ရခိုင်ပြည်နယ်တွင် ယမန်နှစ်နှောင်းပိုင်းမှ စတင်တောက်လောင်လာသော စစ်မီးသည် အရှိန်အဟုန်ကောင်းကောင်းဖြင့် လောင်မြိုက် လာနေရာ အရပ်သားထိခိုက်သေဆုံးမှုများမှာ တဖြည်းဖြည်း မြင့်တက်လာလျက်ရှိနေပါသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) နှစ်ဖက်စလုံးက ကျေးရွာမြို့ပြများအနီး ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဟု ပြောဆို နေကြသော်လည်း မြေပြင်ဖြစ်ရပ်များက ယင်းအချက်ကို ငြင်းဆိုနေကြသည်။ မည်သည့်ဘက်က ပစ်လိုက်မှန်းမသိသည့် ကျည်ဆန် များနှင့် လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက်၊ ပေါက်ကွဲခဲ့သောကြောင့် ရွာသားအချို့ ဒဏ်ရာရ၊ သေဆုံးနေကြရသည်။
မော်ကွန်းမဂ္ဂဇင်းက သွားရောက်လေ့လာခဲ့သည့် ဒေသအခိုျ့တွင် ကျည်ဆန်ထိမှန်ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရသူများကို တွေ့ဆုံခဲ့ရသကဲ့သို့မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို တပ်မတော်ဘက်မှ လာရောက် မဖယ်ရှား ပေးသောကြောင့် ကျေးရွာများအား စွန့်ခွာသွားကြသည့် စစ်ဘေးရှောင်များကို ရခိုင်ပြည်နယ်တွင်သာမက ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်တွင်လည်း တွေ့ခဲ့ရသည်။
ယခုလို စစ်ရှိန်မြင့်နေချိန် အစိုးရက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းမှ မြို့နယ်ကိုးခုတွင် အင်တာနက်ကွန်ရက်ကို ဖြတ်တောက်လိုက်ရာ သတင်းအချက်အလက် စီးဆင်းမှုများ ရုတ်ခြည်းတုံ့ဆိုင်းသွားသည်။ ယင်းကို အခွင့်ကောင်းယူကာ စစ်ဆင်ရေးလုပ်ဆောင်ရာတွင် တပ်မတော်ဘက်မှ အတိုင်းအဆမဲ့ ချေမှုန်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မည်ကို အရပ်ဘက်နှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက စိုးရိမ်နေကြသည်။
စင်စစ်တွင် တပ်မတော်နှင့် AA တို့တိုက်နေသော တိုက်ပွဲသည် မည်သည့်ဘက်ကမှ ပြတ်ပြတ်သားသားနိုင်မည့်ပုံ မပေါ်ပါ။ ပြောက်ကျားဗျူဟာဖြင့် တိုက်ခိုက်နေသော AA က အင်အားကြီးသော တပ်မတော်ကို ရခိုင်ပြည်နယ်မှ အပြီးတိုင်တိုက်ထုတ်နိုင်မည် မဟုတ်သကဲ့သို့ တပ်မတော်ကလည်း ရခိုင်ပြည်သူလူထု၏ ထောက်ခံမှုကို အခိုင်အမာရရှိထားသော AA ကို အမြစ်ပြတ်ချေမှုန်းနိုင်လိမ့်မည်မဟုတ်ပါ။
သို့နှင့်စစ်ညောင်းကြာရှည်လာသည်နှင့်အမျှ နိုင်ငံရေးမျက်နှာစာတွင်လည်း ထိခိုက်ဆုံးရှုံးနိုင်စရာများ ရှိနေပါသည်။ လာမည့် နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်ခင်အထိ စစ်မီးမငြိမ်းသေးပါက မအေးချမ်းသေးသည့် မြို့နယ်များ၌ ရွေးကောက်ပွဲများမကျင်းပနိုင်လျှင် လွှတ်တော်အတွင်း အပြန်အလှန်ထိန်းကျောင်းမှုများ အားယုတ်ပျက်ယွင်းသွားနိုင်ပြီး အကိုျးဆက်အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် တန့်အီသွားနိုင်ပါသည်။
တစ်ချိန်တည်းတွင် သတိထားရမည့် နောက်ထပ်အချက်တစ်ချက်မှာ ‘ယာလည်းညက် ကြက်လည်းပန်း’ မည့် အချိန်ကို နယ်စပ်ခြံစည်းရိုးတစ်ဖက်က ထိုင်စောင့််နေကြမည့် အာဆာစစ်သွေးကြွများ၏ အန္တရာယ်ပင်ဖြစ်သည်။ အဆိုပါအဖွဲ့ လတ်တလော ငြိမ်နေသော်လည်း အချိန်မရွေး နိုင်ငံ့အချုပ်အချာ၊ နိုင်ငံ့အကျိုးစီးပွားနှင့် ပြည်သူများ၏ အသက်အိုးအိမ်များကို ထိပါးလာနိုင်သည်ကို လည်း သတိချပ်ရမည်ဖြစ်သည်။
“စင်စစ်တွင် ရခိုင်စစ်မီးသည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် အတိုင်ပင်ခံလုပ်နေသည့် အစိုးရသက်တမ်းတွင် အရှိန်အဟုန်နှင့် တောက်လောင်ခဲ့ခြင်းဖြစ်ရာ ဤစစ်မီးကို အချိန်မီ မငြိမ်းသတ်နိုင်လျှင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဆိုသည့် လက်ရှိအစိုးရ၏ ရွေးကောက်ပွဲ ကတိကဝတ်များကို ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယုံကြည်ကြလိမ့်မည် မဟုတ်ပါ။
သို့ဖြစ်သောကြောင့် အဘက်ဘက်မှ ဆုံးရှုံးနစ်နာနေရသည့် စစ်ရေးနည်းနှင့်ဖြေရှင်းနည်းကို တပ်မတော်နှင့် AA တို့ စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းဆီ ချဉ်းကပ်လာကြစေဖို့ အစိုးရက အမြန်ဆုံး ကမကထဆောင်ရွက်ပေးရန် ကျွနု်ပ်တို့ မော်ကွန်းမဂ္ဂဇင်းက တိုက်တွန်းရခြင်းဖြစ်သည်။