အေးခဲနေလည်း စစ်ရပ်စဲပေးကြပါ

အေးခဲနေလည်း စစ်ရပ်စဲပေးကြပါ
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Analysis  ဖြစ်ပါသည်။

သန်းစိုးနိုင်  ရေးသည်။

အေးခဲနေလည်း စစ်ရပ်စဲပေးကြပါ

ပြီးခဲ့တဲ့ ဧပြီ ၃ဝ ရက်က တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုမှာ တပ်မတော် ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားတဲ့ သတ်မှတ် ကာလ လေးလ ပြည့်မြောက်ခဲ့ပါတယ်။ ဒီလို စစ်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းကာလအတွင်း NCA လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ ကချင်အဖွဲ့  (KIA)၊ ပလောင်အဖွဲ့ (TNLA)နှင့် ကိုးကန့်အဖွဲ့  (MNDAA) တို့က NCA လက်မှတ် ရေးထိုးနိုင်တဲ့အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ တောင်းဆိုချက်အရ တပ်မတော်က ထာဝရ ငြိမ်းချမ်းရေး ရရှိ စေရန် ဦးတည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခု မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂ဝ၁၉ ဇွန် ၃ဝ ရက်အထိ ထပ်မံ တိုးမြှင့်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မေ ၄ ရက်မှာတော့ တပ်မတော်ရဲ့ ကြေညာချက်နဲ့ ပတ် သက်ပြီး မြောက်ပိုင်း လေးဖွဲ့  KIA ၊ AA ၊ TNLA နဲ့ MNDAA  က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ရဲ့ သဘောထားကတော့ ၂ဝ၁၉ ဧပြီ ၃ဝ ရက်က အစိုးရရဲ့ NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ မူဆယ်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ဆက်လက်ဆောင်ရွက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်း ဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းရေး ရက်တိုးချဲ့ သတ်မှတ်ပေးဖို့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့အနေနဲ့ တောင်းဆိုခဲ့ခြင်းမရှိကြောင်း ရှင်းလင်းတင်ပြထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို စေတနာမှန်မှန်နဲ့ ဆက်လက် ပါဝင် လုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြသွားပါတယ်။

ဒီလို တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ အကြား သဘောထားကွဲလွဲမှု တစ်စုံတစ်ရာ ရှိခဲ့ပေမယ့် တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းကာလ တိုးမြှင့်ပေး ခဲ့ခြင်းအပေါ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ကုလသမဂ်္ဂလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံးနဲ့ မြန်မာနိုင်ငံ တရုတ်သံရုံးတို့က ကြေညာချက်အသီးသီး ထုတ်ပြန်ကြိုဆိုခဲ့ကြပါတယ်။

ဒီလို တိုင်းစစ်ဌာနချုပ်ငါးခုအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ကို ဇွန် ၃ဝ ရက်အထိ ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း တပ်မတော် က ထုတ်ပြန်ကြေညာလိုက်တဲ့ ဧပြီ ၃ဝ ရက်မှာပဲ မူဆယ်မြို့မှာ အစိုးရရဲ့ NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲဟာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ဆက်လက် ဆွေးနွေး အကောင်အထည်ဖော်ရေးအတွက် အလားအလာကောင်းတွေ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ အရင်တုန်းက  တစ်ဖွဲ့လုံးနဲ့မှ ဆွေးနွေးမယ်ဆိုတဲ့ သဘောထားတွေကို စွန့်လွှတ် လိုက်ကြပြီး နှစ်ဖွဲ့ချင်း (Bilateral) ဆက်လက်ဆွေးနွေးသွား ကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ NCA စာချုပ် လက်မှတ် ရေးထိုးရာမှာတော့ မဟာမိတ်လေးဖွဲ့လုံး စုံညီပါဝင်ကြလိမ့်မယ် လို့ ဆိုပါတယ်။ ဒီလို နှစ်ဖွဲ့ချင်း ဆွေးနွေးပွဲတွေကို မေလကုန်မှာ ကျင်းပကြဖို့ သဘောတူခဲ့ကြပေမယ့် ဆွေးနွေးပွဲကျင်းပမယ့် နေရာနဲ့ စပ်လျဉ်းပြီး သဘောတူညီမှု မရနိုင်သေးလို့ ယခုတိုင် မကျင်းပနိုင်သေးပါဘူး။ အထူးသဖြင့် ရက်္ခိုင့်တပ်မတော်က သူ တို့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အထူးစိုးရိမ်နေ ကြပုံရပါတယ်။

ဒီလို စိုးရိမ်နေရတဲ့ အဓိကအကြောင်းကလည်း ရခိုင်ပြည် နယ်(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ဟာ တပ်မတော်ရဲ့ စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းပေးတဲ့ နယ်မြေထဲ မပါဝင်ဘဲ ဒီနေ့၊ ဒီအချိန် အထိ တပ်မတော်နဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု အများဆုံးက လည်း ရက်္ခိုင့်တပ်မတော် (AA) ဖြစ်နေလို့လည်း ဖြစ်နိုင်ပါ တယ်။၂ဝ၁၉ ဇန်နဝါရီ ၄ ရက်ကနေ ဧပြီ ၃ဝ ရက်အတွင်း တပ်မတော်နဲ့ AA တပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး ၁၆ဝ နဲ့ တိုက်ပွဲငယ် ၂ဝဝ ဖြစ်ပွားခဲ့ပါတယ်။ မေလအတွင်း တိုက်ပွဲအရှိန်အနည်းငယ် ကျဆင်းသွားချိန်မှာတောင် တိုက်ပွဲပေါင်း ၅ဝ နီးပါး ဖြစ်ပွားခဲ့ပါ သေးတယ်။ ၂ဝ၁၉ ငါးလအတွင်း ပျမ်းမျှခြင်း တစ်နေ့ကို တိုက်ပွဲ သုံးပွဲအထိ  ဖြစ်ပွားနေတဲ့ အဓိပ္ပာယ်ပါပဲ။ အကျိုးဆက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်ငါးခုအတွင်းမှာတင် စစ်ဘေး ရှောင်ဒုက္ခသည်ပေါင်းလေးသောင်းနီးပါး (၃၈,၁၂၇) အထိ တိုး ပွားမြင့်မားလာခဲ့ပါပြီ။ ဒါ့အပြင် AA ခေါင်းဆောင်တချို့ရဲ့  ဖက် ဒရယ်စနစ်ထက် ပိုမိုမြင့်မားတဲ့  Confederation စနစ်ကို လိုလားတောင်းဆိုနေမှုကြောင့် NRPC (ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့)တို့ရဲ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဟာ အတောမသတ် နိုင်အောင် ရှည်ကြာခက်ခဲသွားနိုင်စရာ ရှိပါတယ်။

ဒီလို NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြရာမှာ အချိန်ယူရမှာ ဖြစ်ပေမယ့် အလားအလာကောင်းတွေ ထွက်ပေါ်လာနေချိန်မှာ NCA လက် မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြားမှာ လည်း သခွတ်ပင်ကမီးတကျည်ကျည် ဖြစ်နေရပြန်ပါတယ်။ ပြဿနာရဲ့ အစက ၂ဝ၁၈ အောက်တိုဘာ ၁၅ ရက်က နေပြည် တော်မှာ ကျင်းပခဲ့တဲ့ NCA လက်မှတ်ထိုးပွဲ သုံးနှစ်မြောက် အခမ်းအနားမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကစခဲ့တာပါ။  ဒီအစည်းအဝေးအတွင်း မိန့်ခွန်းပြောကြားရာမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ “ပြည်ထောင်စုက ခွဲမထွက်ရေး” အာမခံချက် ပေး၊ ကတိကဝတ်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာ RCSS အဖွဲ့အနေနဲ့လည်း NCA ဘောင်ထက် ကျော်လွန်ပြီး နယ်မြေတိုးချဲ့၊ တပ်အင်အားတိုးချဲ့နေတာကို ရပ်ဆိုင်းဖို့ သတိ ပေးလိုက်ပါတယ်။ ဒါကို KNU က တပ်ချုပ်ရဲ့ မိန့်ခွန်းဟာ တစ်ခု တည်းသော တပ်မတော် တည်ရှိရေး သဘောထားနဲ့ ပေါင်းစပ် ကြည့်ရင် ဖက်ဒရယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လွဲချော်တိမ်းစောင်းသွားပြီဖြစ်လို့ နောင်တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေမှာ ပါဝင်မှာ မဟုတ်တော့ဘူးလို့ ကြေညာထွက်ခွာသွားခဲ့ တယ်။KNU ကလည်း သူတို့အပေါ် တစ်ဖက်သတ် စွပ်စွဲထား တာဖြစ်လို့ ပူးတွဲစစ်ရေးကြီးကြပ်မှုလုပ်ငန်းစဉ် (JMC) အစည်း အဝေးတွေ မတက်တော့ဘူးလို့ ဆုံးဖြတ် ထွက်ခွာသွားခဲ့တယ်။NCA-EAOs လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေထဲက အင်အားအရှိန်အဝါ သြဇာအကြီးဆုံး အဖွဲ့နှစ်ဖွဲ့ ထွက်ခွာသွားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်လုံး ရှေ့ဆက်သွားလို့မရအောင် ရပ်တန့်သွားခဲ့ရတယ်။

ဒီလိုအခြေအနေအောက်မှာ ဦးဆောင်မှုမဲ့ပြီး ဝါးအစည်း ပြေသလို ဖြစ်နေတဲ့ NCA-EAOs အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို  ပြန်လည်အသက်သွင်းနိုင်ဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ကြိုးပမ်းခဲ့ပါတယ်။ PPST အဖွဲ့ရဲ့ လုပ် ငန်းစဉ်တွေမှာ ဆက်လက်ပါဝင်ဦးဆောင်ဖို့ KNU အဖွဲ့ကိုPPST က သုံံးကြိမ်သုံးခါတိတိ မေတ္တာရပ်ခံပန်ကြားခဲ့ရပါတယ်။ နောက်ဆုံး မေထဲမှာ ကျင်းပခဲ့တဲ့PPST အစည်းအဝေးကို KNU အဖွဲ့ ပါဝင်တက်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ “ရောက် လျှင် ရောက်ချင်း ဆောက်နှင့် ထွင်း” ဆိုသလို KNU အဖွဲ့က ၎င်းတို့အနေနဲ့ PPST က နုတ်ထွက်ကြောင်းနဲ့ PPST အဖွဲ့ကို ဖျက်သိမ်းရန် လိုအပ်ကြောင်း အဆိုပြုတင်ပြခဲ့ကြပြန်ပါတယ်။ PPST အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် ဦးဆောင်နိုင်စွမ်း မရှိလောက်အောင် ဦးဆောင်မှု ညံ့ဖျင်းကြောင်း စွပ်စွဲပြစ်တင်ခဲ့ကြပါတယ်။ ပိုမိုကျယ်ပြန့်ပြီး ခေါင်းဆောင်မှုကို အားဖြည့်ပေးနိုင်မယ့် ငြိမ်းချမ်းရေးဦးဆောင်မှု အတိုင်ပင်ခံ အစည်းအဝေး (PPCM) ကျင်းပပြီး NCA လက်မှတ်မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သင့်ကြောင်း တင်ပြခဲ့ပြန်ပါတယ်။ KNU အဖွဲ့ရဲ့  PPCM ဖြင့်PPST အား အစားထိုးရေးကို UNFC က လွဲလို့ ကျန်တဲ့ NCA-EAOs အားလုံးက သဘောမတူခဲ့ကြပါ ဘူး။ RCSS ကတော့ အချိန်ယူစဉ်းစားဖို့ အချိန်ခြောက်လပေး ဖို့ တင်ပြခဲ့ပါတယ်။ ကျန်တဲ့ PPST အဖွဲ့ဝင်တွေ အမြင်အရတော့  KNU ပါတီဟာ အင်အားကြီးပါတီတစ်ရပ်အနေဖြင့် ကျန်တဲ့ ပါတီငယ်တွေကို နိုင်ငံရေးဖိအားပေးလေ့ရှိတယ်။ UNFC အဖွဲ့ ပြိုကွဲသွားခဲ့ရတာလည်း ခေါင်းဆောင်မှုနေရာ မရလို့ နုတ်ထွက် ရင်းနဲ့ ဖျက်မြင်းလုပ်ခဲ့တာ ဖြစ်တယ်။ ရှိတဲ့အင်အားနဲ့ PPST ကို ဆက်လက်ထိန်းသိမ်း ခေါင်းဆောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ယေဘုယျခြုံငုံကြည့်ရင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြီးဟာ တန့်ရပ်နေရာကနေ တဖြည်းဖြည်း ရေခဲမှတ်အောက်ကို ကျရောက်ပြီး အေးခဲလာနေပါပြီ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေနဲ့ NCA လမ်းကြောင်းပေါ်ကို ရောက်ဖို့ အတော်ရှည်လျား ကွေ့ကောက်တဲ့ခရီးကို လျှောက်ကြရဦးမှာပါ။ ဒီအချိန်မျိုးမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဗိုလ်မရှိ၊ ဘိတ်မရှိ ဝါးအစည်းပြေနေပြီး ဘယ် သောင်ဘယ်ကမ်းဆိုက်မည်ကို မှန်းဆမရနိုင်သေးပါ။ ဒီအခြေ  အနေအောက်မှာ UPDJC ကို ပြန်အသက်မသွင်းနိုင်သေးသမျှ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး စတုတ္ထညီလာခံ ကျင်းပနိုင်ရန် အကြောင်းမရှိလှပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ရဲ့  ၂ဝ၁၉ အတွင်း ဖက်ဒရယ်အခြေခံမူများ ချမှတ်နိုင်ရေး ရည်မှန်းချက်မှာ လည်း မှုန်ဝါးမှေးမှိန်နေဆဲပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂ဝ၂ဝ ငြိမ်းချမ်းရေးနှစ် စိတ်ကူးသည်လည်း သေနတ်သံများ ကြားတွင် နစ်နေဆဲပင်။ ဇွန် ၃ဝ ရက် နောက်ပိုင်းတွင် ဗုံး၊ အမြောက်သံများ ပြန်လည်ဟိန်းညံလာနိုင်ပါသေးတယ်။ ငြိမ်း ချမ်းရေးတေးသံများ မလွင့်ပျံနိုင်သေးသော်လည်း ပေါက်ကွဲသံ များ ဟိန်းညံမလာအောင် ထိန်းထားနိုင်လျှင်ပင် အေးခဲမှုဒဏ်ကို ခံနိုင်စွမ်း ရှိနေကြပါလိမ့်မယ်။ စစ်ရပ်စဲထားကြပါ။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."