၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Remembrance ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။
မြန်မာနိုင်ငံရဲ့ ကျောရိုးသဖွယ်စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာ ရှေးမြန်မာကြီးတွေ အမြော် အမြင်ရှိရှိ ခံတပ်ကြီးတွေ ဆောက်လုပ်ခဲ့ကြတယ်။ မင်းလှ ခံတပ်(မင်းလှ)၊ ဆင်ကျုံးခံတပ်(အင်းဝ)၊ အစေခံ ခံတပ် (စစ်ကိုင်း)၊ သပြေတန်းခံတပ် (အမရပူရ) စသဖြင့် ခံတပ် တွေ အများအပြား တည်ဆောက်ခဲ့ကြတာပါ။ နယ်ချဲ့တွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရင် ခံတပ်ကြီး တွေကတစ်ဆင့် ခုခံတိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်။
ခံတပ်အားလုံး ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ မြန်မာ မှူးကြီးမတ်ရာတွေနဲ့ ပြည်ပပညာရှင်တွေ ပူးပေါင်းပြီး တည် ဆောက်ခဲ့ကြတာပါ။ ဇန်နဝါရီ ပထမပတ်မှာ သပြေတန်းခံတပ်ကို ကျွန်တော်နဲ့ ကိုညီ နှစ်ယောက် သွားခဲ့ကြတယ်။ မန္တလေးမြို့နဲ့ အနီးဆုံး ခံတပ်က အမရပူရမြို့နယ်အတွင်းမှာ ရှိတဲ့ သပြေတန်း ခံတပ် ဖြစ်တယ်။ သပြေတန်းခံတပ်က ရုပ်ရှင်ဇာတ်ကားအချို့နဲ့ တေးအယ်လ်ဘမ်အချို့မှာ ဇာတ်ဝင်ခန်းအဖြစ် ပါဝင်ခဲ့ဖူးတယ်။ သပြေတန်းခံတပ်က ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီမြစ်တို့ ပေါင်းဆုံရာ အမရပူရမြို့နယ်အတွင်းမှာ ရှိတယ်။ စစ်ကိုင်းတံတား (အင်း၀ တံတား) အရှေ့ဘက်ထိပ်မှာရှိပြီး သက်တမ်းရင့်လက်ပံပင်ကြီး တွေ၊ ရေသဖန်းပင်တွေ၊ ညောင်ပင်ကြီးတွေက ခံတပ်အတွင်းမှာ ပေါက်ရောက်နေကြတယ်။ ဆေးဝါတွေ ပြယ်လွင့်နေတဲ့ အုတ်ရိုး ကြီးတွေက သက်တမ်းရာချီနေပြီဖြစ်ကြောင်း သက်သေပြနေ တယ်။ သပြေတန်းခံတပ် အဆောက်အအုံက လေးထောင့်စပ်စပ် အဆောက်အအုံကြီးဖြစ်ပြီး ခံတပ်အတွင်း ဆင်းနိုင်ဖို့ ဆင်ခြေ လျှော ပြေပြေပြစ်ပြစ်လည်း ထည့်သွင်းထားတယ်။ ရင်ခေါင်း လောက် အမြင့်ရှိတဲ့ အုတ်တံတိုင်းနဲ့ ခံတပ်ကို ကာရံထားပါတယ်။
ခံတပ်အောက်ခြေ အနောက်မြောက်ထောင့်မှာ ရွှေကြိုး သတ်နယ်မြေ ကျောက်စာတစ်ချပ် စိုက်ထူထားပြီး ကျောက်စာရုံ လည်း ဆောက်လုပ်ထားပါတယ်။ ကျောက်စာရုံနဲ့ ကပ်လျက်မှာ သစ်သားဇရပ်တစ်ဆောင်နဲ့ သစ်သားကွပ်ပျစ်တွေ ဆောက်ထား ပေမယ့် အိုမင်းဟောင်းနွမ်းနေပါပြီ။ သပြေတန်းခံတပ်အတွင်းမှာ ပရီဝက်ဒင်းရိုက်နေကြတဲ့ မင်္ဂလာမောင်နှံကိုလည်း တွေ့ရတယ်။ အနောက်တိုင်းဝတ်စုံ အကျအနဝတ်ဆင်ထားတဲ့ သတို့သား၊ သတို့သမီးတွေရဲ့ မျက်နှာမှာ ပျော်ရွှင်ဝမ်းသာခြင်းတွေ တွေ့ရ တယ်။ ဂန္ဒဝင်ဆန်ဆန် ခံ့ညားတဲ့ ရှေးဟောင်းခံတပ်အတွင်းမှာ နုနယ်ပျိုမျစ်တဲ့ မင်္ဂလာမောင်နှံရဲ့ အလှက ပေါ်လွင်လှတယ်။
သပြေတန်းခံတပ် မြောက်ဘက်အုတ်ရိုးမှာ ခံတပ်သမိုင်း ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ကျောက်စာရေးထိုး မှတ်တမ်း တင်ထားတယ်။ သပြေတန်းခံတပ်ကို မင်းတုန်းမင်းတရားကြီး လက်ထက် ၁၈၇၄ ဒီဇင်ဘာ ၃ ရက်မှာ စတင်ဆောက်လုပ်ခဲ့ကြ ပါတယ်။ သားတော် သီပေါဘုရင်လက်ထက် ၁၈၇၉ ဇန်နဝါရီ ၁ ရက်မှာ အခမ်းအနားနဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ခံတပ်တည်ဆောက် ချိန် လေးနှစ်ကျော် ကြာမြင့်ခဲ့တယ်။ ခံတပ်အကျယ် အရှေ့-အနောက် ပေ ၄၀၀၊ တောင်-မြောက် ပေ ၃၅၀ ကျယ်ဝန်းတယ်။ ခံတပ်မြောက်ခြမ်းမှာ ဥမင်လိုဏ်ရှိပြီး သစ်သားတံတားနဲ့ ဆက် သွယ်ထားပါတယ်။ ခံတပ်အလယ်မှာ စစ်သည်ရဲမက်တွေ အသုံး ပြုနိုင်ဖို့ အုတ်ရေတွင်းတစ်တွင်း ထည့်သွင်းတည်ဆောက်ထားတယ်။
Photo-Than Naing Oo သပြေတန်းခံတပ်မှာ Prewedding လာရောက်ရိုက်ကြသူများ
ခံတပ်ရဲ့ အနောက် အုတ်ရိုးအလယ်တည့်တည့်လောက်မှာ ဧရာဝတီမြစ်ဘက်ကို ချိန်ရွယ်ထားတဲ့ ရှေးဟောင်းအမြောက်ကြီး နှစ်လက် ရှိတယ်။ ဧရာဝတီမြစ်ရိုးကို ဆန်တက်လာမယ့် နယ်ချဲ့ တွေအတွက် အမြောက်ကြီးနှစ်လက် ထားရှိခဲ့တာပါ။ မြန်မာ သက်္ကရာဇ် ၁၂၄၇ တန်ဆောင်မုန်းလမှာ ဖြစ်ပွားခဲ့တဲ့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှာ ရတနာသိင်္ဃမြို့ဝန် သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာ ဦးစီးတဲ့ စစ်သည်ရဲမက် ၂,၀၀၀ ကျော်ဟာ နယ်ချဲ့တွေကို ခုခံချေမှုန်းဖို့ သပြေတန်းခံတပ်မှာ ရှိနေခဲ့ကြတယ်။ ဒါပေမဲ့ လွှတ်တော်က ထုတ်ပြန်တဲ့ မခုခံရဆိုတဲ့ အမိန့်တော် ကြောင့် မြန်မာသက်္ကရာဇ် ၁၂၄၇ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၈၈၅၊ နိုဝင်ဘာ ၂၇) မှာ ဗြိတိသျှတပ်ပေါင်းစုရဲ့ မေဂျာဂျန်နရယ် အိပ်ချ်အင်န်ဒီပရင်တာဂတ်စ် ဦးစီးတဲ့ တပ်က တိုက်ခိုက်ခြင်းမပြုဘဲ သပြေတန်းခံတပ်ကို ရရှိခဲ့တယ်။ သမိုင်း ဆရာ ဒေါက်တာသန်းထွန်းရဲ့ စကားအတိုင်း “အ”လို့ ကျွန်ဖြစ်ခဲ့ ကြရတယ်။
သပြေတန်းခံတပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ဝန်းကျင်က ဆောက်လုပ်ခဲ့တာ ဖြစ်လို့ ဟောင်းနွမ်းနေပါပြီ။ ဒါပေမဲ့ အဟောင်း ဂုဏ်သတ္တိအပြည့် ရှိနေသေးတယ်။ လက်ရှိမှာ ခံတပ်ကို ရှေး ဟောင်းသုတေသနဌာနက တာဝန်ယူထားပါတယ်။ ရှေးဟောင်း အဆောက်အအုံတွေမှာ တွေ့ရလေ့ရှိတဲ့ ထုံးစံအတိုင်း မင်ဖျက် ဆေးတွေနဲ့ ရေးခြစ်ထားတဲ့ စာတွေလည်း တွေ့ရပါတယ်။ လာ ရောက်လည်ပတ်ကြသူတွေ စွန့်ပစ်ထားတဲ့ အမှိုက်တွေလည်း သပြေတန်းခံတပ်မှာ ရှိနေပါတယ်။ အမှိုက်ထည့်စရာ အမှိုက်ပုံး တွေ ထားပေးနိုင်ရင် ဧည့်သည်တွေအတွက် အဆင်ပြေမှာ ဖြစ် တယ်။ သပြေတန်းခံတပ်ကနေ အနောက်ဘက်ကမ်းကို လှမ်း ကြည့်ရင် စစ်ကိုင်းမြို့က စေတီပုထိုးတွေ၊ ဧရာဝတီမြစ်အတွင်း မှာ သွားလာနေတဲ့ လှေတွေ၊ သင်္ဘောတွေ၊ ငွေမင်ဆေးသုတ်ထား တဲ့ စစ်ကိုင်းတံတားကြီး စတဲ့ မြင်ကွင်းတွေကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာပါ။ လွမ်းတတ်သူတွေအတွက် သပြေတန်းခံတပ်ကို ရောက်ရင် ပိုပြီး လွမ်းမောသွားစေမှာ ဖြစ်တယ်။
သပြေတန်းခံတပ်က ဒုဋ္ဌဝတီမြစ် တစ်ဖက်ကမ်းက အင်း၀ ဘက်အခြမ်းမှာ ရှိတဲ့ ဆင်ကျုံးခံတပ်နဲ့ နှစ်မိုင်လေးဖာလုံ ကွာဝေး တယ်။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်ကိုင်းမှာ ရှိတဲ့ အစေခံ ခံတပ်နဲ့ တစ်မိုင်ကျော်အကွာမှာ ရှိတယ်။ ခံတပ်သုံးခုမှာ သပြေတန်းခံတပ်က ထုထည်အကြီးမားဆုံးနဲ့ အရွယ်အကြီးဆုံး ဖြစ်တယ်။ ကြီးမားတဲ့ လက်ပံပင်ကြီးတွေရဲ့ အရိပ်အာဝါသကြောင့် အရိပ်တွေက လက်ယှက်ထိုးထားသလို ဖြစ်နေတယ်။ သပြေတန်း ခံတပ်အနောက်ဘက်မှာ အုတ်တံတိုင်းကို ကျော်ဆင်းလိုက်ရင် ဧရာဝတီမြစ်ကမ်းစပ်အထိ လမ်းလျှောက်နိုင်ပါတယ်။ သပြေ တန်းခံတပ် မြောက်ခြမ်းကို သံဆူးကြိုးနဲ့ ကာရံထားပါတယ်။
ကျွန်တော်တို့ သပြေတန်းခံတပ်မှာ ရှိနေစဉ် လူငယ်အဖွဲ့ တွေလည်း လာရောက်လည်ပတ်ကြတာ တွေ့ရတယ်။ ကျောင်း ဝတ်စုံနဲ့ အထက်တန်းကျောင်းသူ သုံးယောက်လည်း လာရောက် လည်ပတ်တာ တွေ့ရတယ်။ ပရီဝက်ဒင်း ရိုက်နေကြသူတွေကို ကြည့်ရတာ မမောနိုင်မပန်းနိုင်ပါပဲ။ သူတို့အပျော်ဓာတ်တွေက ကြည့်ရှုသူတွေကိုပါ ကူးစက်ကုန်တယ်။ ကျွန်တော်တို့ သပြေ တန်းခံတပ်က ပြန်ခါနီးမှာ နောက်ထပ် ပရီဝက်ဒင်း ရိုက်ကူးကြ မယ့် စုံတွဲတစ်တွဲ ထပ်ရောက်လာပြန်တယ်။ ရှေးဟောင်းခံတပ်က ခေတ်သစ်လူငယ်တွေရဲ့ အသံတွေနဲ့ စီညံနေတယ်။ စုံတွဲတစ်တွဲက ခံတပ်အနောက်ခြမ်းက ရေသဖန်းပင်ကြီးရဲ့ အမြစ်ဆုံတွေပေါ် ထိုင်ရင်း ဧရာဝတီမြစ်ကြီးကို ငေးကြည့်နေကြတယ်။ ခံတပ် အနောက်တောင်ထောင့်မှာ ထိုင်နေတဲ့ လူငယ်စုံတွဲကတော့ ပူး ပူးကပ်ကပ် ထိုင်နေပြီး တွတ်ထိုးနေကြတယ်။
နောက်တစ်ပတ်မှာ စစ်ကိုင်းမြို့ အနောက်တောင်ဘက်မှာ ရှိတဲ့ အစေခံ ခံတပ်ကို ကျွန်တော်နဲ့ ကိုညီ ဆက်သွားခဲ့ကြပြန် တယ်။ အစေခံ ခံတပ်က စစ်ကိုင်းမြို့ရဲ့ ကမ်းနားလမ်းမှာ ရှိတယ်။ စစ်ကိုင်းမြို့ရဲ့ အနောက်တောင်ဘက် နှစ်မိုင်နီးပါးအကွာမှာ ဧရာ ဝတီမြစ်ကို မျက်နှာမူပြီး ခံတပ်ကို တည်ဆောက်ထားတာပါ။ ဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်ဆုံရာ အနီးမှာ ခံတပ်ကြီးသုံးခုက ဖိုခုံ လောက်ဆိုင် တည်ရှိပြီး အဲဒီခံတပ်တွေထဲမှာ အစေခံ ခံတပ် လည်း ပါဝင်တယ်။

အစေခံခံတပ်ကို စစ်ကိုင်းခံတပ်လို့လည်း ခေါ်ဆိုကြပြီး စစ်ကိုင်းမြို့ အစေခံရပ်ကွက်မှာ ရှိလို့ အစေခံ ခံတပ်လို့လည်း ခေါ် ကြတယ်။ ဘုရင့်အစေခံတွေ နေခဲ့တာလို့ ပါးစပ်ရာဇဝင်ရှိတယ်။ အစေခံ ခံတပ်ကို သွားရာလမ်းလေးက တိတ်ဆိတ်နေတယ်။ အစေခံ ခံတပ်ကို သွားတဲ့အခါ စစ်ကိုင်းဆေးရုံဘက်က သွားလို့ ရသလို ငါးထပ်ကြီးဘုရားလမ်းဘက်ကလည်း သွားလို့ရတယ်။ ကျွန်တော်တို့ ငါးထပ်ကြီးဘုရားလမ်းဘက်ကသွားပြီး အပြန်မှာ ဆေးရုံလမ်းဘက်က ပြန်ခဲ့ကြတယ်။
အစေခံခံတပ်ကို ဝင်တဲ့အခါ ဆင်ခြေလျှော ပြေပြစ်တဲ့ ဆယ်ပေသာသာ လူဝင်ပေါက်ကတစ်ဆင့် ဝင်ကြရတယ်။ အပေါက်ဝမှာ ဆိုင်ကယ်တွေမဝင်ဖို့ သတိပေးဆိုင်းဘုတ် စိုက် ထူထားတယ်။ ကွန်ကရစ်အုတ် ညီညီညာညာ စီထားတဲ့ အစေခံ ခံတပ်အပေါက်မှာ အမြောက်နှစ်လက် ချထားပါတယ်။ ခံတပ် အုတ်ရိုးမှာ စက်သေနတ်ပစ်စရာ အပေါက်တွေ ဖောက်လုပ်ထား တယ်။ ခံတပ်အုတ်ရိုးက လက်ခုပ်တစ်ဖောင်ကျော်ပါတယ်။ အုတ် ရိုးထုက နှစ်ပေလောက် ထူတယ်။ အစေခံ ခံတပ်ကို နီးစွေးတဲ့ အုတ်ရိုးတွေနဲ့ ဆောက်လုပ်ထားတယ်။ ခံတပ်အတွင်းပိုင်းကို မြေယာရှုခင်းတွေနဲ့ အလှဆင်ထားရုံမက သန့်ရှင်းသပ်ရပ်တဲ့ ပန်းခြံတစ်ခုအဖြစ် မွမ်းမံထားတယ်။ သစ်ပင်ပန်းမန်တွေက စိမ်း စိုနေတယ်။ စနစ်တကျ ဖြတ်တောက်ထားတဲ့ စည်းရိုးပင်စိမ်းစိမ်း တွေက ဧည့်သည်တွေကို စိတ်လန်းဆန်းစေတယ်။ သံအမြောက် ကြီးတွေက ဧရာဝတီမြစ်ပြင်ကို ချိန်ရွယ်ထားတယ်။ ခံတပ် အတွင်း လျှောက်လမ်းအားလုံးကို ကွန်ကရစ်အုတ်လေးတွေနဲ့ အလှဆင် ခင်းပေးထားပါတယ်။
Photo-Than Naing Oo အင်းဝ ဆင်ကျုံးခံတပ်မှာ လာရောက်လည်ပတ်ကြသူများ
ခံတပ်အတွင်းမှာ စစ်ကိုင်းစည်ပင်သာယာက ဝန်ထမ်း အချို့ ပန်းပင်တွေကို ပြုစုနေကြတယ်။ ရိက္ခာသိုလှောင်ရုံ သို့ မဟုတ် ယမ်းတိုက်ဖြစ်ခဲ့ဟန် ရှိတဲ့ အုတ်အဆောက်အအုံငယ်လေး က ခံတပ်ညာစွန်မှာ ရှိတယ်။ ကျွန်တော်နဲ့ ကိုညီ အဲဒီ အဆောက် အအုံလေးထဲ ဝင်ကြည့်ကြတယ်။ အုတ်တိုက်လေးက လူတစ်ရပ် ကျော်အမြင့် ရှိတာမို့ အတွင်းဝင်တဲ့အခါ ပြုတ်အိုက်အိုက်ဒဏ် ခံစားရတယ်။ ဒါပေမဲ့ အဆောက်အအုံလေးထဲမှာ လျှပ်စစ်မီးတွေ စနစ်တကျ သွယ်တန်းထားပြီး ဆလိုက်မီးတွေ ဆင်ထားတယ်။ အဆောက်အအုံလေးထဲက ထွက်ပြီး ဧရာဝတီကို မျက်နှာမူထား တဲ့ ခံတပ်အုတ်ရိုးပေါ် တက်ကြည့်ကြတယ်။ ခံတပ်အုတ်ရိုးက လူ တစ်ရပ်စာ မြင့်တယ်။ အုတ်ရိုးအပြင်ဘက်မှာ မြေကော်ကား တစ်စီးက ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းဖယ်ရှားနေတယ်။ ခံတပ်ကို အလည်လာကြတဲ့ စစ်ကိုင်းမြို့ခံ လူငယ်နှစ်ယောက်ကို ကျွန်တော် မေးခွန်းတွေ ထုတ်မိတယ်။ မြို့ခံလူငယ်တွေက ကျွန် တော့်မေးခွန်းတွေကို စိတ်လိုလက်ရ ဖြေပေးတယ်။
““ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်းက ဘာရွာတွေလဲဗျ””
““တံတားဦးမြို့နယ်ထဲက ရွာတွေပေါ့””
““ဧရာဝတီမြစ်ရေ တက်ရင် ဘယ်အထိ တက်သလဲ””
““ခံတပ်အခြေအထိတော့ မရောက်ပါဘူး။ တာပေါင် အလယ်လောက်အထိတော့ ရောက်တယ်””
““နောက်ချေးကျွန်းက ဘယ်နေရာလောက်မှာလဲဗျ””
““ဟိုးအောက်ဘက်မှာ ရှိတယ်””
““ဘာဖြစ်လို့ မြေကော်ကားနဲ့ ရှင်းနေတာလဲ””
““အရင်က ခံတပ်ဝန်းကျင်မှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ရှုပ် နေတာ””
ကျွန်တော်တို့ ခံတပ်အုတ်ရိုးပေါ်က ပြန်ဆင်းပြီး ခံတပ် ဘယ်ဘက်ထိပ် သွားကြတယ်။ ခံတပ်ဘယ်ဘက်အစွန်းမှာ ခြံဝင်းလေး သီးသန့်ခတ်ထားတာကြောင့် သွားကြည့်ကြတာပါ။ အဲဒီဝင်းလေးက ခံတပ်နဲ့ ဆက်စပ်တယ်ဆိုပေမယ့် ခံတပ်အပြင် ဘက်မှာ ရှိတယ်။ ကြီးမားတဲ့ သက်တမ်းရင့် သစ်ပင်ကြီးအောက် မှာ အုတ်ဂူသုံးလုံးကို ဘေးချင်းယှဉ်လျက်တွေ့ရတော့ အံ့အား သင့်မိတယ်။ အုတ်ဂူတိုင်းကို အင်္ဂလိပ်လို ကျောက်စာ ရေးထိုး ထားတယ်။ အုတ်ဂူတွေကို သံပန်းနဲ့ ကာရံထားပါတယ်။ ဂူတစ် လုံးမှာ ၁၈၈၅ ဒီဇင်ဘာ ၂၇ ရက် တိုက်ပွဲမှာ ကျဆုံး၊ နောက်ဂူတစ် လုံးမှာ ၁၈၈၆ ဇန်နဝါရီ ၁၀ ရက် ကျဆုံး၊ အခြားဂူမှာ ၁၈၈၆ ဇန် နဝါရီ ၁၉ ရက် တာဝန်ထမ်းဆောင်စဉ် ကျဆုံးဆိုပြီး အင်္ဂလိပ်လို ကမ္ပည်းရေးထိုးထားတယ်။ ကျောက်စာပါ ကမ္ပည်းမှတ်တမ်းတွေ အရ ရက်စွဲတွေဟာ သီပေါမင်း ပါတော်မူချိန်နဲ့ မရှေးမနှောင်းမှာ ကွယ်လွန်ခဲ့ကြတာပါ။ တစ်နယ်တစ်ကျေးမှာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ရေခြားမြေခြားမှာ ကွယ်လွန်ခဲ့ကြတာ ဖြစ် တယ်။ အုတ်ဂူတွေနဲ့ မလှမ်းမကမ်းမှာ ခေတ်မီသန့်စင်ခန်းတွေ ဆောက်ပေးထားတယ်။ အများသူငါ သွားလာတဲ့နေရာမှာ အခု လို ခေတ်မီ သန့်စင်ခန်းတွေ ဆောက်လုပ်ထားတာ ကျွန်တော် သဘောကျတယ်။ ဒါပေမဲ့ သန့်စင်ခန်းတံခါးတွေကို သော့တွေနဲ့ ပိတ်ထားလို့ ဝမ်းမသာနိုင်ခဲ့ဘူး။ သန့်စင်ခန်း ပြုပြင်ထိန်းသိမ်း ရေးအတွက် သန့်စင်ခန်း အသုံးပြုခွင့်ကို သင့်တင့်တဲ့ အခကြေး ငွေ ကောက်ခံပြီး ဖြစ်စေ၊ အခမဲ့ဖြစ်စေ အသုံးပြုခွင့်ရအောင် ဖန် တီးပေးထားရင် ခရီးသွားတွေအတွက် ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
ခံတပ်အတွင်းပိုင်းက ပန်းခြံလေးအတွင်းမှာ လာရောက် လေ့လာကြတဲ့ ဧည့်သည်တွေ ဝင်လာမစဲ တသဲသဲပါပဲ။ ထိုင်ခုံ လေးတွေက နားနားနေနေ နေချင်သူတွေအတွက် ရေကန်အသင့် ကြာအသင့်။ အစေခံ ခံတပ်က ခံတပ်သုံးခုထဲမှာ ထုထည်အသေး ဆုံး ခံတပ်ဖြစ်ပြီး စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ဆောက်လုပ်ထားတာ ပါ။ ခံတပ်ရဲ့ မြောက်ဘက်ခြမ်းက စစ်ကိုင်းမြို့ကို မျက်နှာမူထားပြီး တောင်ဘက်ခြမ်းက ဧရာဝတီကို မျက်နှာမူထားတယ်။ ဧရာဝတီ မြစ်နဲ့ ဒုဋ္ဌဝတီမြစ် ဆုံပြီးချိန်မှာတော့ ဧရာဝတီက အရှေ့ကနေ အနောက်ကို စီးဆင်းတယ်။ ရာသီဥတု ကြည်လင်တဲ့ နေ့တွေမှာ တစ်ဖက်ကမ်းက အင်းဝဆင်ကျုံးခံတပ်ကို မှုန်ပျပျ မြင်နိုင်ပါ တယ်။ ခံတပ်ပေါ်က ကြည့်ရင် မြစ်ကမ်းစပ်အထိ အတားအဆီး မရှိ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်တယ်။
အစေခံခံတပ်ကို မင်းတုန်းမင်းလက်ထက် ၁၈၇၉ မှာ စတင် တည်ဆောက်ခဲ့တာပါ။ ခံတပ်သုံးခုမှာ နောက်ဆုံး တည် ဆောက်ခဲ့တဲ့ ခံတပ် ဖြစ်ပါတယ်။ ခံတပ်တည်ဆောက်ရာမှာ အီတလီရေကြောင်း စစ်ဘက်ဌာနက ကွန်မိုတိုပဲရီနဲ့ မိုလီနာရီကို တို့ ကြီးကြပ်မှုနဲ့ မြန်မာအင်ဂျင်နီယာတွေနဲ့ ပူးပေါင်းတည်ဆောက် ခဲ့ကြတာပါ။ ကင်းဝန်မင်းကြီးရဲ့ တိုက်တွန်းစီမံမှုနဲ့ ဆောက်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ ခံတပ် မတည်ဆောက်မီ ကင်းဝန်မင်းကြီး ဥရောပ ရောက်ခဲ့တော့ အနောက်နိုင်ငံတွေရဲ့ ခံတပ်တည်ဆောက် မှုတွေကို လေ့လာခဲ့ပါသတဲ့။ ဥရောပက ပြန်ရောက်ချိန်မှာတော့ ရန်သူ့ရေတပ် ခုခံတော်လှန်ရေးအတွက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ ခံတပ်တည်ဆောက်ရေးတွေ အပူတပြင်း ဆောက်လုပ်ခဲ့ပါတယ်။ အစေခံ ခံတပ်၊ သပြေတန်းခံတပ်၊ ဆင် ကျုံးခံတပ်တွေဟာ ကင်းဝန်မင်းကြီးရဲ့ အစီအမံတွေပါပဲ။
အစေခံ ခံတပ်က တောင်-မြောက် ၂၄၀ ပေ၊ အရှေ့-အနောက် ၃၂၀ ပေ ကျယ်ဝန်းပြီး ခံတပ်အတွင်း ဝင်ရောက်ဖို့ အရှေ့ဘက်မျက်နှာစာနဲ့ မြောက်ဘက်မျက်နှာစာမှာ အပေါက် တွေ ဖောက်လုပ်ထားတယ်။ အင်္ဂလိပ်-မြန်မာ တတိယကျူးကျော် စစ်အတွင်းမှာ အစေခံ ခံတပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အတွင်းဝန်မြို့စား မင်းခေါင်မဟာမင်းကျော်သူရှိန်နဲ့ ကနောင်မင်းသားရဲ့သားတော် ကျွန်းညွန့်မင်းသားတို့ ခေါင်း ဆောင်ပြီး အင်အားသုံးထောင်နီးပါး (၂,၇၂၆) ယောက်နဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့ကြတယ်။ ၁၉၅၇ မှာ ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက အစေခံ ခံတပ်ကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
နောက်တစ်ပတ်မှာ ကျွန်တော်နဲ့ ကိုညီက အင်းဝက ဆင် ကျုံးခံတပ်ကို အလည်ရောက်ခဲ့ကြပြန်တယ်။ အင်းဝမြို့ဟောင်း အနောက်ယွန်းယွန်းမှာ ဆင်ကျုံးခံတပ် ရှိတယ်။ ဆင်ကျုံးခံတပ် က ဧရာဝတီနဲ့ ဒုဋ္ဌဝတီတို့ဆုံရာ မြစ်ဆုံရဲ့ အောက်ဘက်မှာ ရှိနေ တာပါ။ ဆင်ကျုံးသွင်းရာ နေရာအနီးမှာ တည်ဆောက်ထားတဲ့ ခံတပ်ဖြစ်လို့ ဆင်ကျုံးခံတပ်လို့ ခေါ်ကြတယ်။ အင်းဝမြို့ဟောင်း ကို လာရောက် လည်ပတ်ကြသူတွေ ဆင်ကျုံးခံတပ်ကို အရောက် သွားပြီး လေ့လာကြတယ်။ မန္တလေးမြို့ကနေ ဧရာဝတီမြစ် ကြောင်းအတိုင်း သင်္ဘောနဲ့ စုန်ဆင်းပြီး လာရောက် လေ့လာကြ တဲ့ ခရီးသွားတွေလည်း ရှိတယ်။ ကျွန်တော်တို့ အင်း၀ ဆင်ကျုံး ခံတပ် ရောက်တဲ့နေ့က ကမ္ဘာလှည့်တွေ သင်္ဘောစီးပြီး ဆင်ကျုံး ခံတပ် အလည်အပတ်ရောက်လာတာ တွေ့ရတယ်။ ခံတပ်သုံးခု မှာ ဆင်ကျုံးခံတပ်က ဧည့်သည်လာရောက်မှု အများဆုံးခံတပ် ဖြစ်တယ်။ အင်းဝကို လာရောက် လည်ပတ်ကြသူတွေ အများစု ဆင်ကျုံးခံတပ်ကို ရောက်အောင် လာကြတယ်။
ဆင်ကျုံးခံတပ်က ဧရာဝတီကို မျက်နှာမူပြီး ဆောက်လုပ် ထားတဲ့ ခံတပ်ကြီး ဖြစ်ပါတယ်။
မင်းတုန်းမင်းလက်ထက် ၁၈၇၄ မှာ ကနောင်မင်းသားကြီး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယော မင်းကြီး ဦးဘိုးလှိုင်တို့ရဲ့ စီမံမှုနဲ့ အီတလီ အင်ဂျင်နီယာ ကွန်မိုတို တို့ ကြီးကြပ်ဆောက်လုပ်ခဲ့တယ်လို့ ဆင်ကျုံးခံတပ်ရှေ့က ကျောက်စာမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးထိုး မှတ်တမ်း တင်ထားတယ်။ ဒါပေမဲ့ ကနောင်မင်းသားကြီးရဲ့ နေရာမှာ တမင် ဖျက်ထားကြတာလည်း တွေ့ရတယ်။ အင်္ဂလိပ်လို ရေးထိုးထားတဲ့ ကျောက်စာမှာရော မြန်မာလို ရေးထိုးထားတဲ့ ကျောက်စာမှာပါ အိမ်ရှေ့စံ ကနောင်မင်းသားဆိုတဲ့ နေရာကို ဖျက်ဆီးထားတယ်။ ဘယ်သူတွေ ဘာရည်ရွယ်ချက်နဲ့ ဖျက်ထားမှန်း မသိရပေမယ့် ကျောက်ထွင်းအက္ခရာ စာသားတွေကို စိုက်ထူပြီးမှ ဖျက်ထား တာ စိတ်မကောင်းစရာပါပဲ။ ဒီလုပ်ရပ်က သမိုင်းကို ဖျောက်ဖျက် ဖို့၊ လိမ်လည်ဖို့ ကြိုးစားတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်၊ အစေခံ ခံတပ်တွေကို ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီမြစ်တို့ ဆုံရာမှာ ဖိုခုံလောက်ဆိုင် တည် ဆောက်ထားတာပါ။ ခံတပ်သုံးခုထဲမှာ ဆင်ကျုံးခံတပ်က စတုရန်းပုံ တည်ဆောက်ထားပါတယ်။ ခံတပ်ကို ဝင်ဖို့ ဆယ်ပေ လောက် ကျယ်တဲ့ ကျုံးကူးသစ်သားတံတားတစ်စင်း ရှိပြီး ခံတပ် ရဲ့ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်တဲ့ အရှေ့ဘက်အပေါက်မှာ တံတားထိုးထားတာပါ။ ခံတပ်ကို အုတ်ရိုးသုံးထပ် ကာရံထား တယ်။ အပြင်ဘက်ဆုံးတံတိုင်းက ပတ်လည်အနား ၃၅၅ ပေ ရှိ ပြီး အလယ်တံတိုင်းက ၂၉၃ ပေ ပတ်လည် ရှိပါတယ်။ အလယ် အုတ်ရိုးရဲ့ အမြင့်က ရင်ခေါင်းလောက်အထိ မြင့်ပေမယ့် အတွင်း အုတ်ရိုးကတော့ ပေါင်လယ်လောက်အထိသာ မြင့်တယ်။ တံ တိုင်းနှစ်ခုကြားတွင် ပေ ၃၀ ကျယ်တဲ့ ကျုံးတစ်ခု တူးဖော်ထား တယ်။ ကျုံးက လက်ခုပ်တစ်ဖောင်ကျော် နက်တယ်။ အရင်က ကျုံးထဲမှာ ရေရှိခဲ့ပေမယ့် အခုတော့ ကျုံးထဲမှာ ရေက ခြေမျက်စိ မြုပ်ရုံသာရှိတော့တယ်။ ဆင်ကျုံးရဲ့ အတွင်းတံတိုင်းက ပေ နှစ်ရာ ပတ်လည် ရှည်လျားပါတယ်။ ခံတပ်သုံးခုမှာ ဆင်ကျုံးခံတပ်က မန္တလေးနဲ့ အဝေးဆုံးဖြစ်ပြီး မိုင်နှစ်ဆယ်လောက် ဝေးတယ်။
ကျွန်တော်တို့ ခံတပ်အတွင်း ရောက်ချိန်မှာ ခံတပ်ကို လာ ရောက်လည်ပတ်ကြတဲ့ မိသားစုအချို့လည်း ရှိတယ်။ ကျောင်း သူ၊ ကျောင်းသားအချို့လည်း ခံတပ်ရဲ့ အရိပ်ကောင်းတဲ့ မန်ကျည်းပင်ကြီးအောက်မှာ ဝိုင်းဖွဲ့ စားသောက်နေကြတယ်။ ကျုံး ကူးတံတား ကျော်လိုက်လို့ ခံတပ်အတွင်း ဝင်လိုက်တာနဲ့ ဘယ် ဘက်အခြမ်းမှာ ကြီးမားတဲ့ မန်ကျည်းပင်ကြီးတစ်ပင် ရှိတယ်။ ခံတပ်အတွင်း ထောင့်လေးထောင့်မှာ ကြီးမားတဲ့ သက်တမ်းရင့် မန်ကျည်းပင်ကြီးတွေက ထီးသဖွယ် အုပ်မိုးထားတယ်။ ခံတပ် အပြင်ဘက် အနောက်ခြမ်းမှာ လူနှစ်ယောက်ဖက်စာလောက် ရှိတဲ့ မန်ကျည်းငုတ်တိုကြီး ရှိတယ်။ ဘယ်အချိန်က ဘယ်သူတွေ ဘာကြောင့် မန်ကျည်းပင်ကြီးကို ခုတ်ခဲ့မှန်း ဘယ်သူမှ မသိရဘူး။ အခုတော့ သစ်ငုတ်တိုအဖြစ်နဲ့ မြေပေါ်မှာ ငုံးစိစိသာ ရှိပါ တော့တယ်။
ဧရာဝတီမြစ်ဟာ ဒုဋ္ဌဝတီမြစ်နဲ့ ဆုံပြီးတာနဲ့ တံတောင်ဆစ် ချိုးကွေ့ပြီး စီးဆင်းသွားတယ်။ ဒါကြောင့် ဆင်ကျုံးခံတပ်အနီးမှာ ဧရာဝတီမြစ်က အရှေ့ကနေ အနောက်ဘက်ကို စီးဆင်းပါတယ်။ ဆင်ကျုံးခံတပ်ကို ဧရာဝတီမြစ်ရဲ့ တောင်ဘက်ကမ်းနဖူးမှာ တည် ဆောက်ထားတာပါ။ ဆင်ကျုံးခံတပ်က အမြောက်ကြီးနှစ်လက် က ဧရာဝတီမြစ်ပြင်ကျယ်ကို ချိန်ရွယ်ထားတယ်။ အနောက်ဘက် ခြမ်းမှာတော့ စိုက်ခင်းစိမ်းစိမ်းစိုစိုကို မြင်တွေ့ရမှာပါ။ အင်းဝမြို့ ဟောင်းကနေ ဆင်ကျုံးခံတပ်ကို လာတဲ့ လမ်းက ကတ်္တရာလမ်း ဖြစ်လို့ လမ်းကောင်းပါတယ်။ အင်းဝမြို့ဟောင်းကနေ ဆင်ကျုံး ခံတပ် ရှိရာကို မြင်းလှည်းနဲ့ လာလို့လည်း ရပါတယ်။ ခံတပ် အနောက်ဘက်မှာ ဧရာဝတီမြစ်ရိုးက ရွာငယ်စုစုတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆင်ကျုံးခံတပ် သွားရောက်လည်ပတ်ချိန်က ဧရာဝတီမြစ်ရေကျချိန်ဖြစ်လို့ အပြင်ဘက် တံတိုင်းကနေ ကမ်း စပ်ရောက်ဖို့ တော်တော်လေး ဆင်းရတယ်။ မြစ်ရေတိုးတဲ့ ဝါဆို ဝါဖောင် ရေဖောင်ဖောင် ကာလတွေမှာတော့ မြစ်ရေက အပြင် ဘက်တံတိုင်းအခြေအထိ ရောက်ပါတယ်။ မြစ်ရေတိုက်စားထား တဲ့ ဒဏ်ကြောင့် ခံတပ်က အုတ်အချို့ ကမ်းစပ်မှာ တွေ့ ခဲ့ရတယ်။ အင်းဝသူအချို့ ခံတပ်အနီးက ရေဆိပ်မှာ အဝတ်လျှော်သူ လျှော်၊ ရေချိုးသူ ချိုးနေကြပါတယ်။ ဖုန်းကင်မရာနဲ့ ဆယ်လ်ဖီးဆွဲ မှတ် တမ်းတင်ကြသူတွေက အလယ်အုတ်ရိုးရဲ့ အနောက်မြောက် ထောင့်မှာ ရပ်ပြီး ဧရာဝတီမြစ်ထဲက သင်္ဘောတွေ ဓာတ်ပုံထဲမှာ ပါအောင် အမှတ်တရ ရိုက်ကူးကြတယ်။
အင်းဝဆင်ကျုံးခံတပ်နဲ့ မျက်နှာချင်းဆိုင် လမ်းအရှေ့ဘက် မှာ ရွာ ရှိပါတယ်။ ခံတပ်က ဧည့်သည်အဝင်အထွက် များတဲ့ နေ ရာဖြစ်လို့ အိမ်ဈေးဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင်တွေ ရှိတယ်။ အခပေး သန့်စင်ခန်းဝန်ဆောင်မှုလည်း ဆင်ကျုံးခံတပ်အနီးမှာ ရှိပါတယ်။ သန့်စင်ခန်း အသုံးပြုခ လူတစ်ယောက် ကျပ် ၂၀၀ သတ်မှတ်ထားကြောင်း ဆိုင်းဘုတ် ခပ်သေးသေး ချိတ်ဆွဲထား တယ်။ အခပေး သန့်စင်ခန်းက အုတ်နဲ့ ဆောက်လုပ်တဲ့ ရေ လောင်းအိမ်သာ ဖြစ်ပြီး ကျယ်ဝန်းသန့်ရှင်းပုံရပါတယ်။ ကျွန် တော်တော့ ဧည့်သည်အဝင်အထွက်များတဲ့ နေရာမှာ အခပေး သန့်စင်ခန်းဝန်ဆောင်မှုလုပ်တဲ့ အင်းဝသားအိမ်ရှင်ရဲ့ စိတ်ကူး စိတ်သန်းကို သဘောကျမိတယ်။
ကျွန်တော်က ခံတပ်ရဲ့ စနေထောင့်က မန်ကျည်းပင်ကြီး အောက်မှာ ထိုင်ရင်း မြစ်ပြင်ကို ငေးမောကြည့်ရှုနေဖြစ်တယ်။ မြစ်ပြင်အတွင်းမှာ ကြီးမားတဲ့ သဲသောင်တွေ ထွန်းနေကြတယ်။ မန္တလေးဆိပ်ကမ်းက လာတဲ့ နိုင်ငံခြားသား ခရီးသည်တင် သင်္ဘောဖြူဖြူကြီးက ဆင်ကျုံးအနီးမှာ ဆိုက်ကပ်ဖို့ လုပ်နေ တယ်။ ခရီးသည်တွေကို ဈေးရောင်းကြမယ့် အင်းဝသူတွေက ခြင်းတောင်းကိုယ်စီနဲ့ ကမ်းပေါ်ကနေ စောင့်ဆိုင်းနေကြတယ်။ မြင်းလှည်းလေးငါးစီးကလည်း သင်္ဘောက ပါလာမယ့် ခရီးသည် တွေကို လာပြီး စောင့်ကြိုနေတယ်။ သင်္ဘောသားတွေက ကုန်း ပေါ်မှာ ငုတ်ရိုက်ပြီး လွန်ကြိုးကြီးတွေနဲ့ သင်္ဘောမရွေ့အောင် ချည်နှောင်ပြီးပြီ။ ကုန်းပေါင်လည်း ချလို့ လက်ရန်းတွေလည်း စနစ်တကျ တပ်ဆင်ပြီးပြီ။ သင်္ဘောပေါ်က ဆင်းလာကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေက တုတ်တုတ်မျှ မလှုပ်သေးဘူး။ ကိုညီ နဲ့ ကျွန်တော် ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အေးဆေးတည်ငြိမ်တဲ့ စရိုက်သဘာဝကို ကြည့်ပြီး သဘောကျမိသေးတယ်။ ကျွန်တော် တို့ဆီမှာတော့ သင်္ဘောက ဆိပ်ကမ်းဆိုက်ဖို့ ဟန်ပြင်တုန်း ရှိသေး တယ်၊ အထုပ်တွေ ရွက်၊ ကလေး လက်ဆွဲ၊ ပုဆိုးမနိုင် ပဝါမနိုင် လူ အုပ်ကြားထဲက ဇွတ်တိုးထွက် စတဲ့ ဆိပ်ကမ်းဇာတ်ဝင်ခန်းတွေ မကြာခဏ ကြုံဖူး တွေ့ဖူး ကြားဖူးနေတယ်။ သူတို့ကတော့ သင်္ဘောကြီး ကမ်းကပ်လို့ရပ်သည့်တိုင် သင်္ဘောကုန်းပတ်ပေါ် ခရီးသည်တစ်ယောက်မှ တက်မလာကြသေးဘူး။ အရာအားလုံး ကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းတတ်တဲ့ အလေ့အကျင့် ကောင်း သူတို့ဆီမှာ ရှိနေတယ်။
ခံတပ်တွေက မြန်မာ့သမိုင်း တစ်ပိုင်းတစ်စကို လှစ်ဟပြသ နေတယ်။ ခံတပ်တိုင်းက သူ့အလှ သူ့သဘာဝကိုယ်စီ ရှိကြတာ ချည်းပဲ။ သပြေတန်းခံတပ်ရဲ့ ဝါကြင်ကြင် အုတ်ရိုးတွေက ခန့်ခန့် ထည်ထည် ရှိလှတယ်။ နီစွေးစွေး အုတ်ရိုးတွေက အစေခံ ခံတပ် ရဲ့ တော်ဝင်ဆန်တဲ့ အလှကို ဖော်ထုတ်ပြသနေတယ်။ ဆင်ကျုံး ခံတပ်က အဖြူရောင်အုတ်ရိုးတွေဟာ ဂန္ဒဝင်ဆန်ခြင်းရဲ့ သင်္ကေတပါပဲ။ ထုထည်အကြီးဆုံးနဲ့ မန္တလေးနဲ့ အနီးဆုံး ခံတပ် ကို သွားရောက် လေ့လာချင်ရင် စစ်ကိုင်းတံတားထိပ် အမရပူရ မြို့နယ်ထဲက သပြေတန်းခံတပ်ကို သွားပါ။ မြေယာရှုခင်း လှလှ ပပ ပြင်ထားပြီး ဥယျာဉ်လေးတစ်ခုလို သန့်ရှင်းစိမ်းလန်းတဲ့ ခံတပ်ကို သွားချင်ရင် စစ်ကိုင်းမြို့ အနောက်တောင်ယွန်းယွန်းက အစေခံ ခံတပ်ကို သွားရောက် လည်ပတ်နိုင်ပါတယ်။ ရှုခင်း ရှုကွက် ကောင်းကောင်းနဲ့ လည်ပတ်စရာ နေရာစုံတဲ့ နေရာ သွား ချင်သပဆိုရင်တော့ အင်းဝက ဆင်ကျုံးခံတပ်ကို သွားရောက်ဖို့ တိုက်တွန်းပါရစေ။