၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Feature ဖြစ်ပါသည်။
အောင်ပိုင်ရေးသည်။
ဟင်္သာတ(မေ၊ ၂ဝ၁၉)
ညမှောင်မှောင်သန်းခေါင်ယံ လေတဟူးဟူးတိုက်ခတ်နေချိန် ရွှေကူကျွန်းခေါ် ရွှေဟင်္သာကျွန်းရဲ့ ဆယ်အိမ်မှူး ဦးသန်းထွန်းနဲ့အတူ အပေါင်းအဖော် ရွာသားနှစ်ယောက်ဟာ ငုတ်တုတ်ထိုင်လိုက်၊ စကားပြောလိုက်၊ ခဏမှေးလိုက်နဲ့ ဧရာဝတီမြစ်ကမ်းပါးဘေးမှာ အလှည့်ကျ ကင်းစောင့်နေကြပါတယ်။ လူလေးရပ်စာလောက် အမြင့်ရှိတဲ့ မြစ်ကမ်းပါးယံဟာ လောလောလတ်လတ် ပြိုကျထားလို့ ၇ဝ ဒီဂရီလောက် မတ်စောက်နေပါတယ်။
သုံးယောက်သား ကင်းစောင့်ရင်း စကားပြောနေချိန်မှာ မြစ်ပြင်ထဲက မော်တော်တစ်စီးရဲ့ အင်ဂျင်စက်သံက သူတို့နားထဲ တိုးဝင်လာပါတယ်။ ချက်ချင်းဆိုသလို ရွာထဲဝင်သွားပြီး အသိပေးလိုက်တဲ့အခါ လူတွေက ကိုယ်စီအသင့်ဆောင်ထားတဲ့ လေးခွနဲ့ ဓာတ်မီးတွေကိုယူပြီး ကမ်းပါးနားကို အလျှိုလျှိုထွက်လိုက် လာကြပါတယ်။
အဲဒီနောက် မြစ်ထဲမှာ အဆင့်သင့်ချထားတဲ့ လှေပေါ်တက်ပြီး အသံကြားရာ မီးခပ်မှိန်မှိန်ထွန်းထားတဲ့ မော်တော်ဆီကို ဦးတည်မောင်းသွားပါတယ်။ မော်တော်နားရောက်တဲ့အခါမှာတော့ မော်တော်ကို လေးခွနဲ့ပစ်တဲ့သူကပစ် ဓာတ်မီးနဲ့ ထိုးသူကထိုး၊ အော်ဟစ်မောင်းလွှတ်ကြပါတော့တယ်။
ဒါပေမဲ့ ဦးသန်းထွန်းတို့အုပ်စုဟာ မော်တော်နားကို မကပ်ရဲကြပါဘူး။ မော်တော်ပေါ်က လူတွေက ပြန်အန္တရာယ်ပြုတတ်တာကြောင့် လေးခွတစ်ပစ်စာကနေပဲ ခြောက်လှန့်နေရတာပါ။
ခဏအကြာမှာတော့ အဲဒီမော်တော်ဟာ ကျောက်နုတ်ပြီး ရွှေကူကျွန်းသားတွေရဲ့ ပစ်မှတ်ထဲကနေ ရှောင်ပြေးသွားရပါတော့တယ်။ သူတို့ ခုလိုကင်းစောင့်လိုက်၊ ရောက်လာတဲ့ ကျောက်စုပ်မော်တော်တွေကို မောင်းလွှတ်လိုက် လုပ်နေရတာဟာ အခုမှမဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကတည်းက ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဘက်အခြမ်းက ဟင်္သာတမြို့နယ်ကနေ မအူပင်မြို့နယ်အထိ မြစ်ကမ်းပါးပြိုနှုန်း မြင့်နေတာကြောင့် မြစ်ကြောင်းတစ်လျှောက် မြစ်ကျောက်စုပ်လုပ်ကွက်တွေ အားလုံးကို ပိတ်သိမ်းထားပြီးဖြစ်ပေမယ့် ခိုးစုပ်နေတဲ့ မော်တော်တွေ၊ လုပ်ကွက်ကျော်စုပ်နေတဲ့မော်တော်တွေ ရှိနေတာကြောင့် ဦးသန်းထွန်းတို့လို မြစ်ကမ်းနံဘေး နေရတဲ့သူတွေဟာ သူတို့ကျွန်းတွေ မပျောက်ပျက်ဖို့ တတ်နိုင်သလောက် ကာကွယ်နေရတာဖြစ်ပါတယ်။
ခိုးစုပ်၊ ကျော်စုပ်နေတဲ့ မော်တော်တွေအားလုံးကို ဖမ်းဆီးဖို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို တိုင်ကြားထားပေမယ့် ဘယ်သူကမှ စောင့်ကြည့်မပေးတာကြောင့် “ကိုယ်တိုင် ကင်းစောင့် မောင်းလွှတ်နေရတယ်” လို့ ဆယ်အိမ်မှူး ဦးသန်းထွန်းက ပြောပါတယ်။
သူတို့ အိပ်ရေးပျက်ခံပြီး ကင်းစောင့်ရသလို ရွာထဲမှာရှိတဲ့သူတွေကလည်း သူတို့ရဲ့ အိမ်၊ သူတို့ရဲ့ စိုက်ပျိုးမြေတွေ ဘယ်အချိန် ရေတိုက်စားခံရမလဲဆိုတဲ့ သောကနဲ့ အိပ်ကောင်းခြင်း အိပ်ရတာတော့ မဟုတ်ပါဘူး။ ရွှေကူကျွန်းဟာ အရင်တုန်းက ဧက ၇ဝဝ လောက် ရှိပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကမ်းပါးတွေပြိုကျ၊ ရေတိုက်စားလာတာကြောင့် ဧက ၂ဝဝ လောက် ဧရာဝတီမြစ်ထဲ ပြုတ်ကျသွားခဲ့ပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
မြစ်ကြောင်းတွေထဲက သဲကျောက်စုပ်တဲ့လုပ်ငန်းတွေကို စနစ်တကျ စိစစ်ကြဖို့လိုပြီး ဒီလုပ်ငန်းတွေက စည်းကမ်းမဲ့ မဆင်ခြင်မှုတွေ များပြားလာတဲ့အခါ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျောက်တာ၊ အဆောက်အအုံတွေ ပျက်စီးတာတွေဖြစ်ပြီး နောက်ဆက်တွဲ ကျူးကျော်ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေ အထိ ကြုံလာနိုင်တယ်လို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၊ အကြံပေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာ ခင်နီနီသိန်းက ဆိုပါတယ်။
သူက ကမ္ဘာ့ဘဏ်နဲ့အစိုးရ ပူးတွဲအကောင်အထည်ဖော်နေတဲ့ ဧရာဝတီမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှာလည်း ပါဝင်ဆောင်ရွက်နေသူပါ။
မြစ်အတွင်း သဲ၊ ကျောက် မဆင်မခြင်ထုတ်ယူကြတဲ့ ပြဿနာကြောင့် ကမ်းပါးပြိုတာတွေ၊ ရေလမ်းကြောင်းပြောင်း တာတွေ ဖြစ်ပေါ်နိုင်သလို ဒီလိုဘေးအန္တရာယ်မျိုးက သဘာဝကြောင့် မဟုတ်ဘဲ လူတွေရဲ့လုပ်ရပ်ကြောင့် ဖြစ်ပွားရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒါကြောင့် အချိန်မီ ထိန်းသိမ်းကြပ်မတ်မှုတွေမလုပ်နိုင်ရင် ““အစိုးရ၊ ပြည်သူ၊ စီးပွားရေးစတဲ့ ကွင်းဆက်တွေ အကုန်ထိခိုက် လာနိုင်တယ်””လို့ ဒေါက်တာခင်နီနီသိန်းက ပြောပါတယ်။
ဧရာဝတီမြစ်ဟာ ၂,၂၁ဝ ကီလိုမီတာ (၁၃၇၃.၂၃ မိုင်) ရှည်လျားပါတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ မြို့ပေါင်း ၇ဝ ကျော်ရှိပြီး ပျမ်းမျှလူဦးရေသုံးသန်းခန့် နေထိုင်လျက် ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် မောင်မြင့်ဇော်က “သုတေသနအားဖြင့် ပြောဆိုရန် လိုအပ်လာ သဖြင့် တင်ပြခြင်း (မြစ်ဆုံရေကာတာ)” စာအုပ်မှာ ရေးသားထားပါတယ်။
ဧရာဝတီမြစ်ဝှမ်းလွင်ပြင်တစ်ခုလုံးမှာ နိုင်ငံရဲ့လူဦးရေ ၆၁ ရာခိုင်နှုန်းဝန်းကျင် မှီတင်းနေထိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူ စိမ်းရောင်စို/ သဘာဝစိမ်းရဲ့ အဖွဲ့ဝင် ဦးမောင်မောင်ဦးက ဆိုပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ လူဦးရေရာခိုင်နှုန်းထက်ဝက်ကျော်နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ မြစ် ကြောင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ စနစ်ကျတဲ့ စီမံခန့်ခွဲမှုက တော့ မရှိသေးဘူးလို့ သူကပြောပါတယ်။
မြစ်သဲကျောက် မဆင်မခြင်စုပ်ထုတ်မှုကြောင့် ကမ်းပါးပြို တဲ့ ရွာတွေ၊ ကျွန်းတွေရဲ့ အရေအတွက်ဟာ ဘယ်လောက်ရှိလဲဆိုတာ အတိအကျမသိနိုင်ပေမယ့် “မြစ်ညာဘက်ဖြစ်တဲ့ ဧရာဝတီမြစ်အထက်ပိုင်း ဗန်းမော်ကနေ မြစ်အကြေပိုင်းဖြစ်တဲ့ဧရာဝတီမြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသအထိ တစ် လျှောက်လုံးမှာ အများကြီးရှိနေတယ်” လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။
ပျက်စီးလာတဲ့ မြစ်ကမ်းပါးများ
ရွှေကူကျွန်းခေါ် ရွှေဟင်္သာကျွန်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရဲ့ အရှေ့အရပ်၊ ရွှေကူရပ်ကွက်ပိုင်ထဲမှာ ဖြစ်ပါတယ်။ ဒီကျွန်းမှာ အိမ်ခြေ ၃ဝဝ ဝန်းကျင်ရှိပြီး လူဦးရေ ၁,၅ဝဝ ခန့် နေထိုင်ပါတယ်။ ရွှေကူကျွန်းက ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေတာဖြစ်ပြီး ကျွန်းအနောက်ဘက်က ဟင်္သာတမြို့နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
ရွှေကူကျွန်းကပ်လျက်က ပခန်းကျွန်းနဲ့ တောင်လုံးစုံ ကျေးရွာတွေမှာ နေထိုင်ကြသူတွေအဖို့လည်း အခုကာလမှာ ခေါင်းပြားအောင် မအိပ်နိုင်ကြပါဘူး။ မြစ်ထဲကို တဝုန်းဝုန်းပြိုကျနေတဲ့ ကမ်းပါးတွေထဲ သူတို့ရဲ့ စိုက်ခင်းတွေ၊ နေအိမ်တွေ အတော်များများလည်း ပါသွားခဲ့ပြီး ဖြစ်ပါတယ်။
မော်ကွန်းက သွားရောက်လေ့လာခဲ့စဉ်မှာတော့ ကမ်းပါးတွေဟာ ပေါင်မုန့်ကြမ်းကို ဓားနဲ့ လှီးထားသလိုမျိုး ပြတ်ကျနေပြီး ပြုတ်ကျခါနီး ပဲခင်းတွေကလည်း မြစ်ကမ်းပါးစောင်းမှာ တွဲလွဲခိုနေတာကို တွေ့ရပါတယ်။
တချို့ကမ်းပါးတွေဆို မျက်စိရှေ့တင် လောလောလတ်လတ်ကို တဝုန်းဝုန်းပဲ့ကျလျက်ရှိပါတယ်။ မြစ်ရေပြင်မှာလည်း ပဲ့ကျလာတဲ့ မြေကြီးတွေကြောင့် ကော်ဖီရောင်အမြှုပ်တွေနဲ့ ပြတ်ကျလာတဲ့ ပဲပင်တွေဟာ အရောရောအထွေးထွေး မျောပါလျက်ရှိပါတယ်။
ဧရာဝတီမြစ်ကြောင်းထဲမှာတော့ စက်သံတညံညံနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ မြစ်သဲကျောက်စုပ်မော်တော်ယာဉ်တွေကို ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့ မြစ်ကြောင်းတစ်လျှောက် အတော် လှမ်းလှမ်းအထိ မြင်နေရပါတယ်။
ဒေသခံတွေကို သွားရောက်တွေ့ဆုံစဉ်မှာတော့ မမေးရသေးခင်မှာဘဲ ပြောပြချင်နေတဲ့စကားတွေဟာ ခရားရေသွန်သလို တဝေါဝေါ ထွက်ကျလာပြီး သူတို့ကြုံနေရတဲ့ ပြဿနာတွေကို “ဘာလုပ်ပေးနိုင်မလဲ၊ အမြန်ဆုံး ဘယ်လိုဖြေရှင်းပေးနိုင်မလဲ’’ ဆိုတဲ့ အလွန်အမင်းသိလိုဇောတွေနဲ့ ဝိုင်းဝန်းမေးမြန်းခဲ့ကြပါတယ်။
“ဒီကျောက်စုပ် သင်္ဘောတွေကြောင့် ကိုင်းတွေလည်း အတော်များများ ဆုံးရှုံးခဲ့ရပြီ။ နောက် နှစ်လလောက်ဆို ခုနေနေတဲ့ အိမ်တွေလည်း မသေချာတော့ဘူး။ တချို့ဆို ကမ်းနဲ့ဝေးရာမှာ မြေနေရာ ကြိုဝယ်ထားကြရတယ်’’ လို့ ဒေသခံလည်း ဖြစ်၊ ရပ်ရွာရဲ့ ဆယ်အိမ်မှူးလည်းဖြစ်သူ ဦးသန်းထွန်းက ကျောက်စုပ်သင်္ဘောတွေကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြောပါတယ်။
သူ့အိမ်ကလည်း လောလောဆယ်မှာ မရွှေ့ပြောင်းရသေးပေမယ့် နောက် နှစ်လလောက်ဆို မသေချာတော့ဘူးလို့ ပြောပါတယ်။ တချို့အိမ်တွေဆို ကမ်းနဲ့ ဝေးနိုင်သမျှဝေးရာ ရွှေ့ပြောင်းကုန်ကြလို့ ဝါးလုံးတိုင်တွေပဲ ကျန်နေတာ တွေ့ခဲ့ရပါတယ်။
ရွှေကူကျွန်းနဲ့ကပ်လျက် ပခန်းကျွန်းရဲ့ ဆယ်အိမ်မှူးဖြစ်သူ ဦးဆန်းဆင့်ကတော့ သူတို့အခုလို ကမ်းပါးပြိုမှုတွေနဲ့ ကြုံလာရတာဟာ အခုနောက်ပိုင်း သဲကျောက်စုပ်သင်္ဘောတွေ၊ မော်တော်တွေ မြစ်ကြောင်းအတွင်း ပိုများလာတာ၊ လိုင်စင်ချထားပေးတဲ့ လုပ်ကွက်နယ်နိမိတ်တွေထက် ကျော်လွန်စုပ်ယူလာကြတာနဲ့ နေ့ရောညပါ မြစ်သဲကျောက် စုပ်ယူကြတာတွေ အရှိန်မြင့်လာတဲ့ နောက်ပိုင်း ပြဿနာတွေလည်း ပိုဆိုးလာတယ်လို့ ပြောပြတယ်။
ပခန်းကျွန်းက ဒေသခံတစ်ဦးဖြစ်သူ ဦးသန်းနိုင်က “မနှစ် ကဆို ကိုင်းမြေတွေ ပါသွားပြီး လုပ်ကိုင်စားသောက်စရာ မရှိတော့လို့ ရွာကနေ ပြောင်းသွားတာ အိမ်ခြေ ၁၅ လုံးလောက်ရှိတယ်။ အခုကျောက်စုပ်နေတဲ့ မြစ်ထဲကနေရာတွေက အရင်က ပခန်းအပိုင်(မြေ)တွေပေါ့” လို့ ဧရာဝတီမြစ်ကြောင်းထဲက သဲကျောက်စုပ်ယူနေတဲ့ မော်တော်တစ်အုပ်ကို ညွှန်ပြရင်း သူကရှင်းပြပါတယ်။
ဒီကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်နေသူတို့ မြို့နယ်ရုံး၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရေအရင်းအမြစ် ဦးစီးဌာန၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့တို့ကို သွားရောက်တိုင်ကြားခဲ့ပေမယ့် လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခဲ့တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဆယ်အိမ်မှူး ဦးဆန်းဆင့်ကတော့ ရွာအနီး မြစ်ကြောင်းထဲမှာ သဲတွေ စုပ်ယူနေကြတာတွေ့လို့ သက်ဆိုင်ရာကို ဖမ်းဆီးပေးဖို့ အမျိုးမျိုး တိုင်ကြားခဲ့ပေမယ့် ဒီနေ့အထိတော့ “ဘာမှ ထူးမလာဘူး။ ဆက်လုပ်နေကြတာပဲ” လို့ ပြောပါတယ်။
ထိန်းသိမ်းဖို့ခက်ခဲနေ
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ဟင်္သာတခရိုင်) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ဌာနအနေနဲ့ ဒီပြဿနာတွေကို လုံးဝလျစ်လျူရှုထားတာ မဟုတ်ဘဲ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်အရေးယူ ဆောင်ရွက်နေတယ်လို့ မော်ကွန်းကို ပြောပါတယ်။ ဒါကြောင့်လည်း ဒေသခံတွေက တိုင်ကြားလာလို့ တရားစွဲဆိုထားတဲ့အမှု ခုနစ်မှုလောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဟင်္သာတကနေ မအူပင်အထိ မြစ်သဲကိုသာ ထုတ်ယူခွင့်ပေးထားပြီး ကျောက်စရစ်ထုတ်ယူမှုကို လုံးဝရပ် ဆိုင်းထားဖို့ ဖေဖော်ဝါရီလက ဧရာဝတီတိုင်းဒေသကြီး အစိုးရကို သဘောထားမှတ်ချက် တင်ပြထားတယ်လို့ သူက ပြောပါတယ်။
“ကမ်းပါးတွေ ပြိုလာတာ များလာတာကြောင့်နဲ့ တရား မဝင်ခိုးစုပ်တာတွေ၊ အလွန်အကျွံ စုပ်တာတွေကို ထိန်းချုပ်ဖို့ မနိုင်မနင်း ဖြစ်နေတာကြောင့် ပိတ်လိုက်ဖို့ သဘောထား မှတ်ချက်ပေးရတာ” လို့ သူက ပြောပါတယ်။
ဒါကြောင့် ဟင်္သာတကနေ မအူပင်အထိ မြစ်ကြောင်းတစ်လျှောက်မှာ မြစ်ကျောက်လုပ်ကွက်ကို လုံးဝ ခွင့်မပြုတော့ပါဘူး။ ကျောက်လာစုပ်တာရှိရင်တော့ ချက်ချင်းအရေးယူရမှာပဲလို့ သူက ပြောပါတယ်။ ဒါပေမဲ့ မြစ်ကြောင်းထဲမှာတော့ ခိုးစုပ်၊ မစုပ်ကို စောင့်ကြည့်မယ့်သူ မရှိတာကြောင့် လုံးဝမရှိဘူးလို့ ပြောနိုင်ဖို့တော့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။
မြစ်ချောင်းအတွင်း မြစ်သဲကျောက်စုပ်တော့မယ်ဆိုပါက အရင်ဦးဆုံး သက်ဆိုင်ရာမြို့နယ်ရဲ့ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ရေစီးဆင်းမှု၊ ကမ်းပြိုနိုင်မှုနဲ့ ရေကြောင်းသွားလာမှုတို့ကို ထိခိုက်မှုရှိ၊ မရှိဆိုတဲ့ အချက်သုံးချက်ကို အဓိကထား သဘောထားမှတ်ချက်ပေးရတယ်လို့ သူကရှင်းပြပါတယ်။
တကယ်တမ်း မြစ်သဲကျောက်စုပ်တာဟာ မြစ်ကြောင်းအလယ်မှာ သောင်ထွန်းနေရင် ရေစီးရေလာကောင်းအောင်၊ ရေလမ်းကြောင်းရှင်းအောင် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ခွင့် ပြုထားတဲ့အကွက်မှာ၊ သတ်မှတ်ထားတဲ့ ကျင်းအရေအတွက်အတိုင်း ထုတ်ယူရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ထုတ်ယူဖို့ သတ်မှတ်ထားတဲ့ ကျင်းအရေအတွက်အလိုက် လုပ်ငန်းရှင်တွေက အထွေထွေအုပ်ချုပ်ရေးစီးဌာနမှာ မြစ်သဲတစ်ကျင်းလျှင် ၅ဝဝ ကျပ်နဲ့ မြစ်ကျောက်တစ်ကျင်းလျှင် ၂,၅ဝဝ ကျပ်ကို ဓာတ်သတ္တုခွန်အဖြစ် ပေးသွင်းရပါတယ်။
မြစ်သဲရောင်းဈေးမှာ တစ်ကျင်းကို တစ်သောင်းခွဲကျပ်ဖြစ်ပြီး မြစ်ကျောက်ရောင်းဈေးမှာ ခြောက်သောင်းခွဲကျပ်လို့ ဟင်္သာတမြို့နယ်က မြစ်သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်း တစ်ခုက ပြောပါတယ်။
အခုလို ခိုးစုပ်နေတာကို ထိထိရောက်ရောက် အရေးမယူနိုင်တာနဲ့ ပတ်သက်ပြီး ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို သွားရောက်မေးမြန်းခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေရဲ့ အားနည်းချက်ကြောင့် ထိန်းရသိမ်းရတာအခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဥပဒေမှာ လိုက်နာရမယ့် သတ်မှတ်ချက်ကို မလိုက်နာတဲ့ မြစ်သဲကျောက်စုပ်လုပ်ငန်းတွေကို ရေအရင်း အမြစ်နှင့် မြစ် ချောင်းများ ထိန်းသိမ်းရေးဥပဒေနဲ့ တရားစွဲဆိုတဲ့အခါ အလုပ်တွေကို ရပ်ဆိုင်းထားစရာမလိုဘဲ အာမခံယူထားပြီး အလုပ်ဆက်လုပ်လို့ ရနေတဲ့အတွက် ထိန်းသိမ်းရတာ အခက်အခဲဖြစ်နေတာကြောင့် ဒေသန္တရအမိန့်ကို တောင်းခံထားတယ်လို့ သူက ဆိုပါတယ်။
“ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ဒေသန္တရအမိန့် (ပုဒ်မ ၁၈၈) ထုတ်ပြန်ပေးဖို့ (ဧရာဝတီ)တိုင်းအစိုးရကို တင်ပြ ထားတယ်” လို့ မတ်လ ၁၁ ရက်မှာ သူက ပြောပါတယ်။
ဧပြီ ၁၂ ရက်မှာတော့ တောင်းခံထားတဲ့ ဒေသန္တရအမိန့် ရောက်လာပြီး ဟင်္သာတမြို့နယ်မှာ စတင်အသက်ဝင်ပြီလို့ ဦးမျိုးအောင်က ပြောပါတယ်။
ဒါ့အပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်ကိုမလိုက်နာတဲ့ မြစ်သဲကျောက်လုပ်ငန်းတွေကို မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တစ်ခါတည်း အရေးယူလို့ရတယ်လို့ သူက ပြောပါတယ်။
အဆိုပါ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ မှာ ပြစ်ဒဏ်သတ်မှတ်ချက်အဖြစ် ထောင်ဒဏ် ခြောက်လ ပါဝင်ပါတယ်။ ခုချိန်အထိတော့ ဒေသန္တရအမိန့်နဲ့ အရေးယူထားတာ မရှိသေးပါဘူးလို့ ဦးမျိုးအောင်က ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၄၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက “မြစ်သဲကျောက်တွေ ပရမ်းပတာစုပ်လေ ကမ်းပါးတွေပြိုကျလေလို့ ကျွန်တော်က ယူဆတယ်။ သတ်မှတ်ထားတဲ့ နေရာမှာ ကျင်းတစ်သောင်းဆို ကျင်းတစ်သောင်းပဲထုတ်တာကို စောင့်ကြည့်ရမယ်။ ပြီးရင် သိမ်းလိုက်တော့။ တစ်နေ့လုံး စုပ်နေလို့ မရဘူး” လို့ သူကပြောပါတယ်။
ဒါပေမဲ့ အဂတိဆိုတာ နေရာတိုင်းမှာရှိနေတဲ့အတွက် ဌာနဆိုင်ရာတွေမှာ လုပ်ငန်းရှင်တွေနဲ့ လာဘ်ပေးလာဘ်ယူတွေ ရှိနေရင် လုပ်နိုင်ဖို့ ခက်ခဲတယ်လို့ သူကပြောပါတယ်။
ကြပ်မတ်မှုအားနည်းနေ
မြစ်သဲကျောက်စုပ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ အသံကိုရဖို့ မြစ်သဲကျောက်လုပ်ငန်းရှင်၊ ကျောက်ကွင်း တာဝန်ခံနဲ့ မြစ်သဲကျောက်စုပ် မော်တော်ယာဉ်ပိုင်ရှင်တို့ကို မော်ကွန်းကတွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
ဟင်္သာတမြို့နယ်မှ မြစ်သဲကျောက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးသန်းမြင့်က သူတို့အနေနဲ့ တရားဝင် ဂရန်ကျထားတဲ့ အကွက်အတိုင်း စုပ်တာဖြစ်ပြီး ခိုးစုပ်နေတာတွေကြောင့်သာ အခုလို ကမ်းပြို ကမ်းစား ဖြစ်နေတာလို့ ပြောပါတယ်။
“အခုလည်း ဟင်္သာတဘက်အခြမ်းက လုပ်ငန်းတွေအား လုံးကို ရပ်ဆိုင်းထားတာ ၉ လပိုင်းကတည်းက။ အခု လုပ်နေတာ တွေက ပဲခူးတိုင်းဘက်အခြမ်းကသာ ကျော်စုပ်နေကြတာ” လို့ ဦးသန်းမြင့်က ပြောပါတယ်။
ပဲခူးတိုင်းက ကျောက်ကွက်တာဝန်ခံ ကိုသားကြီးခေါ် ဦးကျော်မိုးလှိုင်က နယ်နိမိတ်ကျော်တယ် မကျော်ဘူးဆိုတာ ရေပြင်ထဲမှာ ဖြစ်တဲ့အတွက် သိနိုင်ဖို့ခက်ခဲတယ်လို့ပြောပါတယ်။ တစ်ခါတစ်ရံမှာ “ကျောက်စုပ်နေရင်း နယ်နိမိတ်ကျော်တတ်တာ ရှိကောင်းရှိနိုင်ပေမယ့် မသင်္ကာရင် မသင်္ကာသလို ပြန်လှည့်ဖို့ ထိန်းကျောင်းနေရတယ်” လို့ သူကပြောပါတယ်။
ကျောက်ကွက်တာဝန်ခံဆိုတာ ကျောက်စုပ်ရင် မော်တော်ပေါ်လိုက်ပြီး လုပ်ငန်းခွင်ကို လိုက်လံကြီးကြပ်ပေးဖို့ လုပ်ငန်းရှင်က တာဝန်ပေးထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကိုပြန်ပြီး ကြီးကြပ်ပေးမယ့် သူကတော့ မြစ်ကြောင်းထဲမှာ ဘယ်သူမှ မရှိပါဘူး။ လုပ်ကွက်ကျော်လာရင် မောင်းလွှတ်မယ့် ဒေသခံတွေပဲ ရှိနေတာပါ။
ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာ မြစ်သဲကျောက်စုပ်သင်္ဘောအငှားလိုက်ရင်း အသက်မွေးနေသူ ဦးသိန်းဇော်က “ခိုးစုပ်နေတဲ့သူတွေချည်းပဲ မဟုတ်ဘူး။ တရားဝင်စုပ်နေတဲ့သူတွေလည်းပဲ လုပ်ကွက်တွေ ကျော်စုပ်နေတာပဲ။ တစ်ရာသီကို သဲ ကျင်း ၅ဝဝ လောက်ပဲစုပ်ပါမယ်လို့ တရားဝင် လိုင်စင်ယူထားတာ။ ဒါပေမဲ့ တကယ်တူးသွားတာ သဲကျင်းခုနစ်သောင်းလောက် တူးသွားတယ်” လို့ ပြောပါတယ်။ လုပ်ကွက် အကုန်လုံးနီးပါးက အဲဒီလိုပဲ လုပ်ကြတာဖြစ်တယ်လို့ ပြောပါတယ်။
သက်ရောက်မှုကြီးမားနိုင်
ဒေါက်တာခင်နီနီသိန်းက သိပ္ပံဆိုင်ရာ ရှုထောင့်က ကြည့် မယ်ဆိုရင် မြစ်ထဲမှာ အလွန်အကျွံစုပ်ရင် မြစ်ကြမ်းပြင်နဲ့ မြစ်ကမ်းပါးတို့ရဲ့တည်ငြိမ်မှု ပျက်ယွင်းစေပြီး မြစ်ကမ်းပါးကို ကပ်စုပ်ရင်တော့ အောက်ခြေလှိုက်စားသွားတာကြောင့် ကမ်းတွေပြိုနိုင်တယ်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် မြစ်ထဲက ရေနေသတ္တဝါတွေစားတဲ့ အစာတွေပျက်စီး၊ ဥချတဲ့နေရာနဲ့ နေထိုင်ရာစားကျက်စတာတွေ ပျောက်ဆုံးစေတာကြောင့် ရေချိုငါး အထွက်နှုန်းကျပြီး လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေချိုငါးတွေကရမယ့် ပရိုတင်းဓာတ် ရရှိမှုနည်းပါးသွားနိုင်တယ်လို့လည်း ပြောပါတယ်။
ဟင်္သာတမြို့နယ် ရွှေကူကျွန်းက အသက် ၅၃ နှစ်အရွယ်ရှိ ဦးအုန်းနိုင်တို့မိသားစုဆိုရင် လုပ်ကိုင်စားသောက်စရာ မြေတွေ ရေထဲပဲ့ကျ ပျောက်ဆုံးသွားလို့ အဆင်ပြေပြေနေနိုင်တဲ့ဘဝကနေ ဒုက္ခပင်လယ်ဝေတဲ့ ဘဝကို ရောက်နေတယ်လို့ မော်ကွန်းကိုပြောပါတယ်။
အရင်က သူတို့မိသားစု စိုက်စားနေတဲ့ ပြောင်းနဲ့ ပဲစိုက်ခင်း သုံးဧကဟာ ပြီးခဲ့တဲ့နှစ်လလောက်ကပဲ ရေထဲပဲ့ကျသွားခဲ့ပါတယ်။ အဲဒီနောက် ရှိတဲ့ငွေလက်ကျန်နဲ့ ချေးငွေပေါင်းပြီး ကမ်းမပြိုလောက်ဘူးလို့ထင်တဲ့ မြစ်ကမ်းနဲ့ ပေ ၂ဝဝ လောက်ဝေးတဲ့ နေရာမှာနောက်ထပ် သုံးဧကကို ဝယ်ပြီးစိုက်ပျိုးထားပါတယ်။
ဒါပေမဲ့ ကမ်းက ပြိုမြဲပြိုဆဲဖြစ်နေတာကြောင့် သိပ်မကြာခင်မှာပဲ အဲဒီသုံးဧကဟာလည်း တဖြည်းဖြည်းပဲ့ပါနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဆုံးရှုံးဖို့ကလွဲပြီး ဘာမှ မျှော်လင့်လို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
သူ့မှာ လေးတန်းတက်မယ့် ကျောင်းသားနဲ့ ၁ဝ တန်း ကျောင်းသားနှစ်ယောက်ရှိပါတယ်။ အခုဆို သူ့သားနှစ်ယောက်က လမ်းခင်း၊ ကျောက်သယ်အလုပ်တွေကို ဝင်ငွေရအောင် လုပ်ကိုင်နေရပါတယ်။ သူကတော့ တင်ကျန်နေတဲ့ အကြွေး ၁၃ သိန်းကို ပြန်ဆပ်ဖို့နဲ့ မိသားစု ဆက်လက်ရှင်သန်နိုင်ဖို့ စိုက်ပျိုးမြေကို စွန့်ပြီး အလုပ်ပြောင်းဖို့ စဉ်းစားနေရပါပြီ။
“လာမယ့်ကျောင်းတက်ရာသီမှာ ကလေးတွေကို ကျောင်းထားဖို့တောင် အတော်အခက်တွေ့နေတယ်’’ လို့ ဦးအုန်းနိုင်က ညည်းတွားပါတယ်။
အမြန်ဖြေရှင်းပါ မြစ်သဲကျောက်ပြဿနာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ရဲ့ အထက်ပိုင်း ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်က ဧရာဝတီမြစ်အတွင်းမှာလည်း မြစ်သဲကျောက်စုပ်ယူနေမှုများကို မကျေနပ်လို့ဆိုပြီး ဇန်နဝါရီ ၁၆ ရက်က စက်လှေအစီးတစ်ရာကျော်နဲ့ မြစ်ထဲမှာ ဆန္ဒပြပွဲဖြစ်ခဲ့ပါတယ်။
ပြည်ခရိုင် ပန်းတောင်းမြို့နယ်အပိုင်ထဲမှာ တက်သစ်ကျွန်း၊ စစ်ကိုင်းကျွန်း၊ မင်တဲကျွန်းနဲ့ မြသိန်းကျွန်းဆိုပြီး ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ “အဲဒီကျွန်းလေးကျွန်းထဲမှာ တက်သစ်ကျွန်း တစ်ကျွန်းပဲကျန်ခဲ့ပြီး မြစ်သဲကျောက် မတော်မတရား စုပ်ယူတာတွေကြောင့် ကျန်တဲ့ကျွန်းသုံးကျွန်းက ရေအောက်ကို စုံးစုံးမြုပ် သွားပြီ” လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးကျော်ဆွေကပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်မှာလည်း ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှာလိုပဲ မြစ်သဲကျောက်စုပ်မော်တော်တွေဟာ သတ်မှတ် ဂရန်အကွက်တွေထက် ကျော်စုပ်တာ၊ ကမ်းပါးအနီးကပ်စုပ်တာ၊ ကန့်သတ်ထားတဲ့ ကျင်းအရေအတွက်ထက် ပိုစုပ်တာနဲ့ အချိန်ကန့်သတ်ချက်မရှိ စုပ်နေတာတွေ ရှိနေတယ်လို့ ၎င်းကဆို ပါတယ်။
ပန်းတောင်းမြို့နယ်အနီး စြင်္ကန်ကျွန်းမှာနေထိုင်သူ ဦးလှကိုကလည်း “စြင်္ကန်ကျွန်းဟာ ခွေးလျက်တဲ့ ထန်းလျက်ခဲလိုပဲ သေးသေးသွားတာ ဘာမျှမကျန်တော့ဘူး” လို့ ပြောပါတယ်။ စြင်္ကန်ကျွန်းဟာ မမြုပ်ဘဲ ကျန်ရှိနေသေးပေမယ့်လည်း အချိန်နဲ့အမျှ ပြိုကျနေတဲ့အတွက် ရတက်မအေးဖြစ်နေရတယ်””လို့ သူကဆိုပါတယ်။
မြစ်သဲကျောက် မဆင်မခြင်စုပ်ထုတ်မှုကြောင့် ဒေသခံတွေ ထိခိုက်နေတာကို ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တို့ထံ စာနဲ့ ဒေသခံတွေက အသိပေးတိုင်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ထိရောက်အောင် ဆောင်ရွက်မပေးတဲ့အတွက် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်၊ ပြည်မြို့နယ်နဲ့ ရွှေတောင်မြို့ နယ်တစ်ဝိုက် ဧရာဝတီမြစ်အပေါ် မှီခိုနေထိုင်ကြတဲ့ ဒေသခံတွေက ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးကျော်ဆွေကပြောပါတယ်။
ပြည်ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးအောင်ကျော်လွင်က “ပြည်ခရိုင်မှာဆို ရေမိုင် ၅ဝ လောက်ရှိတာ။ နေ့စဉ်နဲ့အမျှ မြစ်ထဲမှာလုပ်နေတာကို ထိုင်စောင့်နေဖို့က အခက်အခဲတော့ရှိတယ်” လို့ ပြောပါတယ်။
ဝန်ထမ်းအင်အားမလုံလောက်တာ၊ မြစ်ထဲဆင်းမယ်ဆို မော်တော်တွေ အများအပြားလိုလာတာ စတဲ့ အခက်အခဲတွေ ရှိနေတာကြောင့် ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဒေသခံတွေနဲ့ပဲ ပူးပေါင်းပြီး ဌာနကို တိုင်စာပေးပို့ဖို့ပဲ အကူအညီတောင်းနေရတယ်လို့ ဆိုပါတယ်။
မြစ်သဲကျောက်ခိုးစုပ်နေတာတွေကို ဖမ်းဆီးအရေးယူဖို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တစ်ခုတည်းနဲ့မရဘဲ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲဌာနတို့နဲ့ပါ ပူးပေါင်းရတယ်လို့ မော်ကွန်းက မေးမြန်းခဲ့တဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန်မှူးတွေက ဆိုပါတယ်။
လတ်တလောမှာ ဌာနဆိုင်ရာတွေနဲ့ မြစ်သဲကျောက်လုပ်ငန်းရှင်တွေပေါင်းပြီးတော့ ဖမ်းဆီးရေးအဖွဲ့ ဖွဲ့ထားတယ်လို့ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန်မှူး ဦးဇေယျာထွန်းက ဆိုပါတယ်။
တောင်လုံးစုကျေးရွာမှ ဦးထွန်းထွန်းမင်းကတော့ လုပ်ငန်းရှင်က ဖမ်းဆီးရေးအဖွဲ့ထဲ ပါနေကတည်းက သူခိုးကို ပြန်ပြီး ခြံစောင့်ထားနေသလို ဖြစ်နေတယ်လို့ ပြောပါတယ်။
ဌာနဆိုင်ရာတွေ လာရောက်မစစ်ဆေးခင်ကတည်းက လုပ်ငန်းရှင်တွေက အရင်ကြိုတင်သိနှင့်နေပြီး သဲကျောက်စုပ် နေတဲ့ မော်တော်တွေကို ရှင်းခိုင်းထားပြီးသားလို့ ဦးထွန်းထွန်း မင်းက ပြောပါတယ်။ ဒါကြောင့် ခုလိုဖြစ်နေတာကို ““နှစ်လုံးဒိုင်၊ ချဲဒိုင် ဖမ်းသလိုပဲ လိုင်းကြေးပေးပြီး ရှင်းခိုင်းထားပြီးသားလို” ဖြစ်နေတယ်လို့ ၎င်းင်းက ဥပမာပေးပါတယ်။
အကျိုးနဲ့ အပြစ် မျှရဲ့လား
သဲဟာ ရေပြီးရင် အသုံးအများဆုံး လူသုံးကုန်ပစ္စည်းဖြစ်တယ်လို့ ၂ဝ၁၄ ထုတ် Global Environmental Alert Service မှာ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လမ်းခင်းတာတွေ၊ မြေဖို့တာတွေ စတဲ့လုပ်ငန်းတွေမှာ သဲကို အများဆုံးသုံးကြပါတယ်။ ပင်လယ်သဲနဲ့ ကန္တာရသဲ တွေထက် မြစ်သဲအမျိုးအစားက ဆားပါဝင်မှုနည်းပြီး စေးကပ်တဲ့ သဘာဝရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပိုမိုလိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် အဓိကအရေးပါတဲ့ မြစ်တွေဟာ သူတို့ရဲ့ အဖိုးတန်တဲ့ သယံဇာတတွေကို ထုတ်ယူခံရဖို့ ပစ်မှတ်တွေ ဖြစ်လာရတယ်လို့ World Wide Fund for nature (WWF) Greater Mekong (ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့)က ၂ဝ၁၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ Ayeyarwady State of the Basin Assessment (SOBA) အနည်အနှစ်ကျမှုနဲ့ ဘူမိရုပ်သွင် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Photo-Aung Py ကမ်းပြိုလို့ကော်ဖီရောင်အမြှုပ်တွေ သယ်ဆောင်စီးဆင်းနေတဲ့ ဧရာဝတီ
မြစ်သဲမှာ သဲကြမ်းနဲ့ သဲနုနှစ်မျိုး ရှိပါတယ်။ မြန်မာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအေးသီဟက သဲကြမ်းဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးများပြီး သဲနုမှာတော့ ရွှေပါဝင်မှုနဲ့ အီလက်ထရောနစ်ပစ္စည်းတွေ လုပ်ရာမှာ သုံးတဲ့ ဒြပ်စင်ပါဝင်မှုအပေါ် မူတည်ပြီး စီးပွားဖြစ်သုံးကြတယ်လို့ ရှင်းပြပါတယ်။
၂ဝ၁၈ မတ်ထုတ် National Geographic မဂ္ဂဇင်းမှာ ကမ္ဘာမှာ နှစ်စဉ်နဲ့အမျှ မြို့နေလူဦးရေဟာ ၆၅ သန်းလောက် တိုးလာပြီး ဒီလူဦးရေဟာ နယူးယောက်မြို့ ရှစ်မြို့စာလောက်ကို ကမ္ဘာမြေမှာ နှစ်စဉ် ပေါင်းထည့်နေတာနဲ့ ညီမျှတယ်လို့ ဆိုရမှာပါ။
ဒါကြောင့် တိုးပွားလာတဲ့ မြို့ပြလူဦးရေအတွက် အထပ်မြင့် ရုံးခန်းတွေ၊ လူနေတိုက်ခန်းတွေ၊ အဝေးပြေးလမ်းတွေ၊ လေယာဉ်ကွင်းတွေ တည်ဆောက်ဖို့ မြစ်သဲကျောက်တန်ချိန် ၅ဝ ဘီလီယံလောက်ဟာ နှစ်စဉ် ထုတ်ယူသုံးစွဲနေရပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယမ်နမ်နိုင်ငံမှာရှိတဲ့ မဲခေါင်မြစ်အပါအဝင် အခြားသော မြစ်ကြောင်းတွေ တစ်လျှောက်မှာ မြို့တွေရွာတွေရဲ့ကမ်းပါးနားကိုကပ်ပြီး မြစ်သဲကျောက် တူးဖော်စုပ်ထုတ်မှုကြောင့် စိုက်ပျိုးမြေတွေ၊ လူနေအိမ်တွေ၊ ဈေးဆိုင်တွေနဲ့ ငါးမွေးကန်တွေဟာ ရေထဲကို ပဲ့ကျ ဆုံးရှုံးသွားခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ထောင်နဲ့ချီတဲ့ စပါးစိုက်ခင်းတွေ ဆုံးရှုံးသွားခဲ့ရပြီး မိသားစု ၁,၂ဝဝ ဟာ နေရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ လူတွေနေထိုင်တဲ့ ကျွန်းရာပေါင်းများစွာ ဟာလည်း ကွယ်ပျောက်ကုန်ပါတယ်။ ကမ်းတွေပြိုနေတဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာတင်ပဲ လူဦးရေငါးသောင်းလောက် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဗီယက်နမ်အစိုးရက ခန့်မှန်းခဲ့ပါတယ်။
အဲဒီနောက်မှာ မြစ်သဲကျောက်စုပ်ထုတ်လုပ်ငန်းနဲ့ မြစ်သဲ ကျောက်ရောင်းချခြင်းလုပ်ငန်းကို အစိုးရက တရားဝင် ပိတ်သိမ်း လိုက်ပါတယ်။ ဒါပေမဲ့ တရားမဝင် မှောင်ခိုလုပ်ငန်းအဖြစ်ရှိနေ ပြီး အာဏာပိုင် အဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူနေရပါတယ်လို့ ဖော်ပြထားပါတယ်။
မြစ်ဝကျွန်းပေါ်ရဲ့ အနာဂတ်
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အကြံပေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက အာဆီယံနိုင်ငံတွေမှာ မြစ်သဲကျောက်ကို နိုင်ငံခြားတင်ပို့ရောင်းချမှု ပိတ်ထားခဲ့ကြပြီးဖြစ်ပေမယ့် မြန်မာပြည်မှာတော့ စင်ကာပူကိုတင်ပို့ ရောင်းချဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ကတော့ တင်ပို့ရောင်းချတာ မပြုလုပ်စေလိုဘဲ ပြည်တွင်း လိုအပ်ချက်အတွက်သာ အလွန်အကျွံမဟုတ်ဘဲ အကန့်အသတ်နဲ့သာ သုံးစေချင်တယ်လို့ဆိုပါတယ်။
တင်ပို့ရောင်းချလို့ ရရှိမယ့် အကျိုးအမြတ်နဲ့ ထိခိုက်နစ်နာမှုကို ယှဉ်ကြည့်ရင် “တစ်ရာပုံ တစ်ပုံ ဖြစ်နေတဲ့အတွက် လုံးဝ မတန်ဘူး” လို့ သူကဆိုပါတယ်။ ဒါဟာ ကိုယ့်မြေကို ဖဲ့ရောင်းနေတာ ဖြစ်ပြီး တရုတ်ပြည်မှာ ငွေလိုလို့ လူတွေက သူတို့ခန္ဓာကိုယ်က ကျောက်ကပ်တွေ ထုတ်ရောင်းနေသလို ဖြစ်နေတယ် လို့ ဥပမာပေးပါတယ်။
မြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာနရဲ့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ကမ်းပြိုဖြစ်ပွားမှုနှင့် ထောက်ပံ့မှုစာရင်းများအရ အိမ်ခြေတစ်လုံးလျှင် တစ်သိန်းကျပ်နှုန်းနဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် အိမ်ခြေ ၂,၂၆၆ လုံး၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် အိမ်ခြေ ၇,ဝ၅၂ လုံးနဲ့ ၂ဝ၁၈ ခုနှစ် ကာလတိုဘဏ္ဍာရေးနှစ်တွင် အိမ်ခြေ ၄,ဝဝ၇ လုံးတို့ကို ထောက်ပံ့ပေးထားရပါတယ်။
Photo-Aung Py အချိန်နဲ့အမျှပြိုကျနေတဲ့ ရွှေကူကျွန်းမြေသား
ထောက်ပံ့ကြေးပေးတာဟာ ကမ်းပြိုလို့ရွှေ့ပြောင်းရတဲ့ အိမ်ခြေတွေသာပါဝင်ပြီး “စိုက်ပျိုးမြေတွေတော့ မပါဝင်ဘူး” လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးကြည်က မော်ကွန်းကို ပြော ပါတယ်။
ဟင်္သာတမြို့နယ် ရွှေကူကျွန်းက လူတွေကတော့ ထောက်ပံ့ငွေကို မရသေးပါဘူး။ ပဲခူးတိုင်း ပြည်ခရိုင်က ဒေသခံ အချို့ကတော့ ၂ဝ၁၅၊ ၂ဝ၁၆ လောက်တုန်းက အိမ်တွေပြောင်း ရလို့ ထောက်ပံ့ကြေးရဖူးတယ်လို့ ပန်းတောင်းမြို့နယ်က ဦးအုန်းကျော်က ပြောပါတယ်။
Photo-Aung Py ဧရာဝတီမြစ်အကြေပိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကြားက မြစ်သဲကျောက်စုပ်သင်္ဘောနဲ့မော်တော်များ
ဒါပေမဲ့ အိမ်တစ်လုံးပြောင်းရင် ကုန်ကျငွေက အနည်းဆုံး သုံးသိန်းခွဲနဲ့ လေးသိန်းကျပ် ရှိတဲ့အတွက် “ဒီငွေ (ထောက်ပံ့ ကြေး)ဟာ မပြောပလောက်တဲ့ ငွေ ဖြစ်တယ်။ အရမ်းလိုနေလို့သာ ယူလိုက်ရတာလို့” ၎င်းက ပြောပါတယ်။
Photo-Aung Py သက်ဆိုင်ရာအာဏပိုင်အဖွဲ့အစည်းများကို တင်ပြတိုင်ကြားထားတဲ့ စာဖိုင်များကို ထုတ်ပြတဲ့ ဒေသခံတစ်ဦး
နောက်ပြီး သူတို့ လိုအပ်တာဟာ ထောက်ပံ့ငွေဆိုတာထက် မြစ်သဲကျောက်စုပ်လုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တရားဥပဒေစိုးမိုးဖို့ဖြစ်တယ်လို့ ဦးအုန်းကျော်ကဆိုပါတယ်။
Photo-Aung Py ဧရာဝတီမြစ်ထဲက မြစ်သဲကျောက်စုပ်မော်တော်
ဒေါက်တာခင်နီနီသိန်းကတော့ မြစ်သဲကျောက်စည်းကမ်း မဲ့ထုတ်ယူမှုကို ဒီအတိုင်းလွှတ်ထားလိုက်ရင် ကျောက်တွေ၊ သဲတွေ စည်းကမ်းမဲ့ ယူဆောင်သွားကြတဲ့ လူသားတွေကို မြစ်တွေ၊ ချောင်းတွေက အနှေးနဲ့အမြန် ဒုက္ခပေးလာမှာ ဖြစ်ပြီး နောင်ဖြစ်လာမယ့် မြစ်ဝကျွန်းပေါ်ဒေသ အခြေအနေကို သူက ယခုလို ခန့်မှန်းပါတယ်။
“မြစ်ဝကျွန်းပေါ်တောင် ပိန်(သေးငယ်)သွားနိုင်တယ်”
Photo-Aung Py အိမ်ရွှေ့ရလို့ ကျန်ခဲ့တဲ့ ဝါးတိုင်များနဲ့ ရွှေကူကျွန်းက ကလေးငယ်များ