ရန်ကုန်-၂၀၂၃ မတ် ၉(မော်ကွန်း)
အင်းစိန်ကဆယ်ကျော်သက်လူငယ်သုံးဦးကို လူစုလူဝေးမလုပ်ရစီမံချက်နဲ့ရဲကဖမ်းဆီးပြီး ငွေကျပ်သုံးသောင်းတောင်းကာ ပြန်လွှတ်လိုက်တယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။
အသက်၁၈နှစ်အရွယ်ဆယ်ကျော်သက်ယောက်ျားလေးငါးယောက်ဝန်းကျင်ပါဝင်တဲ့အုပ်စုဟာ လမ်းထိပ်မှာလူငယ်သဘာဝစကားပြောနေတာကို လူစုလူဝေးလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ယနေ့ညနေ ၆ နာရီကျော်လောက်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“၁၀တန်းစာမေးပွဲကာလလူစုလူဝေးမလုပ်ရဆိုတဲ့စီမံချက်နဲ့ ကလေးတွေကိုဖမ်းတယ်လို့ပြောတယ်။ ပါသွားတဲ့ထဲက ကောင်လေးတစ်ယောက်ရဲ့အမေကို ဖုန်းဆက်ပြီးမနက်တရားရုံးလိုက်ခဲ့ဆိုပြီး နယ်ထိန်းကပြောတယ်။ အဲ့ဒါနဲ့ချက်ခြင်းလိုက်သွားကြတော့ ကလေးတွေကဘာမှမလုပ်ထားလို့ လက်မှတ်ထိုးပြီးပြန်လွှတ်ပေးမယ်၊စာအိတ်ထဲပိုက်ဆံသုံးသောင်းထည့်ဆိုလို့ ပေးခဲ့ရတယ်” လို့ဖြစ်စဉ်ကို သိရှိသူတစ်ဦးကပြောပြပါတယ်။
မတရားဥပဒေသုံးပြီးဖမ်းဆီးတတ်တဲ့အခုလို ဖြစ်စဉ်တွေကြောင့်ဆယ်ကျော်သက်အရွယ်သားသမီးရှိတဲ့ မိဘတွေအနေနဲ့စိုးရိမ်ပူပန်ရပြီး မိုးချုပ်ရင်အပြင်မထွက်ဖို့သားသမီးတွေကို တားမြစ်နေမိတယ်လို့လည်း အုပ်ထိန်းသူမိဘတစ်ဦးကပြောပါတယ်။
“ခေတ်ကမကောင်းဘူး၊ သူတို့(အာဏာပိုင်တွေ)ပါးစပ်ထဲမှာပဲတပ်ချင်တဲ့အမှုတပ်နေတော့ ကလေးတွေအပြင်သွားရင် ကိုယ့်မှာစိတ်ပူနေရတယ်”လို့၎င်းကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကိုပစ်မှတ်ထားကာ ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
#Dailynews

