ထက်မြတ်အောင်
နိုဝင်ဘာ-၂၈
မန္တလေးတိုင်းဒေသကြီးက ဘိလပ်မြေစိမံကိန်းတစ်ခုကို ကန့်ကွက်တာကြောင့် ဖမ်းဆီးထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုတစ်ခုပြုလုပ်ရာမှာ ဦးဆောင်သူတစ်ချို့ကို ခွင့်ပြုချက် မတင်တဲ့အတွက် ရဲက ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းကနေ မြို့တော်ခမ်းမရှေ့အထိ လူအင်အား ၆၀ကျော်နဲ့ ယနေ့ နံနက်၉ နာရီက ချီတက် တောင်းဆိုကြရာမှာ ဦးဆောင်သူလေးဦးဖြစ်တဲ့ ကိုဌေးအောင်၊ ကိုကျော်မျိုး ၊ ကိုနောင်နောင်နဲ့ ကိုစိုးဇော်တို့ လေးဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်တာလို့ ကျောက်တံတားမြို့မ၊ ရဲစခန်းမှူးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေရွာက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ ပတ်သက်ပြီး မတရားဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသားတွေပြန်လွှတ်ဖို့၊ ဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းဖို့၊ ရွာသားကိုထွန်းမြင့်ဝင်းသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့နဲ့ ကိုးတန်းကျောင်းသားမောင်တူးဝေယံကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

#mawkun #magazine #chronicle #dailynews

