သွေးလန့်လို့လုပ်ကြံမိတာပါ

သွေးလန့်လို့လုပ်ကြံမိတာပါ

Illustration- MAUNG NOE

NLD အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်ပြည့်မြောက်တဲ့ မတ် ၃ဝ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က နှစ်ပတ်လည်အထိမ်းအမှတ် မိန့်ခွန်းတစ်ရပ် ပြောကြား ခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ နိုင်ငံတာဝန် စတင်ယူချိန်က ‘ပြောင်း လဲချိန်တန်ပြီ’ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရယူခဲ့ကြောင်း၊ အခု တစ်နှစ် ကြာချိန်မှာတော့ ‘ပြည်သူနှင့်အတူ’ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်း လဲလိုကြောင်း၊ အနာဂတ်ကို ပြည်သူနှင့်အတူ ဆက်လက်ပြီး အနာဂတ်ကို လျှောက်လှမ်းလိုကြောင်း တင်ပြသွားပါတယ်။ ဒါ့ အပြင် နိုင်ငံရေးလောကထဲကို စတင်ဝင်လာကတည်းက အကောင်းဆုံးလုပ်ပေးနိုင်ဖို့ ကတိပေးခဲ့ကြောင်း၊ အကောင်းဆုံး ထက် ပိုလိုချင်လို့လည်း မရနိုင်ကြောင်း၊ ဒီလို အကောင်းဆုံးလုပ်ခြင်းက နိုင်ငံအတွက်၊ ပြည်သူအတွက် မလုံလောက်ဘူးဆိုရင် ပို ပြီး လုံလောက်ပြည့်စုံအောင် လုပ်ပေးနိုင်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းတစ်ခုက တာဝန်ယူမယ်ဆိုရင် NLD က နောက်ဆုတ်ပေး ဖို့ အဆင်သင့်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ NLD အစိုးရရဲ့ တစ်နှစ်တာဆောင်ရွက်ချက်တွေကို ပြည်သူလူထုက အားမရလှ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ကိုတော့ လူ ထုက နားလည်လက်ခံသွားပုံရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်ပြည့် မိန့်ခွန်းပြောကြားပြီး နောက် ဆက်တွဲသတင်းစကားအဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ်သတင်း ပို့ခဲ့ပြန်ပါတယ်။ ဒီဖြည့်စွက်သတင်းစကားကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက နောက်ဆက်တွဲအဖြစ် သတင်းထုတ်ပြန် ခဲ့ပါသေးတယ်။

‘ဒီကနေ့မှာတော့ ညီညွတ်သော တိုင်းရင်းသားများ ဖက် ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ငါးဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက် မှတ်ရေးထိုးတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားတဲ့ သတင်းကို အခုပဲ ကြားသိရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံ တော်အစိုးရရဲ့ တစ်နှစ်ပြည့် ဒီကနေ့မှာ ထုတ်ပြန်လာတဲ့ သတင်း ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကောင်းမွန်ဆုံးသော ဆုလက်ဆောင်၊ မင်္ဂလာအရှိဆုံးသော သတင်းကောင်း ဖြစ်ပါ တယ်။ UNFC အဖွဲ့ ဝင်ငါးဖွဲ့က NCA လက်မှတ်ထိုးဖို့ အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက် ရောင်ခြည်တွေ ပိုမိုတောက်ပလာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်း ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့ UNFC အဖွဲ့ဝင် ငါးဖွဲ့ကို လည်း ကျွန်မတို့အစိုးရ၊ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံ ကြည်ပေးတဲ့အတွက် အထူးပဲ ဝမ်းမြောက်ကြောင်း ပြောကြားလို ပါတယ်။ ကျွန်မတို့အစိုးရ အနေနဲ့ နိုင်ငံတော်သာယာဝပြောရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွေမှာ ပြည်သူနဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ ပြည်သူတွေအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ မယ်ဆိုရင် ကျွန်မတို့ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ငြိမ်း ချမ်းရေးကို မလွဲမသွေ မုချရရှိမယ်လို့ အခိုင်အမာ ယုံကြည်ပါ တယ်’လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်စကား ပြောကြား သွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ကလည်း အားကျမခံ မတ် ၃ဝ ရက်မှာ သတင်းထုတ်ပြန်လိုက်ပြန် ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်အရ အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ပြီး ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံမှာ ပါဝင်တက် ရောက်နိုင်ရေးအတွက် စဉ်တိုက်ဆက်တိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ သဘောသဘာဝ အတိုင်း အနိမ့်အမြင့် အတက်အကျများစွာဖြင့် ပြီးခဲ့သည့် တစ် နှစ်တာကာလကို ကျော်ဖြတ်ခဲ့ရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှု၏ အဓိကအချက်မှာ ယုံကြည်မှုဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ယုံကြည်မှုသာမက မိမိကိုယ်မိမိ ယုံကြည်မှုသည် လည်း အထူးအရေးကြီးကြောင်း တစ်နှစ်တာကြိုးပမ်းမှု၏ ရလဒ် အဖြစ် ယနေ့ညနေပိုင်းတွင် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ငါးဦးဖြစ်ကြသော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး၊ ဝအမျိုးသားအဖွဲ့ချုပ်တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက် မှတ်ထိုးကြတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ကြ သည်။ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ မျှော်လင့် တောင့်တခဲ့ကြသော အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးရောင်ခြည်များ ပိုမိုလင်းလက် တောက်ပလာပြီဖြစ် ကြောင်း၊ ထိုသို့ အရေးကြီးလှသည့် အချိန်အခါတွင် မလိုလားအပ် သော အဖျက်အမှောင့်များ၊ ငြိမ်းချမ်းရေးပျက်ပြားစေရန် သွေး ထိုးလှုံ့ဆော်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ညီနောင်တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများအနေဖြင့် အထူးဂရု ပြုကြပါရန် တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။

မတ် ၃ဝ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် လှိုက်လှဲဝမ်းသာစွာ ပေးပို့လိုက်တဲ့ နောက်ဆက်တွဲ ဖြည့်စွက်သတင်းစကားဟာ တကယ်တော့ သတင်းမှားကြီး ဖြစ် သွားရပါတယ်။ NCA လက်မှတ် မရေးထိုးရသေးတဲ့ UNFC အဖွဲ့ဝင် ငါးဖွဲ့ NCA လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ သတင်း စကားနဲ့ ပတ်သက်ပြီး UNFC ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာကို ဘီဘီစီ သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ ဦးနိုင်ဟံသာက ‘ဒီလို အဖွဲ့ဝင်ငါးဖွဲ့ NCA လက်မှတ်ထိုးကြမယ်ဆိုပြီး UNFC မှာ ဆုံး ဖြတ်ထားတာ မရှိသေးပါဘူး။ မွန်ပြည်သစ်ပါတီအနေနဲ့လည်း မဆုံးဖြတ်ရသေးဘူး။ NCA ထိုးမယ်၊ မထိုးဘူးဆိုတာ ဆုံးဖြတ်ဖို့ ဗဟိုကော်မတီအစည်းအဝေးတောင်မှ မထိုင်ရသေးပါဘူး’လို့ ငြင်းဆန်ပယ်ချလိုက်ပါတယ်။ အလားတူ ကရင်နီအမျိုးသားတိုး တက်ရေးပါတီက ခူဦးရယ်ကလည်း ‘ကျွန်တော်တို့ပါတီမှာ ဒီလို သဘောထား ဆုံးဖြတ်ချက် မရှိသေးသလို UNFC မှာလည်း ဘာမှ ဆွေးနွေးဆုံးဖြတ်ထားတာ မရှိသေးပါဘူး’လို့ ငြင်းပယ်ပါ တယ်။ ဒီနေ့ အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို NCA လက်မှတ် မထိုးရသေးတဲ့ UNFC အဖွဲ့တွေကိုယ်စား တရားဝင် ဆွေးနွေး ပြောဆိုနေကြတာ ဦးနိုင်ဟံသာနဲ့ ခူဦးရယ်တို့ အဓိကပါပဲ။ သူတို့ နှစ်ဦးငြင်းပယ်တယ်ဆိုရင် ဒီသတင်း မှားနေတယ်ဆိုတာ သေ ချာပါတယ်။

– ဒီလိုသတင်းမှားကြီးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှန်ထင်ပြီး လှိုက်လှဲဝမ်းသာစွာ နောက်ဆက်တွဲသတင်းအဖြစ် ကမူးရှူးထိုး ကြေညာလိုက်တဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ပုံရိပ်ကို များစွာ ထိခိုက်ပြီး ဂုဏ်သိက္ခာ ကြီးစွာ ကျဆင်း စေခဲ့ပါတယ်။

– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရရှိနေတဲ့ သတင်းတွေဟာ ဒီ လိုသတင်းမှားတွေ ပါနေမြဲလား။ ဒီလိုသတင်းမှားတွေကြောင့် ချမှတ်တဲ့ မူဝါဒလုပ်ငန်းစဉ်တွေ လွဲမှားနေရတာလား။

– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဒီလိုသတင်းမှားတွေ ဘယ် သူ ပေးပို့ခွင့် ရနေတာလဲ။ ဒီလိုသတင်းမှားတွေကို စုံစမ်းစိစစ်တဲ့ အဖွဲ့ မရှိဘူးလား။

– ဘယ်သူ တာဝန်အရှိဆုံးလဲ။ ဘယ်သူ တာဝန်ယူမှာလဲ။ စဉ်းစား စရာ မေးခွန်းတွေ အများကြီးပါ။

အခြေအနေတွေကို အသေအချာ စေ့စေ့တွေးကြည့်ရင် သဘောထားတွေ ရေးရေး မြင်နိုင်ပါတယ်။

လတ်တလောကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တစ် ဆင့်တက် ခရီးဆက်နိုင်ရေးအတွက် အချက်အချာကျတဲ့ ပြဿနာ ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက် မှတ်ရေးထိုးရေးဖြစ်ပါတယ်။ NCA စာချုပ် ရေးထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ ငြိမ်းချမ်းရေးဆွေးနွေးမှာ ဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေ NCA လက်မှတ်ရေးထိုးလာအောင် စစ် ရေးဖိအားပေးရေးဟာ တပ်မတော်ရဲ့ အခြေခံရပ်တည်ချက် ဖြစ် ဟန်ရှိပါတယ်။ ဒါကြောင့်လည်း မြောက်ပိုင်းစစ်ပွဲတွေ အတောမသတ်အောင် ဖြစ်လာခဲ့ပုံရပါတယ်။ တစ်ချိန်တည်းမှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ အားလုံးလိုလို အားကိုးယုံကြည် ထားခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ ပြုပြင်နိုင်ရေးရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဟာ NCA လမ်း ပြမြေပုံ (Road Map) သာ ဖြစ်တယ်လို့ ယုံကြည်ယူဆပုံရပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နောက် ဖဝါးခြေရာကောက် လျှောက်လိုက်ပြီး NCA လက်မှတ်ထိုးထား သူများသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရမည်ဆိုတဲ့ မူကို ဆုပ်ကိုင်ခဲ့ဟန်တူပါတယ်။

ဒါပေမဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် မြောက်ပိုင်းစစ်ပွဲ အရှိန်အဟုန် ကြီးထွားလာချိန်မှာ ဒီစစ်ပွဲတွေရဲ့ ဂယက်ရိုက်ခတ် ခံနေရတဲ့ ‘ဝ’အဖွဲ့ (UWSA) က မြောက်ပိုင်းအဖွဲ့တွေနဲ့ အစည်း အဝေးတစ်ရပ်ကျင်းပပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ကြတယ်။ ဒီထုတ်ပြန်ကြေညာချက်ရဲ့ အဓိက အတွင်းသဘော ကတော့ NCA စာချုပ်ဟာ တကယ်တမ်း အပစ်အခတ်ရပ်စဲရေး ကို အာမခံနိုင်စွမ်း မရှိတဲ့အပြင် စစ်ပွဲတွေရဲ့ အရှိန်အဟုန်ကို ပိုမို ကြီးမားကျယ်ပြန့်လာစေခဲ့တယ်။ ဒါကြောင့် NCA လမ်းကြောင်း ဟာ ငြိမ်းချမ်းရေးကို တွန်းအားမဖြစ်စေတဲ့အပြင် ငြိမ်းချမ်းရေး လမ်းကြောင်းကို ရှုပ်ထွေးဝေဝါးစေခဲ့တယ်။ ဒီလိုအနေအထားမှာ NCA မဟုတ်တဲ့၊ NCA နဲ့ မတူတဲ့ လမ်းကြောင်းတစ်ရပ်ကို ရှာဖွေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်တစ်ရပ်ကို ရှာဖွေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တဲ့အထိ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာသွားခဲ့တယ်။ ပန်ဆန်းကြေညာချက်ကို မြောက်ပိုင်းမှာရှိတဲ့ KIA/KIO ကချင်အဖွဲ့နဲ့ SSPP/SSA (ရှမ်း)အဖွဲ့တို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး တောင် ပိုင်းရှိ ကရင်နီအဖွဲ့ (KNPP) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ က သဝဏ်လွှာပေးပို့ ထောက်ခံခဲ့ကြတယ်။

ပန်ဆန်းထုတ်ပြန်ကြေညာချက်က ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဦးဆောင်ပဲ့ကိုင်နေကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အစိုးရ၊ တပ်မတော်နဲ့ NRPC အသိုင်းအဝိုင်းတစ်ခုလုံးကို လှုပ်ခါ ပစ်လိုက်တယ်။ ‘ဝ’အဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းအဖွဲ့က NCA လမ်းကြောင်းကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီလား၊ ‘ဝ’အဖွဲ့နဲ့ မြောက်ပိုင်းအဖွဲ့တို့ နိုင်ငံရေး၊ စစ်ရေး မဟာမိတ် ဖွဲ့လိုက်ကြပြီ လား။ UNFC မှာ တောင်ခြမ်းနဲ့ မြောက်ခြမ်းဆိုပြီး နှစ်ခြမ်းကွဲ သွားကြပြီလား၊ မြန်မာပြည်မြောက်ပိုင်းမှာ စစ်ရေးတိုက်ပွဲတွေ ပိုမို အရှိန်အဟုန် မြင့်မားလာတော့မှာလား စတဲ့ လားပေါင်းများ စွာနဲ့အတူ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ မအောင်မြင်မှာ ကိုလည်း စိုးရိမ်စိတ်တွေ ပွားများခဲ့ကြပုံ ရပါတယ်။ ဒီစိုးရိမ်စိတ် တွေအောက်မှာ NCA လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ ဝင်အများစုက လက်မှတ်ထိုးကြတော့မယ်ဆိုတဲ့ လံကြုပ် သတင်းတစ်ပုဒ်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်လုပ်ဖန်တီး လိုက်ကြပုံရပါတယ်။ ဒါပေမဲ့ ဒီသတင်း မဟုတ်မှန်ကြောင်း UNFC နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင်တွေ ရှင်းလင်း ငြင်းပယ်ကြချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည် သူလူထုကို ဘယ်လိုမျက်နှာပြ၊ တောင်းပန်ရမှန်း မသိသလို နိုင်ငံ တော်အတိုင်ပင်ခံရုံးရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုကို ဘယ်လိုပြန် ဆွဲတင်ရမှန်း မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တာဝန်ရှိသူကိုတော့ ပြတ်ပြတ်သားသား တာဝန်ယူခိုင်းဖို့ လိုပါလိမ့်မယ်။

ဧပြီ ၉ ရက်ကတော့ UNFC အဖွဲ့ထဲက NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၄ ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ ဒီထုတ်ပြန်ကြေညာချက်ထဲမှာတော့ အဖွဲ့အစည်းများ အနေနဲ့ NCA စာချုပ် လက်မှတ်ထိုးနိုင်ရေး၊ ၂၁ ရာစုပင်လုံငြိမ်း ချမ်းရေး ဒုတိယအကျော့မှာ အခြားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးနဲ့အတူ တန်းတူရည်တူ ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးအတွက် အစိုးရနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ် လို့ ဆိုပါတယ်။ ဒီ ၁၄ ဖွဲ့ထဲမှာ  KIA/KIO (ကချင်)၊ SSPP/SSA (ရှမ်း)၊ NMSP (မွန်)၊ KNPP (ကရင်နီ) အဖွဲ့အစည်းကြီးအား လုံး ပါဝင်သဘောတူခဲ့ကြပါတယ်။ UNFC တောင်ခြမ်း၊ မြောက် ခြမ်းကွဲတာမျိုး မရှိသလို UWSA (ဝအဖွဲ့)နဲ့ မြောက်ပိုင်းစစ်ရေး မဟာမိတ် ဖွဲ့စည်းခြင်းလည်း မရှိကြပါဘူး။ တကယ်တော့ ချေအီး ချေလန့်ဆိုသလို ကိုယ့်ဂျီသရီးသံကို ပြန်လန့်နေကြတာပါ။ သွေး လန့်လို့ လုပ်ကြံမိတာ ဖြစ်နိုင်ပါတယ်။      ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆) မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."