မြေမြှုပ်မိုင်း ရှင်းလင်းရေး ငြိမ်းချမ်းရေး ရမှတဲ့လား

မြေမြှုပ်မိုင်း ရှင်းလင်းရေး ငြိမ်းချမ်းရေး ရမှတဲ့လား

#MawKunMagazine

#Kyaw Zayya

၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Feature ဖြစ်ပါသည်။

ဘားအံ (ဧပြီ၊၂ဝ၁၈)

Photo – Kyaw Zayya

ဦးခူးလ်မလားဟာ သားဖြစ်သူနဲ့အတူ သူနေ ထိုင်နေရာ ပန်ကိုင်ရွာရဲ့ အနောက်ဘက် တောင် တန်းဆီကို ဝါးခုတ်ဖို့ မတ် ၁၄ ရက် နံနက်ပိုင်းမှာ ထွက်လာခဲ့ပါတယ်။ ”အဖေအရှေ့က ကြိုသွားပြီး ဝါးတွေကိုကြည့်ထားလိုက်မယ်” လို့ သားဖြစ် သူကိုပြောပြီး အရှေ့ကနေ ခပ်သုတ်သုတ်နဲ့ တောင်ကုန်းပေါ်ကို တက်သွားလိုက်ပါတယ်။

သူတို့ခုတ်ယူမယ့် ဝါးပင်တွေနား မရောက်ခင်မှာဘဲ ‘ဒိန်း’ဆိုတဲ့ ကျယ်လောင်တဲ့အသံနဲ့အတူ ဦးခူးလ်မလားရဲ့ အော်သံပါ ထွက်ပေါ်လာပါတယ်။ သားဖြစ်သူ ဘာမှမဖြစ်ပေမယ့် ဦးခူးလ်မလားကတော့ ဒဏ်ရာများစွာနဲ့ သွေးအိုင်ထဲ လဲလို့နေပါတယ်။

ဦးခူလ်မလားဟာ မြေမြှုပ်မိုင်းတစ်လုံးကို တတ်နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။ သူနေထိုင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ နယ်၊ ပန်ကိုင်ရွာအနောက်ဘက် သုံးဖာလုံလောက် အကွာအဝေး မှာ နင်းမိခဲ့တာပါ။ အဲဒီရွာမှာ လူဦးရေ ၁၅ဝ ခန့်ရှိပြီး ဂေါ်ရခါးလူ မျိုးအများစု နေထိုင်ကြတာပါ။ ရွာသားတွေဟာ တောင်ယာ၊ ဥယျာဉ်ခြံနဲ့ ထင်းခုတ်၊ ဝါးခုတ်အလုပ်တွေနဲ့ အသက်မွေးကြတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခဧရိယာတွေမှာ နေထိုင်ကြတဲ့ အခြားသော ဒေသခံတွေ ကြုံတွေ့နေရတဲ့ ကြမ္မာဆိုးကို ဦးခူးလ် မလားလည်း ကြုံလိုက်ရတာပါ။ မိုင်းဒဏ်ရာကြောင့် သူ့ရဲ့ ညာ ခြေထောက်က အကြောတချို့  ပြတ်ထွက်သွားသလို ဘယ်ဘက် လက်မလည်း ပြတ်သွားခဲ့ပါတယ်။ ဒါ့အပြင် တင်ပါး၊ ကျောကုန်း တွေမှာလည်း မိုင်းစတွေ မြုပ်ဝင်သွားခဲ့တယ်လို့ ပန်ကိုင်ရွာသား တွေက ဆိုပါတယ်။

သူ မိုင်းထိခဲ့တဲ့ တောတောင်တွေဟာ ပန်ကိုင်ရွာသားတွေ ပုံမှန်သွားလာနေတဲ့ နေရာတွေ ဖြစ်ပြီး အရင်တုန်းက အခုလို အဖြစ်မျိုးတစ်ခါမှ မဖြစ်ဖူးဘူးလို့ ဦးခူးလ်မလားကို ဆေးရုံလိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ ဒေသခံရွာသားတွေက ရှင်းပြပါတယ်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ပြည်တွင်းငြိမ်းချမ်း ရေးကို ဖော်ဆောင်နေပေမယ့် တစ်ဖက်မှာ မြေမြှုပ်မိုင်းအသုံးပြုမှု ရပ်တန့်ခြင်း မရှိသေးတာကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုစာရင်းတွေဟာ ပိုမိုမြင့်တက်လာနေတယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (International Campaign to Ban Landmines – ICBL) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Photo – Kyaw Zayya ကရင်ပြည်နယ်မှ မိုင်းကြောင့်ခြေထောက်တစ်ဖက် ပျက်စီးသွားသည့် ဒေသခံတစ်ဦး

 

ပြီးခဲ့တဲ့ ၁၉ နှစ်ကာလအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်းဟာ ၄,ဝဝဝ ကျော်ရှိတယ်လို့ ICBL က ဖော်ပြတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေကို နိုင်ငံပိုင်နှင့် လွတ်လပ်တဲ့ သတင်းမီဒီယာအစီရင်ခံစာတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ

အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက အခြားအဖွဲ့အစည်း တွေရဲ့ သတင်းပေးပို့မှုတွေကို မှတ်တမ်းတင်ပြီး ICBL က ပြုလုပ်ထားတာပါ။  မြန်မာနိုင်ငံဟာ အာရှတိုက်က အာဖဂန် နစ္စတန်နိုင်ငံနဲ့ တောင်အမေရိကတိုက်က ကိုလံဘီယာနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ၊ သေဆုံးမှု တတိယ အများဆုံးဖြစ်တယ်လို့ ICBL က ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးသုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်(Yeshua Moser-Puang-suwan)က ”ဒီနိုင်ငံမြေမြှုပ်မိုင်းရှင်းလင်းရေးဟာ မနက်ဖြန်မှာ တင်စလုပ်ဖို့အတွက် အရေးကြီးနေတယ်လို့ ခံယူပါတယ်”လို့ မှတ်ချက်ပြုပါတယ်။

ICBL အဖွဲ့ရဲ့ ၂ဝ၁၇ ဒီဇင်ဘာမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအရ  ၂ဝ၁၁ မှာ စတင်ခဲ့တဲ့ ပြည်တွင်းငြိမ်း ချမ်းရေးဆွေးနွေးမှု ကာလနောက်ပိုင်းမှ အခုအချိန်အထိ လူပေါင်း ၆၇ဝ လောက်ဟာ မြေမြှုပ်မိုင်းတွေကြောင့် ဒဏ်ရာရ၊ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဘက် တွေမှာ မြေမြှုပ်မိုင်းတွေကို အသုံးပြုတဲ့ အထောက်အထားတွေ တွေ့ ခဲ့ရသလို ရှမ်းပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းဖြစ်ကြတဲ့ ပဋိပက္ခတွေမှာ မြေမြှုပ်မိုင်းတွေ အသုံးပြုနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှုန်းဟာ ယခင်အစီရင်ခံစာ တွေထက် မြင့်လာနေတယ်လို့  ICBL က ဖော်ပြပါတယ်။

Photo – Kyaw Zayya ခြေတုလက်တုပြုလုပ်ပေးနေသည့် ပြန်လည်သန်စွမ်းရေးဌာန

ရွာနားနီးလာတဲ့ မိုင်း

ဦးခူးလ်မလားရဲ့ ဖြစ်စဉ်မျိုးကို ပန်ကိုင်ရွာက လူတွေ တစ် ကြိမ်မှ မကြုံဖူးဘူးလို့ အဲဒီရွာမှာ အနှစ် ၄ဝ လောက် နေထိုင်လာ ခဲ့တဲ့ ဦးခူးလ်မလားရဲ့ မိတ်ဆွေဖြစ်သူက ပြောပြပါတယ်။ ”အရင်တုန်းကတည်းက ဒီတော၊ ဒီတောင်တွေကို ရွာကလူတွေ ဒီလိုပဲ သွားလာနေတာပဲ။ သူ့လိုဖြစ်ရပ်မျိုး ရွာမှာမရှိခဲ့ဖူးဘူး။ ဒါက ရွာမှာ ပထမဆုံးကြုံရတာပဲ” လို့ သူကပြောပါတယ်။

ICBL ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ၂ဝ၁၆၊ တစ်နှစ်တည်းမှာတင် ထိခိုက်၊ သေဆုံးမှုဟာ ၂၉၈ ဦး ရှိခဲ့တဲ့အတွက် ၂ဝ၁၅ က ၁၅၉ ဦးထက်စာရင် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။ ၂၉၈ ဦးအနက် ၆၉ ဦး သေဆုံးခဲ့ပြီး  ဒီနှုန်းဟာ သုံးရက်ကြာတိုင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုတစ်ကြိမ် ဖြစ် ပွားခဲ့တာဖြစ်ပြီး လူလေးဦး မိုင်းထိရင် တစ်ဦး သေဆုံးတာဖြစ် တယ်လို့ ICBL အစီရင်ခံစာက ဆိုပါတယ်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)က ထုတ်ပြန်ရာမှာတော့ ၂ဝ၁၇ ထဲမှာ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲ စေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ကလေးသူငယ် ရှစ်ဦး သေဆုံးခဲ့ပြီး ၃၇ ဦးဟာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆို ပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ၊ သေဆုံးမှု ဖြစ်ရပ်တွေကို အမျိုးအစားခွဲကြည့်တဲ့အခါ တောတွေထဲမှာ ထင်း ရှာ၊ ငါးဖမ်း၊ အမဲလိုက်ရင်း မိုင်းထိတာ ၃၇ ရာခိုင်နှုန်း၊ မြေမြှုပ်မိုင်း ရှိတဲ့ ဒေသတွေကို ခရီးသွားတဲ့အတွက် ၂၉ ရာခိုင်နှုန်း၊ ထွန်ယက် စိုက်ပျိုးမြေတွေမှာ လုပ်ကိုင်စားသောက်ကြရင်း ဖြစ်တာက ၁၆ ရာခိုင်နှုန်းခန့်  အသီးသီး ရှိပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းကတော့ ဘယ်လိုအခြေအနေမှာ ဖြစ်ကြရတယ်ဆိုတာကို မသိရဘူးလို့ ICBL က ထုတ်ပြန်ပါတယ်။

ဦးခူးလ်မလားတို့ နေထိုင်တဲ့ ပန်ကိုင်ဒေသဝန်းကျင်မှာ တအာန်း (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ  (RCSS) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့က လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

အခုလို ကျေးရွာအနီးနားတွေမှာ မြေမြှုပ်မိုင်းတွေ လာထောင်တဲ့အခါ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်း၊ ထင်းခုတ်၊ ဝါးခုတ်ပြီး ရှာဖွေစားသောက်ရတဲ့ လုပ်ငန်းတွေမှာ အခက်အခဲဖြစ် လာနိုင်တယ်လို့ ပန်ကိုင်ကျေးရွာမှ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုပါတယ်။ အမည်ဖော်မပြစေချင်တာဟာ သူတို့ရွာ သားတွေအဖို့ ဒေသမှာရှိတဲ့ လက်နက်ကိုင်ပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံနေရတာကြောင့် ပြဿနာတစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ သူကဆိုပါတယ်။

အခုဆိုရင် စားဝတ်နေရေးအတွက် ရွာအနီးက တော တောင်တွေကို သွားဖို့ ရွာသားတွေဟာ စိုးရိမ်သောကရောက်နေ ကြတယ်လို့လည်း သူကဆိုပါတယ်။

”လက်နက်ကိုင် ဒီအဖွဲ့၊ ဟိုအဖွဲ့ ဘယ်အဖွဲ့ကိုမှ အပြစ်မတင် လိုပါဘူး။ ဖြစ်နိုင်ရင် မြှုပ်ထားတဲ့ မိုင်းတွေကို ပြန်နုတ်ပေးပါ၊ ပြည်သူလူထု လွတ်လွတ်လပ်လပ် သွားသွားလာလာ လုပ်လို့ရအောင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ”လို့ သီပေါ ဆေးရုံမှာ ဦးခူးလ်မလားကို လိုက်ပါစောင့်ရှောက်ပေးနေသူက ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်ဆွေးနွေးမှု တွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စကို ထည့်သွင်းဆွေးနွေးကြ တာမျိုးတွေ ရှိခဲ့ပေမယ့် တွင်တွင်ကျယ်ကျယ်တော့ အခုအချိန် အထိ ဖြစ်မလာခဲ့ဘူးလို့ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်သူ တွေက ပြောကြပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရလက်ထက်မှာ လည်း မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေကို ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးတာမျိုး မတွေ့ရဘူးလို့ သူတို့က ဆိုပါတယ်။

၂ဝ၁၅ က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ကို တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီး နိုင်ငံ ရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေများ ထည့်သွင်းစဉ်းစားပြီး မှသာ မြေမြှုပ်မိုင်းအရေးကို စဉ်းစားနိုင်မယ်လို့ မြန်မာနိုင်ငံကိုယ် စားလှယ်ဖြစ်သူက တင်ပြခဲ့ကြောင်း ICBL မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပဋိပက္ခတွေအတွင်း လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှာ မြေမြှုပ်မိုင်းအသုံးပြုနေမှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့သူ တွေထဲမှာ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

ICBL က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံမြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အစီရင်ခံစာ ၂ဝ၁၁ မှာဆိုရင် ” မိုင်းအသုံးပြုမှု ကို ရပ်တန့်ပစ်ရန်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအား တစ်ဖက်ဆန့်ကျင်ဘက်အဖွဲ့အစည်းက စလုပ်သည်ကို မစောင့် ဆိုင်းဘဲ ယင်းတို့၏ စစ်ဆင်ရေးအားလုံးတွင် မြေမြှုပ်မိုင်း အသုံး ပြုခြင်းအား စတင်ရပ်ဆိုင်းရန်”ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအနိုင်ရပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ ယနေ့အထိ မြန်မာနိုင်ငံ ဟာ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးပိတ် ပင်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းတော့ မရှိ သေးပါဘူး။

အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးဖို့ လိုတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု လေ့လာရေးသုတေသီဖြစ်သူ ယက်စ်ဟူဟွာမိုဆွာ-ပူအန်စူဝမ်က အကြံပြုပါတယ်။

ဒီစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တယ်ဆိုရင် မိုင်းထုတ် လုပ်မှုတွေ၊ ဖြန့်ဖြူးမှုတွေနဲ့ အသုံးချမှုအပိုင်းတွေပါ ရပ်တန့်သွား မှာဖြစ်ပြီး နိုင်ငံတကာမိုင်းရှင်းလင်းရေးအဖွဲ့အစည်းတွေအနေ နဲ့ လည်း အစိုးရကို ပိုမို အကူအညီပေးနိုင်တာတွေ ဖြစ်ပေါ်လာမယ် လို့ သူက ဆိုပါတယ်။

လူသားချင်းစာနာတဲ့ စိတ်ဓာတ်ကို အခြေခံလို့ မြေမြှုပ် မိုင်း အသုံးပြုနေမှုတွေနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စတွေကို တာဝန်ရှိသူတွေဟာ တားဆီး၊ ပိတ်ပင် ရှင်းလင်းမှုတွေ မလုပ်ဘူး ဆိုရင် ဒီလုပ်ရပ်တွေဟာ ရာဇဝတ်မှုမြောက်တယ်လို့လည်း  သူ က ပြောပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံတကာမိုင်းရှင်းလင်းရေးအဖွဲ့ အစည်းတွေဟာ အစိုးရနဲ့ သဘောတူညီမှုစာချုပ်တွေ ရေးထိုးပြီး မြေမြှုပ်မိုင်း ရှင်းလင်းဖို့ ကြိုးပမ်းနေပေမယ့် ဒီနေ့အထိတော့ ရှင်းလင်းခွင့် မရရှိကြသေးပါဘူး။

 

ငြိမ်းချမ်းရေးနဲ့ မိုင်းရှင်းလင်းရေး

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အဆိုအရ မြေမြှုပ်မိုင်းရှင်း လင်းရေးဟာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေ တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရရှိမှပဲ ဒီကိစ္စကို ဆက်လက်အကောင်အထည်ဖော် နိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

လတ်တလောမှာ အစိုးရက နိုင်ငံတကာ မိုင်းရှင်းလင်းရေး အဖွဲ့အစည်းတွေကို ခွင့်ပြုထားတာဟာ မြေကြီးထဲမှာ မြှုပ်ထား ကြတဲ့ မိုင်းတွေကို ရှာဖွေရှင်းလင်းဖို့ မဟုတ်ဘဲ ပဋိပက္ခဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေအတွက် မိုင်းအန္တာယ် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့်အတွက်သာ ဖြစ်တယ်လို့ ဒီအဖွဲ့ အစည်းတွေက ဆိုပါတယ်။

”ကျွန်မတို့ သွားလာနေတဲ့ တစ်လျှောက်မှာတော့ မိုင်းထိ ခိုက်မှုတွေဟာ ကြားနေရဆဲပါပဲ။ မြိုင်ကြီးငူဘက်မှာဆိုရင် စစ်ဘေးရှောင်တွေက ပြန်ချင်တယ်။ မြေမြှုပ်မိုင်းတွေကလည်း ရှိနေ တယ်။ မြေမြှုပ်မိုင်းကို ရှင်းလင်းပေးစေချင်ကြတယ်” လို့ Halo Trust အဖွဲ့ရဲ့ ကရင်ပြည်နယ်ရုံးခွဲက ပြောရေးဆိုခွင့်ရှိသူ နန်းဖော် ဆောင်ခလိန်းကပြောပါတယ်။

Halo Trust အဖွဲ့ဟာ ကမ္ဘာ့သက်တမ်းအရှည်ဆုံးနဲ့ အကြီးဆုံး မြေမြှုပ်မိုင်းရှင်းလင်းရေး အဖွဲ့အစည်းတွေထဲက တစ် ခုဖြစ်ပါတယ်။ မြန်မာအပါအဝင် အာဖရိကတိုက်၊ ဥရောပ၊ ကော့ကေးဆပ်ဒေသ၊ တောင်အာရှနိုင်ငံတွေ၊ ဗဟိုအာရှနိုင်ငံ တွေ၊ တောင်အမေရိကနဲ့ အရှေ့ အလယ်ပိုင်းဒေသတွေမှာ ရုံးခွဲ တွေဖွင့်ပြီး မြေမြှုပ်မိုင်းရှင်းလင်း ရေးအကူအညီပေးနေတဲ့ နိုင်ငံ တကာအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကျေးရွာတွေ၊ စာသင်ကျောင်းတွေမှာ မိုင်း အမှတ်အသားဆိုင်ရာ အသိပညာပေးတာတွေ၊ မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့ အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်ပုံတွေအကြောင်း ရွာသားတွေကို သင်တန်းပေးတဲ့အလုပ်ကို လုပ်ကြပါတယ်။

သူတို့အဖွဲ့ဟာ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တွေမှာ မိုင်းအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ရင်း မြေ မြှုပ်မိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို သုတေသနပြု လုပ်နေတာပါ။

လက်ရှိမှာ မိုင်းရှင်းလင်းရေးတွေ မလုပ်သေးပေမယ့် ငြိမ်း ချမ်းရေး ရသွားတဲ့အခါ မိုင်းရှင်းလင်းရေး လုပ်တော့မယ်ဆိုရင် အထောက်အကူဖြစ်စေဖို့ ဘယ်ဒေသ၊ ဘယ်နေရာတွေမှာ မိုင်း အများဆုံးရှိနေမလဲဆိုတဲ့ အချက်အလက်တွေကို အခုကတည်း က စတင်ကောက်ယူနေတယ်လို့ နန်းဖော်ဆောင်ခလိန်းက ဆိုပါတယ်။

ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်ကတော့ အစိုးရခွင့်ပြုပေး ထားတဲ့ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေဟာ လူ တချို့ရဲ့ အသက်ကို ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေမြှုပ်မိုင်းကို အသုံးမပြုဖို့ တားမြစ်နိုင်တာဟာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

”ကြိုတင်ကာကွယ်ခြင်းလုပ်တာထက် မိုင်းမထောင်တော့ အောင်လုပ်တာ ပိုကောင်းတယ်။ မိုင်းပညာပေးတာထက် မိုင်းကို ရှာပြီး ဖျက်ဆီးပစ်နိုင်တာက ပိုပြီးထိရောက်မှုရှိတယ်”လို့ သူက ပြောပါတယ်။

 

တပ်မျိုးစုံ မိုင်းမျိုးစုံ

မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ မြေမြှုပ်မိုင်းတွေကို အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ သဘောမှာရှိတယ်လို့ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ဆိုပါတယ်။

အစိုးရတပ်မတော်ဟာ မြေမြှုပ်မိုင်းအမျိုးအစားသုံးမျိုး လောက်ကို ထုတ်လုပ်အသုံးပြုနေပြီး အဲဒီအထဲမှာ မိုင်းရှာစက် တွေနဲ့ ရှာဖွေဖို့ခက်တဲ့ ပလတ်စတစ်မိုင်းအမျိုးအစားတွေလည်း ထုတ်လုပ်အသုံးပြုတယ်လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ ကော်ပိုက်၊ ဝါးကျည်တောက်၊ စက္ကူပုံးအပါအဝင် ရသမျှပစ္စည်းတွေကိုသုံးပြီး မြေမြှုပ်မိုင်းတွေကို တီထွင်အသုံးပြုကြတယ်လို့ ဒီသုတေသီက ပြောပြပါတယ်။

စနစ်တကျ ထုတ်လုပ်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးဟာ မြေကြီးထဲမှာ အနည်းဆုံး ရှစ်နှစ်ခွဲလောက် မပျက်မစီးဘဲ ဒုက္ခ ပေးဖို့ တည်ရှိနေနိုင်တယ်လို့ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် ဆိုပါတယ်။

မြန်မာနိုင်ငံက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုအနက် ၉ ခုမှာ မြေမြှုပ်မိုင်းအန ္တရာယ် ကျရောက်နေတယ်လို့  ICBL က ဖော်ပြထားပါတယ်။

”အခုလည်း တစ်နှစ်တော့ ထပ်ပြီးကုန်သွားပြန်ပြီ။ (အစိုးရ အနေနဲ့) မြေမြှုပ်မိုင်းတွေကို ရှာလည်း မရှာဘူး၊ တားလည်း မတားဘူး၊ ပစ်ထားတယ်။ ဒါတွေဟာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း သုတေသီဖြစ်သူ ယက်စ်ဟူ ဟွာ မိုဆာ-ပူအန်စူဝမ် ဆိုပါတယ်။

UNICEF အဖွဲ့ကလည်း မိုင်းအသုံးပြုနေကြတဲ့ လက်နက် ကိုင်အဖွဲ့ အစည်း အသီးသီးအနေနဲ့ ရပ်တန့်ပေးကြဖို့ လိုသလို မြန်မာအစိုးရအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးဖို့ နှိုးဆော်တိုက်တွန်းပါတယ်လို့ ပြီးခဲ့တဲ့ ဒီဇင် ဘာတုန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးအစည်းအဝေးတိုင်းမှာ မြန်မာနိုင်ငံဟာ ကိုယ်စားလှယ်စေလွှတ် တက်ရောက်ခိုင်းတာရှိပေမယ့် လက်မှတ်ရေးထိုးတာမျိုး မရှိဘဲ ကာလတစ်လျှောက်လုံး မဲဆန္ဒမပေးဘဲ ကြားနေနိုင်ငံအဖြစ် ရပ် တည်လာခဲ့တာဟာ နောက်ဆုံးကျင်းပတဲ့ ၂ဝ၁၆ အစည်းအဝေး အထိပဲလို့ ICBL က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်းဒဏ်ကို ကချင်၊ ကရင်နဲ့ ပဲခူးတိုင်း အရှေ့ခြမ်း ဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာ ပိုမိုထိခိုက်ခံစား ကြရတယ် လို့လည်း ICBL က ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ကော့ ပြင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် နော်ရိုဟဲဟာ ပြီးခဲ့တဲ့ ကိုးနှစ်ကျော်ကာလတုန်းက သူတို့ရွာအနီးက တောတွင်း မှာ ဝါးခုတ်ဖို့ အဖော်တွေနဲ့ လိုက်သွားရင်း မြေမြှုပ်မိုင်းကို တက် နင်းမိပြီး သူ့ရဲ့ ညာခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။

ယောကျ်ားဖြစ်သူ ဆုံးပါးသွားတဲ့နောက်ပိုင်း သူနဲ့ သူ့ရဲ့ ကလေးနှစ်ယောက် အသက်ရှင်ရပ်တည်ရေးအတွက် တောထဲ ဝင် ထင်းရှာ၊ ဝါးခုတ် ကြုံရာအလုပ်နဲ့ အသက်မွေးရင်း ဒီဖြစ်ရပ်နဲ့ ကြုံခဲ့ရတာလို့ နော်ရိုဟဲက ပြောပြတယ်။

လူဦးရေ ထောင်ချီနေထိုင်တဲ့ သူတို့ရွာမှာဆိုရင် သူအပါ အဝင် မြေမြှုပ်မိုင်းထိသူ ဦးရေဟာ သူသိသလောက် သုံး လေး ဆယ်လောက် ရှိတယ်လို့ သူက ခန့်မှန်းပြောပြပါတယ်။

စာပေတတ်မြောက်မှုအားနည်းတဲ့ ကျောမွဲလူတန်းစားဖြစ် တဲ့အပြင် မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့ နောက်ပိုင်း မိသားစုစားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရတာ ဟာ ပိုမိုအခက်အခဲဖြစ်ရတယ်လို့ သူက ပြောပြတယ်။

”ဆင်းရဲတဲ့လူတွေပဲ မိုင်းထိကြတာ များပါတယ်။ ချမ်းသာ တဲ့သူတွေက မဖြစ်ပါဘူး။ ဆင်းရဲတော့ တောထဲဝင် ကြက်ယက်၊ ငှက်ယက် ရှာဖွေစားသောက်ရတော့ ထိကြတာပေါ့”လို့ နော်ရိုဟဲက သူတို့ဘဝကို ဖွင့်ဟပြီး အခုလိုလည်း ညည်းညူလိုက် ပါသေးတယ်။

”မိုင်းထိမှာ၊ ခြေပြတ်မှာထက် စားစရာရဖို့က အရေးကြီးတော့ တောထဲကို အခုလည်း ဝင်နေရတုန်းပါပဲ”

 

မဂ္ဂဇင်းကို မှာယူအားပေးနိုင်ပါတယ်…
အသေးစိတ်အချက်အလက်များကို ပေးပို့ပေးပါရစေ..
OFFICE
No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
phone: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."