Illustration- MAUNG NOE
ဗုဒ္ဓဘာသာဝင်တွေ ကြည်ညိုဦးခိုက်စရာ
ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ရန်ကုန်
မြန်မာနိုင်ငံသားတွေ ဂုဏ်ယူဝံ့ကြွားစရာ
လွတ်လပ်ရေးကျောက်တိုင်ကြီးနဲ့ ရန်ကုန်
ဦးနုလက်ထက် ဆဋ္ဌသိင်္ဂါယနာတင်ခဲ့ရာ
မဟာပါသဏ လိုဏ်ဂူတော်ကြီးနဲ့ ရန်ကုန်
ပညာတတ် ပညာရှင်တွေ မွေးထုတ်ပေးရာ
မြကျွန်းညိုတက္ကသိုလ်ကြီးနဲ့ ရန်ကုန်
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစာဆိုတော်ကြီး
သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်နဲ့ ရန်ကုန်
လွတ်လပ်ရေးဗိသုကာကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ရန်ကုန်
အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း
သမိန်ဗရမ်းလမ်း၊ အဲဒီလို လမ်းတွေနဲ့ ရန်ကုန်
မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ၁၉ လမ်းနဲ့
တရုတ်တန်းလည်း ကောင်းကောင်းရှိတဲ့ ရန်ကုန်
အမျိုးသားအမွေအနှစ် ဖြစ်သွားတဲ့
ကိုလိုနီခေတ် အဆောက်အအုံတွေ များစွာနဲ့ ရန်ကုန်
နေထိုင်သူမဲ့ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းသစ်တွေလည်း
အမြောက်အမြား ကျန်ရှိနေသေးတဲ့ ရန်ကုန်
ခုံးကျော်တံတားတွေ တစ်ခုပြီး တစ်ခု
ဆီးသီးဗန်းမှောက် တည်ဆောက် မှိုလိုပေါက်လို့
ကွန်ကရစ်လမ်းတွေ တိုးချဲ့ဖောက်ခဲ့ပေမယ့်လည်း
ယာဉ်ကြောတွေ ကျပ်တောက်ခဲနေဆဲ ရန်ကုန်
လက်ယာကပ်မောင်းစနစ်ဆိုပေမယ့်
ညာမောင်း ဂျပန်ဒိုမက်စတစ်ကားတွေနဲ့ ရန်ကုန်
၂၆ မြို့နယ်မှာ ၂၄ မြို့နယ်ထဲ ဆိုင်ကယ်မစီးရဆိုပေမယ့်
လိုင်စင်မဲ့ဆိုင်ကယ်တွေ ဗရပွနဲ့ ရန်ကုန်
ဇိမ်ခံဟိုတယ်ကြီးတွေနဲ့၊ ဈေးဝယ်စင်တာကြီးတွေနဲ့
တစ်နေ့တခြား ဝဖီးလာနေတဲ့ ရန်ကုန်
စက်မှုဇုန်တွေနဲ့၊ ကျူးကျော်တဲတွေနဲ့၊ မြေယာကိစ္စတွေနဲ့
ပြဿနာတွေ ဖောင်းပွနေတဲ့ ရန်ကုန်
ညပိုင်းအပျော်ကြူးဖို့ နိုက်ကလပ်ရှိသလို
နေ့ပိုင်း ရင်ခုန်မြူးဖို့ ဒေးကလပ်လည်း ရှိတဲ့ ရန်ကုန်
အမေရိကားက ကြက်ကြော်ဆိုင်တွေ ရှိသလို
မြောက်ကိုရီးယားက စားသောက်ဆိုင်လည်း ရှိတဲ့ ရန်ကုန်
ပျော်ရွှင်ကြည်နူး အပန်းဖြေစရာ
အင်းယားကန်ပေါင်ရိုးကြီး တည်ရှိနေတဲ့ ရန်ကုန်
နာကြည်းကြေကွဲ အမှတ်ရစရာ
တံတားနီအရေးအခင်းလည်း ဖြစ်ရှိခဲ့တဲ့ ရန်ကုန်
ကန့်ကွက်/ထောက်ခံ ဆန္ဒပြပွဲတွေနဲ့
ဈေးပွဲတော်တွေ စာပေအနုပညာပွဲတော်တွေနဲ့ ရန်ကုန်
သိမ်ဖြူလမ်း စာအုပ်ဆိုင်တန်းအသစ်နဲ့
ကမ်းနားလမ်း ညဈေးတန်းအသစ်နဲ့ ရန်ကုန်
ဝန်ကြီးချုပ်အသစ်နဲ့၊ မြို့တော်ဝန်အသစ်နဲ့
ယန္တရားအဟောင်းကို ပြုပြင်မောင်းနှင်နေတဲ့ ရန်ကုန်
ပေါ်လစီအသစ်တွေနဲ့၊ စီမံကိန်းအသစ်တွေနဲ့
ရွှေရောင်နေ့သစ်ဆီ လျှောက်လှမ်းနေတဲ့ ရန်ကုန်
ဝိုင်ဘီအက်စ်ဘတ်စ်ကားလိုင်းစနစ်သစ်
ဖြစ်မြောက်ပေါ်ထွန်းလာပြီဖြစ်တဲ့ ရန်ကုန်
ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်
ဖြစ်မြောက်ပေါ်ထွန်းလာဖို့ ကြိုးစားနေတဲ့ ရန်ကုန်
နယ်ပေါင်းစုံက ကုန်ကားကြီးတွေ ဝင်လာပြီး
နယ်ပေါင်းစုံကို ကုန်ကားကြီးတွေ ပြန်ထွက်သွားတဲ့ ရန်ကုန်
နိုင်ငံပေါင်းစုံက ကုန်ချောတွေ ဝင်လာပြီး
နိုင်ငံပေါင်းစုံကို ကုန်ကြမ်းတွေ ပြန်ထွက်သွားတဲ့ ရန်ကုန်
ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေသာမက
ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိန္ဒူဘုရားကျောင်းတွေနဲ့
မွတ်စလင် ဗလီဝတ်ကျောင်းတွေနဲ့
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပေါင်းဆုံစီးမျောနေတဲ့ ရန်ကုန်
တရုတ် စားသောက်ဆိုင်တွေနဲ့ အိန္ဒိယ စားသောက်ဆိုင်တွေနဲ့
ဂျပန်စားသောက်ဆိုင်တွေနဲ့ အီတလီစားသောက်ဆိုင်တွေနဲ့
ယိုးဒယားစားသောက်ဆိုင်တွေနဲ့ ကိုရီးယားစားသောက်ဆိုင်တွေနဲ့
ဘယ်ဆိုင်မှာ ဘယ်စတိုင်လ်နဲ့ စားချင်သလဲ လာခဲ့ ရန်ကုန်
ဒီလို မာလ်တီယဉ်ကျေးမှုတွေ စုဆုံထွန်းကားရာ
မဟာရန်ကုန်မြို့တော်ကြီးဆိုတဲ့ မက်ထရိုပိုလီတန် ရန်ကုန်
ဒါပေမဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းဟာလည်း ရန်ကုန်
လှိုင်သာယာအစွန်အဖျားဟာလည်း ရန်ကုန်
တောသားတွေနဲ့ မြို့သားတွေနဲ့ တောမကျ မြို့မကျတွေနဲ့
နိုင်ငံခြားသား အဖြူ အဝါ အမည်းတွေနဲ့ ရန်ကုန်
ခရိုနီတွေနဲ့ ဘလက်လစ်တွေနဲ့ မီဒီယာသမားတွေနဲ့
စီတီဇင် ဂျာနယ်လစ်တွေနဲ့ ရန်ကုန်
ခိုးဆိုးလုနှိုက် လူမိုက် လူရမ်းကားတွေနဲ့
အနီးကပ် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ရန်ကုန်
လေးလောင်းပြိုင် ငါးလောင်းပြိုင် လူသတ်မှုတွေနဲ့
သိန်းထောင်သောင်းချီ စိတ်ကြွဆေးပြားတွေနဲ့ ရန်ကုန်
နေရာတကာမှာ လက်ဖက်ရည်ဆိုင်တွေနဲ့
ဘီယာဆိုင်တွေနဲ့ ကာရာအိုကေဆိုင်တွေနဲ့ ရန်ကုန်
လမ်းတကာမှာ အရေးပေါ်လူနာတင်ကားတွေရဲ့
ပီးပေါ် ဝင်းအောင် အသံဗလံတွေနဲ့ ဆူညံနေတဲ့ ရန်ကုန်
တိုးတိုးတိတ်တိတ်ရော တိုးတိုးတိတ်တိတ် မဟုတ်တဲ့
အနှိပ်ခန်းတွေရော အကြိတ်ခန်းတွေရောနဲ့ ရန်ကုန်
ဘောလုံးပွဲ လောင်းကစားတွေရော နှစ်လုံး သုံးလုံးတွေရောနဲ့
အကြောလျှော့ချင်ရာ လျှော့လို့ရတဲ့ ရန်ကုန်
‘ရန်ကုန်ကို အလစ်မပေးနဲ့’ဆိုတဲ့ သတိပေးသံနဲ့ ရန်ကုန်
‘ရန်ကုန်ဟာ ပြန်လာမယ်’ဆိုတဲ့ ကြွေးကြော်သံနဲ့ ရန်ကုန်
ရန်ကုန်ဟာ ရန်တွေ ကုန်သွားတာလား
ရန်တွေ ကုံလုံသွားတာလား မကွဲပြားတဲ့ ရန်ကုန်
ဘာပဲဖြစ်ဖြစ် ရန်ကုန်ဟာ
အဟောင်းထဲကနေ အသစ်ဆီကို ခုန်ထွက်လာတဲ့ ရန်ကုန်
ဒါပေမဲ့ အပြောင်းအလဲနဲ့ ဗလောင်းဗလဲတွေကြားမှာ
သောင်းသောင်းသဲသဲ လှုပ်ရှားနေတဲ့ ရန်ကုန်
ရန်ကုန်က ပြောတယ်
သူဟာ စင်ကာပူလို မဖြစ်ချင်ပါဘူးတဲ့
ဘန်ကောက်၊ တိုကျို၊ နယူးယောက်တို့လိုလည်း
သူ လုံးဝ လုံးဝ မဖြစ်ချင်ပါဘူးတဲ့
သူဖြစ်ချင်တာက ရန်ကုန်ဟာ ရန်ကုန်အတိုင်းသာတဲ့
အခုတော့ ရန်ကုန်ဟာ ရန်ကုန် မဖြစ်သေးတဲ့ ရန်ကုန်
ဒါကြောင့် ရန်ကုန်ဟာ ရန်ကုန်ဖြစ်ဖို့ အကြံပုံကာ
မာန်ဟုန်ကို ထန်ကုန်သုတ်လို့ ပြေးနေရဲ့။ ။
(၂၀.၂.၂၀၁၇)
၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။