ပြည်သူတွေ ကြက်သား ဈေးပေါပေါနဲ့ စားရမှာလား

ပြည်သူတွေ ကြက်သား ဈေးပေါပေါနဲ့ စားရမှာလား

ရန်ကုန်မြို့ကဈေးတွေမှာ ကြက်သားဈေးဟာ ဇွန်လနှောင်းပိုင်းက စပြီး အသားတိုးကြက် တစ်ပိဿာ     ၆,ဝဝဝ ကျပ် ရှိနေရာကနေ ၈,ဝဝဝ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဗမာကြက်သားဆိုရင် တစ်ပိဿာ    ကျပ် ၁ဝ,ဝဝဝ ရှိနေရာကနေ ၁၂,ဝဝဝ ကျပ်အထိ ဈေးမြင့်ခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇွန် ၂၄ ရက်မှာ အသားတိုးကြက်မွေး မြူရေးလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ကြက်သားဈေးနှုန်းကို ပြည်သူလက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည် သူတွေလက်လှမ်းမီတဲ့ ကြက်သားဈေးနှုန်းဖြစ်ဖို့ ပြည်ပက အေး ခဲကြက်သားတွေ တင်သွင်းမယ့်အစီအစဉ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ထံ သဘောထားတောင်းခံသွားမယ့် အကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ ယင်းအစည်းအဝေးကို အသားတိုးကြက်မွေး မြူထုတ်လုပ်သူများအသင်းဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့တဲ့ ဒေါက်တာလှလှသိန်းက ဆိုပါတယ်။

အဲဒီအစည်းအဝေးနောက်ပိုင်းမှာတော့ ဒေါက်တာလှလှ သိန်းဟာ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သူဟာ ဒီအသင်းမှာ ဆယ်နှစ်ကျော်ကြာ ဥက္ကဋ္ဌရာထူးနဲ့ တာဝန်ယူခဲ့တာပါ။

ဥက္ကဋ္ဌရာထူးက နုတ်ထွက်ခဲ့တာကလည်း အေးခဲကြက် သားတင်သွင်းခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ အရ ပြည်သူအတွက် ထူးခြားတဲ့အကျိုးကျေးဇူးမရှိဘဲ အေးခဲ အသားတင်သွင်းမယ့် စီးပွားရေးသမားတွေအတွက်သာ အကျိုး ပိုဖြစ်စေတာကြောင့် ဒါကို လွတ်လွတ်လပ်လပ် ကန့်ကွက်သွားဖို့ အတွက် နုတ်ထွက်ခဲ့တာလို့ သူက ဆိုပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ ပြည်ပက အေးခဲကြက်သားတွေ ကို တင်သွင်းလိုသူနဲ့ မတင်သွင်းလိုသူတွေကြားမှာ ဝိဝါဒ ကွဲပြား မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း သေချာတာတစ်ခုက ပြည် တွင်းမှာ ဈေးကြီးနေတဲ့ ကြက်သားဈေးနှုန်းကို ပြည်သူတွေလက် လှမ်းမီတဲ့ ဈေးနှုန်းအထိ လျော့ကျသွားအောင် အစိုးရက မလွဲ မသွေ လုပ်ရမယ် ဆိုတာပါပဲ။

ဘာကြောင့်ဈေးတက်
ကြက်သားဈေးကွက်ထဲကို နယ်စပ်ဂိတ်တွေကနေတစ်ဆင့် တရားမဝင်အေးခဲကြက်သား ဝင်ရောက်နေတာဟာ အစိုးရ အဆက်ဆက် မထိန်းချုပ်နိုင်တဲ့ ပြဿနာတစ်ရပ်ပါ။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက မြန်မာနိုင်ငံရဲ့ အသားတိုးကြက် ဈေးကွက်မှာ မြဝတီ-ရန်ကုန်လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံဘက်မှ တရားမဝင်အေးခဲကြက်သားတွေ အလုံးအရင်းနဲ့ ဝင်လာခဲ့တာ မျိုး ရှိခဲ့တယ်လို့ ကြက်မွေးမြူရေးသမားတွေက ပြောပါတယ်။

ဒီလိုဝင်လာတဲ့အတွက် ကြက်မွေးမြူရေးခြံတွေမှာ ၄၅ ရက်မွေးပြီးရင် ထုတ်ရောင်းရမယ့်ကြက်တွေကို ခြံဖမ်းဒိုင် (ကြက် ခြံမှာလာဖမ်းပြီး ကြက်ဝယ်တဲ့သူကို ဆိုလိုတာပါ)တွေက လာ ရောက်ဖမ်းယူတာ လျော့နည်းသွားခဲ့ပါတယ်။

အသားတိုးကြက်အကောင် တစ်ထောင်ရှိတဲ့ ခြံတစ်ခြံဟာ ၄၅ ရက်ထက် ပိုပြီးဆက်လက်ထိန်းသိမ်းမယ်ဆိုရင် အစာအမျိုး အစားပေါ်မူတည်ပြီး တစ်ရက်ကို ငွေကျပ်တစ်သိန်းကနေ တစ် သိန်းခွဲအထိ စိုက်ထုတ်ရပါတယ်။

ဒီအခါမှာ ရက်ကြာလာတာနဲ့အမျှ မွေးမြူရေးစရိတ် ပိုမို ကုန်ကျပြီး အရှုံးများလာနိုင်တာကြောင့် ကြက်တွေကို ရတဲ့ဈေးနဲ့ အရှုံးခံထုတ်ရောင်းကြရပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ကြက် ပြန်မွေးတဲ့အခါမှာ ရင်းနှီးစရိတ် မတတ်နိုင်တာမျိုးတွေဖြစ်လာ တာကြောင့် အသားတိုးကြက်မွေးသူတွေ တဖြည်းဖြည်းလျော့ နည်းလာပြီး ဈေးကွက်လိုအပ်ချက်ဖြစ်လာတဲ့ အခုလိုအချိန်မှာ ကြက်သားဈေးနှုန်း တက်လာရတာလို့ အသားတိုးကြက်မွေးမြူ ရေးသမားတွေက ရှင်းပြပါတယ်။

အရင်က ကြက်ခြံ ၁ဝ ခြံလောက် မွေးတဲ့သူတွေက ဇွန်လ နောက်ပိုင်းမှာပဲ နှစ်ခြံလောက်သာ ပြန်လည်မွေးမြူနိုင်ခဲ့တာ ကြောင့် အခုအခါမှာ ဈေးကွက်လိုအပ်ချက်တွေရှိလာပြီး ကြက် သားဈေးနှုန်းတွေ တက်လာတာလို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးခင် မောင်က ရှင်းပြပါတယ်။

သူဟာ ကြက်မွေးမြူရေးအပြင် ကြက်သားဖောက်စက်နဲ့ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ဇွန်လတုန်းက သူ့ကြက် ခြံက ကြက်တွေရောင်းထုတ်ခဲ့တဲ့ နောက်ပိုင်း ယခုအထိ ပြန် လည်မွေးမြူနိုင်မှု မရှိသေးဘူးလို့ သြဂုတ် ၁၅ ရက်က မော်ကွန်း ကို ပြောပြတယ်။

”အခုကျတော့ အသားတိုးကြက်က ဈေးကွက်မှာ လို သလောက်မရှိတော့ဘူး”လို့ ဦးခင်မောင်က ကြက်သားဈေးတက် ရတဲ့အကြောင်းရင်းကို ရှင်းပြပါတယ်။

အရင်တုန်းက ရွေ့လျားစစ်ဆေးရေးအဖွဲ့(Mobile Team)တွေ ရှိတဲ့အတွက် အေးခဲကြက်သား အနည်းအကျဉ်းသာ ဈေး ကွက်ကို ရောက်လာပေမယ့် ဒီအဖွဲ့တွေ ဖျက်သိမ်းလိုက်တဲ့နောက် ပိုင်း  ထိုင်းနိုင်ငံဘက်က အေးခဲကြက်သားနဲ့ ကြက်သားပေါက်တွေ အပြင် အသားတိုးကြက်အရှင်တွေပါ ပိုပြီးဝင်ရောက်လာတာ ကြောင့် ပြည်တွင်းကြက်မွေးမြူရေးလုပ်ငန်းတွေထိခိုက်ပြီး မွေး မြူနှုန်းလျော့ကျသွားတဲ့အတွက် ဈေးတွေတက်ကုန်တာလို့ ဦးခင်မောင်က ဆိုပါတယ်။

ရန်ကုန်တိုင်းအသားစိစစ်ရေး ဘုတ်အဖွဲ့ရဲ့ အဖွဲ့ဝင်လည်း ဖြစ်၊ အသားတိုးကြက်မွေးမြူရေး လုပ်ငန်းရှင်အသင်းရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူ ဒေါက်တာလှလှသိန်းကတော့ အေးခဲကြက်သားကို မြန်မာပြည်ဈေးကွက်မှာ ပထမဆုံး ယူ ဆောင်လာသူတွေဟာ ပြည်ပကို အေးခဲငါးတင်ပို့နေတဲ့ ကုန်သည်တွေဖြစ်တယ်လို့ ဆိုပါတယ်။

”ဒီနိုင်ငံကနေ ရေထွက်ပစ္စည်းတွေကို အေးခဲပြီးတော့ စင်ကာပူကို ပို့တယ်။ နယ်စပ်ကနေပြီးတော့ ထိုင်းကို ပို့ကြတယ်။ အပြန်မှာ အဲဒီအေးခဲကြက်သားတွေကို ပြန်သယ်လာတာ”လို့ မြန်မာနိုင်ငံကို အေးခဲကြက်သား စတင်တင်သွင်းလာခြင်းရဲ့ လမ်းစကို ဒေါက်တာလှလှသိန်းက ရှင်းပြပါတယ်။

၂ဝဝ၂ လောက်ကတည်းက အေးခဲကြက်သားတွေကို City Mart လိုဆိုင်တွေနဲ့ ကြည့်မြင်တိုင်ငါးဈေးတွေမှာ ငါးနဲ့ တွဲ ပြီး ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာ နဲ့ ပူးပေါင်းပြီး ထိန်းသိမ်းခဲ့ရတာတွေ ရှိခဲ့တယ်လို့ သူက ပြောပြတယ်။
ဦးသိန်းစိန် အစိုးရလက်လက် ၂ဝ၁၂-၁၃ လောက်တုန်း ကလည်း မြန်မာပြည်ဈေးကွက်ကို အေးခဲကြက်သားတင်သွင်းဖို့ ကြိုးစားလာတာတွေရှိတဲ့အတွက် အသားတိုးကြက်သား မွေးမြူ ထုတ်လုပ်သူများအသင်းက ဦးဆောင်ပြီး ကန့်ကွက်ခဲ့ရဖူးတယ် လို့ ဆိုပါတယ်။

ဈေးကွက်ထဲ ကြက်တစ်ကောင် ဘယ်လိုရောက်လာသလဲ
လက်ရှိ ဈေးကွက်ထဲက ကြက်သားတွေဟာ မွေးမြူရေး သမားတွေကိုယ်တိုင် ဈေးကွက်ထဲအရောက်ပို့ ရောင်းချနေတာ မဟုတ်ပါဘူး။ ကြက်ခြံတွေဆီကနေ စားသုံးသူဆီ ရောက်လာဖို့ အဆင့်လေးဆင့်လောက် ဖြတ်သန်းရတယ်လို့ ကြက်မွေးမြူရေး သမားတွေက ဆိုပါတယ်။

ပထမဆင့်အနေနဲ့ ခြံဖမ်းသမားတွေက ကြက်ခြံတွေမှာ လာဖမ်းကြပါတယ်။ ခြံဖမ်းဒိုင်တစ်ဦးက ကြက်ကောင်ရေ ထောင် နဲ့ချီပြီး ဖမ်းဆီးရောင်းချပါတယ်။ ဒီဒိုင်တွေက အလုပ်သမား စရိတ်၊ အလျော့တွက်နဲ့ ငွေကြေးအကျိုးအမြတ်ကို ထပ်ပေါင်းပြီး နောက်ထပ် တစ်ဆင့်ခံ ဖြန့်ဖြူးပေးတဲ့ လက်ခွဲဒိုင်ကို ထပ်ရောင်း ချပေးပါတယ်။

လက်ခွဲဒိုင်တွေဟာ ကြက်ကောင်ရေ တစ်ရာကနေ နှစ်ရာ လောက်အထိ ခြံဖမ်းဒိုင်တွေထံက တစ်ဆင့်ဝယ်ယူပြီး သက် ဆိုင်ရာမြို့နယ်အလိုက် ကြက်ဘဲအရောင်းဈေးက ‘ပေါ်သမား’ (ကြက်သတ်၊ အမွှေးနုတ်သူ)တွေဆီ ထပ်ရောင်းပါတယ်။ ပေါ် သမားတွေကမှတစ်ဆင့် စည်ပင်ဈေးတွေက လက်လီသမားတွေ ထံ ရောင်းရခြင်းဖြစ်ပါတယ်။

လက်ရှိမှာ ခြံဖမ်းဈေး(ကြက်ခြံတွေမှာ လာဝယ်တဲ့ဈေး)ဟာ တစ်ပိသာ သုံးထောင်ကျပ်နှုန်း(သြဂုတ် ၂၅ ရက်အထိ)နဲ့ ရောင်းချပေမယ့် ဈေးကွက်ထဲရောက်တဲ့အချိန်မှာ တစ်ပိဿာ ရှစ်ထောင်ကျပ်ဝန်းကျင်က မကျဘူးလို့ ကြက်မွေးမြူရေးသမား တွေက ရှင်းပြတယ်။

ဈေးကွက်ထဲရောက်ဖို့ အဆင့်ဆင့်လက်လွှဲပြီး အလုပ် သမားစရိတ်၊ ပို့ဆောင်ရေးစရိတ်၊ အလျော့တွက်စရိတ်တွေ အဆင့်ဆင့်တင်လိုက်တာကြောင့် အများပြည်သူလက်လှမ်းမီတဲ့ ကြက်သားဈေးဖြစ်ဖို့ဆိုရင် ”ဈေးကွက်ကြားခံအဆင့်တွေကို ဖျောက်ပစ်ရမယ်၊ အစုအဖွဲ့နဲ့ရောင်းချတဲ့ ဈေးကွက်(Whole Sale Market)တွေကို အစိုးရက လုပ်ပေးရမယ်”လို့ ဒေါက်တာ လှလှသိန်းက အကြံပြုပါတယ်။

မွေးမြူရေးသမားတွေကိုယ်တိုင် တင်ပို့နိုင်တဲ့၊ ထုတ်လုပ် ရောင်းချနိုင်တဲ့ ဈေးကွက်တွေကို မဖော်ဆောင်နိုင်သမျှတော့ ပြည်သူတွေလည်း ဈေးကြီးပေးဝယ်စားနေရဦးမှာ ဖြစ်သလို ကြက်မွေးမြူသူတွေလည်း အခက်အခဲတွေနဲ့ ဆက်လက်ကြုံနေ ရဦးမှာပဲလို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့က ကြက်မွေး မြူသူ ဦးခင်မောင်ဝင်းက ပြောပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဦးဟံထွန်းက အိမ်နီးချင်းနိုင်ငံ တွေမှာ ကြက်သားဈေးဟာ တစ်ပိဿာ နှစ်ဒေါ်လာလောက် (ကျပ်နှစ်ထောင်ကျော်)ပဲရှိပြီး ပြည်တွင်းဈေးကွက်မှာတော့ တစ် ပိဿာ ၆,ဝဝဝ ကျပ် ကနေ ၈,ဝဝဝ ကျပ်အထိဖြစ်နေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၅ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရဲ့ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေး နွေးပွဲမှာသူက မွေးမြူသူနဲ့ စားသုံးသူကြားထဲမှာ ဈေးနှုန်းက ရာ ခိုင်နှုန်းတစ်ရာကျော်မြင့်တက်နေတာကိုဘယ်လိုဝိုင်းဝန်းလျော့ကျအောင် ဖြေရှင်းမလဲလို့ ကြက်မွေးမြူသူတွေကို မေးခွန်းထုတ် ခဲ့ပါတယ်။

အေးခဲကြက်သား သွင်းရင် ဘာတွေလိုမလဲ
အေးခဲကြက်သားဆိုတာ သတ်မှတ်မွေးမြူရက်ပြည့်တဲ့ အသားတိုးကြက်တွေကို သားသတ်စက်ရုံတွေမှာ ထုပ်ပိုးပြီး တာ ရှည်ခံအောင် အအေးခန်းစက်ရုံမှာ အေးခဲသွားအောင်ထားကာ ထုတ်လုပ်ရောင်းချကြတာပါ။ ကမ္ဘာပေါ်မှာတော့ အေးခဲကြက် သား ထုတ်လုပ်ရောင်းချမှု အကြီးဆုံးဈေးကွက်ဟာ ဘရာဇီးနိုင်ငံ ဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ရှိ        ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ စင်ကာပူတို့လို နိုင်ငံ တွေမှာ အေးခဲကြက်သား ထုတ်လုပ်ရောင်းချမှုတွေ ရှိတယ်လို့ အေးခဲကြက်သားထုတ်လုပ်မှုကို လေ့လာထားတဲ့ ဒေါက်တာ လှလှသိန်းက ရှင်းပြတယ်။

အေးခဲအသားတွေကို သက်တမ်းကုန်ဆုံးရက်သတ်မှတ်ပြီး ထုတ်လုပ်ရောင်းချကြပါတယ်။ သက်တမ်းကုန်သွားတဲ့ အသား တွေကို စနစ်တကျ ဖျက်ဆီးပစ်ရပါတယ်။ ဒါကို စားသုံးမိတယ် ဆိုရင် လူတွေအတွက် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး တွေ ရှိတယ်လို့ သူက ဆိုပါတယ်။

သူက ပြည်ပက အေးခဲကြက်သားတွေကို တင်သွင်းမယ်ဆို ရင် ”ရောဂါပိုးမွှားတွေကို စစ်ဆေးနိုင်တဲ့ အဆင့်မြင့်ဓာတ်ခွဲခန်း ရှိဖို့လိုတယ်။ စားသုံးသူတွေကို အန္တရာယ်ဖြစ်လာတဲ့အခါ ဘယ် လိုအရေးယူမယ်ဆိုတဲ့ ဥပဒေနဲ့စည်းမျဉ်းတွေလည်း ရှိဖို့လို တယ်” လို့ ဆိုပါတယ်။

ပြီးတော့ အေးခဲအသားရောင်းချပေးတဲ့ ဆိုင်တွေနဲ့ အေးခဲ စက်ရုံတွေ ကောင်းစွာလည်ပတ်နိုင်မယ့် လျှပ်စစ်ဓာတ်အား ပုံမှန် ရှိရမယ်။ မီးစက်ကို အသုံးပြုပြီး စက်ရုံလည်ပတ်မယ်ဆိုရင် စက်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေ ဖြစ်ပွားတဲ့အခါ အေးခဲအသားထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင် တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

အခုနောက်ပိုင်းမှာဆိုရင်လည်း အေးခဲအသားတွေမှာ လူကို ဘေးဒုက္ခရောက်စေတဲ့ ဘက်တီရီးယားတွေ ပါဝင်တာ၊ ကြက် ကို ကြီးထွားနှုန်းမြန်အောင်ကျွေးတဲ့အစာတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုဗေဒဓာတ်ကြွင်းတွေ ပါလာ တာတွေကြောင့် ဒီအသားတွေကို တင်သွင်းတဲ့ နိုင်ငံတွေဟာ ပြည်သူလူထုကျန်းမာရေးအတွက် အသေအချာ စိစစ်ဓာတ်ခွဲပြီး မှ ခွင့်ပြုကြတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊  အသားစစ်ဆေးရေးဘုတ်အဖွဲ့မှာ ပါဝင် ဆောင်ရွက်ခဲ့ဖူးတဲ့ ဒေါက်တာလှလှသိန်းက ရှင်းပြတယ်။

”အရေးကြီးဆုံးအချက်က အဲဒီအသားတွေ တင်သွင်းလို့ ရောက်လာတဲ့အချိန်မှာ သက်ဆိုင်တဲ့ အစိုးရဝန်ကြီးဌာန၊  FDA တို့လို အဖွဲ့မျိုးတွေရဲ့ အောက်မှာ ဒီလိုအသားတွေကို စစ်ဆေးဖို့ အဆင်သင့်ဖြစ်ပြီလား။ ဖြစ်ပြီဆိုရင် စံနှုန်းက ဘာတွေလဲ။ စစ် ဆေးမယ်ဆိုရင် အဲဒီလိုစစ်ဆေးဖို့ ဥပဒေတွေရော ရှိပြီလား။ အပြစ်ပေးမယ်ဆိုတဲ့ ဥပဒေမျိုးတွေ လွှတ်တော်က ပြဋ္ဌာန်းပြီးပြီ လား။ ဒီကိစ္စမျိုးတွေကို အစိုးရက အရင်ရှင်းရမှာ”လို့ သူက မေး ခွန်းထုတ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ လှထွန်းသိန်းကတော့ မြန်မာနိုင်ငံမှာ အသားတွေမှာပါတဲ့ ပိုး မွှားကို စစ်ဆေးနိုင်တယ်လို့ဆိုပါတယ်။ နှစ်လွန်ပြီး အချိန်ကာလ ကြာနေတဲ့အသားတွေမှာသာ ဘက်တီးရီးယားတွေ ရှိနိုင်ပြီး သတ်မှတ်ထားတဲ့ကာလ မကျော်လွန်တဲ့ အေးခဲအသားတွေမှာ ဘာပြဿနာမှမရှိဘူးလို့ ဆိုပါတယ်။

”အေးခဲအသားတိုင်း ဘက်တီးရီးယားပါပြီး အန္တရာယ်ဖြစ် ကြေးဆိုရင် အေးခဲအသားတွေစားနေတဲ့ အနောက်နိုင်ငံကလူ တွေ ရောဂါတွေရနေပြီပေါ့”လို့ ဒေါက်တာလှထွန်းသိန်းက ပြောပါတယ်။

လက်ရှိလည်း ဟိုတယ်တွေမှာ နိုင်ငံခြားဧည့်သည်တွေ စားသုံးဖို့ အေးခဲအမဲသားတချို့ကို တင်သွင်းခွင့်ပြုနေတာ ကြောင့် အေးခဲကြက်သားတင်သွင်းဖို့ ဖြစ်လာတဲ့အခါမှာလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ သေချာဓာတ်ခွဲစိစစ် ပြီး ခွင့်ပြုချက်ပေးမှာဖြစ်တဲ့အတွက် ”လူထုကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်မှု မရှိဘူး”လို့ သူက ဆိုပါတယ်။

အစိုးရမှာ အသားစစ်ဆေးတဲ့ စက် ရှိ၊ မရှိဆိုတာကို ဒေါက် တာလှလှသိန်းကို မေးကြည့်တဲ့အခါ သူက အခုလို ပြန်ဖြေပါတယ်။

”အစိုးရက အသားကို စစ်ဆေးပေးတဲ့စက်ရှိတယ်လို့တော့ အမြဲပြောတာပဲ။ အန်တီတို့ အသင်းက သွားပြောတဲ့အခါ တစ်ခါ မှ မစစ်ပေးခဲ့ဘူး”

ပြည်ပကနေ အေးခဲကြက်သားတွေ သွင်းမယ်ဆိုရင် နောက် ထပ်ကြုံတွေ့ရမယ့် ပြဿနာတစ်ခုက ပြည်တွင်းမှာ ရှိတဲ့ အသား တိုးကြက်မွေးမြူရေးလုပ်ငန်းအပါအဝင် ယင်းလုပ်ငန်းနဲ့ ဆက် စပ်နေတဲ့ လုပ်ငန်းတွေမှာ အလုပ်လက်မဲ့ဖြစ်သွားမယ့် အရေးပါ။

မွေးမြူရေးသမားတွေ ရင်ဆိုင်ရမယ့် ဒုက္ခ
မြောင်းမြမြို့က ဦးခင်မောင်ဝင်းဆိုရင် ပြည်ပက အေးခဲ ကြက်သားတွေ တင်သွင်းမယ်ဆိုတဲ့ သတင်းထွက်လာကတည်း က စိတ်ဓာတ်ကျနေခဲ့တာပါ။ သူ့အနေနဲ့ လက်ရှိကြက်ခြံပြုတ် မသွားအောင် မနည်းထိန်းနေရတယ်လို့ ဆိုပါတယ်။

”အေးခဲကြက်သား တင်သွင်းမယ်ဆိုတာ ကျိန်းသေသွား ရင်တော့ ခြံကိုဖြုတ်ပစ်မှပဲရမယ်။ ကျွန်တော်တို့ မယှဉ်ပြိုင်နိုင် ဘူး”လို့ သူက ညည်းတွားတယ်။ သူကိုယ်တိုင်လည်း လက်ရှိမှာ ကြက်ကောင်ရေ သုံးထောင်လောက် မွေးမြူထားသူပါ။

အသားတိုးကြက်မွေးမြူရေးလောကမှာ တစ်ပိုင်တစ်နိုင် မွေးမြူသူတစ်ဦးဟာ အသားတိုးကြက်ကောင်ရေ ၅ဝဝ ကနေ ၅,ဝဝဝ လောက်အထိ မွေးမြူကြတယ်။ ဒီထက်ပိုများတဲ့ အကောင်ရေကိုတော့ ကြက်စာထုတ်လုပ်တဲ့၊ ကြက်သားပေါက် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေက တွဲဖက်မွေးမြူကြတယ်လို့ အသားတိုးကြက်မွေးမြူရေးသမားတွေက ပြောပြတယ်။

အေးခဲကြက်သားတွေကို ကြိုက်သလောက်တင်သွင်းခွင့် ပြုမယ်ဆိုရင် ပြည်တွင်းကြက်သားဈေးကွက်ပျက်တာတင် မဟုတ်ဘဲ ”တိုင်းပြည်ရဲ့ မွေးမြူရေးအရင်းအမြစ်ပါ ပြတ်မှာ။ လုပ်အားတွေ၊ အရင်းအမြစ်တွေ၊ အတွေ့အကြုံတွေ အားလုံးပြတ် သွားမှာ”လို့ သူက ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေလက်လှမ်းမီတဲ့ ကြက်သားဈေးနှုန်း ဖြစ်ဖို့ အစိုးရအနေနဲ့ မြေပြင်မှာ မွေးမြူနေတဲ့ ကြက်မွေးမြူရေး သမားတွေနဲ့လည်း တွေ့ဆုံပြီး အဖြေရှာရင် အောင်မြင်နိုင်တယ် လို့ ဦးခင်မောင်ဝင်းက အကြံပြုပါတယ်။

နေပြည်တော်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အသားတိုးကြက်မွေးမြူရေး ကဏ္ဍမှာ မွေးမြူလုပ်ကိုင်နေသူ ၆,၅ဝဝ ကျော်ရှိပါတယ်။ ဒီစာ ရင်းတွေက မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်ရဲ့ စာရင်းကို ကိုးကား ပြီးဖော်ပြတာလို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ညွှန် ကြားရေးမှူး ဒေါက်တာလှထွန်းသိန်းက ဆိုပါတယ်။ အဲဒီစာရင်း ထဲမှာ ”ကျေးလက်ဒေသမှာရှိတဲ့ မှတ်ပုံမတင်ထားတဲ့ ကြက်မွေး မြူရေးသမားတွေ မပါဝင်နိုင်ဘူး”လို့ သူကပြောပါတယ်။

ဒေါက်တာလှလှသိန်းကတော့ အေးခဲကြက်သားကို တင် သွင်းခွင့်ပြုလိုက်မယ်ဆိုရင် ကြက်မွေးမြူရေးလုပ်ငန်းအပြင် ကြက်စာဈေးကွက်နဲ့ ဆက်စပ်နေတဲ့ ပြောင်း၊ နှမ်း၊ ပဲ စိုက်ပျိုးရေး လုပ်ငန်းတွေပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ကြက်စာမှာ ပြောင်းဆန်ဟာ ၆ဝ ရာခိုင်နှုန်းနဲ့ အများဆုံးထည့်သွင်းအသုံးပြုပါတယ်။ အခြား ပဲဖတ်၊ ပဲပုတ်ဖတ်နဲ့ နှမ်းဖတ် တွေလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ကြက်မွေးမြူရေး တိုး တက်နေတာနဲ့အမျှ မြန်မာပြည်ရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှု လည်း တိုးတက်နေတာကို အစိုးရအနေနဲ့ သတိထားဆက်စပ် ကြည့်သင့်တယ်လို့ ဒေါက်တာလှလှသိန်းက ထောက်ပြပါတယ်။

”ကြက်မွေးမြူရေးကို ဖျက်ဆီးတာသည် စိုက်ပျိုးရေးကို ရော၊ မွေးမြူရေးကိုရော ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ” လို့ သူက မှတ်ချက်ပေးပါတယ်။

အေးခဲကြက်သားတွေကို တရားဝင်တင်သွင်းခွင့်မပြုခင် လက်ရှိတရားမဝင်တင်သွင်းနေတဲ့ ကာလမှာတောင် ပြည်တွင်း ထဲက အသားတိုးကြက်မွေးမြူသူတွေ ထိခိုက်နေပြီး ”အိမ်ပြုတ်၊ ယာပြုတ်၊ ကားပြုတ်၊ ခြံပြုတ်တွေ ဖြစ်ပြီး တချို့ထွက်ပြေးရ တယ်”လို့ တောင်ဥက္ကလာပမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်း ရှင် ဦးခင်မောင်က ဆိုပါတယ်။

ရန်ကုန်မြို့မှာ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်နဲ့ လှိုင် သာယာမြို့နယ်တွေမှာ ကြက်၊ ဘဲဈေး သုံးခုရှိပါတယ်။ ဒီကြက်၊ ဘဲဈေးတွေကနေ ကြက်ကောင်ရေ တစ်သိန်းနှစ်သောင်းခန့် လောက် ဈေးကွက်ကို နေ့စဉ် တင်သွင်းနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ရက်သတ္တပတ်တစ်ခု ကို အသားတိုးကြက်ကောင်ရေ နှစ်သန်းခန့် ဈေးကွက်ကို အဝင် ရှိတယ်လို့ ဒေါက်တာလှလှသိန်းက ရှင်းပြတယ်။

ဒီကဏ္ဍနဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဆက် နွှယ်နေသူတွေဟာ လူဦးရေအားဖြင့် တစ်သန်းခွဲကနေ နှစ်သန်း အထိ ရှိနိုင်တဲ့အတွက် ”ဒီမွေးမြူရေးကဏ္ဍပျက်သွားရင် ဒီလူ တွေလည်း အလုပ်မရှိဖြစ်သွားမယ်” လို့ သူက ထောက်ပြပါတယ်။

ရန်ကုန်ဈေးကွက်ကို အဓိက ဝင်ရောက်နေတဲ့ အသားတိုး ကြက်တွေကိုတော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တွေမှာ မွေးမြူထားတဲ့အသားတိုးကြက်တွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တစ်နိုင်ငံလုံး အသားတိုးကြက်ဈေးကွက်အနေနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ ပုသိမ်ဈေးကွက်တွေကို တင်ပို့ရောင်းချ ကြတယ်လို့ အသားတိုးကြက်မွေးမြူသူတွေက ပြောတယ်။

မြန်မာနိုင်ငံမှာ အသားတိုးကြက်မွေးမြူမှု အများဆုံးက ရန်ကုန်တိုင်းဖြစ်ပြီးတော့ ဒုတိယက မန္တလေးတိုင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ-၃ ဒေါက်တာ ကျော်ထင်က ဆိုပါတယ်။

အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးမှုအတားအဆီး အခက် အခဲတွေ့ကြုံနေတဲ့ ပြည်တွင်းက ကြက်မွေးမြူရေး အခြေအနေ ကို အစိုးရအနေနဲ့ မကူညီဘဲ ပြည်ပက အေးခဲကြက်သားတွေကို တင်သွင်းပြီး အလွယ်ဖြေရှင်းခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကြက် မွေးမြူရေးလုပ်ငန်းဟာ လုံးဝပျက်စီးသွားမယ်လို့ ဦးခင်မောင် ဝင်းကလည်း သတိပေးပါတယ်။

မွေမြူရေးသမားတွေ လိုအပ်ချက်
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေး လက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ”ပြည်တွင်း အသားစားသုံးမှုမှာ ငါးပြီးရင် ဒုတိယအများဆုံးဖြစ်တဲ့ ကြက်သားထုတ်လုပ်မှု လုပ်ငန်းတွေကို အစိုးရအနေနဲ့ ပိုမိုအထောက်အပံ့ပေးသင့်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ နိုင်ငံလို့ ကြွေးကြော်ခဲ့ပေမယ့် အစိုးရအဆက်ဆက်က စိုက်ပျိုး ရေးကိုသာ အထောက်အပံ့ပေးပြီး မွေးမြူရေးကဏ္ဍကို အားပေး ထောက်ပံ့မှု မရှိသလောက်နည်းခဲ့တာရဲ့ အကျိုးဆက်တွေကို အခု မြင်တွေ့နေရတာလို့ သူက မှတ်ချက်ပေးပါတယ်။

ဒါကြောင့် အသားတိုးကြက် မွေးမြူထုတ်လုပ်မှုကို လွှတ်တော်အနေနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုပါတယ်။

ဒါပေမဲ့လည်း လက်ရှိမှာ လွှတ်တော်အနေနဲ့ အသားဈေး နှုန်းတွေ တက်နေတာကိုသိပေမယ့် ဒီဖြစ်စဉ်ပေါ်မှာ တစိုက်မတ် မတ် သီးသန့်လုပ်နေတာမျိုးမဟုတ်ဘဲ အလွတ်သဘောဆွေးနွေး တဲ့အဆင့်သာရှိသေးတယ်လို့ အင်းစိန်မဲဆန္ဒနယ်ရဲ့ ကိုယ်စား လှယ်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဦးက ဆိုပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနမှ လက်ထောက်အတွင်းဝန်ဖြစ်သူ ဒေါက်တာထွန်းလွင်က အစိုးရဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမွေးမြူရေးလုပ်ငန်းကို မြှင့် တင်နိုင်မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတွေ့ဆုံ ဆွေးနွေးနေပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ မော် ကွန်းမဂ္ဂဇင်းကို ပြောပါတယ်။

သြဂုတ် ပထမပတ်ထဲမှာ ကိုရီးယားနိုင်ငံအခြေစိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစုဖြစ်တဲ့ JOIN GROUP က မြန်မာ နိုင်ငံအတွင်း ကြက်သားထုတ်လုပ်မှု၊ ကြက်သားပေါက်ထုတ် လုပ်မှု၊ ကြက်စာထုတ်လုပ်မှု၊ ကြက်သားသတ်စက်ရုံတွေနဲ့ ပတ် သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့ စိုက်ပျိုးရေး၊ မွေး မြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက် တာအောင်သူကို လာရောက်ဆွေးနွေးနေတာတွေ ရှိပါတယ်။
”ဒါက မူဝါဒပိုင်းဆိုင်ရာ အကြိုဆွေးနွေးတဲ့သဘော တွေ့ ဆုံတာပါ။ ဝန်ကြီးကိုယ်တိုင်ကလည်း စိတ်ဝင်စားတဲ့အတွက် လက်ခံတွေ့ဆုံတာပါ။ အသေးစိတ် ဘယ်လိုဖြစ်လာမယ်ဆိုတာက တော့ အခုအချိန်မှာပြောလို့ မရသေးဘူး”လို့ ဒေါက်တာထွန်း လွင်က သြဂုတ် ၈ ရက်က မော်ကွန်းကိုပြောပါတယ်။

အစိုးရအနေနဲ့ အသားကဏ္ဍဖွံ့ဖြိုး တိုးတက်လာဖို့လုပ်မယ် ဆိုရင် ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်တစ်ခုကို ဖန်တီးပေးရမယ်လို့ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်အဖွဲ့အစည်း၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Myanmar Development Resource Institute-Centre for Economic and Social Development-MDRI-CESD)မှ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။

အဲဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့် လူမှုရေး အသွင်ပြောင်းလဲမှုတွေကို အလေးထား သုတေသနလုပ်ဆောင် နေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

”ကြက်မွေးမြူရေးကဏ္ဍမှာ ပွဲစားရှင်သန်နိုင်တဲ့ အခြေ အနေက ဘယ်ဟာတွေကြောင့်ဖြစ်နေတာလဲဆိုတာကို ကြည့်ရ မယ်။ ဒီလို ကြားခံအဆင့်တွေခံပြီးမှ စားသုံးသူဆီ ရောက်နေတာ ဟာ ဘာကြောင့်ဖြစ်နေရသလဲဆိုတာကို ကြည့်ရမယ်”လို့ ဒေါက်တာတင်မောင်သန်းက ပြောတယ်။

ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေ မဖွံ့ဖြိုးတာတွေဟာ အခြေခံအဆောက်အအုံပိုင်းတွေဖြစ်တဲ့ မွေးမြူရေးခြံတွေကနေ ဈေးကွက်ကိုသွားတဲ့ ကုန်ထုတ်လမ်းတွေမဖွံ့ဖြိုးတာ၊ လျှပ်စစ်မီး ပုံမှန်မရတာ၊ စံချိန်မီသားသတ်စက်ရုံနဲ့ အအေးခန်းတွေမရှိတာ၊ မွေးမြူသူတွေကိုယ်တိုင် စားသုံးသူတွေကို တိုက်ရိုက်ရောင်းချ ပေးနိုင်တဲ့ ဈေးကွက်မရှိတာတွေကြောင့် စားသုံးသူဈေးကွက်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ခံနေကြတာလို့ သူကပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက မွေးမြူသူတွေနဲ့ စားသုံးသူတွေကြားထဲမှာ အဆင့်ဆင့်ခံနေတဲ့ အဝယ်တော်တွေ(ပွဲစား)ရဲ့ကဏ္ဍကြောင့် ”အသားဈေးနှုန်း မလို အပ်ဘဲ မြင့်တက်နေတာကို အစိုးရအနေနဲ့ ဝင်ရောက်ပြုပြင်ပေး သင့်တယ်”လို့ ဆိုပါတယ်။

နောက်ထပ် ပြည်တွင်းထဲက အသားတိုးကြက်မွေးမြူသူ တွေ ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုက ထုတ်လုပ်မှုကုန်ကျစရိတ် တွေ မြင့်နေရခြင်းပဲဖြစ်ပါတယ်။ ကြက်သားတစ်ပိဿာ    ရရှိဖို့ ရင်းနှီးမြှုပ်နှံမှုမှာ ၇ဝ ရာခိုင်နှုန်းခန့်ကို အစာအတွက် ကုန်ကျနေ တယ်လို့ သူတို့က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကြက်စာထုတ် လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတွေဟာ ကြက်စာတစ်အိတ်ကို ကျပ် ၃ဝ,ဝဝဝ ကျော်နဲ့ရောင်းနေချိန်မှာ ထိုင်းနိုင်ငံမှာ ကျပ် ၂၁,ဝဝဝနဲ့ ဝယ်ယူလို့ရတယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကိုယ်တိုင် ကြက် စာဝယ်ယူခဲ့သူ ဦးခင်မောင်က ရှင်းပြပါတယ်။

”အစာတစ်အိတ်ကို(ကျပ်)တစ်သောင်းကျော်လောက် ကွာတယ်။ အဲဒီလို နှုန်းကွာနေတဲ့အစာဈေးနဲ့ မွေးရတာ ကျွန် တော်တို့ မခံနိုင်ဘူးလေ” လို့ ဦးခင်မောင်က ပြောတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာဆိုရင် ကြက်အရှင်ဈေးက တစ် ပိဿာဟာ ၁,၈ဝဝ ကျပ်ရှိပြီးအသင့်စားသုံးနိုင်တဲ့ ကြက်သား တစ်ပိဿာေ   ဈေးဟာ ၂,၂ဝဝ ကျပ်လောက်ပဲရှိတယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ဦးခင်မောင် က ပြောပြတယ်။

Photo - KMW ကြက်အရောင်းအဝယ်လုပ်ငန်းခွင်တစ်ခု
Photo – KMW ကြက်အရောင်းအဝယ်လုပ်ငန်းခွင်တစ်ခု

ကြက်ဈေးကွက်ကို ဘယ်သူထိန်းမလဲ
ကြက်သားဈေးနှုန်းတွေ ဘာကြောင့် တက်နေရတာလဲလို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လှထွန်းသိန်းကို မော်ကွန်းမဂ္ဂဇင်းက မေးမြန်းတဲ့အခါ သူက အခုလိုဖြေပါတယ်။

”ကြက်မွေးသူတွေနဲ့ စားသုံးသူတွေကြားထဲမှာ ကုန်သည် ပွဲစားတွေက ဈေးကစားနေတာ”
ဒီအခြေအနေကို ထိန်းညှိဖို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း ရှင်များအဖွဲ့ချုပ်က ဦးဆောင်သင့်တယ်လို့ သူက အကြံပြုပြီး ”ဈေးကွက်စီးပွားရေးဖြစ်တဲ့အတွက် အစိုးရနဲ့တိုက်ရိုက်သက် ဆိုင်တာမျိုးမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

”ဈေးတွေကို တမင်သက်သက်တင်ရောင်းတယ်။ ဖမ်း မယ်၊ ဆီးမယ်ဆိုရင် အစိုးရနာမည်ပျက်တာပဲရှိမယ်။ အခုက ဈေးကွက်စီးပွားရေးဖြစ်တဲ့အတွက် ဝယ်စားနိုင်တဲ့သူ ဝယ်စား မယ်။ ဝယ်မစားနိုင်တဲ့သူတွေ တခြားအသားစားမယ်”လို့ ဒေါက်တာလှထွန်းသိန်းက ဆိုပါတယ်။

တကယ်တမ်းမှာတော့ ဈေးကစားနေခြင်းကြောင့်သာဖြစ် ပြီး ကုန်ပစ္စည်းရှားပါးမှု မရှိဘူးလို့ဆိုပါတယ်။ ကုန်ပစ္စည်း ရှားပါး လို့ ဈေးတက်နေမယ်ဆိုရင်လည်း ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင် ရာအစိုးရအဖွဲ့ထံ သဘောတူခွင့်ပြုချက် တောင်းခံပြီး ဘေးအန္တရာယ် ကင်းရှင်းတဲ့ အေးခဲအသားမျိုးကို ကာလအပိုင်းအခြားပမာဏ တစ်ခုအထိ တင်သွင်းမယ်လို့ သူက ဆိုပါတယ်။

”ဒီလိုကိစ္စမှာ အစိုးရက ဝင်ပြီး လူမိုက်လုပ်စရာ မလိုဘူး လေ။ အစိုးရကလိုအပ်တဲ့ အကူအညီ၊ နည်းပညာတွေကို ကူညီ ပေးဖို့ပဲ ရှိတာလေ။ တွေ့တဲ့လူကို  အစိုးရအဖွဲ့အစည်းက လိုက်ဖမ်း နေရင် လူကြမ်းဖြစ်မှာပေါ့”လို့ သူက ဆိုပါတယ်။

ဒေါက်တာတင်မောင်သန်းက ကြက်သားဈေးတက်နေတဲ့ အခြေအနေကို အခုလို ထောက်ပြပါတယ်။
”ဒီကြက်သားဈေးတက်နေရတဲ့ကိစ္စက ကြက်သမားကိစ္စ ထက် အစိုးရရဲ့ မူဝါဒကိစ္စတစ်ခုပဲ။ ဘယ်လိုမူဝါဒမျိုးနဲ့ လုပ်မလဲပေါ့”

အစိုးရအနေနဲ့ အခြေအနေမှန်တွေကိုသိပြီး ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ သုတေသနတွေနဲ့ မူဝါဒတွေကို ပြင်ဆင်စဉ်းစားနေ ရမယ်လို့ သူကဆိုပါတယ်။

အခုလို ကြက်သားဈေးတက်နေတဲ့အတွက် ဘယ်လိုလုပ် ရင် ပြေလည်နိုင်မလဲဆိုတာကို စဉ်းစားလုပ်ကိုင်ကြပေမယ့် သက် ဆိုင်ရာဝန်ကြီးဌာနတွေက ”ငါတို့အလုပ်ဆိုပြီး သဘောထားဖြေ ရှင်းဖို့ ကြိုးစားမယ့်ဌာန မရှိဘူး” လို့ သူက ဆိုပါတယ်။

”အစိုးရအနေနဲ့ တာဝန်ခံဆောင်ရွက်ပေးမှု မရှိသလောက် နည်းနေတယ်”လို့ သူက ဆက်လက်ထောက်ပြပါတယ်။

ဒီလိုလုပ်ငန်းစဉ်တွေကို အစိုးရတွေမှာ မူဝါဒလေ့လာရေး ဌာနတွေက လုပ်ဆောင်လေ့ရှိပေမယ့် မြန်မာနိုင်ငံရဲ့ အစိုးရဝန် ကြီးဌာနဖွဲ့စည်းပုံတွေ အနေအထားအရ မူဝါဒလေ့လာရေး ဌာနဆိုတာမျိုး မရှိဘူးလို့ သူက ဆိုတယ်။

အစိုးရသစ်အနေနဲ့ ဝန်ကြီးဌာနတွေမှာ မူဝါဒလေ့လာရေး ဌာနတွေမရှိတာကို ပြင်ဆင်ဖြည့်စွက်ပေးသင့်တယ်လို့ ဒေါက် တာတင်မောင်သန်းက အကြံပြုပါတယ်။

ရေရှည်လုပ်ရမယ့် အစီအစဉ်များ
ကြက်သားဈေးနှုန်းကျဖို့ ရေရှည်လုပ်ရမှာကတော့ ဈေး ကွက်နေရာတွေ ချဲ့ထွင်ဖို့၊ မွေးမြူရေးလုပ်ငန်းတွေ လွယ်လွယ် ကူကူတိုးချဲ့နိုင်အောင် မြေအသုံးချမှု ကန့်သတ်ချက်တွေကို ဖြေ လျော့ပေးဖို့နဲ့ သားသတ်စက်ရုံတွေ များများစားစား ရှိလာဖို့ လို အပ်တယ်လို့ မွေးမြူရေးသမားတွေက ပြောပါတယ်။

မွေးမြူရေးသမားကနေ ကြက်သတ်စက်ရုံကိုပို့၊ စက်ရုံ ကနေ ဈေးကွက်ကို တိုက်ရိုက်ဖြန့်ချိတဲ့ လုပ်ငန်းစဉ်မျိုးတွေ မဖန် တီးဘဲ လက်ရှိ ဈေးကွက်လည်ပတ်နေမှုအတိုင်းသွားနေပါက    ကြက်သားဈေးနှုန်းမြင့်နေဦးမှာပဲလို့ ဆိုပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ကြက်ဘဲဈေးတွေရဲ့ သားသတ်မှု အခြေအနေဟာ နိုင်ငံတကာစံနှုန်းတွေကို မမီသေးပါဘူး။ မြန်မာ နိုင်ငံမှာ စံနှုန်းမီတဲ့ ကြက်သားသတ်စက်ရုံတစ်ခုသာရှိပြီး လှိုင် သာယာမှာ အခြေစိုက်ထားပါတယ်။ တစ်ရက်ကို ကြက်ကောင် ရေ ၂၄,ဝဝဝ ထုတ်လုပ်နိုင်ပါတယ်။ ဒီစက်ရုံရဲ့ ထွက်ကုန်အားလုံး ကို စီပီကုမ္ပဏီက အများဆုံးရယူထားပြီး KFC ၊ Lotteria တို့လို ကြက်ကြော်ရောင်းချတဲ့ လုပ်ငန်းတွေကလည်း အသုံးပြုနေတယ် လို့  ဒေါက်တာလှလှသိန်းက ပြောပြတယ်။

နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဒေါက်တာလှထွန်းသိန်းကတော့ ရေရှည်မှာ တည် ငြိမ်ပြီး အများပြည်သူလက်လှမ်းမီတဲ့ ကြက်သားဈေးနှုန်းဖြစ်စေဖို့ ဝန်ကြီးဌာနအနေနဲ့ ထုတ်လုပ်သူနဲ့စားသုံးသူအကြား တိုက်ရိုက် ရောင်းချနိုင်မယ့် အစီအမံတွေနဲ့ မလိုလားအပ်တဲ့ အခွန်စည်း ကြပ်မှုတွေကို ဖြေလျော့နိုင်ဖို့ စီမံဆောင်ရွက်သွားမယ်လို့ ပြော ပါတယ်။

သားသတ်စက်ရုံတွေ တည်ထောင်ချင်တဲ့ လုပ်ငန်းရှင်တွေ အတွက် မြေနေရာတွေ လွယ်လွယ်ကူကူရအောင် ဝန်ကြီးဌာနက ထောက်ခံချက်တွေ လုပ်ပေးတာမျိုးတွေကို လုပ်ဆောင်မယ်လို့ လည်း သူက ဆိုပါတယ်။ လတ်တလောအနေနဲ့ မွေးမြူရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ပြုပြင်နေတာတွေကို စတင်လုပ် ဆောင်နေတယ်လို့ ဒေါက်တာလှထွန်းသိန်းက ပြောပါတယ်။

သြဂုတ် ၂၅ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရဲ့ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေး နွေးပွဲမှာ ကြက်မွေးမြူရေးလုပ်ငန်းရှင်းတွေက ရန်ကုန်တိုင်းရဲ့  ခရိုင်တစ်ခုမှာ အကြိုစမ်းသပ်စီမံကိန်းတစ်ခုလုပ်ဖို့ တင်ပြခဲ့ပါတယ်။

စည်ပင်သာယာဈေးတွေထဲမှာ လက်လီရောင်းချနေသူ တွေထံကို မွေးမြူရေးသမားတွေက တိုက်ရိုက်ဖြန့်ချိပြီး ရောင်းချ စေမယ့် စမ်းသပ်စီမံကိန်းပဲဖြစ်ပါတယ်။

ဒီစီမံကိန်းရလဒ်က ကြက်သားဈေးနှုန်းကြီးမြင့်မှုကို လျော့ ချနိုင်ပါကအစိုးရနဲ့မွေးမြူရေးသမားတွေ ထပ်မံတွေ့ဆုံပြီး တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။

မွေးမြူရေးသမားတွေဘက်က စမ်းသပ်မယ့်စီမံကိန်းကို ဝန်ကြီးဦးဟံထွန်းက ကြိုဆိုပြီးအစိုးရအနေနဲ့ လိုအပ်တာတွေ ကူ ညီမယ်လို့ အဲဒီဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

လက်ရှိ ကြက်သားဈေးနှုန်းမြင့်မားနေသလို မြန်မာနိုင်ငံရဲ့ အသားစားသုံးမှုနှုန်း အလွန်နိမ့်ကျနေခြင်းရဲ့ အခြေအနေကို လည်း အခုလိုမှတ်ချက်ပေးပါတယ်။

“”ကျွန်တော်တို့ရဲ့ သားသမီးတွေဟာ ဒီလိုပဲစားသုံးနေရမယ် ဆိုရင် ဉာဏ်မမီမှာတောင် စိုးရိမ်ရတဲ့အဖြစ်တွေ ဖြစ်လာနိုင်ပါ တယ်။ အစားအသောက်မဖူလုံလို့ ဒီလိုအခြေအနေမျိုး ဖြစ်လာ နိုင်တယ်ဆိုတာတွေးကြည့်လိုက်ရင် စိတ်ပူစရာတွေပါ’’  ။       ။

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၈)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."