ဧရာဝတီမြစ်အတွင်း မြစ်သဲ ၊ ကျောက်များ စုပ်ယူနေမှုများအပေါ် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်၊ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်ရှိ ဧရာဝတီမြစ်အပေါ် မှီခိုနေထိုင်ကြသော ပြည်သူများက ယနေ့ဆန္ဒပြခဲ့ကြသည်။
“ ဧရာဝတီမြစ်ထဲမှာ မြစ်သဲ ၊ ကျောက်တွေ စုပ်ယူနေတဲ့အတွက် ရေတိုက်စားပြီး ကမ်းပါးတွေပြိုတယ်၊ ကျွန်းတွေ ရေ အောက်မြုပ်ကုန်တယ်။ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်ကုန်တယ်” ဟုအဆိုပါ ဆန္ဒပြပွဲကို ဦးဆောင် သည့် ဦးကျော်ဆွေက မော်ကွန်းသို့ပြောသည်။
ထို့အပြင် မြစ်အတွင်းရှိ စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်းနှင့် မြသိန်းကျွန်းများသည် ရေအောက်သို့ရောက်ရှိသွားကာ အဆိုပါ ကျွန်းပေါ်တွင် ရွာများလည်းရှိသည်ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ အခြေအနေများ ရင်ဆိုင်နေရသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးု တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပဲခူးတိုင်းဝန်ကြီးချုပ်တို့ထံစာဖြင့် အသိပေး တိုင်ကြားခဲ့သော်လည်း တုန့်ပြန်မှုမှာ အားမရသဖြင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြသူများသည် ဧရာဝတီမြစ်အတွင်းမှ ပြည်မြို့ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးရှေ့ သို့ သွားရောက် ဆန္ဒပြခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်မြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်လွင်က မြစ်သဲကျောက်တူးဖော်မှု ပမာဏကန့်သတ်ချက်များကို ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသတ်မှတ်ပေးပြီး တစ်နှစ်နှင့်တစ်နှစ် ပမာဏမတူညီနိုင်ကြောင်းနှင့် အမှန်တကယ်တူးဖော်မှုရှိမရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးသည်ဟု ဆိုသည်။
မြစ်သဲ၊ ကျောက်စုပ်ယူသည့် လုပ်ကွက်များသည် မြစ်ကမ်းပါးပြိုနိုင်သည့်နေရာများ၊ ရေယာဉ်များ အန္တရာယ်ကင်းရှင်းမှု မရှိသည့် နေရာများ ဟုတ်မဟုတ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသို့ သဘောထား မှတ်ချက်တောင်းခံရသည်။
“ကျွန်တော်တို့က လုပ်ကွက်တည်နေရာတွေ ရေလမ်းမြေပုံတွေ အကုန်ထုတ်ပေးပြီးသား တစ်ခါတစ်လေကျရင် လုပ်ငန်း ရှင်လက်ထဲကို မရောက်တာမျိုး ဒေသခံတွေရဲ့ လက်ထဲကို တိုက်ရိုက်မရောက်တာမျိုးအခါကျ သက်ဆိုင်ရာ ရပ်ကျေး တို့ဘာတို့လည်း ရှိရင်ရှိမှာပေါ့ ” ဟု ဦးအောင်ကျော်လွင်က မော်ကွန်းသို့ပြောသည်။
ဒေသခံများက လုပ်ငန်းရှင်များနှင့်ဌာနဆိုင်ရာများအကြား အဂတိလိုက်စားမှုကြောင်းရှိနေနိုင်သည်ဟု စွပ်စွဲချက်ကိုလည်း ဦးအောင်ကျော်လွင်က မိမိတို့ဌာနအနေဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်းဖြေကြားခဲ့သည်။
#mawkun
#magazine