Photo- Khin Maung Myint
အချိန်က နံနက် ကိုးနာရီဝန်းကျင်ဖြစ် သည်။ ဦးပဉင်း၊ ကိုရင်နှင့် အလုပ်သမား တချို့သည် သစ်သားတိုင်၊ ဝါးများနှင့် မြေစိုက်မဏ္ဍပ်တစ်ခုကို ဆောက်လုပ် နေကြသည်။ ဦးပဉ္စင်းများနှင့် ကိုရင် ငယ်များက ထန်းလက်များကို အမိုးမိုး ရန် ဝါးထုပ်တန်းများအပေါ်မှ အလုပ် သမားနှစ်ယောက်ထံသို့ တင်ပေးနေကြ သည်။ သူတို့၏ ကိုယ်ပေါ်တွင် ချွေးများ က ရွှဲနစ်လို့နေ၏။
ယင်းဆောက်လုပ်ဆဲမဏ္ဍပ်မှာ ပခုက္ကူမြို့၊ အမှတ် ၁၄ ရပ် ကွက်၊ စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးကျောင်းမှ အပူရှောင် စခန်းပင်ဖြစ်သည်။ သက်ကြီးရွယ်အိုများအတွက် ပူပြင်းလှသည့် အညာနွေရာသီကို အန်တုနိုင်ရန်ဆောက်လုပ်ထားခြင်း ဖြစ် သည်။ ၎င်းစခန်းစတင်ဖွင့်လှစ်ခဲ့သည့် မနှစ်က တစ်ရက်လျှင် သက်ကြီးရွယ်အို ၂ဝဝ ဝန်းကျင်အထိ အပူဒဏ်လာရှောင် ကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပခုက္ကူပြည်သူ့ဆေး ရုံကြီးမှ ဆရာဝန်တစ်ယောက်နှင့် သူနာပြုနှစ်ယောက်က စောင့် ကြည့်ပေးပြီး မီးသတ်ဦးစီးဌာနမှလည်း မီးသတ်ကားများဖြင့် အပူရှောင်စခန်းခေါင်မိုးမှ ထန်းလက်များပေါ်သို့ ရေများဖျန်း ပေးသည်ဟု စနစ်သစ်ပုထိုးတိုက်ကျောင်းမှ ကျောင်းထိုင်ဆရာ တော် ဦးကောသလ္လက မိန့်ကြားသည်။
”ဒီနှစ်လည်း အရင်နှစ်တွေကလို ပူဦးမှာပဲလို့ (မိုးလေဝသ ပညာရှင်) ဦးထွန်းလွင်က ပြောနေတယ်။ အခု ရာသီဥတုက မမှန် ဘူး။ ပူပြန်တော့လည်း နေထိုင်လို့ မရအောင်ပူတယ်။ အပူအအေး မမျှဘူး” ဟု ဆရာတော်က ဆက်လက်မိန့်သည်။
မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ပြောင်းလဲလာနေပြီး အပူချိန် မှာလည်းမြင့်တက်လာသောကြောင့် ကျန်းမာရေးပြဿနာများ နှင့် ကြုံတွေ့နေရသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး (World Health organization – WHO) ၏ ငှက်ဖျား၊ ရေ၊ သန့်ရှင်း ရေးနှင့် ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုဌာနမှ အမျိုးသားကျန်းမာ ရေးဆိုင်ရာအရာရှိဒေါက်တာမျိုးမြင့်နိုင်ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုခံရ သောကြောင့် ကျန်းမာရေးကဏ္ဍကိုလည်း ရေရှည်စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်သင့်ဟု ဆိုသည်။
ပြင်ဆင်မှုက အားနည်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန (သဘာဝဘေးနှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်း အောင်ကလည်း ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သည့်အတွက် ၂ဝ၁ဝ အပူလှိုင်းဖြတ်ခဲ့စဉ်က မ္တနလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာတစ်ရာကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အပူဒဏ်ကြောင့် မည်သည့်ရောဂါများအဖြစ်များလာသည်၊ အပူ ဒဏ်ကြောင့် မည်မျှရောဂါဖြစ်နေကြသည်၊ မည်မျှ သေဆုံးနေကြ သည်ကို စာရင်းအတိအကျကောက်ခံနိုင်ခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
အစိုးရ ဆေးရုံ၊ ဆေးခန်းများကို ရောက်ရှိလာသည့် လူနာ မှတ်တမ်းများအရ ၂ဝ၁ဝ အယ်လ်နီညိုဖြစ်ခဲ့စဉ်က တစ်နိုင်ငံလုံး တွင် အပူဒဏ်ကြောင့် လူနာ ၆၂၇ ဦး ရှိခဲ့ရာ ၁၂၅ ဦး (ငါးဦးလျှင် တစ်ဦးနှုန်း)သေဆုံးခဲ့သည်။
”အထူးသဖြင့် ကလေးသူငယ်တွေ ရှိကြတဲ့ မိဘတွေနဲ့ သက်ကြီးရွယ်အိုမိဘတွေ ရှိကြတဲ့ သားသမီးတွေ ကျန်းမာရေး စောင့်ရှောက်မှုပေးကြရာမှာ အထူးသတိထားစေချင်ပါတယ်”ဟု ဒေါက်တာသန်းထွန်းအောင်က ဆက်လက်ပြောသည်။
ယခုနှစ်အတွင်းထုတ်ပြန်ခဲ့သည့် Assessing Risk in Myanmar (မြန်မာနိုင်ငံ၏ ရာသီဥတုဘေးအန္တရာယ်ကို အကဲဖြတ်ခြင်း) အစီရင်ခံစာအရ ၂၁ ရာစုအလယ် ၂ဝ၅ဝ တွင် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် လက်ရှိ အပူချိန်ထက် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက် လာနိုင်ပြီး နိုင်ငံ၏ အရှေ့ဘက်နှင့် မြောက်ဘက်တောင်တန်း ဒေသများ၌မူ အပူချိန်မှာ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာ နိုင်သည်ဟု ခန့်မှန်းထားသည်။
ယင်းအပြင် ၁၉၈၁ မှ ၂ဝ၁ဝ အတွင်း တစ်လလျှင် အပူဆုံး ရက် တစ်ရက်သာ ရှိခဲ့သော်လည်း ၂ဝ၅ဝ ဝန်းကျင်တွင် တစ်လ လျှင် အပူဆုံးရက် လေးရက်မှ ၁၇ ရက်အထိ ရှိလာနိုင်သည်ဟု ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းအစီရင်ခံစာကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်း ကျင် ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature-WWF)၊ ကိုလံဘီယာတက္ကသိုလ်၊ The Earth Institute ရှိ ရာသီဥတုစနစ် များသုတေသနဗဟို (The Centre for Climate System Research CSSR)၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Myanmar Climate Change Alliance) နှင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မည်သည့်အရပ်ဒေသတွင်မဆို အပူချိန် တစ်ဒီဂရီစင်တီ ဂရိတ် မြင့်တက်သည်နှင့် ရေရှားပါးမှုကြုံရပြီး နှစ်ဒီဂရီစင်တီ ဂရိတ်မြင့်တက်ပါက စီးဆင်းနေသည့် မြစ်ချောင်းများ၊ ရေကန် များ ရေခန်းခြောက်ခြင်း၊ သုံးဒီဂရီစင်တီဂရိတ်အထိ မြင့်တက် ပါက မြေအောက်ရေဆုတ်ယုတ်သွားခြင်းများ ကြုံရတတ်သည် ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရှင်းပြသည်။
ရေစကြိုမြို့နယ်၊ကွမ်းသီးကန်ကျေးရွာမှ ခန်းခြောက်နေသော မိုးရေလှောင်ကန်အား မေလ နောက်ဆုံးပတ်က တွေ့ရစဉ် Photo- Khin Maung Myint
နှစ်စဉ် မေနှင့် ဧပြီလတွင် အပူချိန်မြင့်တက်လာနေသည့် အပြင် လေထုထဲတွင်လည်း ရေငွေ့များက ရောနှောပါဝင်လာ သောကြောင့် လေအပူချိန်နှင့် ရေငွေ့အပူချိန်နှစ်ရပ်ပေါင်းကို ခန္ဓာကိုယ်က ခံစားလာရသည့်အခါ ခံစားရသည့်အပူချိန်(Feel Temperature)မှာ ခန္ဓာကိုယ်က ခံနိုင်ရည်ထက် ကျော်လွန်လာ တတ်ပြီး ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိလာသည်ဟု မေ ၄ ရက် က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတိပေးထားသည်။
MCCA အဖွဲ့မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နည်းပညာ အကြံပေး အရာရှိ ဦးဟုန်းလိန်းကလည်း နောင်လာမည့် နှစ် ပေါင်း ၃ဝ တွင် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ မူဝါဒများ၊ စီမံကိန်းများချပြီး အကောင်အထည်မဖော်ပါက ”တကယ့်ကြီး မားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ဆိုသည်။
အပူချိန်မြင့်တက်လာခြင်းကြောင့် လေဖြတ်ခြင်း၊ အပူရှပ် ပြီး သတိလစ်ခြင်း(Heat Stroke)၊ အပူဒဏ်ကြောင့် ချွေးထွက် လွန်ပြီး ပင်ပန်းနွမ်းနယ်(Heat Exhaustion)၊ မိတ်ထွက် ခြင်း(Heat Rash) စသည့် ရောဂါများကို ခံစားရနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
WHO ၏ ၂ဝ၁၆ အစီရင်ခံစာတွင် အပူချိန်လွန်ကဲမှုကြောင့် လေထုအတွင်း အပူချိန်မြင့်မားလာပြီး နှလုံးသွေးကြောနှင့် ဆိုင် သော ရောဂါများ၊ အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါ များကြောင့် သက်ကြီးရွယ်အိုများ အဓိက သေဆုံးကြသည်ဟု ဖော်ပြထားသည်။
အပူချိန်နှင့် ကျန်းမာရေးပြဿနာ
ပခုက္ကူမြို့ရှိ အပူရှောင်စခန်းဖွင့်ထားသည့် ဆရာတော် ဦးကောသလ္လဆိုလျှင် အပူချိန်မြင့်တက်လာမည့်သတင်းများကို ကြားရတိုင်း သူ့ဆရာဘုန်းကြီးဖြစ်သူကို မျက်စိထဲ မြင်ယောင် လာသည်။ သူ့ဆရာမှာ ၂ဝ၁ဝ က အပူချိန်မြင့်မားသည့်ဒဏ် ကြောင့် တစ်ကိုယ်လုံး ချစ်ချစ်တောက်ပူလာပြီးနောက် သတိ လစ်ကာ ပခုက္ကူဆေးရုံတင်လိုက်ရသည်။ ဆေးရုံရောက်သွားပြီး တစ်ပတ်လောက်ကြာသော်လည်း သတိက မရသေး။
ထို့ကြောင့် ဆရာဝန်ကြီးအား မ္တနလေးဆေးရုံသို့ ပြောင်း ရွှေ့ကုသမည်ဟု ပြောပြီးနောက် ဆရာတော်ကောသလ္လသည် သူ့ ဆရာအား မ္တနလေးဆေးရုံသို့ ပြောင်းရွှေ့ ခဲ့သည်။
မ္တနလေးဆေးရုံကြီးရောက်သည့်အခါ အပူဒဏ်ကြောင့် ဆေးရုံရောက်လာသော လူနာများကို သီးသန့်ထားသည့် လေ အေးစက်တပ် အအေးခန်းထဲတွင်ထားပြီး ကုသရသည်။ ကျန်းမာ ရေးဝန်ထမ်းများက ဆရာတော်၏ သင်္ကန်းများကို ချွတ်ပြီး ရေခဲ ရေစိမ်ထားသော တဘက်များဖြင့် မျက်နှာ၊ ခြေ၊ လက်တို့ကို ရေ ပတ်တိုက်ပေးကြသည်။
တဘက်တစ်ထည်ကို ရေခဲရေစိမ်ကာ ရေကို ညှစ်ထုတ် လိုက်ပြီး ထိုတဘက်ဖြင့် ဆရာတော်၏ ခန္ဓာကိုယ်ကို အုပ်လိုက်ရာ ”ဘယ်လောက်ပူနေလဲဆိုတော့ မီးခိုးငွေ့တွေလို အငွေ့တွေ ထွက်လာတယ်”ဟု ဆရာတော်ဦးကောသလ္လက မိန့်ဆိုသည်။
အခန်းထဲတွင် အပူဒဏ်ကြောင့် ရောက်လာသည့် ကလေး၊ လူကြီးလူနာများနှင့် အပြည့်ဖြစ်နေပြီး လူနာမဆံ့သဖြင့် လေ အေးပေးစက် မရှိသည့်အခန်းထဲ၌ပင် ထားကြရသည်ဟု ဆရာ တော်က မိန့်ကြားသည်။
”မျက်စိရှေှ့မှာတင် သေဆုံးသွားတဲ့ သူတွေ မနည်းဘူး။ တော်တော်ကြောက်ဖို့ ကောင်းတယ်”ဟု ဆရာတော်က ဆက် ၍ မိန့်သည်။ သူ့ဆရာဖြစ်သူမှာ မ္တနလေးဆေးရုံတွင် နှစ်လခန့် ဆေးကုသခဲ့ရသည်။
ရေနံချောင်းမြို့နယ်၌ မနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ရေချိုးနေကြသည့် ကလေးငယ်နှစ်ဦး Photo- Khin Maung Myint
ထိုအချိန်ကစ၍ သက်ကြီးရွယ်အိုများအတွက် အပူရှောင် စခန်းဖွင့်ရန် စိတ်ကူးရလိုက်ခြင်းဖြစ်သည်။ သို့သော် ငွေကြေး အခက်အခဲကြောင့် ချက်ချင်း မဖွင့်နိုင်ခဲ့။ ၂ဝ၁၆ တွင် ဒကာ ဒကာမများထံမှ အလှူငွေရလာသောကြောင့် အပူရှောင်စခန်း ကို ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဧပြီလ ဒုတိယပတ်တွင် အပူရှောင်စခန်းစတင်ဖွင့် လှစ်ခဲ့သော်လည်း မိုးရွာသောကြောင့် အပူရှောင်စခန်းတွင် အပူ လာရှောင်သူမှာ ဆယ်ယောက်ခန့်သာ ရှိသေးသည်ဟု ဆရာ တော်က မိန့်သည်။ ”သူတို့အိမ်တွေမှာ နေလို့မရအောင် အပူချိန် တွေ တဖြည်းဖြည်း မြင့်လာရင်တော့ ဒီကို မနှစ်ကလို ရောက်လာ ကြမှာပါ” ဟု ဆရာတော်က ရှင်းပြသည်။
အပူချိန်မြင့်မားသည့် ဒဏ်ကို ကလေးသူငယ်များ၊ သက် ကြီးရွယ်အိုများနှင့် အဆုတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေး ကြောကျဉ်းရောဂါစသည့် ရောဂါအခံရှိသူများ၊ အရက်သေစာ သောက်စားတတ်သည့်သူများ၊ နေပူထဲတွင် ပင်ပင်ပန်းပန်း လုပ် ကြရသည့် အလုပ်သမားများ ခံရတတ်သည်ဟု ကျန်းမာရေး ပညာရှင်များက ဆိုသည်။
ယခုနှစ် မတ်လထဲတွင် ပခုက္ကူမြို့မှ အသက် ၅၂ နှစ်အရွယ် လက်သမားဆရာ ဦးဇော်လွင်တစ်ယောက် နေ့လယ်ခင်းနေပူထဲ တွင် အိမ်ခေါင်မိုးရန် သစ်သားတန်းများကို သံရိုက်မည်ဟု အား ပြုလိုက်ရာ သူ၏ ခြေထောက်နှင့် လက်များ ကြွက်တက်သလို ဖြစ်လာပြီး ခေါင်မိုးပေါ်က ပြုတ်ကျမလို ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်တွင် ချွေးများက တစ်ကိုယ်လုံး ရွှဲလို့နေသည်။
သူ့ဘေးနားတွင် ရှိနေသော သစ်သားချောင်းကို ဖက်တွယ် ထားလိုက်ခြင်းကြောင့်သာ ခေါင်မိုးပေါ်မှ ပြုတ်မကျခြင်းဖြစ် သည်။ အနည်းငယ်သက်သာလာသည့်အခါမှ ခေါင်မိုးပေါ်က ဆင်းကာ သစ်ပင်အောက်တွင်နားလိုက်သည်။ အနှိပ်သည်ကို ခေါ်ကာ အကြောနှိပ်ခဲ့ရသည်ဟု သူက ဆိုသည်။
”တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး။ ဒီလိုသာ တစ်နှစ်ထက်တစ်နှစ် အပူချိန်တွေ မြင့်လာရင် ကျွန်တော်တို့ လက်လုပ်လက်စားတွေ ဘယ်အချိန် အလုပ်သွားလုပ်မှာလဲဗျာ” ဟု သူက ညည်းညူရင်း ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အပူပိုင်းနှင့်ကူးစက်ရောဂါ ပညာဌာနမှ ပါမောက္ခဒေါက်တာမိုးမိုးစမ်းက အပြင်က အပူချိန် မြင့်တက်လာသည့်အခါ ခန္ဓာကိုယ်တွင်း အပူချိန်နှင့် ပြင်ပ အပူ ချိန်ကို မထိန်းညှိနိုင်ဘဲ ကိုယ်တွင်း အပူချိန်မြင့်ပြီး ဦးနှောက်၊ အာရုံကြော၊ နှလုံးနှင့် သွေးလှည့်ပတ်မှုစနစ်တို့ကို ထိခိုက်စေ သည်ဟု ဆိုသည်။
ယင်းအပြင် ခန္ဓာကိုယ် အပူချိန်မြင့်တက်လာလျှင် ရေ ဓာတ်ခန်းခြောက်လာခြင်း၊ ချွေးမထွက်ခြင်းများ ဖြစ်လာကာ သတိလစ်သည်အထိ ဖြစ်သွားတတ်သည်ဟု သူက ဆိုသည်။
”အဆိုးဆုံးက အပူလေဖြတ်ခြင်းပေါ့။ သိပ်မဆိုးတဲ့ဟာ တွေက အပူကြောင့် နွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း ဒါတွေက လည်း အပူချိန်မြင့်တာနဲ့ တိုက်ရိုက် ဆက်စပ်ပါတယ်” ဟု ပါမောက္ခဒေါက်တာမိုးမိုးစမ်းက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မိတ်ဆွေ ကောင်း လူမှုကူညီရေးအသင်း၏ ၂ဝ၁၂ မှ ၂ဝ၁၆ ထိ စာရင်း ဇယားများအရ မတ်၊ ဧပြီ၊ မေလများတွင် လူသေဆုံးမှုမှာ အခြားသောလများထက် လူအယောက်နှစ်ဆယ် ဝန်းကျင်ခန့် ပို များသည်ကို တွေ့ရသည်။
အပူလှိုင်းဖြတ်သည့် ၂ဝ၁ဝ ကဆိုလျှင် ရေနံချောင်းမြို့ပေါ် တွင် တချို့ရက်များ၌ အပူဒဏ်ကြောင့်သေဆုံးသူဦးရေ ဆယ် ဂဏန်းရှိခဲ့ခြင်းကြောင့် ”တစ်ရက်လုံး အသုဘပို့တဲ့ ယာဉ်တွေ မနားရဘူး။ လူအသေများတဲ့ ရက်ဆိုရင် မိုးချုပ်သွားတော့ ကား မီးထိုးပြီး အသုဘ ချခဲ့ရတာလည်းရှိတယ်”ဟု ယင်းအသင်းမှ အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။
နွေရာသီ အပူချိန်မြင့်လာသည့်အခါ သေဆုံးသူအများစုမှာ အသက်ကြီးပိုင်းများနှင့်ကလေးငယ်များဖြစ်ပြီး ”လူလတ်ပိုင်း ဆိုရင်တော့ အရက်သမားပဲ။ ဒီဘက်မှာက နွေရာသီရောက်ရင် တော့ အရက်သမားပြုန်းတာပဲ”ဟု သူက ပြောသည်။
အပူဒဏ်ကာကွယ်ဖို့
အပူဒဏ်ကို ကာကွယ်ရန် မနက် ၁ဝ နာရီမှ ညနေ ၄ နာရီ အတွင်း နေပူထဲ မသွားရန်၊ မြစ်ချောင်းများတွင် ရေမချိုးရန်၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေမချိုးရန် စသည့် အချက်များ ကို လိုအပ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန်းထွန်းအောင်က အကြံပြုသည်။
နေပူထဲတွင် အလုပ်လုပ်ကြသည့်သူများအနေဖြင့် ဦးထုပ်၊ ထီးများကို ဆောင်းရန်၊ နေကာမျက်မှန် တပ်ရန်၊ အရောင် ဖျော့ ဖျော့ချည်သား အင်္ကျီများကို ဝတ်ရန် လိုအပ်သည်။ ထို့အပြင် နေ ရောင်ဒဏ်ကို ကာကွယ်ပေးသည့် ခရင်မ်များလိမ်းရန်နှင့် သနပ် ခါးထူထူလိမ်းထားရန် လိုအပ်သည်ဟု သူက အကြံပြုသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အစိုးရဆေးရုံပေါင်း ၁,၁၂၃ ရုံရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆေးရုံများနှင့် ခရိုင်အဆင့်ဆေးရုံအချို့တွင်သာ အပူဒဏ်ကြောင့် သတိလစ်၊ အပူလေဖြတ် လူနာများကို ကုသပေးနိုင်ပြီး မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် ကုသနိုင်ခြင်းမရှိသေးဟု သူက ဆိုသည်။
”အဲကွန်းခန်းတွေ၊ ဓာတ်ဆား၊ ရေခဲရေ၊ Drip သွင်းတာ၊ အောက်ဆီဂျင်ပေးတဲ့ စနစ်၊ လိုအပ်တဲ့ဆေးဝါးတွေ ရှိဖို့ လိုတယ်”ဟု သူက ဆိုသည်။
ဆရာတော်ဦးကောသလ္လကတော့ သူ၏ဆရာဖြစ်သူမှာ ပခုက္ကူဆေးရုံ၌ ဆေးကုသခံယူနေစဉ်အတွင်း လျှပ်စစ်မီး မကြာ ခဏပြတ်ခြင်း၊ အပူဒဏ်ကြောင့် ရောက်လာသည့်လူနာများကို ကုသပေးသော အခန်းထဲတွင်လည်း လေအေးပေးစက် မနိုင် မနင်းဖြစ်ခြင်းတို့ကြောင့် မ္တနလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ရ ခြင်းဖြစ်သည်ဟု မိန့်သည်။
သောက်သုံးရေရှားပါးမှုနှင့် ကျန်းမာရေးပြဿနာ
နောင်လာမည့် ၈၄ နှစ်အတွင်း အပူချိန်မှာ ၅ ဒီဂရီစင်တီ ဂရိတ်ထိ မြင့်တက်လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထား ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
အပူချိန်မြင့်တက်ခြင်းကြောင့် မြစ်ချောင်းရေကန်များရေခန်းခြောက်ခြင်းများ ကြုံရနိုင်သောကြောင့် ”ရေရှားပါးတာက တော့ မြန်မာနိုင်ငံမှာ မပေါ့သင့်တဲ့ ကိစ္စပဲ။ အခုလည်း မြေအောက် ရေ ဆုတ်တာပဲလေ။ ၂ဝ၁၆ တုန်းက ဧရာဝတီတိုင်း၊ သာပေါင်းမှာ အဝီစိတွင်းတူးတာ ရေမထွက်တော့ဘူး” ဟု ၎င်းက ထောက် ပြသည်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ကွမ်းသီးကန် ကျေးရွာဆိုလျှင် သောက်သုံးရေရှားပါးမှုကို နှစ်တိုင်းကြုံတွေ့ နေသည်။ ယင်းကျေးရွာတွင် လူဦးရေ ၁,ဝဝဝ ဝန်းကျင်နှင့် အိမ် ခြေ ၂ဝဝ ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေကြိုင်က ပြောသည်။
ကျေးရွာ၌ သောက်သုံးရေ ရမလားဆိုသည့် မျှော်လင့်ချက် ဖြင့် ပေ ၅ဝဝ ခန့်နက်သည့် စက်ရေတွင်း ငါးတွင်းတူးရာ၌ တစ် တွင်းသာ အသုံးပြု၍ရပြီး ယင်းရေတွင်းမှ ရေမှာလည်း အနည်း ငယ် ငန်နေသည်။ ကျန်သည့် တွင်းများမှာ သုံးလို့မရအောင် အငန်ဓာတ်များနေသည်။ ထို့ကြောင့် သောက်ရေအတွက်ကိုမူ သူတို့ကျေးရွာမှ နှစ်မိုင်ကျော်ဝေးသည့် သဲတောကျေးရွာရှိ စက် ရေတွင်းမှ ပိုက်ဖြင့်သွယ်တန်းကာ သုံးနေရသည်။
”ထမင်းချက်တာ၊ ရေချိုးတာနဲ့ ကျွဲ၊ နွားတွေအတွက်က တော့ ကိုယ့်ရွာတွင်းက ထွက်တဲ့ ဆားငန်ရေနဲ့ချက်သုံးပေါ့ဗျာ။ သောက်ရေကို တစ်အိမ်နှစ်ပုံးစီပေးထားတယ်။ အရမ်းအခက် အခဲဖြစ်ရင် မြို့ကလူတွေ လာလှူကြတယ်။ အဲဒီစက်ရေတွင်းသာ တစ်ခုခု ဖြစ်သွားရင်တော့ မလွယ်ဘူး”ဟု ဦးရွှေကြိုင်က ဆိုသည်။
သူတို့ကျေးရွာတွင် သုံးဧကကျော်အကျယ်ရှိသည့် မြေ သားရေလှောင်ကန်တွင် လွန်ခဲ့သည့်ဆယ်နှစ်လောက်က မိုး တွင်းဆိုလျှင် မိုးရေစီးနှုန်းများသောကြောင့် ကန်ပေါင်ကျိုးမှာ ကြောက်ခဲ့ရသည်။ ကန်ထဲရေမဝင်အောင် လမ်းကြောင်းလွှဲပေးရ သည်အထိရှိခဲ့သည်။
”အခုဆိုရင် ကန်မှာ ရေမပြည့်တာတောင် လေး၊ ငါးနှစ်ရှိ ပြီ။ နေကလည်း အရမ်းပူလာသလို တွေ့တယ်။ ရေကုန်တာလည်း တော်တော်မြန်တယ်။ ဒီလ(မတ်)ရောက် ခါစပဲရှိသေးတယ် ကန်မှာ ရေမရှိတော့ဘူး”ဟု သူက ဆိုသည် သောက်သုံးရေ ရှားပါးလာပါက မသန့်ရှင်းသည့် ရေများ ကို သုံးစွဲရခြင်း၊ လက်များကို သန့်စင်အောင် မဆေးကြောနိုင်ခြင်း၊ ခန္ဓာကိုယ်သန့်ရှင်းအောင် ရေမချိုးနိုင်ခြင်း၊ အိုးခွက်၊ ပန်းကန် များကို သန့်ရှင်းအောင် မဆေးကြောနိုင်ခြင်း၊ အစားအသောက် များမှာ ပုပ်သိုးလွယ်ပြီး ယင်းအစားအသောက်များကို စားသုံးမိ ခြင်း စသည့် အချက်များကြောင့် အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်း လျှော၊ ဝမ်းကိုက်နှင့် အစာအဆိပ်သင့်မှုများဖြစ်ပွားနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
၂ဝ၁၁ နောက်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ မြန် မာနိုင်ငံ၏ အဖြစ်အများဆုံး ရောဂါငါးမျိုးစာရင်းတွင်ပါဝင်နေပြီး အစာအဆိပ်သင့်မှုမှာလည်း အဖြစ်အများဆုံးရောဂါ ၁ဝ မျိုးထဲ တွင် ပါဝင်နေသည်ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။ ”ဒီရောဂါတွေက အဖြစ်အများဆုံးမှာပါပေမယ့် အသေ အပျောက် အများဆုံး ရောဂါဆယ်မျိုးထဲမှာတော့ မပါဘူး။ ဒါ ပေမဲ့ အသက်အ္တနရာယ်ကို ထိခိုက်နိုင်ပါတယ်။ သတိထားရမယ်” ဟု သူက ဆက်လက်ပြောသည်။
ထို့အပြင် ရေရှားပါးလာသည့်အခါ ရေများကို ရက်ရှည် လများ သိုလှောင်မှုများရှိလာနိုင်ရာ ထိုရေများတွင် ရောဂါပိုး သယ်ဆောင်နိုင်သော ခြင်များပေါက်ပွားနှုန်းများလာနိုင်ပြီး သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့်ဇီကာ စသည့်ရောဂါများလည်း ဖြစ်လာနိုင်သည်ဟု သူက ဆိုသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ရာသီဥတုကို ခံနိုင်ရည်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုပ်ဆောင်ရန်လိုအပ်သလို ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်သည့်အကြောင်းအရာများကိုလည်း လျှော့ချရန်လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များနှင့် ရာသီဥတုဆိုင်ရာပညာရှင်များက ထောက်ပြသည်။
ရေနံချောင်းမြိုှု့နယ်၊ စမ်းကန်ကြီးကျေးရွာတွင် တွေ့ရသည့် ကျေးလက်ကျန်းမာရေးဆေးခန်း Photo- Khin Maung Myint
ဘာတွေလုပ်ဖို့ လိုအပ်လဲ
ရာသီဥတုပြောင်းလဲမှု လျော့ကျအောင် လုပ်မည့်အပိုင်း တွင် နည်းပညာများစွာလိုအပ်သော်လည်း အစိုးရအနေဖြင့် ကျောက်မီးသွေးအသုံးပြုခြင်းကို လျှော့ချခြင်း၊ သစ်တောပြုန်း တီးမှုကို ကာကွယ်ခြင်းနှင့် သစ်တောများပြန်လည် စိုက်ပျိုးခြင်း ကဲ့သို့သော လုပ်ကိုင်နိုင်သည့်အပိုင်းများကို လုပ်ဆောင်သင့် သည်ဟု ဒေါက်တာထွန်းလွင်က အကြံပြုသည်။ ”အဲဒါတွေက အစိုးရက မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ပြီး ရေရှည်အတွက် လုပ်ကိုလုပ်ရမယ်”ဟု သူက ဆိုသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ òန်ကြားရေး မှူးချုပ် ဦးလှမောင်သိန်းကတော့ ရာသီဥတုပြောင်းလဲလာမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ပညာရှင်များ၏ အကူအညီဖြင့် မူ ဝါဒ၊ မဟာဗျူဟာများရေးဆွဲခဲ့ပြီး လုပ်ငန်းအကောင်အထည်ဖော် မည့် စီမံကိန်းများကိုလည်း ရေးဆွဲလျက်ရှိသည်ဟု ဆိုသည်။
ထိုစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ လိုက် လျောညီထွေနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေးနှင့် ထိခိုက်ဆုံးရှုံးမှု၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေး စသည့်သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ဆောင်မည့် အစီအမံများကို ၂ဝ၁၆-၂ဝ၁၇ မှ ၂ဝ၃ဝ အထိ ၁၅နှစ်အတွက် ထည့်သွင်းရေးဆွဲထားသည်ဟု သူ က ဆိုသည်။
”သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်ပြီး ကဏ္ဍအလိုက်ရလာတဲ့ စီမံကိန်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မြို့နယ်အလိုက်ဆောင်ရွက်သွားမှာပါ”ဟု ဦးလှမောင်သိန်းက ဆက်လက်ပြောသည်။
MCCA မှ နည်းပညာအကြံပေးအရာရှိ ဦးဟုန်းလိန်းက တော့ ထိုကဲ့သို့ မူဝါဒများ၊ မဟာဗျူဟာများရေးဆွဲပြီးနောက် အစိုးရတာဝန်ရှိသူများအနေဖြင့် စာအုပ်သက်သက်မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်သလို ”အကောင် အထည်ဖော်မယ့် သူတွေကလည်း ပြည်သူတစ်ဦးချင်းစီ နား လည်အောင် ဘယ်လိုလုပ်မှာလဲဆိုတာကတော့ မေးခွန်းမေးစရာ ဖြစ်တယ်။ ဒါမှ လာမယ့် နှစ်သုံးဆယ်မှာ ကြုံတွေ့လာရမယ် ပြဿနာတွေက နည်းနည်းလျော့ကျသွားမယ်” ဟု ဆိုသည်။
အစိုးရဌာနဆိုင်ရာများကြားတွင် ညှိနှိုင်းခြင်း၊ အတူအကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာထွန်းလွင်က အခုလို မှတ်ချက်ပြုသည်။
”အစိုးရဌာနဆိုင်ရာတွေမှာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုတာ ပြောနေတာကြာလှပြီ။ ပြီးခဲ့တဲ့အပတ်က နေပြည် တော်မှာလုပ်တဲ့ ပွဲတစ်ခုမှာ ဒုတိယသမ္မတနဲ့ တွေ့တော့လည်း အစိုးရဌာနဆိုင်ရာတွေမှာ အားအနည်းဆုံးက ပူးပေါင်းဆောင် ရွက်မှု မရှိဘူးလို့ ပြောခဲ့တယ်”
ဒေါက်တာသန်းထွန်းအောင်က ရာသီဥတု ပြောင်းလဲလာ မှုကြောင့် မည်သည့်ရောဂါများအဖြစ်များလာသည်၊ ရောဂါ အသစ်ဖြစ်ပွားမှု ရှိ၊ မရှိကို ဆေးသုတေသနပညာရှင်များက စနစ် တကျ သုတသနလုပ်ခြင်း၊ အပူချိန်မြင့်မားလာပါက ထိုအပူချိန် ထဲတွင်ရှိနေသည့် ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation- UV Rays) ကိုလေ့လာသည့် ပညာရှင်များလည်း လိုအပ် သည်ဟု ဆိုသည်။
အပူဒဏ်နှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်များကို ကျန်းမာရေးဝန်ထမ်းများမှပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ တီဗီ၊ ရေဒီယို၊ မီဒီယာများမှတစ်ဆင့် ပညာပေးမှုများဆောင်ရွက် နေသော်လည်း လုံလောက်မှုမရှိသေးဘဲ မြို့နယ်၊ ရပ်ကွက်၊ ကျေး ရွာ လူထုအခြေပြုအဖွဲ့များ ပညာပေးမှုများပါ ပူးပေါင်းဆောင် ရွက်သင့်ပြီး ပူပြင်းသည့်ဒေသများတွင် အပူရှောင်စခန်းများ ဆောက်လုပ်ပေးခြင်း၊ ရေကောင်းရေသန့် ရရှိအောင် လုပ်ပေး ခြင်းများ ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။
ရေနံချောင်းမြို့နယ်၊ လွန်ပင်ကျေးရွာတွင် နွားလှည်းများဖြင့် ရေရောင်းနေကြစဉ် Photo- Khin Maung Myint
ပြီးခဲ့သည့်နှစ်က ပခုက္ကူမြို့ရှိ အပူရှောင်စခန်းကို မြင်းခြံ၊ စလင်း၊ ရေနံချောင်း၊ ချောက်စသည့် မြို့နယ်များမှ လာရောက် လေ့လာသော်လည်း ကုန်ကျစရိတ်ကြီးသည့်အတွက် အကောင် အထည် မဖော်နိုင်ကြပေ။ ဆရာတော်ကတော့ ပူပြင်းသည့် ရာသီ တွင် သက်ကြီးရွယ်အို၊ ကလေးသူငယ်များအတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိ သူများကလည်း ပူးပေါင်းဆောင်ရွက်ပါက ပိုမို အဆင်ပြေနိုင်သည်ဟု ဆရာတော်ဦးကောသလ္လက မိန့်ကြားသည်။
လောလောဆယ်တွင်တော့ ဆရာတော်ဦးစီးတည် ဆောက်ထားသည့် အပူရှောင်စခန်းလေးက ၎င်းဒေသတစ်ဝိုက်ရှိ သက်ကြီးရွယ်အိုများအတွက် တံခါးဖွင့်ကြိုဆိုထားသည်။ မနက် ၁ဝ နာရီခွဲဝန်းကျင်၊ နေပူရှိန်ကလည်း ပြင်းသထက် ပြင်းလာနေ ပြီ။ နေရောင်အောက်တွင်တော့ အပူရှောင်စခန်း တည်ဆောက် နေသည့် ဦးပဉ္စင်းများ၊ ကိုရင်များနှင့် အလုပ်သမားနှစ်ယောက် ကတော့ အပူရှောင်စခန်း အချိန်မီပြီးစီးရေးအတွက် ချွေးတလုံး လုံးနှင့်ပင်။ ။
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။