မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက

မော်ကွန်းမဂ္ဂဇင်း အမှတ် (၆၈) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်

 

မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက

အောင်ပိုင်ရေးသည်။

တတိယတန်းတက်နေတဲ့ ဦးပီတာရဲ့ သားလေးဟာ ကျောင်းဆင်းချိန် ဖယ်ရီကားပေါ်က ဆင်းလာတဲ့အခါမှာ ရှေ့တည့်တည့်က စောင့်ကြိုနေတဲ့ဖခင်ကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သွားပါတယ်။

ခြေလှမ်း ၁ဝ လှမ်းလောက်လှမ်းပြီး ဖယ်ရီကားထွက်သွားပြီးခါမှ ဦးပီတာကို ပြန်လှည့်ကြည့်ပါတော့တယ်။

”သား၊ ဘာကြောင့် ပါပါးကို ကျော်သွားတာလဲ”လို့ ဦးပီတာက မေးလိုက်တဲ့အခါ ”ပါပါးက သူငယ်ချင်းတွေရှေ့မှာ ချင်းလို ပြောမှာစိုးလို့”လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။

ဦးပီတာဟာ ချင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးကတော့ ကယားလူမျိုးဖြစ်ပါတယ်။ သူတို့မိသားစုဝင်သုံး ဦးစလုံးကတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့က ရန်ကုန်မှာ အခြေချနေထိုင်ရင်း သားဖြစ်သူကို အစိုးရကျောင်းမှာ ထားတာပါ။ ကျောင်းထားတဲ့ သုံးနှစ်လောက်အတွင်းမှာ ကလေးဟာ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင် ဖြစ်နေရတာကို ရှက်သလို၊ ရွံ့သလို လက္ခဏာ တွေ ပြနေတာကို ဦးပီတာက သတိထားမိလာပါတယ်။

စာသင်ခန်းထဲမှာ ‘ချင်းလေး’က နေ ‘ခြင်းလုံး’လို့ အတန်းဖော်တွေက စနောက်ခေါ်ဝေါ်တာ၊ မနက်ပိုင်း အခြား ကျောင်းသားတွေ ဗုဒ္ဓဘာသာဘုရားရှိခိုးတဲ့အခါ အတန်းဖော်တွေလိုမဟုတ်ဘဲ ခုံပေါ်မှာပဲ မှောက်အိပ်နေရတာတွေဟာ အများကြားထဲမှာ တစ်မူထူးနေသလိုဖြစ်နေပြီး ရှက်သလို ကြောက်သလို ခံစားနေ တယ်လို့ ဦးပီတာက သူ့သားလေးရဲ့ အပြောအဆို အပြုအမူတွေကို သုံးသပ်ကြည့်ရင်း နားလည်သဘောပေါက်သွား ပါတယ်။

”ကလေးကို ပညာတတ်စေချင်လို့ ကျောင်းလွှတ်ခါမှ ကြောက်စိတ်တွေ၊ အငုံ့စိတ်တွေဝင်လာမှာ စိုးနေရတယ်”လို့ သူက ပြောပါတယ်။

သူကိုယ်တိုင်လည်း ချင်းပြည်နယ်က အစိုးရစာသင်ကျောင်းမှာနေခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ အင်တာနေရှင်နယ်ကျောင်းတစ်ခုမှာ စာသင်ပေးဖူးတဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် ကလေးမှာ ဖြစ်နေတဲ့ ပြဿနာကို ဦးပီတာ အလွယ်တကူနားလည်နိုင်ပါတယ်။

သူ့သားက အသက်ရှစ်နှစ်ခွဲရှိပြီး ကလေးရှေ့ရေးအတွက် နာမည်နဲ့ တက်နေတဲ့ကျောင်းကို မဖော်ပြဖို့ မေတ္တာရပ်ခံထားပါတယ်။

တစ်နိုင်ငံလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ကျင့်သုံးနေတဲ့ အခြေခံပညာအဆင့် အစိုးရစာသင်ကျောင်းတွေမှာ လက်ရှိအချိန်အထိ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေကိုပဲ ဗဟိုပြုထားတဲ့ အလေ့အထတွေနဲ့ သင်ခန်းစာတွေ၊ သင်ရိုးညွှန်းတမ်းတွေဟာ ကျောင်းသားတွေအပေါ်မှာ နေ့စဉ်လွှမ်းမိုးနေပြီး တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်မှုမတူသူတွေကြားထဲမှာ ယုံကြည်နားလည်မှု လွဲမှားနိုင်စေတယ်လို့ ပညာရေးကို လေ့လာသုံးသပ်တဲ့ ပညာရှင်တွေနဲ့ လူမှုတရားမျှတရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

ဒါ့အပြင် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ဖက်ဒရယ်အရေးတို့ဟာ အချိန်မရွေး လက်မှတ်ထိုးရုံနဲ့ ယာယီရနိုင်ပေမယ့် ငယ်စဉ်ကတည်းက စာသင်ခန်းထဲကနေ ရင်ထဲ ကိုရောက်စေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ်တွေကြောင့် ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ သူတို့ကဆိုကြပါတယ်။

ရန်ကုန် ပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာနမှ အငြိမ်းစား ပါမောက္ခ ဒေါက်တာသိန်းလွင်က ”ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ စာရွက်ပေါ် မှာ လက်မှတ်ထိုးတယ်ဆိုတာက အပေါ်ယံလေ။ နှလုံးသားထဲမှာ တကယ်တမ်းအေးချမ်းမှ အမှန်တကယ်ငြိမ်းချမ်းရေး ဖြစ်မှာ”လို့ သုံးသပ်ပါတယ်။

 

အံဝင်ခွင်ကျမဖြစ်တဲ့ စာသင်ခန်း

မော်ကွန်းကတွေ့ဆုံခဲ့တဲ့ အထက်တန်းကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦးကလည်း စာသင်ခန်းထဲမှာ အလားတူဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အိုးဝေပညာဒါနကျောင်းမှာနေရင်း အတွဲ(၁)၊ ဝိပ္ပံဘာသာတွဲနဲ့ အထက်တန်းတက်ရောက်နေသူတွေ ဖြစ်ပြီး အလယ်တန်းအဆင့်ကို သူတို့မွေးဖွားရာ ပြည်နယ်တွေမှာ အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ အလယ်တန်းအထိ ကျောင်းတက်ခဲ့ဖူးသူ ကယန်းလူမျိုး၊ ရိုမန်ကက်သလစ်ဘာသာဝင် မပိုင်ကာဗြေးလာဟာဆိုရင် ပညာဒါနကျောင်းကို ရောက်မလာခင်အထိ စာသင်ခန်းနဲ့ သိပ်ပြီးအံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။

စာသင်ခန်း ဝေယျာဝေစ္စလုပ်ဖို့ အသင်းခွဲတဲ့အခါ မြန်မာမင်းငါးပါးထဲက ကျန်စစ်သားအသင်းဝင်ဖြစ်တာ၊ ‘အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်’ဆိုတဲ့စာသားပါ ဇာတိမာန်သီချင်းဆိုရတာ၊ မြန်မာလူမျိုးအကြောင်းတွေကိုပဲဖော်ပြထားတဲ့ သမိုင်းပြဋ္ဌာန်းစာအုပ်ကို သင်ရတာတွေဟာ မပိုင်ကာဗြေးလာနဲ့ လုံးဝမသက်ဆိုင်သလို ဖြစ်နေတာကြောင့်ပါ။

”ကိုယ့်လူမျိုးအကြောင်းမပါတဲ့  မြန်မာလူမျိုးတွေရဲ့သမိုင်းတွေကို လိုက်ကျက်မှတ်နေရတာ ဘာကြောင့်လဲဆိုတာ နားမလည်နိုင်ဘူးဖြစ်နေတယ်”လို့ မပိုင်ကာဗြေးလာက ခပ်တွေတွေစဉ်းစားရင်း ပြောပါတယ်။

လက်တလောမှာတော့ သူဟာ တက္ကသိုလ်ဝင်တန်းကို ပြင်ပကနေဖြေဆိုဖို့ ပညာဒါနကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားနေတာပါ။ ဒါကြောင့်  စာသင်ခန်းကို သွားစရာမလိုတော့တဲ့အတွက် ဒီဒုက္ခတွေကိုလည်း မကြုံတွေ့ရတော့ပါဘူး။

68-cover-story-photo

Photo-Kaung Htet San                           ချင်းပြည်နယ်ရှိ အစိုးရစာသင်ကျောင်းတစ်ခုမှ စာသင်ခန်း

နောက်ထပ် ကျောင်းသားတစ်ယောက်ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် မြန်မာလူမျိုးမဟုတ်လို့ စာသင်ခန်းထဲက သင်ခန်းစာအချို့ကို နားမလည်နိုင်ဖြစ်ခဲ့သူပါ။

သူကတော့ ရခိုင်ပြည်နယ်မှာ အလယ်တန်းအဆင့်အထိနေခဲ့ပြီး ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အထက်တန်းကျောင်းတစ်ခုကို ပြောင်းလာတဲ့ မောင်ကျော်သာထက် ဖြစ်ပါတယ်။ သူ့အတွက်တော့ ဗုဒ္ဓဘာသာဝင် ဖြစ်တာကြောင့် ဘုရားရှိခိုးရတဲ့ အလေ့အထမျိုးမှာ ပြဿနာမရှိပေမယ့် ငယ်ငယ်ကတည်းက သင်လာရတဲ့ သမိုင်းကို နားမလည်နိုင်ဖြစ်နေခဲ့တာပါ။

သမိုင်းသင်ရိုးထဲမှာ မြန်မာမင်းတွေနဲ့ မြန်မာလူမျိုးအကြောင်း၊ မြန်မာနိုင်ငံတည်ထောင်ခြင်း အကြောင်းတွေသာ ပါဝင်ပြီး ရခိုင်လူမျိုးတွေအကြောင်း မဆိုသလောက်သာ ပါတယ်ဆိုတာ သူက သတိထားမိနေပါတယ်။

နောက်ပြီး သူ့ပတ်ဝန်းကျင်က လူကြီးတွေဆီကနေ သူကြားဖူးနားဝရှိထားတဲ့ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေ မပါဝင်တာကြောင့် သမိုင်းသင်ရိုးထဲက မြန်မာ့သမိုင်းကို သူစိတ်မဝင်စားနိုင်ဖြစ်နေသလို သင်ရိုးထဲပါသမျှဟာ မှန်၊ မမှန်ကိုလည်း သံသယရှိနေဆဲ ဖြစ်ပါတယ်။

”ညီလေးက သမိုင်းသင်ခန်းစာတွေကို တစ်ဖက်တည်း ဖော်ပြတာမျိုး မဟုတ်ဘဲ မျှမျှတတ ဖြစ်စေချင်တာ”လို့ မောင်တောမြို့နယ်က သက်လူမျိုးဖြစ်တဲ့ မောင်ကျော်သာထက်က ပြောပါတယ်။

ပညာရေးစိတ်ပညာရှင် ဒေါက်တာ သိန်းလွင်က ကိုယ့်ကိုနိုင်ထက်စီးနင်းလုပ် ထားတဲ့ လူတစ်ယောက်ကို စာသင်ခန်းထဲ မှာ သူရဲကောင်းအဖြစ်နဲ့ အသိအမှတ် ပြု ပေးရနေတာတွေက ”မပြောရဲလို့သာ မပြောတာပဲရှိတယ်၊ လိုလိုလားလား ရှိမှာ မဟုတ်ဘူး။ သူတို့နေရာကနေ ခံစားကြည့်ဖို့လိုတယ်”လို့ သူက ထောက်ပြပါတယ်။

နောက်ပြီး အစိုးရစာသင်ကျောင်း တွေမှာ စာသင်ခန်းဝေယျာဝေစ္စလုပ်ဖို့ မြန်မာမင်းတွေရဲ့ နာမည်တွေနဲ့ အသင်း ခွဲတာတွေ၊  ဘုရားရှိခိုး၊ သီချင်းဆိုတာတွေစတဲ့ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာကိုပဲ ဗဟိုပြုပြီး ကျင့်သုံးနေတာတွေကို သေချာဆန်းစစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

”ဘုရားရှိခိုးခိုင်းတယ်ဆိုတာက အများစုကိုပဲ ရည်ညွှန်းထားတာဖြစ်ပေမယ့် ကလေးသဘာဝအရ ငါတို့က ဘေးဖယ်ခံထားရတယ်၊ ဦးစားပေးထဲမှာမပါဘူး၊ သူတို့ကသာ ဦးစားပေးဖြစ်တယ်ဆိုတဲ့ အတွေးတွေက တနုံ့နုံ့နဲ့ နေ့တိုင်းဖြစ်နေတဲ့ကိစ္စ။ အဲဒီအသေးလေးတွေက တဖြည်းဖြည်းနဲ့ ကြီးလာပြီးတော့ သူတို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲမှာ မကျေနပ်ချက် လေးတွေက အမြစ်တွယ်လာတာပေါ့”လို့ သူက ပြောပါတယ်။

မရိုးမသား သင်ရိုးညွှန်းတမ်းများ

ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ် လေ့လာနေတဲ့ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကျောင်းသား ကိုနိုင်အောင်က အုပ်ချုပ်သူလူတန်းစား အဆက်ဆက်ဟာ ဝါဒဖြန့်ချိရေးလုပ်ဖို့ ကျောင်းသုံးဖတ်စာအုပ်တွေကို ကြားခံအဖြစ်သုံးနေတာကို သိသိသာသာ မြင်နေရတယ်လို့ ဆိုပါတယ်။

ကိုနိုင်အောင်ဟာ Mr. History ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ YouTube Channel တို့ကနေ တစ်ဆင့် မြန်မာ့သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို အများပြည်သူလက်လှမ်းမီအောင် အစီအစဉ်တစ်ခုအနေနဲ့ မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ အခြေခံပညာအဆင့် မြန်မာ့သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာ ပင်လုံစာချုပ်ကို ချုပ်ဆိုတာဟာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်မှုကြောင့်လို့သာ ဖော်ပြထားပြီး အမှန်တကယ် သမိုင်းဖြစ်စဉ်အရ လူမျိုးစုအားလုံးဟာ ဘယ်သူကမှ ပိုမသာတဲ့ တန်းတူ ရည်တူအခြေအနေမှာ ဆွေးနွေးခဲ့ပြီးမှ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတယ်ဆိုတာကိုတော့ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

”လွတ်လပ်ရေးကြိုးပမ်းတာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ ဖတ်စာအုပ်မှာ ပြောတဲ့ပုံစံက ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို ရရှိခဲ့သည်လို့ပဲ ဖော်ပြထားတဲ့အခါကျတော့ ပင်လုံရဲ့အနှစ်သာရ ပျောက်သွားတယ်” လို့ သူက ပြောပါတယ်။

နောက်ပြီး ပုဂံခေတ်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ရှမ်းညီနောင်သုံးဦး၊ မွန်-မြန်မာ နှစ်လေးဆယ်စစ်ပွဲအကြောင်း၊ ရခိုင်ရဲ့ သမိုင်းကြောင်းဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ၊ လောင်းကျယ်၊ မြောက်ဦးစတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ ကို သမိုင်းဖတ်စာအုပ်တွေမှာ ချန်လှပ်ထားခဲ့တာ၊ အရင်ကတည်းက မြန်မာမင်းတွေရဲ့အောက်မှာ တိုင်းရင်းသားအားလုံးဟာ တစ်စုတစ်စည်းတည်း ရှိခဲ့တယ်လို့ပဲ ဖော်ပြထားတာတွေဟာ ပညာရပ်ဆိုင်ရာ အမြင်အရ မရိုးသားဘူးလို့ သူက ပြောပါတယ်။

”ဒီအကျိုးဆက်တွေကြောင့်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တာ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လက်မခံနိုင်တာ၊ လက်နက်စွဲကိုင်တော်လှန်ကြတာ၊ စစ်ဘေးဒုက္ခဖြစ်နေတာတွေကို တချို့လူတွေက နားမလည်နိုင်တော့ဘူး။ နားမလည်တော့ ကိုယ်ချင်းစာစိတ်လည်း မရှိတော့ဘူး”လို့ သူက သုံးသပ်ပါတယ်။

တိုင်းပြည်ရဲ့သမိုင်းကြောင်းတွေကို တစ်ဖက်သတ် အသားပေးဖော်ပြတာဟာ မြန်မာနိုင်ငံမှာမှ မဟုတ်ဘဲ အမေရိကန်နိုင်ငံရဲ့ သမိုင်းတွေကို လေ့လာတဲ့အခါမှာလည်း အနည်းနဲ့အများ တွေ့ရတယ်လို့ ၎င်းကဆိုပါတယ်။

mawkun-68-cover-story

Photo-Thet Oo Mon                                     ပြင်ဦးလွင် စစ်တက္ကသိုလ်ရှေ့က မြန်မာမင်းသုံးပါး ရုပ်တု

၁၄၉၂ မှာ အမေရိကတိုက်ကို ကိုလံဘတ်စ်ရှာတွေ့ခဲ့ပြီးနောက် ဥရောပသားတွေဟာ အမေရိကကို နယ်မြေချဲ့ထွင်လာခဲ့ပါတယ်။ အဲဒီအခါမှာ မူရင်းနေထိုင်သူ အင်ဒီးယန်းတွေနဲ့ ရွှေ့ပြောင်းရောက်ရှိလာသူတွေဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့ရာ အင်ဒီးယန်းအများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ ရွှေ့ပြောင်းရောက်ရှိလာသူ ဥရောပသားတွေဟာ နယ်မြေစိုးမိုးနိုင်ခဲ့ပြီး ကိုလိုနီခေတ်တစ်လျှောက်လုံးမှာ အင်ဒီးယန်းတွေဟာ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်တွေရေးတဲ့ သမိုင်းမှာတော့ ဒီမိုကရေစီခေတ်မှာ တန်းတူညီမျှထားတယ်လို့ပဲ ဖော်ပြထားပြီး ကနဦးလုပ်ရပ်တွေဟာ မှေးမှိန်နေတယ်လို့ ကိုနိုင်အောင်က ဆိုပါတယ်။

”အမေရိကန်တွေဆိုရင်လည်း အင်ဒီးယန်းတွေကို ဘယ်လိုအခွင့်အရေးပေးခဲ့တယ်ဆိုတာ တွင်တွင်ပြောတယ်။ ရှေ့မှာ ဘယ်လိုသတ်ခဲ့တယ်ဆိုတာကိုကျ ထည့်မပြောဘူး။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေက အားကောင်းပြီး ကျောင်းသားက သူ့ဘာသာ ဆင်ခြင်သုံးသပ်နိုင်တဲ့အတွက် သိပ်ပြဿနာမရှိဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပညာရေးကို ဗဟိုချုပ်ကိုင်မှုကျင့်သုံးပြီး လွတ်လပ်တဲ့ ပညာရေးအဖွဲ့အစည်းတွေက အားနည်းသေးတာကြောင့် ကျောင်းသုံးဖတ်စာအုပ် တွေဟာ ”ပါးပါးလေးပေမယ့် အဖျက်စွမ်းအားကြီးတယ်” လို့ ကိုနိုင်အောင်က မှတ်ချက်ပြုပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ အလယ်တန်းပြကျောင်းဆရာ ဆရာစောကျော်မြင့်ဆိုရင် မြန်မာ့သမိုင်း သင်ခန်းစာပို့ချရတဲ့အခါ ပြဋ္ဌာန်းစာအုပ်ပါ ဖော်ပြချက်က ရခိုင်လူမျိုးတွေအတွက် မလုံလောက်တာကြောင့် ရခိုင်လူမျိုးတွေရင်းနှီးတဲ့ သမိုင်းဗဟုသုတတွေနဲ့ နားလည်အောင် ယှဉ်ထိုးပြနေရတယ်လို့ ဆိုပါတယ်။

”ဥပမာ-မြန်မာမင်းတွေမှာ နောက်ဆုံးမင်းက သီပေါမင်းဆိုရင် ရခိုင်မင်းတွေမှာ နောက်ဆုံးမင်းက မဟာသမ္မတရာဇာမင်း ဖြစ်တယ်ဆိုတာမျိုးကို ပြောပြနေရတယ်။ ဒါမှသာ အမြင်စုံသွားတာပေါ့”လို့ သူက ပြောပါတယ်။

နောက်ပြီး လက်ရှိအချိန်အထိ သုံးနေရတဲ့ ပြဋ္ဌာန်းစာအုပ်မှာ မြန်မာလူမျိုး အကြောင်းတွေပဲ ဖော်ပြထားပြီး ရခိုင်လူမျိုးအကြောင်းက သိပ်မတွေ့ရတဲ့အတွက် ကလေးတွေက သိချင်လို့ မေးမြန်းတဲ့အခါ ဆရာတွေက ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းကို ပိုလေ့လာမိတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို ယှဉ်ထိုးဥပမာပေး သင်တဲ့အခါ ဖိအားတစ်စုံတစ်ရာ ကျရောက်နိုင်တာကြောင့် အထက်အရာရှိတွေနဲ့ လုပ်ဖော်ကိုင်ဖက်ဆရာတွေက မသင်ဖို့ သတိပေးတာလည်း ကြုံရတယ်လို့ သူက ပြောပါတယ်။

စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Center of Economic and Social Development – CESD) နဲ့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၃ ဒီဇင်ဘာမှာ ထုတ်ပြန်တဲ့ ‘မြန်မာနိုင်ငံပညာရေးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးပဏာမ အကဲဖြတ်ချက်’ စာတမ်းအရ မြန်မာနိုင်ငံမှာ အစိုးရစနစ်အပြင် အမျိုးမျိုးသော ရပ်ကွက် လူမှုအသိုင်းအဝိုင်းအခြေပြု စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေလည်း ရှိကြတယ်လို့ ဖော်ပြထားပါတယ်။

ဥပမာ-မွန်ပြည်သစ်ပါတီထိန်းချုပ်မှုအောက်မှာရှိတဲ့ မွန်ပြည်နယ်က မွန်အမျိုးသားစာသင်ကျောင်းဖြစ်ပါတယ်။ မွန်အမျိုးသားစာသင်ကျောင်းဆိုတာ မွန်ဘာသာစကားနဲ့ သင်ကြားရုံသာမက ဒေသဆိုင်ရာအကြောင်းအရာတွေကို သင်ကြားခွင့်ပြုထားပါတယ်။

မွန်အမျိုးသားပညာရေးစနစ်နဲ့ အောင်မြင်လာတဲ့ ကျောင်းသားတွေကိုတော့ အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခွင့် ပြုထားပါတယ်။ ဒီစနစ်ဟာ လူမျိုးစုအသီးသီးရဲ့ လိုအင်ဆန္ဒကိုလည်း ပြည့်စုံစေပြီး အားလုံးစုပေါင်းတည်ဆောက်တဲ့ နိုင်ငံတော်ကိုလည်း ဖြစ်တည်စေနိုင်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

 

ဘာသာစကား အဟန့်အတား

အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က တိုင်းရင်းသားတွေက တန်းတူညီမျှမှုမရှိဘူးလို့ ပြောဆိုနေတာကို လေ့လာကြည့်မယ်ဆိုရင် စာသင်ခန်းမှာ မိခင်ဘာသာစကားနဲ့ သင်ယူခွင့်ရရှိရေးကနေ စပြောရလိမ့်မယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ဘာသာစကားနဲ့ ပညာသင်ယူခွင့် ရရှိရေးက အရေးကြီးတဲ့အချက် ဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာမဟုတ်တဲ့ လူမျိုးစုတွေဟာ မြန်မာစကားနဲ့ပဲ သင်နေရတာကြောင့် အကျိုးသက်ရောက်မှုက ကြီးတယ်လို့ သူကဆိုပါတယ်။

ကလေးတွေဟာ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ သင်ရပြီး စာမေးပွဲဖြေတဲ့အခါမှာ ရမှတ်နည်းတာ၊ ကျောင်းတက်ရတာ မပျော်တော့လို့ ကျောင်းထွက်တာ၊ ရမှတ်ပေါ်မူတည်ပြီး အဆင့်မြင့်ပညာကို ရွေးချယ်တဲ့အခါ အခွင့်အရေးနည်းသွားတာ စတဲ့ ဆင့်ကဲအကျိုးဆက်တွေကြောင့် တစ်ကိုယ်ရေတိုးတက်မှုနဲ့ ပရော်ဖက်ရှင်နယ်တိုးတက်မှုတို့ကို အဟန့်အတား ဖြစ်စေတယ်လို့ သူက ရှင်းပြပါတယ်။

”ဒါဟာ ရေထဲကို ခဲလုံးပစ်ချလိုက်သလိုပဲ။ ပစ်ချတဲ့နေရာမှာတင် ပျောက် သွားတာ မဟုတ်ဘဲ လှိုင်းဂယက်က ကမ်းအထိ ရောက်သွားသလိုပေါ့”လို့ သူက ဥပမာပေးပါတယ်။

mawkun-68-cover-story-photo

Photo-Aung Py                     ပညာရေးဝန်ကြီးဌာနက အသုံးပြုနေတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းစာအုပ်

ဒါကြောင့် ကလေးတွေနားလည်တဲ့ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားဖို့ စစ်အစိုးရလက်ထက်ကနေ လက်ရှိ အရပ်သားအစိုးရလက်ထက်အထိ သူက အကြံပြုချက်ပေးတဲ့အခါတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားနိုင်တယ်ဆိုတဲ့ တရားသေအတွေးအခေါ်မျိုးနဲ့ တုံ့ပြန်တာ၊ ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုပြီး အရေးတယူ မလုပ်တာတွေနဲ့ချည်းပဲ ကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။

ယခုအစိုးရလက်ထက်မှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုသင်ကြားဖို့ ဗဟိုကမချုပ်ကိုင်ဘဲ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် သင်ကြားပေးဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ သင်ကြားပို့ချပေးနိုင်ဖို့ တစ်ခါမှ လေ့ကျင့်ပျိုးထောင်မပေးခဲ့တာကြောင့် အဆင်မပြေဖြစ်နေဦးမှာပဲလို့ သူကဆိုပါတယ်။

USAID နဲ့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၆ ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့ ‘ကျောင်းပညာရေးနှင့် ပဋိပက္ခ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားပညာရေးနှင့် မိခင်ဘာသာစကားအခြေပြုသင်ကြားရေး အခြေအနေ’ စာတမ်းရဲ့  အဓိက တွေ့ရှိချက်တွေအရ ကျောင်းတွေမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရေးကို ဇောင်းပေးပြောဆိုတဲ့အခါ ဆရာစရိတ်နဲ့ သင်ထောက်ကူပစ္စည်းတွေအတွက် ကုန်ကျငွေကို ဘယ်သူပေးမလဲ၊ အရည်အချင်း အတွေ့အကြုံပြည့်ဝတဲ့ ဆရာတွေကို ဘယ်လိုရှာဖွေမလဲ စတဲ့ မေးခွန်းတွေပေါ်ထွက်လာပါတယ်။

ဒါ့အပြင် အချို့သင်ရိုးစာအုပ်တွေဟာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေကနေ တိုက်ရိုက်ဘာသာပြန်ယူထားတာဖြစ်ပြီး လူနည်းစုတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတွေကို တိတိကျကျ ထင်ဟပ်နိုင်ခြင်းမရှိ ဖြစ်နေတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒေါက်တာသိန်းလွင်ကလည်း သက်ဆိုင်ရာ မိခင်ဘာသာစကားနဲ့ သင်ကြားမှသာ ကလေးတွေ စာတတ်မြောက်မှု ပိုမိုရရှိလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ကျောင်းတွေမှာ ဘုရားရှိခိုး၊ သီချင်းဆိုရတဲ့ အလေ့အထတွေကိုလည်း ပြောင်းလဲသင့်ပြီး အဲဒီအလေ့အထတွေက အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်းတွေမှာ ပြုလုပ်ရမှာ မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာရေးစာသင်ကျောင်းတွေမှာ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

 

ပညာရေးဝန်ကြီးဌာနက ဘာတွေကို ပြောင်းလဲနေလဲ

အခြေခံပညာဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က စာသင်ကျောင်းမှာ ဘုရားရှိခိုး၊ သီချင်းဆိုတဲ့ အလေ့အထတွေဟာ လက်ဆင့်ကမ်းလာတဲ့ အလေ့အထတွေသာဖြစ်ပြီး စာထုတ်ညွှန်ကြားချက် မဟုတ်တဲ့အတွက် တစ်စုံတစ်ရာ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။

”ဆက်မလုပ်ဖို့ စာထုတ်လိုက်မှသာ နီးစပ်မှုရှိနေတဲ့ ဆက်ဆံရေးကနေ ကွာဟမှုတွေ ဖြစ်လာနိုင်တာပါ။ ဒီတိုင်းက သူ့ဟာသူ အဆင်ပြေနေတယ်” လို့ သူက ပြောပါတယ်။ ဗုဒ္ဓဘာသာအများစု ဖြစ်တဲ့နိုင်ငံမှာ ဓမ္မာရုံအများအပြား ရှိနေတာဟာ ဘာမှပြဿနာမရှိနိုင်တဲ့ သဘောမျိုးပဲလို့ သူက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ NLD အစိုးရလက်ထက် ချမှတ်ထားတဲ့ ပညာရေးမူဝါဒတွေထဲမှာ ဘယ်ကလေးမှ နောက်မချန်စေရ၊ ဘယ်သူမှ ကျောင်းမထွက်စေရ၊ ပြည်မ၊ တောင်တန်း၊ လူနည်းစု၊ လူများစု မခွဲခြားစေရဆိုတဲ့ အစီအစဉ်တွေ ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။

လတ်တလောမှာ သင်ရိုးညွှန်းတမ်း တွေကိုလည်း မူလတန်းအဆင့်ကနေစပြီး အဆင့်ဆင့် ပြောင်းလဲနေပြီဖြစ်ရာ ၂ဝ၂၂ မှာ အပြီးအစီးဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှူး အငြိမ်းစားပါမောက္ခ ဒေါက်တာကျော်ဝင်းက ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ဆိုရင် သင်ရိုးညွှန်းတမ်းတွေနဲ့အတူ သမိုင်းအမြင်တွေကိုပါ ပြောင်းဖို့လိုနေပြီလို့ ဆိုပါတယ်။

သူဟာ စစ်အစိုးရလက်ထက်ကတည်းက သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲခဲ့ရပြီး လက်ရှိမှာလည်း အမျိုးသားသင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီမှာ သမိုင်းပညာရှင်တွေက ရေးဆွဲတဲ့သင်ရိုးကို နိုင်ငံတော်က သွားနေတဲ့ မူဝါဒနဲ့အညီ တည်းဖြတ်၊ အကြံပြုဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။

”ကျွန်တော်တို့နိုင်ငံမှာ လူမျိုးစု အများကြီးရှိတဲ့အတွက် မတူကွဲပြား အနေအထားကနေ စုပေါင်းနေထိုင်နိုင်တဲ့ ပုံစံနဲ့ သွားမှဖြစ်မယ်။ ဒါကြောင့် တိုင်းရင်းသားတွေလည်း နေထိုင်တယ်၊ သူတို့ရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်မယ်၊ တန်းတူရည်တူ အခွင့်အရေးပေးရမယ် ဆိုတာမျိုးကို ဘက်ပေါင်းစုံက ချဉ်းကပ်တဲ့နည်းနဲ့ သွားရမယ်”လို့ သူက ပြောပါတယ်။

အရင်က သင်ရိုးညွှန်းတမ်းမှာ ပထမမြန်မာနိုင်ငံတော်လို အသုံးအနှုန်းမျိုး ပါဝင်တာဟာ မြန်မာတွေက ကြီးစိုးထား သလိုဖြစ်နေတာကြောင့် ”ခုပြင်လိုက်တဲ့ သင်ရိုးညွှန်းတမ်းမှာက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်လို့ မပြောတော့ဘူး။ ပုဂံခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်လို့ပဲ ဖော်ပြထားတယ်”လို့ သူက ရှင်းပြပါတယ်။

Photo-Kaung Htet San                                                             ပညာရေးဝန်ကြီးဌာနရဲ့ဆောင်ပုဒ်

နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လိပ်ခဲတည်းလည်း ဖြစ်နေတာကလည်း တိုင်းရင်းသား တွေခံစားနေရတဲ့ မြန်မာကြီးစိုးရေးဝါဒကို လျှော့ချဖို့လိုနေပြီဆိုတဲ့ တပ်လှန့်သံပဲလို့ သူက ဆိုပါတယ်။

စစ်အစိုးရလက်ထက်မှာ သမိုင်းသင်ရိုးရေးဆွဲတဲ့အခါ သင်ရိုးညွှန်းတမ်းကော်မတီက ရေးဆွဲသမျှကို ဘာမှအကြံပြုခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။

သမိုင်းဂုဏ်ထူးတန်းနောက်ဆုံးနှစ် ကျောင်းသား ကိုနိုင်အောင်ကတော့ ”အသစ်ပြောင်းလဲလာမယ့် သမိုင်းသင်ရိုးဟာ အားလုံးလက်ခံနိုင်တဲ့ အချက်လက်တွေ ပါမှာလား၊  ဒါမှမဟုတ် အငြင်းပွားစရာတွေ ဖြစ်လာနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပဲ”လို့ ဆိုပါတယ်။

 

ဗဟိုချုပ်ကိုင်မှု လျှော့ချပါ

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ အမှူဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ပညာရေးပြုပြင်ပြောင်းလဲမှုဟာ လူထုပါဝင်မှုအခန်းကဏ္ဍ လျော့နည်းနေတာကြောင့် စောင့်ကြည့်ရမယ့် အခြေအနေမှာသာ ရှိနေပြီး လောလောဆယ်မှာတော့ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုကို မမြင်ရသေးဘူးလို့ ဆိုပါတယ်။

”ပညာရေးကို ဘယ်လိုပြုပြင် ပြောင်းလဲမယ်၊ ဘယ်ဟာကစံတန်ဖိုးတွေ ဖြစ်တယ်ဆိုတာကို မြင်သာအောင် မူဝါဒမှာ ချမပြထားဘူး။ မြင်သာမှုမရှိတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က နောက်ပြန်လန်ကျသွားရင်တောင် ပြည်သူက ဘာမျှသိလိုက်ရမှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာတော့ ဗဟုဝါဒစံတန်ဖိုးဖြစ်တဲ့ အယူအဆအမျိုးမျိုး အတွေးအခေါ် အသွယ်သွယ်ရဲ့ ပြိုင်ဆိုင်မှုကို လက်ခံနိုင်ဖို့ လက်ရှိအချိန်အထိ အဆင်သင့်ဖြစ်မနေဘူးလို့ သူက ဆိုပါတယ်။

”ဗဟုဝါဒရဲ့အခြေခံသဘော မရှိလာတဲ့အခါကျတော့ ကွဲပြားမှုတွေရှိတဲ့ တိုင်းပြည်မှာ ပဋိပက္ခတွေဖြစ်နိုင်ခြေ အရမ်းများတယ်”လို့ ဦးမြတ်ကိုကိုက ပြောပါတယ်။

နောက်ပြီး သူရဲ့လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံအတွင်းက ပြည်နယ် တွေနဲ့ ပြည်မကြားက ဆင်းရဲချမ်းသာ ကွာဟမှုကလည်း လူမျိုးရေးသရုပ်လက္ခဏာပေါ် အခြေခံပြီး အုပ်ချုပ်သူလူတန်းစားက သမိုင်းတစ်လျှောက် ရည်ရွယ်ချက်ရှိရှိ လက်ဝါးကြီးအုပ်ထားမှုကြောင့်သာ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

လူမျိုးအချင်းချင်းအကြားမှာ လူမျိုးရေးသိစိတ်ကို စတင်ဖြစ်ပေါ်စေတာ ကတော့ မကျေနပ်ချက်၊ နာကြည်းချက်တွေဖြစ်ပြီး ဒါတွေဟာ တန်းတူအခွင့်အရေးမရရှိမှု၊ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူမဖြစ်ဘဲ ဖယ်ထုတ်ခံရမှုတွေအပေါ် အခြေခံတယ်လို့ ဦးမြတ်ကိုကိုက ရှင်းပြပါတယ်။

မုခ်ဦးပညာရေးမှ ဒါရိုက်တာ ဦးအောင်မြတ်စိုးကလည်း သင်ရိုးညွှန်းတမ်းတွေဟာ အမြင်စုံစုံလင်လင်နဲ့ တရားမျှတဖို့လိုတယ်လို့ ဆိုပါတယ်။

မုခ်ဦးပညာရေးဟာ ၂ဝ၁၃ မှာ စတင်တည်ထောင်ခဲ့ပြီး ပညာရေးမှတစ်ဆင့် လူမှုတရားမျှတမှုကို မြှင့်တင်ပေးဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Photo-Kaung Htet San                                                          ချင်းပြည်နယ်ရှိ အစိုးရစာသင်ကျောင်း  

မုခ်ဦးပညာရေးက ထုတ်ဝေတဲ့ ကျောင်းသားလက်စွဲ မြန်မာ့သမိုင်းစာအုပ်မှာဆိုရင် ယနေ့ခေတ်အထိ မြန်မာ့ သမိုင်းကို မှတ်တမ်းအခြေပြု လေ့လာနိုင်အောင်ပြုစုထားပြီး အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဘက်လိုက်မှုကို ခွဲခြားဖော်ထုတ်ခြင်းနဲ့ အမြင်ရှုထောင့်အမျိုးမျိုးကနေ နှိုင်းယှဉ်ခြင်းတွေကို မိတ်ဆက်ပေးထားပါတယ်။

အဲဒီထဲမှာ ပင်လုံသဘောတူညီချက်၊ အခြေခံဥပဒေ၊ အမျိုးသားရေးဝါဒနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကွဲလွဲမှု အကြောင်းရင်းတွေကိုပါ လေ့လာဆန်းစစ်နိုင်အောင် ထည့်သွင်းပြုစုထားပါတယ်။ ဒီလက်စွဲစာအုပ်ဟာ အစိုးရသင်ရိုးညွှန်းတမ်းထဲမှာ မပါသေးဘဲ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဆရာဖြစ်သင်တန်းတွေမှာ ကိုးကားဖို့ သုံးတယ်လို့ ဆိုပါတယ်။

မုခ်ဦးပညာရေးအနေနဲ့လည်း ဆရာစွမ်းရည်မြှင့်သင်တန်းတွေ၊ သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲတွေကို မြန်မာပြည်အနှံ့က တက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်တွေမှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ ဦးအောင်မြတ်စိုးက ရှင်းပြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ဆိုရင် သင်ကြားပြသပေးမယ့် ဆရာတွေရဲ့ ကျွမ်းကျင်မှုက အင်မတန်အရေးကြီးတယ်လို့  သူကဆိုပါတယ်။

အတိတ်ကာလ တစ်လျှောက်လုံးမှာ စေတနာနဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ တာဝန်ကျေရုံသာသွားခဲ့တဲ့ လူ့အဖွဲ့ အစည်းဟာ ပျက်လုနီးပါးဖြစ်လာခဲ့ပြီး”ဖက်ဒရယ်ပြည်ထောင်စုတောင် နားမလည်တဲ့ ဆရာတစ်ယောက်က ပြည်ထောင်စုသားသမီးတွေ ဘယ်လိုလုပ် မွေးထုတ်မလဲဆိုတဲ့ ပြဿနာတွေ အများကြီးရှိလာတယ်”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ရေမြေတောတောင်နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိတဲ့အတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားတတ်အောင်၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ၊ သဘာဝအလှတွေကို စုံလင်နားလည်အောင် သင်ကြားပေးနိုင်မယ်ဆိုရင် ”ပြည်ထောင်စုက သိပ်လှမယ်”လို့ သူက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုပါက ပညာရေးမှာ ”ဗဟိုချုပ်ကိုင်မှုကို မလျှော့ချဘဲ ပါးစပ်က ပြောနေရုံနဲ့ ဘယ်တော့မှ မရနိုင်ဘူး”လို့ သူက ပြောပါတယ်။

‘မြန်မာနိုင်ငံပညာရေးတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ပဏာမအကဲဖြတ်ချက်’ စာတမ်းဖော်ပြချက်အရ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြစ်တဲ့ အာဏာ၊ တာဝန်နဲ့ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို အောက်အဆင့်တွေဆီသို့ ခွဲဝေလျှော့ချ ပေးမှုပုံသဏ္ဌာန်တစ်ရပ်အဖြစ် ၁၉၈ဝ ကျော်နှစ်တွေကစလို့ ကမ္ဘာမှာ လူအများနားလည် နှစ်သက်သဘောကျလာခဲ့ကြပါတယ်။

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကြောင့် လူမျိုးရေးပဋိပက္ခကို လျှော့ချပေးနိုင်တဲ့ အလားအလာရှိပါတယ်။ ပညာရေးကဏ္ဍမှာဆိုရင် မူဝါဒဖွံ့ဖြိုးတိုးတက်မှု၊ သင်ရိုးညွှန်းတမ်းများအား တီထွင်ဆန်းသစ်မှု သို့မဟုတ် ပြန်လည်ပြင်ဆင်မှုနဲ့ ကျောင်းသားအကဲဖြတ်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က ပညာရေးဟာ ငယ်စဉ်ကတည်းက စိတ်ထဲ၊ နှလုံးသားထဲမှာ စွဲမြဲအောင်စိုက်ပျိုးပေးတဲ့ မျိုးစေ့လေးဖြစ်တဲ့အတွက် မိမိအပါအဝင် အားလုံးကို တန်းတူလေးစားတဲ့စိတ်၊ ပူးပေါင်းဆောင်ရွက်တဲ့စိတ်၊ နေရာဒေသအသီးသီးက ထင်ရှားတဲ့ဝိသေသတွေကို ရင်းနှီးတန်ဖိုးထားတဲ့စိတ် စတဲ့ ၂၁ ရာစုမှာ လိုအပ်တဲ့ အရည်အချင်းကို ပျိုးထောင်ပေးဖို့ မဖြစ်မနေလိုအပ်နေပြီလို့ ဆိုပါတယ်။

”ကျွန်တော် ထင်တယ်၊ ဒါတွေပျက်ကွက်ခဲ့ရင် ငြိမ်းချမ်းရေးစာချုပ်မှာ နောက်ဆုံးပိတ် လက်မှတ်ထိုးပြီးရင်တောင် ပြဿနာပြန်မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး” လို့ သူက မှတ်ချက်ပြုပါတယ်။

အမျိုးအစား - မျက်နှာဖုံးဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."