ကျော်ဇေယျ
ရန်ကုန် – ၂၀၂၀ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
အစိုးရဌာနဆိုင်ရာတွေရဲ့မသမာမှုနဲ့လုပ်ထုံးလုပ်နည်းမညီတာကြောင့် ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်ဘီလီယံ ၄၀၀ နီးပါး ငွေကြေးအလေအလွင့်ဖြစ်ပေါ်ခဲ့တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာကိုအခြေခံကာ ပြည်ထောင်စုလွှတ်တော်မှာ ယနေ့ဆွေးနွေးခဲ့ကြပါတယ်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုကြီးက “ ဌာနအဖွဲ့အစည်းများရဲ့ မသမာငွေများ၊ လေလွင့်ဆုံးရှုံးငွေများမှာ စုစုပေါင်းကျပ်သန်းပေါင်း ၃၉၇,၄၇၈.၂၇ သန်း ဟု ဖော်ပြထားပါတယ်” လို့ တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒါအပြင် ဌာနဆိုင်ရာတွေဟာ ပြည်သူ့ဘဏ္ဍာကို အသုံးပြုရာမှာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်တွေနဲ့ မညီဘဲ သုံးစွဲခဲ့တာတွေလည်း ရှိတယ်လို့ သူက ဆိုတယ်။
ဒီတွက်ချက်မှုတွေထဲမှာ တရားရုံးတွေမှာ အမှုမပြီးပြတ်လို့ ဆုံးရှုံးသွားရတဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ အဖိုးတန် ပစ္စည်းတွေရဲ့ တန်ဖိုးတွေ မပါသေးဘူးလို့ သူက ပြောတယ်။
ဒါအပြင် ဗဟိုဘဏ်က အမှတ်(၂)သတ္ထုတွင်းဌာနက ရွှေဝယ်ပြီး ရွှေစင်လုပ်၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းကို ပြန်ရောင်းပေးတဲ့ဟာက စာရင်းတွေဟာ မပြည့်စုံ ဘူးလို့ စာရင်းစစ်ချုပ်က မှတ်ချက်ပြုထားတာကို သူက သတိပေးသလို ဒီအတွက် ဘယ်လောက် ဆုံးရှုံးနိုင်တယ်ဆို တာကိုလည်း ဖော်ပြမထားဘူးလို့ သူက ထည့်သွင်းဆွေးနွေးခဲ့တယ်။
ဒါအပြင် စာရင်းစစ်ချုပ်အနေနဲ့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲကြတဲ့ ဝန်ကြီးဌာနတွေက ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေနဲ့ ဘဏ္ဍာငွေကြေး သုံးစွဲရေးမှာ တာဝန်ယူ၊ တာဝန်ခံမှု ရှိစေဖို့ ညှိနှိုင်းစေပြီး ဒီပုဂ္ဂိုလ်တွေရဲ့ ငွေကြေးသုံးစွဲမှု ကတိကဝတ်တွေပါဝင်တဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပေးပါက နောင်မှာ ဘဏ္ဍာငွေကြေးလေလွင့်ဆုံးရှုံးမှု နည်းပါးစေမယ်လို့ သူကအကြံပြုတယ်။
၂၀၁၈၊ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘဏ္ဍာနှစ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အပိုင်း(၂)ပိုင်းခွဲ အစီရင်ခံစာ တင်သွင်းထားတာကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကဆွးနွေးနေပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ ဧပြီကနေ မတ်လကုန်အထိ ဘဏ္ဍာနှစ်သတ်မှတ်ချက်အစား အောက်တို ဘာကနေ စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ်ကို ပြောင်းလဲဖို့ ၂၀၁၈ ၊ ဧပြီကနေ စက်တင်ဘာလအထိ ခြောက်လဘဏ္ဍာနှစ် တစ်ခုကို ဖော်ဆောင်ကျင့်သုံးခဲ့ပါတယ်။
Photo – Pyidaungsu Hluttaw
#Dailynews