သီတင်းကျွတ်ကာလကျော်လာတော့ ဆောင်းရနံ့က သွေးချင်လာတယ်။ ဆောင်း ရယ်လို့တော့ ပီပီပြင်ပြင် မဖြစ်သေး။ မနက် စောစော လမ်းလျှောက်ထွက်သူတွေအတွက် ဒီရာသီမှာ ဆောင်းရနံ့ကို ရှူရှိုက်ရစမြဲ။ ပတ် ဝန်းကျင်တစ်ခွင်လုံးက အုံ့မှိုင်းဆိုင်းရီ။ ရပ် ကွက်ထိပ်၊ လမ်းထိပ်တိုင်းမှာ ဘုံကထိန် အတွက် အလှူခံတွေ ပြင်ဆင်ကြတဲ့အချိန် လည်း ဖြစ်တယ်။
ကျွန်တော်တို့ ခပ်ငယ်ငယ်ဘဝတွေမှာ ဒီလိုရာသီရောက် ရင် အမေက တရုတ်တန်းဈေးကနေ ဖလန်ထည်စတွေ ဝယ်ပေး တာ အမှတ်ရမိတယ်။ ဖလန်ထည်စတွေ တော်တော်များများက အနီရောင်နဲ့ အနက်ရောင်စပ်ထားတဲ့ အကွက်တွေ။ အဝါရောင်၊ အပြာရောင်တွေလည်း ဈေးကွက်ထဲမှာ ဝင်နေပေမယ့် အပေ အတေခံ၊ အလျှော်အဖွပ်ခံတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အမေက ကျွန်တော်တို့ညီအစ်ကိုတွေအတွက် အနီရောင်နဲ့ အနက်ရောင် များများပါတဲ့ ဖလန်ထည်စတွေကိုသာ ဝယ်ပေးလေ့ရှိတယ်။ တစ်ခါတလေ ဈေးထဲက သက္ကလပ်အစတွေ ဝယ်လာပြီး စက်ချုပ် ဆိုင်မှာ ဂျာကင်အင်္ကျီချုပ်ဝတ်ရတဲ့ ဆောင်းတွင်းတွေလည်း ရှိ တာပေါ့။ ဖျာပုံထည်လို့ခေါ်တဲ့ လေဘေးထည်တွေ ပေါပေါလော လော ဝယ်ဝတ်ကြတာလည်း ရှိတယ်။ ကျွန်တော် ရှစ်တန်းနှစ်မှာ ဝယ်တဲ့ ကုတ်အင်္ကျီတစ်ထည် အစိတ် (၂၅ ကျပ်) ပေးခဲ့ရတာ မှတ်မိတယ်။ ဈေးပေါတယ်ဆိုသည့်တိုင် ဗုံးပေါလအော ဝယ်ခွင့် တော့ မရဘူး။ အနွေးထည်အင်္ကျီဆိုတာ ဆယ့်လေးငါးနှစ်ဝတ်မှ တန်တယ်လို့ တွက်ခဲ့တာကိုး။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ လည်း ဆောင်းတွင်းပြဇာတ်နဲ့ ဟေမန္တအော်ပရာတွေ ရှိခဲ့တယ်။ ဗိုလ်ချုပ်တို့ ဘိလပ်ကို သွားမယ်ဆိုတော့ အိန္ဒိယပြည်မှာ လေယာဉ် က တစ်ထောက်နားတယ်။ နေရူးနဲ့တွေ့တော့ ဗိုလ်ချုပ်ကို အနွေး ထည်ပါသလား မေးတယ်။ ဗိုလ်ချုပ်က မပါကြောင်းပြန်ဖြေတော့ လန်ဒန်ဆောင်းကို ဖြတ်သန်းခဲ့ဖူးတဲ့ အိန္ဒိယသားကြီးက ဗိုလ်ချုပ် အတွက် လောင်းကုတ်ကြီးတစ်ထည် လက်ဆောင်ပေးလွှတ် လိုက်ရသတဲ့။ အင်္ဂလန်က ပြန်လာပြီး တိုင်းပြည်လွတ်လပ်ရေး အတွက် အားကြိုးမာန်တက်လုပ်ဆောင်နေချိန် ရန်ကုန်မြို့တွင်း ဆောင်းမနက်ခင်းတစ်ခုမှာ အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ ကားတစ်စီးနဲ့ ထွက်လာခဲ့ကြတယ်။ လမ်းဘေးအကြော်ဆိုင်မှာ အနွေးထည်မဝတ်ဘဲ အကြော်ကြော်ရောင်းနေတဲ့သူနဲ့ တွေ့ကြ တယ်။ ဗိုလ်ချုပ်က ကားကို လာလမ်းပြန်ကွေ့ခိုင်းပြီး အကြော် ဆိုင်ရှေ့ ကားရပ်ခိုင်းတယ်။ ကားပေါ်ကနေ ဗိုလ်ချုပ်က ကမူးရှူး ထိုးဆင်းသွားတယ်။ ဗိုလ်ချုပ်က အကြော်သည်ကို မေးခွန်း ထုတ်တယ်။
”ခင်ဗျား အနွေးထည် မရှိဘူးလားဗျ”
အကြော်ဆိုင်ရှင်က ကြောက်ကြောက်ရွံ့ ရွံ့နဲ့ ဟုတ်၊ မရှိပါ ဘူးဗျလို့ အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေတယ်။
”မရှိရင် ဒါဝတ်ထားလိုက်ဗျာ”ဆိုပြီး ဝတ်ထားတဲ့ အနွေး ထည် ချွတ်ပေးခဲ့သတဲ့။ ခင်ဗျားအနွေးထည်မရှိတာ ကျုပ်နဲ့ ဆိုင် တယ်တဲ့။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက အဲဒီလို လှပခဲ့ဖူးတယ်။ ကျက်သရေရှိခဲ့ဖူးတယ်။
ဆောင်းနံနက်ခင်းတွေက ကျက်သရေရှိတာ အမှန်ပဲ။ ဆောင်းနှင်းပွင့်ဖွေးဖွေးအောက်မှာ ချစ်သူလက်ကို ဖွဖွဆုပ်လို့ လမ်းလျှောက်ထွက်ဖူးပါသလား။ ကျေးငှက်သာရကာတွေရဲ့ အသံနဲ့အတူ နိုးထဖူးပါသလား။ အငွေ့တထောင်းထောင်းထနေ တဲ့ ကောက်ညှင်းပေါင်းကို ဆီရွှဲရွှဲဆမ်းပြီး အကြော်ပူပူနဲ့ စားဖူးပါ ရဲ့လား။ ဆောင်းမနက်ခင်းတွေမှာ တီရှပ်အင်္ကျီ၊ အားကစား ဘောင်းဘီတို ဝတ်ပြီး ကင်းဗတ်ရှူးစီး၊ သူငယ်ချင်းတွေနဲ့ အပြေး လေ့ကျင့်ဖူးသလား။ ကျွန်တော် အဲဒါတွေအားလုံး လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်က လုပ်ခဲ့ပြီးပါပြီ။
ဂုန်နီအိတ်အဟောင်း ဖြန့်ခင်းထားတဲ့ မီးဖိုဘေးမှာ ထန်း ပင်မြစ်တွေ ဖုတ်စားခဲ့ဖူးတယ်။ ခဲနေတဲ့ အုန်းဆီပုလင်းကို အရည် ပျော်အောင် ပြာပူပူမှာ ထိုးခဲ့ဖူးတယ်။ ကျွန်တော်တို့အိမ်က မီးဖို က သောက်ရေအိုးအဟောင်းကို ဖင်ဖောက်ထားပြီး သဲတွေ ထည့်ထားတာပါ။ အဘွားက ချမ်းတဲ့အခါ မီးလှုံတယ်။ အဘွား မြေး ကျွန်တော်တို့ညီအစ်ကိုတစ်တွေကလည်း ချမ်းလို့ မီးလှုံရတဲ့ အရသာကို ကြိုက်တယ်။ ဆောင်းတွင်းညတွေမှာ မီးပုံဘေး စုဝေး တိုးဝှေ့ထိုင်ကြပြီး အဘွားပုံပြင်တွေ နားထောင်ခဲ့ရတာလည်း အမှတ်တရပါပဲ။ ဆောင်းတွင်းက ထန်းပင်မြစ်တွေ လှိုင်လှိုင်ပေါ တဲ့ ရာသီ။ ထန်းပင်မြစ် မီးဖုတ်ပြီး စားခဲ့ရတာလည်း နတ်သုဒ္ဓါ တမျှပါပဲ။ ထန်းပင်မြစ်တွေ ကျက်လို့ စားပြီးရင် ထန်းပင်မြစ်အူ တိုင်နဲ့ အရုပ်တွေ ရက်ကြတယ်။ အများဆုံးရက်ဖြစ်တဲ့ အရုပ်က သမင်ရုပ်လေးတွေ။
ငယ်ဘဝဆောင်းတွင်းကာလတွေ အပြေးလေ့ကျင့်တဲ့ အကြောင်းတွေ ပြောပြချင်ပါသေးတယ်။ ကျွန်တော်တို့ခေတ်မှာ အခုခေတ်လို အားကစားဂျာစီတွေက ပေါပေါများများ ရှိသေး တာ မဟုတ်ဘူး။ တကယ် မြို့နယ်အဆင့်၊ ကျောင်းအဆင့် ကစား သမားတွေဆီမှာပါ တစ်ထည်စ၊ နှစ်ထည်စ ဂျာစီတွေက ရှိကြ တာ။ မနက်စောစော အပြေးကျင့်သူအများစုက မြင်းခေါင်းစွပ် ကျယ်လက်စကတွေနဲ့။ ကျွန်တော်လည်း ဒီပုတ်ထဲက ဒီပဲဆိုတော့ မြင်းခေါင်းလက်စက စွပ်ကျယ်နဲ့ပဲပေါ့။ အားကစားဘောင်းဘီက တော့ ဝယ်ဝတ်ကြတယ်။ အပြေးလေ့ကျင့်တဲ့အခါ ဟုတ်တာ၊ မဟုတ်တာ အပထား၊ ကင်းဗတ်ရှူးလေးကလည်း စီးချင်သေး တာကလား။
တကယ်တော့ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဘာခြေ နင်းမှ မပါဘဲ ခြေဗလာနဲ့ ပြေးကြသူတွေ ဒုနဲ့ ဒေး။ ကျွန်တော်က သာ ခြေနင်းစီးပြီးမှ ပြေးချင်တယ် ဖြစ်နေတာ။ ထုံးစံအတိုင်း ခြေနင်းဝယ်ပေးဖို့ အမေ့ကို ပူဆာရတာပေါ့။
အမေက သူ့ဦးလေး၊ ကျွန်တော့်အဘကို ခြေနင်းဝယ်ဖို့ လိုက်ပို့ခိုင်းတယ်။ တကယ်တော့ ခြေနင်းဆိုပေမယ့် အခုခေတ်လို တံဆိပ်တွေ များများစားစားလည်း ရှိလှတာတော့ မဟုတ်ဘူး။ တရုတ်ပြည်ဖြစ် ကင်းဗတ်ရှူးအဖြူရောင် ခြေနင်းတစ်ရန်မျှသာ ပါ။ အဘက သူ့ဟမ်းဘားစက်ဘီးရှေ့ ကျွန်တော့်ကို တင်နင်းပြီး ခြေနင်းရောင်းတဲ့ ဈေးချိုကို တင်ခေါ်သွားတယ်။ ခြေနင်းရောင်း တဲ့ ဖိနပ်ဆိုင်မှာ ခြေနင်းတွေက အရွယ်စုံ၊ ဒီဇိုင်းစုံ။ မြေးအဘိုးနှစ် ယောက် စိတ်တိုင်းကျလောက်အောင် ရွေးချယ်ပြီးမှ ခြေနင်းတစ် ရန် ဝယ်ခြင်းအမှုက ပြီးဆုံးသွားတယ်။ ခြေနင်းဝယ်ပြီးရုံနဲ့ မပြီး သေးဘူး။ ဖိနပ်မပေါက်အောင် ခြေနင်းဆိုင်က အပြန်မှာ ခြေ အိတ်ဝယ်ကြရသေးတယ်။
ခြေဗလာနဲ့ မနက်စောစော ထပြေးကြသူတွေထဲမှာ ခြေ နင်းတစ်ရန်ပိုင်ဆိုင်ခွင့်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းသလဲ ဆိုတာ အထူးပြောဖို့ မလိုတော့ပါ။ မနက်စောစော အိပ်ရာထ၊ မျက်နှာသစ်ပြီးတာနဲ့ ခြေနင်းအသစ်စီးပြီး မြောက်ကြွားကြွားဖြစ် နေတဲ့ ကျွန်တော့်ရုပ်ရည်က သူငယ်ချင်းတွေကြားမှာ အမြင် ကတ်စရာကောင်းခဲ့မှာပဲ။ ဒါကလည်း အခုလို ထိုက်သင့်တဲ့ အတွေ့အကြုံ မဆိုစလောက်လေးရလာမှ တွေးမိတာပါ။ ဆောင်း နှင်းမှုန်တွေကြား ပြေးရင်းလွှားရင်း ပါးစပ်ထဲကနေ အငွေ့တထောင်း ထောင်းထအောင် မှုတ်ထုတ်ခဲ့ရတာလည်း အမှတ်ရစရာပါပဲ။
အညာဆောင်းတွေက သဘင်ပွဲတော်တွေနဲ့ တိုက်ဆိုင် လွန်းလှတယ်။ တန်ခိုးကြီးဘုရားပွဲတော်တွေမှာလည်း အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေ ပါတာပဲ။ ဝင်းထဲ၊ လမ်းထဲက ဓမ္မာရုံဘုရားပွဲတွေက လည်း အနည်းဆုံး ထိုင်ဝိုင်း (သီဆိုတီးမှုတ်သူတွေအားလုံး ထိုင် ဆို၊ ထိုင်တီးကြတဲ့ မြန်မာမှုတီးဝိုင်း) လေးတော့ ပါကြစမြဲ။ ဒီလို ပွဲလမ်းသဘင်တွေနဲ့ပဲ အိမ်တော်ရာဘုရားဈေးကို နားယဉ်ခဲ့ကြ ရတယ်။ ထိုသုံးပါးကို နှစ်ခြိုက်ခဲ့ရတယ်။
ဖိတ်ခေါ်သံ၊ အောင်ပင်လယ်၊ ပြည်တော်ဝင်၊ ဖြူစင်စိတ်ရင်း၊ လက်ရည် တစ်ပြင်တည်း စတဲ့ တေးသီချင်းတွေကို စွဲလမ်း ခဲ့ရတော့တာပါပဲ။ ရပ်ကွက်အနီးအနားဝန်းကျင် က ဘုရားပွဲမှန်သမျှ ကျွန်တော်တို့ ရောက်ခဲ့ကြတယ်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေ နတ်ကရာကြည့်မော ငေးမောခဲ့ကြတယ်။ မိတ်ဆွေ တွေရဲ့ ဘုရားပွဲတွေမှာ ဝမ်းဝရုံမက ချိုင့်ကြီး၊ ချိုင့်ငယ်တွေနဲ့ အိမ် ကို ပါဆယ်သယ်ခဲ့ကြတယ်။ ကျွန်တော်တို့ ဘုရားပွဲရောက်တဲ့အခါ လည်း မိတ်ဆွေတွေကို မမေ့မလျော့ ဖိတ်မန္တကလုပ်ပြီး ဧည့်ဝတ် ကျေအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။
မေတ္တာတွေ ကူးလူးဆက်ဆံခဲ့ကြပုံတွေက လွမ်းစရာ ကောင်းသေးတော့။ အခုတော့ ဘုရားပွဲတွေမှာ ဧည့်ခံတဲ့ဓလေ့ လည်း နည်းလာကြပြီ။ ခေတ်ကလည်း အိမ်ရှိလူကုန် အလုပ်နဲ့ လက် မပြတ်အောင် လုပ်နေမှ ဝမ်းဝတဲ့ခေတ်ပေကိုး။
ဆောင်းကာလတွေမှာ အေးလွန်းတော့ အသားပပ်တဲ့ ဒဏ်လည်း ခံကြရတယ်။ စက်မှု ၁ ထုတ် အလှဆီက ကျွန်တော် တို့မျိုးဆက်အတွက် တစ်ခုတည်းသော အသားပပ်ကာကွယ်ဆေး ရည်။ ကုန်တိုက်တို့၊ သမဝါယမတို့မှာ ခွဲတမ်းနဲ့ ရောင်းချပေးတယ်။ ပုလင်းက လစ်ပိုပုလင်းအရွယ်လောက် ရှိမှာပေါ့။ ဆောင်းတွင်းဆို အလှဆီမရောင်းဘူး။ နွေရာသီရောက်မှ အလှဆီက ရောင်းတာ။ နွေရာသီမှာ အသားပပ်လေ့ မရှိပေမယ့် ဆောင်းတွင်းရောက်ရင် လိမ်းရချေသေးရဲ့ဆိုပြီး ရောင်းပေးတုန်းလေး ဝယ်ထားခဲ့ကြရ တယ်။ ဒီအတိုင်းလိမ်းရင် အဆင်မပြေလို့ ရေနဲ့စပ်ပြီး လိမ်းခဲ့ကြ ရတယ်။ မိန်းကလေးတွေက မီလပ်စ်စနိုးတို့၊ မိုးပွင့်စနိုးတို့ သနပ် ခါးအောက်ခံဖောင်ဒေးရှင်းအဖြစ် လိမ်းခဲ့ကြတယ်။ စနိုးတစ် ခေတ် ထူထောင်ခဲ့တဲ့ ကာလတွေလေ။ အခုခေတ်မှာတော့ လိုး ရှင်းတွေက ပေါမှ ပေါ။ လမ်းထိပ်က ကုန်စုံဆိုင်မှာတင် လွယ်လင့် တကူ ဝယ်လို့ရနေပြီ။
ဆောင်းကာလကိုလည်း တေးရေးဆရာတွေက မမေ့ မလျော့ ရေးဖွဲ့ ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဦးလေးတွေ၊ အစ်ကို တွေက ဒီသီချင်းကို ဆောင်းရာသီမှာ ညည်းလေ့ရှိတယ်။
ဆောင်းဆိုသည်က xxx အေးမြခြင်းကို သရုပ်ဆောင်တယ် xxx ငွေနှင်းဖြူက xxx သန့်စင်တယ်လို့ အဓိပ္ပာယ်ကို ယူမယ်။ ချစ်သူကကွယ် xxx ဆောင်းနှယ်အေး၍ xxx နှင်းလိုဖြူတယ်xxx ဆောင်းရယ်xxxနှင်းရယ်xxxကိုယ့်ချစ်သူရယ်xxxအတူတူပါပဲ ကွယ်xxx
ကျွန်တော်တို့က ထူး အိမ်သင်မျိုးဆက်တွေလေ။ လွမ်းသူ့အိပ်မက်သီချင်းက ကျွန်တော်တို့ ငယ်ဘဝ ဆောင်းကာလရဲ့
ပါးစပ်ဖျား အလိုလို ရောက်လာတဲ့ သီချင်း။
ပန်းပွင့်တွေ လှမ်းလင့်ခြေသံလား xxx ပြတင်းတံခါးမှာ နှင်းများလာရိုက်ခတ် xxx လရိပ်မှာ ညအိပ်ရာဝင်စဉ် xxxအိုး… တစ်ဆောင်းသစ်ပြန်ပြီ xxx အသည်းထဲမှာ စွဲမြဲစွာလောင်ကျွမ်း xxx အနမ်းတစ်ခုဟာ xxx လွမ်းသူ့အိပ်မက်ပေါ့ xxxနှုတ်မဆက် ခင် xxx ရုတ်တရက်ပင်ထွက်သွား xxx အိုး…တစ်ဆောင်းသစ်ပြန် ပြီxxx
ဆောင်းကာလဝတ်စုံတွေထဲမှာ ကျွန်တော်အမှတ်ရမိတဲ့ ဝတ်စုံတစ်စုံရှိတယ်။ ဖရီးဂျက် ကက်ဆိုတဲ့ စစ်စိမ်းရောင်ဂျက်ကက်ကြီးတွေ။ ကျွန်တော်တို့ ဦးလေးတွေ၊ အစ်ကိုတွေ ဆောင်းရာသီမှာ တခုတ်တရဝတ်ရတဲ့ အကောင်းဆုံး အနွေးထည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ကြေးရတတ်တွေ၊ လူကုံထံတွေရဲ့ ဂုဏ်ရည်ပြပစ္စည်းအဖြစ် ကာလအတန်ကြာ မင်းမူခဲ့တဲ့ အနွေးထည်အင်္ကျီ။ ချုပ်ပုံချုပ်နည်း အင်္ကျီဒီဇိုင်းက အခုအချိန်ထိလည်း ခေတ်မီနေဆဲ။ နေတိုးရဲ့ ဆာ ဖာရီကုတ်အင်္ကျီတွေက ဖရီးဂျက်ကက်က ဆင်းသက်လာခဲ့တာ တွေလေ။ အိတ်ထောင်ယူပုံ၊ ချုပ်ရိုးချုပ်သား၊ ဇစ်နဲ့ ကြယ်သီး တပ်ဆင်မှုတွေအားလုံး ဖရီးဂျက်ကက်ပုံစံပဲ။ ကျွန်တော့်သူငယ် ချင်းတစ်ယောက်က ဖရီးဂျက်ကက်ခရေစီ။ ကျွန်တော်တို့ လူငယ် ဘဝမှာ ဖရီးဂျက်ကက်ဝတ်သူ သိပ်မရှိတော့ပေမယ့် သူက တော့ ဆောင်းကာလရောက်တိုင်း ဖရီးဂျက်ကက် ထုတ်ဝတ် လေ့ရှိသူ။ တကယ်တော့ ဖရီးဂျက်ကက်ဝတ်တဲ့ သူငယ်ချင်းက မြို့လယ် ကောင် ဒေါင်းတောင်းမှာ နေတဲ့သူ။ နယ်က ကျောင်းလာတက်တဲ့ သူငယ်ချင်းကတောင် သူ့ကို ဖရီးဂျက်ကက် ခုံခုံမင်မင် ဝတ်လွန်း လို့ သြချရတဲ့သူ။ ဒါပေမဲ့ သူက အခုထိ ဆောင်းတွင်းရောက်တိုင်း ဖရီးဂျက်ကက်ကြီး ထုတ်ဝတ်တုန်း။ ချစ်သူကိုယ်တိုင် မေတ္တာ ဓာတ်တွေနဲ့ ရက်လုပ်ထားတဲ့ လက်ထိုးဆွယ်တာတွေကလည်း ကျွန်တော်တို့ခေတ်က လူငယ်ထုကြားမှာ ရေပန်းစားလှတယ်။ ကျွန်တော့်ဆီမှာ ဝတ်စကုတ်တစ်ထည်နဲ့ လက်ရှည်ခေါင်းစွပ် တစ်ထည် ရှိတယ်။ ချစ်သူက ပေးထားတယ်လို့ မထင်ကြပါနဲ့။ ပြင်ဦးလွင်ရောက်တုန်းက အမှတ်တရဝယ်ထားတဲ့ အနွေးထည် များသာ ဖြစ်ကြပါတယ်။
၉ဝ ပြည့်လွန်နှစ်တွေမှာ ဈေးကွက်စီးပွား ရေးတွင်တွင် အော်လာတာနဲ့အမျှ အနွေးထည် တွေယိုးဒယားဘက်က ဝင်လာ ကြပြီလေ။ JOYဆိုတဲ့ အမှတ်တံဆိပ် ဂျင်းဂျက်ကက်က လူငယ် တွေကြား ရေပန်းစားခဲ့တဲ့နှစ်တွေပေါ့။ ခေတ်မီသူတိုင်း ကျား၊ မ မရွေး JOY ဝတ်ကြသည်ဆိုတဲ့ ကာလတွေ ဖြစ်တယ်။ နောက် ပိုင်းကာလတွေမှာ ရော့ခ်ဂီတ ခေတ်စားလာတော့ လယ်သာဂျာ ကင်တွေ ဝတ်ခဲ့ကြသူတွေလည်း ရှိလာတယ်။ အခု ခေတ်မှာတော့ ဆန္ဒရှိရင် အမှတ်တံဆိပ်ကောင်းကောင်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ဂျာကင်တွေ၊ ဂျက်ကက်တွေ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူခွင့် ရှိနေပါပြီ။ ကျွန်တော်ကိုယ်တိုင်ကတော့ အရင်လို သိပ်သိပ်သည်း သည်း မအေးတော့တဲ့ ဆောင်းအတွက် အနွေးထည်ထူထူထဲထဲ ကြီးတွေ မလိုချင်တော့ဘူး။ ပေါ့ပေါ့ပါးပါး လိုက်ဂျက်ကက် (Light Jacket) လေးဖြစ်ဖြစ်၊ ဂျာကင် အပါးလေးတွေပဲဖြစ်ဖြစ် ဝတ်ဖြစ်တော့တယ်။ ရာသီဥတု သိပ်ပြီး မအေးတာလည်း မပြော နဲ့၊ အိုဇုန်းလွှာကြီးက ပေါက်နေပြီတဲ့။ ပညာရှင်တွေကတော့ အဲဒီ လို ပြောကြတာပါပဲ။ ဟုတ်မှာပါလေ၊ ကျွန်တော်တို့အိမ်က အုန်း ဆီပုလင်း ဆောင်းတွင်းကာလတွေမှာ သိပ်မခဲတာ ဆယ်စုနှစ်နဲ့ ချီပြီးကြာခဲ့ပြီပဲ။ (အပူချိန်တိုင်းကိရိယာ သာမိုမီတာနဲ့ စနစ်တကျ မှတ်တမ်းတင်ထားတာ မဟုတ်ဘဲ အုန်းဆီပုလင်းကိုသာ အား ကိုးထားလို့ ကျွန်တော့်အထင်လွဲကောင်းလွဲနိုင်ပါတယ်။) ရာသီ ဥတုက တကယ်အေးစေဦးတော့၊ ကျွန်တော်တို့ရင်ထဲက (နိစ္စဓူဝ ကြုံနေရတဲ့ စားဝတ်နေရေးအပူ)ကြောင့် ထင်သလောက် မအေး တော့ဘူးလို့ ထင်လာတာလည်း ဖြစ်နိုင်တယ်။ နည်းနည်းပါးပါး အရွယ်လေးကလည်း ထောက်လာတော့ သောက၊ လောဘ၊ မောဟ၊ ဒေါသအပူတွေလည်း ပါမှာပေါ့။
အခုခေတ် ဆောင်းတွင်းတွေမှာတော့ တောင်တက်ဘီး တွေ အုပ်စုလိုက်စီးနေကြသူတွေ အတွေ့များလာတယ်။ ဘာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ မဟုတ် လား။ ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ မောင်တိန် ဘိုက်တွေ စီးကြတယ်။ ကျွန်တော်လည်း တောတက်စက်ဘီးစီးဖို့ ကြံရွယ်ထားတယ်။ စက်ဘီးစီးတယ်ဆိုတာ သက်ရှိပန်းချီကား တွေကို စီးရတာနဲ့ တူတယ်လို့ စက်ဘီးစီးကြသူတွေက ပြောကြ တယ်။ သူတို့က အိမ်ထဲမှာ ပြေးစက်နဲ့ ပြေးတာကို သဘောမကျ ဘူး။ ပြေးစက်သမားတွေက ပတ်ဝန်းကျင်အသစ်အဆန်း မြင်ခွင့် မရဘဲ ရှေ့က နံရံပဲ ကြည့်စရာရှိတယ်တဲ့။ စက်ဘီးသမားတွေက တော့ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပေါ် မူတည်ပြီး နေရာဒေသ အမျိုးမျိုးကို ရွေးချယ်ခွင့်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတွေထဲမှာ လေ့ကျင့်ခန်းအတွက် စက်ဘီးစီးကြသူတွေ ရှိတယ်။ မိတ်ဆွေတို့ လည်း ဆောင်း မနက်ခင်းတွေမှာ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ကြ သူတွေ ဖြစ်စေချင်တယ်။ စက်ဘီးဈေးတွေ အမျိုးမျိုးရှိတဲ့အထဲက ကိုယ်နဲ့ လက်လှမ်းမီတာ ရွေးချယ်ဝယ်ယူကြပေါ့။ အဓိကက မိတ် ဆွေတို့ကို ကျန်းကျန်းမာမာနဲ့ တွေ့ချင်လို့ပါပဲ။ ။
၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ အမေ့ခံ ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။

