ကျော်ဇေယျ
မတ်-၆
စပါးကို ပြည်တွင်းမှာလွတ်လပ်စွာ သယ်ဆောင်ခွင့်ပေးထားတဲ့ အပေါ် စပါးမှောင်ခို တင်ပို့သူတွေက အခွင့်ကောင်းယူ အသုံး ချကာ ပြည်ပသို့ တရားမဝင် ကုန်ကူးနေကြတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။
“ တရားမဝင်စပါးသယ်ဆောင်မှုများအားတားဆီးရာမှာ မြန်မာနိုင်ငံအတွင်းစပါးကို လွတ်လပ်စွာ သယ်ယူခွင့်ပြုထားတဲ့ အတွက် ပြည်ပသို့ တရားမဝင်စပါးတင်ပို့ ရောင်းချသူများဟာ ပြည်တွင်း၌သာ သယ်ဆောင်နေသယောင်အသွင်ယူ၍ တရားမဝင်တင်ပို့မှုများ ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ် ” လို့ ဦးအောင်ထူးက ရှင်းပြတယ်။
ပြည်ပကို စပါးတင်ပို့ရောင်းချခွင့်ပိတ်ပင်ထားပြီး တရားမဝင်စပါး တင်ပို့မှု ဖမ်းဆီးရမိမှု အခြေအနေက ၂၀၁၇-၁၈ နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွေမှာ စပါးတန်ချိန် ၂၂၀ ကျော် ဖမ်းဆီးအရေးယူ ထားနိုင်တယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး၊မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးက တရားမဝင်စပါးတင်ပို့နေတာတွေကို ဘယ်လို ဖမ်းဆီး၊ တားမြစ်မလဲဆိုတာကို မေးမြန်းရာမှာ ဦးအောင်ထူး က ပြန်လည်ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။
ဦးထွန်းထွန်းဦးက စပါးတွေကို မန္တလေးကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရေလမ်းကြောင်းနဲ့ သယ်ဆောင်သွားပြီး အဲဒီကတဆင့် ကုန်းလမ်းကြောင်းကနေ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်ကုန်သွယ်ရေးဇုန်နားကနေ တင်ပို့နေကြ တာရှိသလို မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ကားတွေနဲ့ သယ်ကာ ရွှေလီမြစ်ကြောင်းကတဆင့် တရုတ်နိုင်ငံထဲ ကို ရေယာဉ်တွေနဲ့ သယ်ယူကြတာလဲ ရှိတယ်လို့ ပြောပါတယ်။
ဒီလိုစပါးကိုမှောင်ခိုတင်ပို့တာ တွင်ကျယ်လာတဲ့ အတွက် ပြည်တွင်းက ဆန်စက်လုပ်ငန်းရှင်တွေဟာ စပါးဝယ်ယူဖို့ ခက်ခဲ လာကာ လုပ်ငန်းပါးလျတာတွေ၊ တစ်ချို့ဆိုရင် လုပ်ငန်း ရပ်ဆိုင်းရတာတွေအထိ ရှိပြီး အကျိုးဆက်အဖြစ် ဆန်စက် အလုပ် သမားတွေ အလုပ်ပြုတ်ကြရတယ်လို့ သူက ပြောပါတယ်။
ဦးအောင်ထူးကတော့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မှာ ပြည်တွင်းစပါးထုတ်လုပ်မှုတန်ချိန် ၂၇ သန်းကျော် ရှိခဲ့ပြီး ပြည်တွင်းစား သုံးမှုကိုဖယ်လိုက်ရင် ပိုလျံတဲ့စပါးတန်ချိန် ၁၃ သန်းလောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စပါးကို ပြည်ပတင်ပို့ခွင့်ကို တားမြစ်ထားပြီး ဒီပြသနာကို ဟန့်တားဖို့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ အပါအဝင်သက်ဆိုင်ရာ ကုန်သွယ် စစ်ဆေး ရေးဌာနတွေ ပူးပေါင်းပြီး နယ်စပ်လမ်းကြောင်းတွေတစ်လျောက် စစ်ဆေးအရေးယူနေတယ်လို့ သူက ပြောပါတယ်။
#mawkun #magazine #dailynews