Illustration- MAUNG NOE
ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံအစည်းအဝေး ပထမအကျော့ ညီလာခံကျင်းပခဲ့စဉ်ကNCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၊ လက်မှတ် ရေးထိုးခြင်းမရှိသေးတဲ့ UNFC အဖွဲ့ ၇ ဖွဲ့၊ UWSA(ဝအဖွဲ့ ) နှင့် NDAA (မိုင်းလားအဖွဲ့ )တွေ တက်ရောက်ခဲ့ကြပါတယ်။ ပလောင်အဖွဲ့ (TNLA)၊ကိုးကန့်အဖွဲ့ (MNDAA)နဲ့ ရခိုင်တပ်မတော်(AA) တို့ သုံးဖွဲ့ကိုတော့ တပ်မတော်က သဘောမတူတဲ့အတွက် လုံးဝပါဝင်တက်ရောက်ခွင့် မရခဲ့ကြပါဘူး။
မေ ၂၄ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကျော့ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ဒီအချိုးအစားနဲ့မကွာခြားလှတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလောက်ပဲတက်ရောက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ စတုတ္ထအကြိမ် ပန်ဆန်းအစည်းအဝေးက ထွက်ပေါ်လာတဲ့ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ခုနစ်ဖွဲ့ကတော့ NCA နဲ့ မတူတဲ့လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်မယ်လို့ကြေညာထားတဲ့အတွက် ဒုတိယအကျော့ ပင်လုံညီလာခံကို တက်ရောက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယူဆထားခဲ့ကြပါတယ်။ အလားတူ NCAလက်မှတ်ရေးထိုးခြင်း မပြုရသေးတဲ့ UNFC အဖွဲ့ ၅ ဖွဲ့ကတော့၎င်းတို့အဆိုပြုထားတဲ့ အချက် ၉ချက်ကိုဆွေးနွေးခွင့်ပြုမယ်လို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကသဘောတူထားတဲ့အလျောက် ဒုတိယအကျော့ ၂၁ ရာစု ပင်လုံညီလာခံမှာ မုချ ပါဝင်တက်ရောက်ကြလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
တန်းတူအခွင့်အရေးမရှိသော အထူးဧည့်သည်တော်ကြီးများ
မေ ၂၃ ရက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံညီလာခံကို တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ‘အထူးဖိတ်ကြားသူ’အဆင့်အနေအထားနဲ့သာ ဖိတ်ကြားလာသဖြင့် ပါဝင်တက်ရောက်မည်မဟုတ်ကြောင်းNCA လက်မှတ်မရေးထိုးထားတဲ့ UNFC အဖွဲ့က အကြောင်းကြားလာပါတယ်။ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် UNFC ပြန်လည်သုံးသပ်ရေးအဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းဆွေးနွေးလာခဲ့သည်မှာ အချိန်တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ ပထမအကျော့ ညီလာခံအခင်းအကျင်းမှာ တန်းတူညီမျှမှု အခွင့်အရေးရှိသဖြင့် တက်ရောက်ခဲ့ကြောင်း ၂ဝ၁၇ မတ် ၁ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံရာမှာ DPN အဆိုပြုချက် ၉ ချက်ကို သဘောတူညီမှု ရရှိပါက NCA လက်မှတ်မထိုးမီ နှစ်ဖက်အပြန်အလှန်ကတိကဝတ်ပြုချက် (DOC) တစ်ရပ် ပြုလုပ်ရန် သဘောထားရှိခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် DPN အဆိုပြုချက်များ ညှိနှိုင်းသဘောတူညီမှု မရသေးမီ ‘အထူးဖိတ်ကြားသူ’အဖြစ်သာ ဖိတ်ကြားလာသဖြင့် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်မရှိကြောင်း၊ ထိုသို့ တန်းတူရည်တူမရှိသော အဆင့်အတန်းဖြင့် ဖိတ်ကြားလာခဲ့ခြင်းကြောင့် အစည်းအဝေး ပါဝင်တက်ရောက်နိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယခုအခါ UNFC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဝအမျိုးသားအဖွဲ့ချုပ်ကလည်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး UWSA (ဝအဖွဲ့)ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုအဖွဲ့မှာ ပါဝင်တော့မှာ ဖြစ်လို့ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC) နဲ့ လားဟူအစည်းအရုံး (LDU) တို့သာ UNFC မှာ ကျန်ရှိတော့မှာဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံ ဒုတိယအကျော့ အစည်းအဝေးတက်ရောက်ရန် ‘ဝ’ဦးဆောင်ဖွဲ့စည်းထားတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီဝင် ၇ ဖွဲ့ဟာ တရုတ်အစိုးရအစီအစဉ်နဲ့ မေ၂၃ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် နေပြည်တော်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အရင်က ဖိတ်ကြားခြင်း မရှိခဲ့တဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့အပါအဝင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အဖွဲ့ဝင် ၇ ဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ မူလက ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အဖွဲ့ဝင် ၇ ဦးအနက် ဖိတ်ကြားခံရသူ ၄ ဖွဲ့သာ ပါဝင်ပြီးပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ ရခိုင်အဖွဲ့တို့ မပါဝင်ခဲ့ကြပါဘူး။ မေ၂၂ ရက်က ဒီအဖွဲ့သုံးဖွဲ့အပါအဝင် တက်ရောက်ခွင့်ရရေးနဲ့ အဖွဲ့ဝင်အားလုံးရဲ့ လုံခြုံရေးကိစ္စများအတွက် တရုတ်နိုင်ငံ အာရှရေးအရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ကိုယ်တိုင် နေပြည်တော်ကို လာရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လည်း နောက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
တအာန်းပလောင် (TNLA) အဖွဲ့ရဲ့ မေ ၂၃ ရက ် ထုတ်ပြန်ချက်အရ အထူးဧည့်သည်အဖြစ် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခံရကြောင်း၊ ရပ်တန့်ပိတ်ဆို့နေသည့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လမ်းစပွင့်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မေတ္တာရပ်ခံချက်ကို အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ညီလာခံကို FPNCC ကော်မတီနဲ့အတူ တက်ရောက်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီလိုဖိတ်ကြားရာမှာ တအာန်းပလောင်လက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေကိုသာ ‘အထူးဧည့်သည်’အဖြစ် ဖိတ်ကြားတာဖြစ်ပြီး ရခိုင်အဖွဲ့ (AA) ကိုတော့ ညီလာခံ ဖွင့်ပွဲနဲ့ ပိတ်ပွဲကိုသာ တက်ရောက်ခွင့်ပြုတယ်လို့ သီးခြားကန့်သတ်ခွဲခြား ဖတ ်ကြားတာ ဖြစ်တယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာ့ဘုန်းကျော်က ပြောကြားခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအပေါ် ယုံကြည်မျှော်လင့်ချက် များစွာမထားသော်လည်း အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မဖြစ်မနေ တိုက်တွန်းမေတ္တာရပ်ခံချက်ကြောင့်ရှေ့ ရေးနောက်ရေး အခြေအနေ အကြောင်းအချက်များကို ကျိုးကြောင်းဆင်ခြင်ပြီး မျက်နှာမပျက်ရေးနဲ့ ငြိမ်းချမ်းရေးမလိုလားသူများအဖြစ် ပုံဖော်ခြင်း မခံရရေးအတွက် မဟာမိတ်ညီနောင်အဖွဲ့အစည်းများနဲ့အတူ ညီလာခံတွင် ပါဝင်တက်ရောက်ခြင်းဖြစ်ကြောင်း၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်လာတဲ့ ရခိုင်အဖွဲ့အစည်း၊ ရခိုင်နိုင်ငံရေးပါတီများ ရှိသော်လည်း ရခိုင်လူထုများ၏ဘုံသဘောထားရပ်တည်ချက်များ ရယူခြင်းမရှိဘဲ အဆိုပါညီလာခံတွင် ရခိုင်ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်သည့် ကတိကဝတ်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း မပြုကြရန်အသိပေးနှိုးဆော်ကြောင်း ဖော်ပြထားပါတယ်။
UPDJC ဆုံးဖြတ်ချက်အရ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အထူးဧည့်သည်တော်များအနေဖြင့် ဖိတ်ကြားခြင်းခံရသော်လည်း ညီလာခံတွင် လေ့လာသူအဖြစ်သာ တက်ရောက်ကြရမည် ဖြစ်ကာ NCA လက်မှတ်ထိုးမည်ဟု ကတိပြုရမည့် DOCကို ရေးထိုးမှသာ ပါဝင်ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့သာ ပါဝင်ဆုံးဖြတ်ခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင်တွေအနေနဲ့‘အထူးဧည့်သည်တော်’ ဆိုတဲ့ ဟန်ပြစကားလုံးကြီး ချိတ်ဆွဲထားပေမယ့့် ဒီညီလာခံမှာ ဘာနိုင်ငံရေးအခွင့်အရေးမှ မရ ရှိကြပါဘူး။မေ ၂၅ ရက်မှာတော့ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မတီတို့ တရုတ်နိုင်ငံ သံအမတ်ကြီးမစ္စတာဟုန်လျှံပါဝင်ပြီး တွေ့ဆုံခဲ့ကြပါတယ်။ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ လူမှုရေးသဘောအရသာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အလားတူ မေ ၂၆ ရက်ကFPNCC အဖွဲ့ ၇ ဖွဲ့နဲ့ နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ‘အိမ်မှာတွေ့ဆုံတာပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိအောင် မိသားစုလို မိတ်ဖွဲ့ဆက်ဆံကြတာပါ။နိုင်ငံရေး ဆွေးနွေးတာ မဟုတ်ပါဘူး။ NCA နဲ့ ကျွန်တော်တို့ ပြုပြင်ထားတာနဲ့ လမ်းကြောင်းမတူတော့ NCA ကိုတော့ လက်မှတ်ထိုးမှာ မဟုတ်ဘူး။ သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်ညှိယူကြရမှာပါ။ အားလုံးဝိုင်းဝန်းကြိုးပမ်းရင် တစ်နေ့နေ့တော့ငြိမ်းချမ်းရေးရမယ်လို့ ယုံပါတယ်’လို့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးကျောက်ကော်အန်းက ရှင်းပြခဲ့ပါတယ်။ အလားတူပလောင်လက်နက်ကိုင်အဖွဲ့ အတွင်းရေးမှူး တာပန်လှက ‘အခုနေပြည်တော်ရောက်လာပြီ။ ၂၁ ရာစု ပင်လုံတက်နိုင်ပြီ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ အထူးသဖြင့် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ ပိတ်ဆို့နေခဲ့တာတွေ အခုလမ်းကြောင်းပွင့်သွားပြီ။ ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီကိုရောက်လာတာဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့ ယုံယုံကြည်ကြည် စတင်လှမ်းလိုက်တဲ့ခြေလှမ်းတွေပါပဲ’လို့ ပြောကြားသွားခဲ့ပါတယ်။ မေ ၂၇ ရက်မှာတော့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီဝင်အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်အားလုံးနေပြည်တော်က ပြန်လည်ထွက်ခွာသွားခဲ့ကြပါပြီ။
NCA စာချုပ်သစ်
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး နယ်နိမိတ်စည်းကြောင်း ပိုင်းခြားသတ်မှတ်မည့်ကိစ္စအပါအဝင် ပြည်နယ်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်ရေးစာချုပ်ကို ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က အစိုးရထံ ပေးပို့ခဲ့ပါတယ်။ဒီစာချုပ်မှာ အခန်း ၈ ခန်း၊ စာပိုဒ်ပေါင်း ၃၅ ပိုဒ် ပါဝင်တယ်။ ဒီစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ အစိုးရဘက်က သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်းကောင်း ပါဝင်ရမည်ဖြစ်ပြီး ပြည်တွင်းသက်သေ၊ နိုင်ငံတကာသက်သေ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရသက်သေတို့ ပါဝင်ရမည်ဖြစ်သည်။ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးမြေပုံကို ရေးဆွဲဖော်ပြထားရမည်ဖြစ်ပြီး နှစ်ဖက်အကြား နယ်စပ်မျဉ်းကြောင်းတွင် သင့်တော်သော အမှတ်အသားများ စိုက်ထူထားရမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို နှစ်ဖက်လိုက်နာရမည်ဖြစ်ပြီး နယ်နိမိတ်စည်းကြောင်းမှ ၅ ကီလိုမီတာအတွင်း မဟာဗျူဟာမြောက် လက်နက်ကြီးများ မချထားရန်ဖြစ်သည်။ အပစ်ရပ်နယ်နိမိတ်စည်းကြောင်းကိုကျော်ဖြတ်၍ စစ်ဆင်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ မြေပြင်၊ ဝေဟင်၊ ရေပြင်ထောက်လှမ်းခြင်း၊ ရန်လို၊ ရန်စခြင်း၊ မီဒီယာများအသုံးချ ဝေဖန်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်နဲ့ နှစ်ဖက် ပဋိပက္ခများကို အင်အားသုံး မဖြေရှင်းဘဲ ဆွေးနွေးဖြေရှင်းကြရန် ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးကို ‘မတရားသင်း’အမည်စာရင်းမှ ပယ်ဖျက်ပေးရန်နဲ့ ‘သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့အစည်း’အဖြစ် အမည်နာမသုံးစွဲထားခြင်းများကို ဖယ်ရှားပေးရန် ဖြစ်တယ်။ စာချုပ်တွင် ပါဝင်ဆွေးနွေးခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းတို့ကို အကြောင်းပြု၍ နောက်ကြောင်းပြန် ဖမ်းဆီးအရေးယူ တရားစွဲဆိုမှု မပြုလုပ်ရန်နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပတ်သက်မှုကြောင့် ဖမ်းဆီးအရေးယူထားသူများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစိုးရက သဘောတူရမည်ဖြစ်သည်။
တကယ်တော့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့က တင်ပြလိုက်တဲ့ပြည်ထောင်စုအပစ်ရပ်စာချုပ်မူကြမ်းဟာ NCA စာချုပ်နဲ့ အတွင်းသဘောအရများစွာ ကွာဟချက် မကြီးမားလှပါဘူး။ ဒါကြောင့် လည်း UWSA(ဝအဖွဲ့ ) ရဲ့ ပြင်ပဆက်သွယ် ရေးတာဝန်ခံ ဦးကျောက်ကော်အန်းက FPNCC အဖွဲ့က ရေးဆွဲထားတဲ့ စာချုပ်ထဲမှာ NCA စာချုပ်ရဲ့ အတွင်း သဘော ၇ဝ ရာခိုင်နှုန်း ပါဝင်နေပါတယ်’လို့ ဝန်ခံထောက်ပြခဲ့ ခြင်းဖြစ်ပါလိမ့်မယ်။ FPNCC ကော်မတီဝင် အားလုံးမှာ အစိုးရ၊ တပ်မတော်တို့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်ချုပ်ဆိုလိုတဲ့ သဘောထားရှိကြောင်း ပေါ်လွင်ထင်ရှားပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့မြောက်ပိုင်း အဖွဲ့ ဝင်တွေ ပါဝင်နေတဲ့အလျောက် တကယ်တမ်းအပစ်မရပ်နိုင်မှာ စိုးရိမ်စိတ်နဲ့ အသေးစိတ်လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်ထည့်သွင်းထားခဲ့ဟန်တူပါတယ်။ဒါကလည်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့တပ်မတော်တို့အကြား စစ်ရေးပဋိပက္ခတွေ ထပ်မံဖြစ်ပွားနေတဲ့အခြေအနေတချို့နဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ FPNCC ကော်မတီအနေနဲ့ လုံခြုံရေးအာမခံချက်ရှိတဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်တစ်ရပ် ချုပ်ဆိုပြီး နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးဖြေရှင်းလိုတဲ့ဆန္ဒနဲ့ NCA နဲ့ မတူတဲ့ လမ်းကြောင်းတစ်ရပ်ကိုဖော်ထုတ်လိုခဲ့ဟန် ရှိပါတယ်။ ဒါပေမဲ့ NCA နဲ့ မတူတဲ့လမ်းကြောင်းလို့ ဆိုလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတစ်စုံတစ်ရာ ရှုပ်ထွေးမှုနဲ့ နားမလည်နိုင်မှုတွေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ FPNCC ကော်မတီကို ဦးဆောင်တဲ့ ဝအဖွဲ့အနေန့ဲ NCA န့ဲမတူတ့ဲလမ်းကြောင်းတစ်ရပ်ကို ရှာဖွေလာတာသူ့သမိုင်းကြောင်းအရ သဘာဝကျတယ်လို့ ဆိုရမှာပါ။ ဦးသိန်းစိန် အစိုးရလက်ထက်က UNFC အဖွဲ့ဝင် ၁၆ ဖွဲ့နဲ့ NCA ကိုစတင်ရေးဆွဲခဲ့ကြစဉ်က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုဖြစ်တဲ့ ဝ- မိုင်းလားအုပ်စုကို ထည့်သွင်းပါဝင်စေခြင်း မရှိခဲ့ကြပါဘူး။ ဝ-မိုင်းလားအုပ်စုနဲ့ တပ်မတော်၊ အစိုးရတို့ ၉ဝ ခုနှစ်အလွန်ကတည်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပြီး နှစ်ပေါင်း ၂၅ နှစ်ကျော် သေနတ်သံတစ်ချက် မထွက်ခဲ့ဘဲ အစိုးရနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ နယ်ခြားစောင့်တပ် ဖွဲ့ရေး(BGF) ကိုတော့ ဝ- မိုင်းလားအဖွဲ့ကလည်း လက်မခံနိုင်ခဲ့တဲ့အတွက် ဆက်ဆံရေး တင်းတောင့်သွားခဲ့တာပါ။ ဒီအတောအတွင်း ကိုးကန့် အရေးအခင်းနဲ့ တပ်မတော်ရဲ့ စစ်ရေးဖိအားတွေကြောင့် မြောက်ပိုင်းအဖွဲ့ဆိုတာ ပေါ်လာပြီး စစ်ခွင် ကျယ်ပြန့်လာချိန်မှာ ဝအဖွဲ့ကလည်း လုံခြုံရေးအာမခံချက် ရှိတဲ့ အပစ်ရပ်စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းရင်း FPNCC ဆိုတဲ့ကော်မတီတစ်ရပ် ပေါ်လာခဲ့ပုံပါပဲ။ ဒါပေမဲ့ FPNCC ကော်မတီကNCA မှာ ပါဝင်လက်မှတ်ထိုးမှာ မဟုတ်သလို NCA နဲ့ မတူတဲ့လမ်းကြောင်းတစ်ရပ်ကို တင်ပြမယ်လို့ ကြေညာလိုက်တဲ့အခါသဘောပေါက်နားလည်မှု လွဲမှားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး လှုပ်ခတ်ဂယက်ရိုက်သွားခဲ့ပုံရပါတယ်။
အောင်မြင်ရေးလိုအပ်ချက်
တကယ်တော့ NCA ဆိုတာအပစ်ခတ်ရပ်စဲရေးကတစ်ဆင့်မြန်မာပြည် ပြည်တွင်းစစ်ရပ်စဲရေး၊အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ထူထောင်နိုင်ရေးအတွက်နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်ဖို့ ချမှတ်ထားတဲ့ လမ်းပြမြေပုံတစ်ချပ်ပါ။ မြေပုံဆိုတာ ယေဘုယျလမ်းကြောင်းကို ညွှန်ပြရုံကလွဲလို့ အသေးစိတ်ကိစ္စတွေ ဘာမှ မပါသေးပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးပန်းတိုင်ဆိုတာတောင်ရေတေးမှုန်ဝါးဝါးပဲ ရှိပါသေးတယ်။ အကြမ်းဖျင်းဆွေးနွေးဆုံးဖြတ်ရမည့် ပြဿနာကြီးခုနစ်ရပ်၊ အမျိုးသားအဆင့် ဆွေးနွေးရမည့်ကိစ္စသုံးရပ်ကို တိုင်းနှင့်ပြည်နယ် ၁၄ ခုမှာ ဆွေးနွေး စုစည်းရေး ညီလာခံဆုံးဖြတ်ချက် လွှတ်တော်အဆင့်ဆင့်တင်ရေး ဒီခရီးစဉ်ကို အဝေးကြီးလျှောက်ကြရဦးမှာပါ။ ဒါကြောင့် အားလုံးပါဝင်ခွင့်ရရေးဟာ အလွန်အရေးကြီးပါတယ်။ ဒီအခွင့်အရေးကိုNCA လက်မှတ်ထိုး၊ မထိုး ဆိုတဲ့ ပေတံကြီး အသေကိုင်ပြီး ခြွင်းချန်ပစ်ပယ်မထားသင့်ပါဘူး။ ငြိမ်းချမ်းရေးမှာ အားလုံး တန်းတူရည်တူ ပါဝင်ခွင့်ကို ဘယ်လို အကြောင်းပြချက်နှင့်မျှ မတားမြစ်သင့်ပါဘူး။ NCA လမ်းပြမြေပုံ မပြည့်စုံဘူး ယူဆသလို ထပ်မံသုံးသပ်ဆွေးနွေးလိုတဲ့ အဖွဲ့တွေကို ဆွေးနွေးခွင့်ပေးပါ။ NCAအမည်နာမ မပါသည့် ငြိမ်းချမ်းရေးကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ သဘောထားရှိတယ်ဆိုရင် ပါဝင်ခွင့်ပေးသင့်ပါတယ်။အမျိုးသားတန်းတူရေး အခြေခံပေါ်မှာ ရပ်ခံ ဆွေးနွေးကြမည့်၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးမှာ NCA မြေပုံနဲ့တိုင်းပြီး အခွင့်အရေးတွေ၊ အဆင့်အတန်းတွေ မခွဲခြားသင့်ပါဘူး။ဒီသဘောထား၊ ဒီအခြေခံတွေနဲ့ဆိုရင် အားလုံးလာကြမှာပါ။NCA လက်မှတ်မထိုးသေးတဲ့ UNFC နဲ့ ဆက်လက်ဆွေးနွေးဖို့လိုအပ်သလို လက်မှတ်မထိုးရသေးတဲ့ FPNCC အဖွဲ့တွေကိုလည်း လမ်းဖွင့်ပေးထားပါ။ အရေးကြီးဆုံးက NCA လက်မှတ်ထိုးရေးအတွက် စစ်ရေးဖိအားပေးတဲ့နည်းကို လုံးဝအသုံးမချကြဖို့ပါပဲ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အောင်မြင်ပါစေ။ ။
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ သုံးသပ်ချက် ဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။