ဗညားကျော်
ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံမှ အနုပညာရှင် ၁၀ ဦးနှင့် အရှေ့တောင်အာရှမှ ခေတ်ပြိုင်အနုပညာရှင် ၃၀ ကျော်ပါဝင်သည့် “ အယူအဆ၊ ဆက်စပ်မှုအထိုင်၊ တွန်းထိုးရုန်းကန်ခြင်း ရန်ကုန် (CCC) မြန်မာနှင့် အရှေ့တောင်အာရှမှ ခေတ်ပြိုင်အနုပညာလက်ရာ ” အမည်ရှိ အနုပညာပြပွဲကို ပြသသွားမည်ဟု ယနေ့ထုတ်ပြန်လိုက်သည်။
ယင်းပြပွဲကို Goethe-Institute မြန်မာ နှင့် MyanmarArt မှ Nathalie Johnston တို့ ပူးတွဲဦးဆောင်ပြီး ဇန်နဝါရီ ၁၉ မှ ဖေ ဖော်ဝါရီ ၁၀ ရက်နေ့အထိ ဝန်ကြီးများရုံးတွင် အခမဲ့ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
“ မြန်မာအနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာအသစ်တွေနဲ့ ကျွန်တော်တို့ ဒီ CCC (Concept Context Contestation) အနုပညာပြပွဲကြီးကို ချဲ့ထွင်ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင် စုစုပေါင်း ၁၀ ဦးပါဝင် မှာ ဖြစ်ပြီး သူတို့တွေရဲ့ အကောင်းဆုံး လက်ရာ တွေနဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအခေါ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ အနု ပညာလက်ရာတွေကို ပြသသွားမှာဖြစ်ပါတယ်” ဟု ကြေငြာချက်ထဲတွင် Goethe-Institute မြန်မာ၏ ဒါရိုက်တာ Franz Xaver Augustin က ဆိုသည်။
၎င်းတို့ထဲမှ အများစုသည် လူမှုရေးအရ အငြင်းပွားဖွယ်ဖြစ်သော အနုပညာများနှင့် တစ်ချိန်က ဖိနှိပ်ခြင်းခံထားရသော အနု ပညာများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းအနုပညာပြပွဲတွင် အနုပညာရှင်များ၏ “အတွေးအမြင်များ” ကို နေ့စဉ်အသုံးအဆောင်များ၊ အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက်သည့် အခင်းအကျင်း (installations)၊ ဖြတ်ညှပ်ကပ်အနုပညာများ (collages)၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ သရုပ်ဖော်တင်ဆက်မှုများနှင့် တင်ဆက်ပုံမျိုးစုံ၊ ပစ္စည်းကိရိယာမျိုးစုံ (သို့) လက်ခံနိုင်ဖွယ်ရှိသောကြားခံများမှတစ်ဆင့် ကြည့်ရှုသူများသို့ တင်ဆက်ပြသမည်ဖြစ်သည်ဟု ကြေငြာချက်တွင်ထည့်သွင်းဖော်ပြထားသည်။
CCC သည် စင်ကာပူအခြေစိုက် အနုပညာသမိုင်းပညာရှင် IolaLenziမှ အရှေ့တောင်အာရှမှ အနုပညာရှင်များ၏ မတူ ကွဲပြားသော အနုပညာလက်ရာများကို ကြည့်ရှုသူများက ခံစားသိရှိနိုင်ပြီး ပြန်လည်တွေးခေါ်စေနိုင်ရန်လှုံ့ဆော်ပေးသော နိုင်ငံတကာ အနုပညာ လှုပ်ရှားမှုတစ်ရပ်ပင်ဖြစ်ပြီး ယင်းပြပွဲများကို ထိုင်းနိုင်ငံ ၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ပြသခဲ့ပြီးဖြစ်သည်။
- #Banyar_Kyaw
- #mawkun
- #magazine
- #chronicle