္တာရဲ့အဖုံးကို ဖွင့်လိုက်တာနဲ့ မတရားဖိနှိပ်မှု အာဃာတ၊ သံသယ၊ အမုန်းနဲ့ သေခြင်းတရားတို့ ပွင့်အန်လျှံကျ လာခဲ့ရပါပြီ။ ဒါကြောင့်လည်း ညီလာခံဖွင့်ပွဲနေ့ကတည်းက ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ”လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင် တာ တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး  လူမျိုးစွဲ၊ ဒေသစွဲဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေး ဖန်တီးနေ တာမျိုးတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီဆိုတာကို အလေးအနက်သတိပြုရမှာ ဖြစ်တယ်”လို့ ထုတ်ဖော်သတိပေးခဲ့ တာ ဖြစ်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာ အဖွင့်မိန့်ခွန်းပြောခဲ့တဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ”တိုင်းရင်းသား တွေ ဘာကြောင့် လက်နက်စွဲကိုင်တော်လှန်မှုတွေ လုပ်နေရသလဲ လို့ မေးရင် ပင်လုံစာချုပ် ချုပ်ဆိုကတိပြုခဲ့ကြတဲ့ သဘောတူညီ ချက်တွေကို ပြည့်စုံအောင် အကောင်အထည်မဖော်ခဲ့ကြလို့ ကျွန် တော်တို့ လိုလားတောင့်တခဲ့ကြတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့ အာမခံချက်တွေ ဆုံးရှုံးနေ လို့ပဲဆိုတာ ပြောပါရစေ”လို့ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။ တပ်မ တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အမြင် ကတော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေကြရုံမက တောင် ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းပမာ ဆန့်ကျင်ဝေးကွာနေကြပါပြီ။ ၂၁ ရာစု ပင်လုံညီလာခံအနေနဲ့ အပြန်အလှန် နားလည်မှုရှိစွာ အလျှော့အတင်းပြုလုပ်ရင်း ဆုံမှတ်တစ်ခုဆီသို့ ရွေ့လျားနိုင်ရန် အချိန်ယူကြရပေဦးမယ်။

သို့တိုင် ညီလာခံနောက်ပိုင်း ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့များသာ ပါဝင်ခွင့်ရမယ်ဆိုတဲ့ အစိုးရ ဘက်က ကန့်သတ်ချက်ကြောင့် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးခရီးစဉ်မှာ ဆက်လက်ပါဝင်ဖို့ အဟန့် အတားဖြစ်နေပါပြီ။ ညီလာခံနောက်ဆုံးနေ့ ကျေးဇူးစကား ပြော ရာမှာတော့ ဒေါ်စုက ”အတိတ်ရဲ့ ချည်နှောင်မှုကိုပဲ ခံနေမှာလား၊ အနာဂတ်ကို သတ္တိရှိရှိနဲ့ တည်ဆောက်မှာလားဆိုတာကို ကျွန်မ တို့ ဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်” လို့ ယေဘုယျလမ်းညွှန်သွား ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်ကတော့ ”အတိတ်ကို သင်ခန်းစာယူ၊ ပစ္စုပ္ပန်ရဲ့ ချည်နှောင်မှုက ရုန်းထွက် ပြီး အနာဂတ်သစ်ဆီ ချီတက်ကြရမယ်”လို့ ယုံကြည်ယူဆကြပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း ၇ဝ နီးပါး အမျိုးသားအခွင့် အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့အမြင်သဘောထားတွေကို ၁ဝ မိနစ်ခန့် လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခွင့်ရတဲ့အတွက် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျေးဇူးတင်ကြမှာ အသေအချာ ပါပဲ။         ။

၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."