ရှေ့သွားဖို့ဆိုတာ အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နောက်ချန်ထားလို့ မဖြစ်ဘူး။ မီးစ သေးသေးလေးကနေ မီးစအကြီးကြီး ဖြစ်သွားနိုင်တယ်

ရှေ့သွားဖို့ဆိုတာ အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နောက်ချန်ထားလို့ မဖြစ်ဘူး။ မီးစ သေးသေးလေးကနေ မီးစအကြီးကြီး ဖြစ်သွားနိုင်တယ်
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Interview  ဖြစ်ပါသည်။

ကျော်ဇေယျ တွေ့မေးသည်။

““ ရှေ့သွားဖို့ဆိုတာ အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နောက်ချန်ထားလို့ မဖြစ်ဘူး။ မီးစ သေးသေးလေးကနေ မီးစအကြီးကြီး ဖြစ်သွားနိုင်တယ် ””

ဒေါက်တာစိုင်းဦး

သုတေသနဒါရိုက်တာ

ပြည်ထောင်စုအင်စတီကျု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရ အုပ်ချုပ်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း နိုင်ငံမှာ စိန်ခေါ်မှုအကြီးဆုံးနဲ့အကျပ်တည်းဆုံး ပြဿနာတစ်ရပ်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်မတိုးတော့ဘူးလို့ ဝေဖန်မှုတွေရှိသလို အဓိကကျတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေနဲ့ အစိုးရ၊ တပ်မတော်တို့ ကြား ဆွေးနွေးမှုတွေ မှာလည်း တစ်ဆို့မှုတွေ ဖြစ်နေပါတယ်။

ဒီလိုကြုံနေရတဲ့ အခက်အခဲတွေ ဘာကြောင့် ဖြစ်နေရ တယ်ဆိုတဲ့အပေါ် ပြည်ထောင်စု အင်စတီကျုက သုတေသန ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစိုင်းဦးနဲ့ မော်ကွန်းမဂ္ဂဇင်းက ဆွေးနွေးခဲ့တာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စု အင်စတီကျုအဖွဲ့ဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ လူထု အခြေပြုအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ဌာနဆိုင်ရာ တွေ၊ သတင်းမီဒီယာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင်  မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ ကို သုတေသနဆိုင်ရာ၊ သတင်းအချက်အလက် အရင်းအမြစ်နဲ့ နည်းပညာဆိုင်ရာကိစ္စတွေကို ထောက်ပံ့ ကူညီနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

မော်ကွန်း။ ။ NLD အစိုးရ တာဝန်ယူလာတာဟာ အခုဆိုရင် သုံးနှစ်ကျော်လာခဲ့ပါပြီ။ သူတို့ သက်တမ်းကုန်ဆုံးဖို့က နောက်ထပ် လပေါင်း ၂၃ လ လောက်ပဲ ကျန်ပါတော့တယ်။ ဒီကာလတွေ အတွင်း အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာစိုင်းဦး။ ။ လက်ရှိအစိုးရအာဏာရပြီးတဲ့နောက် ငြိမ်း ချမ်းရေးကို အရှိန်အဟုန်နဲ့လုပ်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးကို အောင်မြင်စေချင်တဲ့ စိတ်စေတနာတွေကတော့ မြင်သာပါတယ်။ ကြိုးလည်းကြိုးစားလုပ်ခဲ့တယ်။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နှစ်ပေါင်း ၆ဝ ကျော် ၇ဝ လောက် ရှုပ်ထွေးနက်နဲ တဲ့ ဒီပြည်တွင်းစစ်ရဲ့ အမြစ်ကို ကိုင်တွယ်ဖို့အတွက် သူတို့ ပြင်ဆင်ခဲ့မှု မရှိခဲ့ဘူး။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ တကယ့် နှစ်ပေါင်းများစွာ နိုင်ငံရေးအရ ရှုပ်ထွေးနေတဲ့ မညီမျှမှုတွေ ရှိ တယ်။ ဒါကိုဖြေရှင်းဖို့အတွက် NLD အစိုးရဟာ ကြိုးစားပြီးတော့ စေတနာနဲ့တော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံး နှစ်အတွင်းမှာ သူ့တို့ရဲ့ လုပ်ရပ်က ဒီပြဿနာကြီးကို ကိုင်တွယ် နိုင်ဖို့အတွက် သူတို့မှာ လုံလောက်တဲ့ပြင်ဆင်မှု၊ နားလည်မှုမရှိ ဘူးဆိုတာ တွေ့ရတယ်။

တွေ့ရတော့ ငြိမ်းချမ်းရေးဟာ NLD အစိုးရအောက်မှာ အောင်မြင်မှုဆိုတာထက် တိုးတက်မှုကို သိပ်မတွေ့ရဘူး။ လက်ရှိ NCA (နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်) ထိုးထားတဲ့ ရှစ်ဖွဲ့ကနေ နောက်ထပ် နှစ်ဖွဲ့တိုးပြီး ၁ဝ ဖွဲ့ ဖြစ်လာ တယ်ဆိုပေမယ့် တကယ်တမ်းနိုင်ငံရေးအရ ရှေ့တက်လာတယ်လို့ ပြောဖို့ခက်နေတယ်။ နောက် NLD အစိုးရလက်ထက်မှာ စစ် ရေးဆိုင်ရာပဋိပက္ခတွေဟာ ပိုပြီး ပြင်းထန်လာတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့်NLD အစိုးရဟာ ခုနကပြောသလို သူ ကိုင်တွယ်နေရတာဟာ သူတို့မယဉ်ပါးတဲ့၊ နားမလည်တဲ့ အလုပ် တစ်ခုကို ကိုင်တွယ်နေရတဲ့ပုံစံမျိုး ဖြစ်နေတယ်။

မော်ကွန်း။  ။ သွားနေတဲ့ ငြိမ်းချမ်းရေးခရီးဟာ နောက်ကိုပြန် လျှောကျနေတဲ့ အနေအထားမျိုးလား။

ဒေါက်တာစိုင်းဦး။ ။ အနည်းဆုံးတော့ရှေ့မတက်ဘူးပေါ့။ ပထမ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း ကျွန်တော်တို့ သွားရမယ့် နောက်တစ်ဆင့်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေပေါ့။ အဲဒီ        နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဆိုရာမှာ အစည်းအဝေးတွေ လုပ် တဲ့ အဆင့်တွေတော့ရှိပေမယ့် တကယ့်နိုင်ငံရေးဆွေးနွေးပွဲတွေတော့ ဖြစ်မလာဘူး။ ဒါကလည်းပြောရမယ်ဆိုရင် လက်ရှိအစိုးရရဲ့ ရင်ဆိုင်နေရတဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။

အခုက အစိုးရရဲ့စနစ်ကိုပြောင်းဖို့ EAOs (တိုင်းရင်းသားလက်နက်ကိုင်အင်အားစု) တွေနဲ့ နှစ်ဖက်ဆွေးနွေးတာမျိုးတွေ မဟုတ်ဘူး။ မဟုတ်ဘဲ အစိုးရကလည်း ဒီစနစ်ကြီးကို လေ့လာနေ တယ်။ နောက်တစ်ဖက်က တပ်မတော်ကလည်း သူ့ရဲ့လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမယ်ဆိုတာက တစ် ဖက်။ ဆိုတော့ ဒီ  Interests (အကျိုးစီးပွားတွေ) မတူတာ၊ ဘက် မတူတာတွေက လွန်ဆွဲနေရတဲ့ အနေအထားဖြစ်နေတယ်။ တကယ်တမ်းကျတော့ လက်ရှိအစိုးရရဲ့ သုံးနှစ်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နိုင်ငံရေးအရ တိုးတက်မှု သိပ် မတွေ့ရဘူး။

မော်ကွန်း။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေ ကြသူတွေ (တပ်မတော်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသားလက်နက် ကိုင်တွေရယ်)ကြားမှာဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်ရေးအတွက် ဘယ်အရာတွေက အခက်အခဲ၊ စိန်ခေါ်မှုဖြစ်နေစေတာလဲ။

ဒေါက်တာစိုင်းဦး။ ။ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရတာက နိုင်ငံ သွားရမယ့်၊ တကယ့်နိုင်ငံရေး ပန်းတိုင်လို့ပဲပြောပြောပေါ့၊ အဲဒီ နိုင်ငံရေးအမြင်တွေဟာ မရှင်းကြဘူး။ ပြောတော့ ပြောနေကြ တာပဲ။ အနာဂတ်ပြည်ထောင်စုနိုင်ငံကြီး၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်စသဖြင့်။ ဒါပေမဲ့ ဒီဟာတွေမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်နေပုံတွေက မတူကြဘူး။ မြင်ပုံလည်း မတူဘူး။

တပ်မတော်ဘက်ကလည်း လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်ထောင်စုဖက်ဒရယ်ဖွဲ့စည်းပုံဖြစ်နေတယ်လို့ ခဏခဏ ပြောတတ်တာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်ကကျတော့ မဟုတ်ဘူး၊ ဖက်ဒရယ်ဆိုတာ တန်းတူညီမျှရေး အခြေခံရမယ်။ နားလည်တဲ့ ဖက်ဒရယ်၊ သူတို့ တည်ဆောက်ချင်တဲ့ ဖက်ဒရယ်ဆိုတာ လက်ရှိ ၂ဝဝ၈ ပုံစံတော့ မဟုတ်ဘူး။ နောက်တစ်ဖက်က အစိုးရကလည်း  ဖက်ဒရယ်ကို သွားရမယ်ဆိုတာကို အကောင်းမြင်တယ်ဆိုပေမယ့် သူဘယ်လို သွားရမယ်ဆိုတာ သူကိုယ်တိုင်မရှင်းဘူး။

ဖြစ်စဉ်တစ်ခုလုံးကိုကြည့်ရမယ်ဆိုရင် ပုံမှန်အားဖြင့် အစိုးရက တွန်းတွန်းတိုက်တိုက်လုပ်နိုင်မယ့်အနေအထားဖြစ်ရမှာကို မဖြစ်ဘူးဖြစ်နေတာပေါ့။ မဖြစ်တော့ ကျွန်တော်တို့နိုင်ငံက လော လောဆယ် သွားရမယ့်ပန်းတိုင်က မသေချာဘူးဖြစ်နေကြတယ်။ အဲဒါကြောင့်လည်း ဃြဗ ထိုးပြီးနောက်တစ်ဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေကို မဖန်တီးနိုင်ဘူး။ မဖန်တီးနိုင်တော့ အခုက လက်ရှိ အနေအထားပေါ်မှာပဲ လွန်ဆွဲမှုတွေ ဖြစ်နေကြတယ်။ ပြောရမယ် ဆိုရင်  NCA ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေးပြဿနာဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာ။ ဒါပေမဲ့ NLD အစိုးရလက်အောက်မှာ ငြိမ်း ချမ်းရေးဆိုတာ စစ်ရပ်စဲရေးအဆင့်လောက်ပဲ ကြိုးစားနေရတဲ့ အဆင့်ဖြစ်သွားတယ်။

မော်ကွန်း။  ။ မေလတုန်းက ချင်းမိုင်မှာကျင်းပတဲ့ NCA ထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်း အဝေးမှာ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ သူတို့ လုပ်ငန်း အဖွဲ့တစ်ခု ဖွဲ့လိုက်တယ်လေ။ အဲဒီအဖွဲ့က တစ်ဆို့နေတဲ့ အကြောင်းအရာတွေကို ဒီဘက်နဲ့ ဘယ်လိုညှိနှိုင်းကြမှာလဲ။

ဒေါက်တာစိုင်းဦး။ ။ လက်ရှိကြည့်မယ်ဆိုရင် အစည်းအဝေးတွေ ပဲဖြစ်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေက မဖြစ်ဘူး။ ပြောချင်တဲ့ အဓိပ္ပာယ်က NCA အပေါ်မှာ အမြင်အမျိုးမျိုး ကွဲလွဲနေကြတယ်။ အထူးသဖြင့် တပ်မတော်က NCA ကို မြင်တာကတစ်မျိုး၊ တိုင်းရင်းသားတွေမြင်တာက တစ်မျိုး။ အဲဒီ NCA ထဲမှာပါနေတဲ့ စကားလုံးတွေကို တစ်ဖက်နဲ့ တစ်ဖက် အဓိပ္ပာယ်ဖော်နေကြတာ ကလည်း မတူကြဘူး။ ဒါကြောင့်မို့ အစည်းအဝေးတွေ လုပ်နေ တယ်ဆိုပေမယ့် အရှေ့ကို မရောက်နိုင်ဘူး။ ဘုံသဘောတူညီချက် တွေ မချနိုင်ဘူး။

နောက်တစ်ခုက NCA ကနေပြီး နိုင်ငံရေးဆွေးနွေးပွဲ သွားဖို့ ချမှတ်ထားပေမယ့်လည်း နိုင်ငံရေးဆွေးနွေးမှုဟာ ဘယ် ကို သွားရမယ်ဆိုတဲ့ ပန်းတိုင်ချမှတ်ပြီး ဆွေးနွေးနေကြတာ မဟုတ်ဘဲနဲ့ ဆွေးနွေးပွဲတွေချည်းပဲ လုပ်နေကြတယ်။ အဲဒီလို အရာတွေကို ဒီဘက် တိုင်းရင်းသားအင်အားစုတွေဘက်က ပြန်သုံးသပ်ကြတယ်။ သုံးသပ်တော့ လက်ရှိ NCA ကိုပဲ သူတို့ လက်ခံကြတယ်။ ဒါပေမဲ့ သွားနေတဲ့နည်းလမ်းကတော့ မမှန်ဘူး။ ဒီအတိုင်းဆိုရင် သူတို့ရောက်ချင်နေတဲ့ နိုင်ငံရေးပန်းတိုင်လည်း ရောက်မှာမဟုတ်ဘူး။ ဒီလိုနဲ့ပဲ လည်နေမယ်။ ပြီးတော့ တစ် ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကို ပိုမိုပျက်ပြားသွားမယ်ဆိုတဲ့ ဟာက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအများစုရဲ့ စိုးရိမ် ချက်ဖြစ်တယ်။

ဒါကြောင့်မို့ နောက်တစ်ဆင့် သွားရမှာက နောက်ထပ်  UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) တွေ တစ်ခုပြီး တစ်ခု လုပ်သွားရမှာမဟုတ်ဘူး။ လက်ရှိအခြေအနေကို ပြန်သုံး သပ်ရမယ်။ အခု သွားနေတာက ပုံမှန်တွေ့ဆုံတာပဲရှိတယ်။ ပြဿနာကို မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်တဲ့အပြင် ကြာလာတဲ့ အခါကျတော့ ဒီဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုတွေလည်း နည်းလာ တယ်။ ဒါကို သက်ဆိုင်တဲ့ အစိုးရ၊ တပ်မတော်တို့နဲ့ ထိုင်ပြီး ပို အကျိုးရှိတဲ့ နည်းလမ်းကိုသွားနိုင်ဖို့ ညှိနှိုင်းကြဖို့အတွက် တိုင်း ရင်းသားလက်နတ်ကိုင်တွေဟာ အဲဒီအစည်းအဝေးမှာ သူတို့ ဆွေးနွေးကြတာပေါ့။

မော်ကွန်း။ ။ အခု NCA လက်မှတ်ထိုးခဲ့တာ လေးနှစ်ကာလ လောက် ရှိနေပါပြီ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အင် အားစုတွေဘက်ကလည်း အခုထိ ဘယ်လို ဖက်ဒရယ်ပုံစံကို သူတို့ လိုချင်ပါတယ်ဆိုတဲ့ ဘုံသဘောတူထားတဲ့ဟာမျိုး အခုထိ ကျွန်တော်တို့တော့ မတွေ့မိဘူး။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအချင်းချင်းကြားရော ဘာပြဿနာတွေ ရှိနေ တာလဲ။

ဒေါက်တာစိုင်းဦး။ ။ ဖက်ဒရယ်ဆိုတာကတော့ ပုံစံက သိပ်မကွာပါ ဘူး။ ဒါကိုလည်း အများကြီး သွားပြောင်းလို့လည်း မရဘူး။ ဖက် ဒရယ်ဆိုတာက အစိုးရဟာ ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသန္တရအဆင့် အုပ်ချုပ်ရေးပုံစံတွေကို အဆင့်ဆင့်ခွဲပြီး အလုပ်လုပ်ခြင်းဖြစ်တယ်။ ပြီးတော့ တရားစီရင်ရေးဆိုရင်လည်း သူဟာနဲ့သူပေါ့ဗျာ။ ဖက်ဒရယ်ဆိုတာ သူ့ ဆိုင်ရာဆိုင်ရာကို ပိုင်း ခြားပြီး အလုပ်လုပ်တဲ့စနစ်ပါပဲ။ အဲဒီစနစ်အပေါ်မှာ ကျွန်တော် တို့နိုင်ငံသားတွေက ဖက်ဒရယ်စနစ် လိုချင်တယ်၊ ကောင်းတယ် ဆိုတာသိတယ်။ တတ်နိုင်သလောက်လည်း လေ့လာကြတယ်။

သို့ပေမဲ့ ဘယ်သူမှ အဲဒီစနစ်ရဲ့အောက်မှာ ကြီးပြင်းနေထိုင် ခဲ့သူတွေ မရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဒီဖက်ဒရယ်စနစ် ကို ကြည့်ကြတဲ့အခါမှာ စာအုပ်ကြီးဆန်ဆန်၊ သီအိုရီဆန်ဆန် တွေနဲ့ စဉ်းစားကြတယ်။ ပြီးတော့ စိုးရိမ်မှုတွေလည်း များလာကြ တယ်။ စိုးရိမ်မှုရဲ့အခြေခံကတော့ နှစ်ပေါင်းများစွာ တရားမျှတမှု မရှိခဲ့တဲ့စနစ်ပေါ့နော်။ အဲဒီအပေါ်မှာ အခြေခံပြီး နှစ်ခွစဉ်းစား အဖြေရှာလို့တော့မရဘူး။ အမှန်တော့ ဖက်ဒရယ်ဟာ ပုံစံမရှိဘူး လို့တော့ မဟုတ်ဘူး၊ ရှိပြီးသား။ ဒါပေမဲ့ ကိုယ်မနေဖူးတဲ့ စနစ် ကြီးမှာ ဖက်ဒရယ်ကြီးဟာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မမြင်တဲ့အခါကျတော့ စိုးရိမ်မှုတွေလည်းရှိတယ်။ ဒါက ဘက် တိုင်းကို ကျွန်တော်က ဆိုလိုတာဖြစ်တယ်။

ဥပမာပြောရရင် တပ်မတော်ကလည်း ဖက်ဒရယ်ဆိုတာ နိုင်ငံကြီးပြိုကွဲသွားမလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ သူတို့ဘက်က ပြောတာရှိတယ်။ ဒါဟာလည်း ဖက်ဒရယ် ဘယ်လိုအလုပ်လုပ် တယ်ဆိုတာကို နားမလည်တာပဲ။ နောက် တိုင်းရင်းသား အင် အားစုတွေဘက်က ကြည့်ပြန်တော့လည်း လူမျိုးရေးအရ အခွင့်အလမ်းတွေ ပျောက်ဆုံးနေခဲ့ကြတဲ့အပေါ်မှာ အလွန် အကျွံစိုးရိမ်မှုတွေ ရှိနေတယ်။ ဖက်ဒရယ်ဘယ်လို အလုပ်လုပ် တယ်ဆိုတာကို မသိဘူး။ စာအုပ်ကြီးအတိုင်း၊ သီအိုရီအတိုင်း တော့ သိတယ်။ ဒါပေမဲ့ ဒါကြီးကို လုပ်လိုက်မယ်ဆိုရင် ငါများ နစ်နာသွားမလား။ ငါတို့များ အပယ်ခံသွားရမလား။ ငါတို့ တိုင်း ပြည်ပျက်သွားမလားဆိုတဲ့  စိုးရိမ်မှုတွေဟာ အားလုံးမှာ ကြီးနေ ကြတယ်။

ရှိနေတော့ အဲဒီအပေါ်မှာ ဘာဖြစ်လာသလဲဆိုရင် ဖက် ဒရယ်သည် ဘုံအကျိုးစုပေါင်းလုပ်ဆောင်ခြင်းဆိုတဲ့ အဓိက သူ့ရဲ့ အားသာချက်အပေါ်မှာ သွားစဉ်းစားကြတာမဟုတ်တော့ဘဲ ကိုယ့်ဘက်၊ သူ့ဘက်ဆိုတဲ့ စဉ်းစားချက်အပေါ်မှာ သွားပြီး အား သာနေကြတယ်။ မျက်မမြင်ပုဏ္ဏားခုနှစ်ယောက်က ဆင်ကြီး စမ်းပြီး အမျိုးမျိုး ပြောနေကြသလို ဖက်ဒရယ်အပေါ် နားလည်ပုံ တွေကလည်း အဲဒီလို ဖြစ်နေကြတယ်။

မော်ကွန်း။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်အဖွဲ့မှ မချန်ထားရေးပေါ့။ ဒါပေမဲ့ တပ်မတော်ဘက်က သီးခြားအဖွဲ့လိုက်လုပ်ချင်တာမျိုးတွေရှိတဲ့အပေါ် ဝေဖန်ကြတာရှိတယ်။ ဒီလိုသဘောထားတွေကရော ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အဟန့်အတားတွေဖြစ်နေသလား။

ဒေါက်တာစိုင်းဦး။ ။တိုင်းရင်းသားတွေဘက်က ပြောနေတဲ့ အား လုံးပါဝင်ရေး၊ ဘယ်အဖွဲ့မှ ချန်မထားသင့်ဘူးဆိုတာက နိုင်ငံရေး အရ ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနေတဲ့ နိုင်ငံဖြစ်တယ်။ ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေအရ တိုင်းရင်းသား အများစုကလည်း သူ့လက်နက်ကိုင်အင်အားတည်ဆောက်နေတာတွေ ရှိတယ်။ ဒါက ဘာကို ဖော်ပြနေသလဲဆိုတော့ တိုင်း ပြည်မှာ တကယ်စည်းရုံးညီညွတ်နေတဲ့ ဘုံအတွေးအခေါ်မရှိဘဲ သူ့ဘာသာ ပြိုကွဲနေတယ်ဆိုတာပဲ။

ကျွန်တော်တို့အမြင်ကတော့ ရှေ့သွားဖို့ဆိုတာ အဖွဲ့ကြီး သည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နောက်ချန်ထားလို့ မဖြစ်ဘူး။ မီးစ သေးသေးလေးကနေ မီးစအကြီးကြီး ဖြစ်သွားနိုင်တယ်။ အထူး သဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ ယုံကြည်မှုကင်းမဲ့ပြီး အား နည်းနေတဲ့အချိန်မှာ တတ်နိုင်သလောက်ကြီးတာ၊ ငယ်တာကို ခွဲခြားမှုမရှိဘဲ ပါသွားမှဘဲ ရှေ့ကိုရောက်နိုင်မယ် ထင်တယ်။ တစ်ဖက်က တပ်မတော်က စဉ်းစားပုံက ဟိုအဖွဲ့၊ ဒီအဖွဲ့ဆိုတာက သူ့ အမြင်မှာက စစ်ရေးနဲ့ စဉ်းစားတာ ဖြစ်ကောင်း ဖြစ်မယ်။ လုံခြုံ ရေး၊ စစ်ရေးပေါ့။ တကယ်တော့ အတွေးအခေါ်နှစ်ခုမှာ တစ်ခုက တော့ နိုင်ငံရေးဖြေရှင်းမှုကို ကြိုးစားတာ ဖြစ်တယ်။ တစ်ခုက ကျ တော့ လုံခြုံရေးမျက်စိအမြင်နဲ့ ကြည့်တဲ့အခါကျတော့ ဒီနှစ်ခုဟာ မတူဘူးဖြစ်နေတာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့က နိုင်ငံရေးကြိုးစားမှုကို ဖြေရှင်းတဲ့ အခါကျတော့ အားလုံးပါဝင်ရမယ်၊ အားလုံးပါဝင်မှဖြစ်မယ် ဆိုတဲ့မူကို နားလည်ထားဖို့ လိုတယ်။ လုပ်နည်းလုပ်ဟန်ကတော့ ရှာဖွေရမယ်။ တပ်မတော်ဘက်ကတော့ NCA သာလျှင် လမ်း ကြောင်းတစ်ခုတည်းလို့ ဒီလိုပြောတယ်။ ဒါပေမဲ့ NCA ထဲကို လာလို့ရှိရင် ဘယ်လိုမျိုး ဆွေးနွေးပိုင်ခွင့်ရှိသလဲ။ အနာဂတ်က ရော ဘယ်လိုမျိုးလဲ။ ဆိုလိုတာက သွားချင်တဲ့ လမ်းကြောင်းကို တော့ ပြနိုင်ရမယ်။ သွားချင်တဲ့ ဆန္ဒကိုတော့ ပြနိုင်ရမယ်။ ဒီလိုမှ မဟုတ်ဘဲ NCA နဲ့မှ မလာခဲ့ရင် ဘောင်ထဲမဝင်ဘူးဆိုတဲ့ ကန့် သတ်ချက်မျိုးကျတော့ ဘာနဲ့တူသလဲဆိုရင် အပြစ်ပေးတဲ့ ချဉ်း ကပ်မှုမျိုး ဖြစ်နေတယ်။ လက်ရှိကလည်း နိုင်ငံရဲ့ အခြေအနေက နှစ်ပေါင်းများစွာ ဘယ်အစိုးရကမှ စည်းရုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ခဲ့တဲ့အခါကျတော့ အားလုံးက စစ်အင်အား တည်ဆောက်ထားရမယ်။ နယ်မြေထိန်းချုပ်ထားရမယ်ဆိုတဲ့ သူ့ ရဲ့ လုံခြုံရေး၊ သူတို့ဘဝလုံခြုံရေး အဲဒီအပေါ်မှာပဲ အခြေခံ စဉ်းစား ကြတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ဒီလိုအခက်အခဲ တွေကို ကြုံနေရတာဖြစ်တယ်။

မော်ကွန်း။  ။ အခုငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လေးလံနေတယ်လို့ သုံးသပ်ကြတယ်။ အဲဒီလေးလံနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ကို အခုအသစ်ပေါ်လာတဲ့ ရခိုင်တိုက်ပွဲတွေက ခဲဆွဲပေးသလို ဖြစ်နေသလား။

ဒေါက်တာစိုင်းဦး။ ။ တိုင်းပြည်မှာ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ် လူမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ စစ်ပွဲ ဖြစ်နေခဲ့ရင် ငြိမ်းချမ်းရေးဖော်ဆောင်လို့ ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘူးဆိုရင် ပြဿနာတွေကိုဖြေရှင်းဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဖော် ဆောင်နိုင်မှာမဟုတ်ဘူး။ အထက်မှာပြောသလိုပဲ အဖွဲ့ကြီး တယ်၊ ငယ်တယ်။ လူမျိုးကြီး၊ လူမျိုးငယ်ဆိုပြီး ဒီအချိန်မှာ ခွဲခြား စဉ်းစားဖို့မဟုတ်ဘဲနဲ့ ပါဝင်နိုင်တဲ့နည်းလမ်းကို ရှာဖို့ဖြစ်တယ်။ ဘာမှအတားအဆီးမရှိဘဲ အကုန်ပါဝင်နိုင်ဖို့ လိုတယ်။ မပါနိုင်တဲ့ လူကို ပါနိုင်အောင် ဘယ်လိုဆွဲခေါ်မလဲဆိုတဲ့ ရှုထောင့်ကနေ ချဉ်း ကပ်ကြဖို့ လိုတယ်။ မပါနိုင်သေးလို့ သူ့ကိုတော့ဖယ်ထားမယ်၊ ဒါမှမဟုတ် ကန့်သတ်ထားမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ သွား ချင်ကြတဲ့ လမ်းကြောင်းကို ရောက်မှာမဟုတ်ဘူး။

ရခိုင်မှာဖြစ်နေတဲ့ပြဿနာက ရခိုင်အရေးဆိုပေမယ့် ဒါက တစ်ပြည်လုံးနဲ့ဆိုင်တဲ့ အရေးပဲဖြစ်တယ်။ အဲဒါကြောင့် ကျွန် တော်တို့ ကြားတာတော့ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေက တပ်မတော်က တချို့တိုင်းဒေသတွေမှာ စစ်ဆင် ရေးတွေ ရပ်ထားတာကို သူတို့ ကြိုဆိုတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး မရပ်ဘဲနဲ့ တချို့ဒေသတွေကို ချန်ထားခြင်းဟာ အပြောနဲ့အလုပ် မညီသလို ဖြစ်နေတယ်လို့ ဆိုကြတယ်။ တကယ်တမ်းငြိမ်းချမ်း ရေးဖော်ဆောင်ချင်ရင် အားလုံးကို ရပ်ပြီးတော့ အခြေအနေ တစ်ခုဖန်တီး။ ဆွေးနွေးဖို့ အခွင့်အလမ်းပေးလိုက်ပေါ့။ အဲဒါမျိုး ဖြစ်သင့်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တချို့မှာ အမြင် ရှိတယ်။

မော်ကွန်း။  ။ မကြာသေးခင်က“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်ရေးပြအခမ်းအနားနဲ့ပတ်သက်ပြီးတော့ တပ်မ တော်ဘက်က ပြောတာရှိတယ်။ စင်ပြိုင်အစိုးရလို ဖြစ်နေတယ်။ တပ်မတော်က ဒီအပေါ်မှာ အဆုံးစွန်းထိ သည်းခံနေရတာ ဖြစ် တယ်ဆိုတာမျိုး  ပြောခဲ့တာရှိတယ်။ တကယ်လို့များ တပ်မတော် နဲ့ “ဝ”တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေဟာ ဘယ်လိုတွေများ ဆက်ဖြစ်သွားနိုင်သလဲ။

ဒေါက်တာစိုင်းဦး။ ။ ဘယ်အဖွဲ့နဲ့ပဲ တိုက်တိုက်ပါ။ ငြိမ်းချမ်း ရေးဖြစ်စဉ်ကတော့ ထိခိုက်တာချည်းပဲ။ အဖွဲ့ဘယ်လောက်ပဲ သေးသေး၊ တစ်ဖွဲ့ ဖွဲ့ ကို ချန်ထားမယ်ဆိုရင်လည်း သွားချင်တဲ့ လမ်းကြောင်းကို မရောက်သလိုဖြစ်မှာပဲ။ ဘယ်လိုပဲ သေးငယ်ပါ စေ၊ အဲဒီဟာက အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသလိုပဲပေါ့။ အဲဒီဟာကို နားလည်ဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အားလုံးဟာ အတူတကွ နေနေကြတာဖြစ်တယ်။ ခွဲပြီးတော့ သူ့ အခြေအနေအရ၊ သူ့ဒေသအရ၊ သူ့လူမျိုးအရ နောက်ချန်ထားခဲ့ လို့ရှိရင် ကျွန်တော်တို့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်သွားမယ့်လမ်းကို ကိုယ်ပြန်ပိတ်သလို ဖြစ်မှာပဲ။

“ဝ”ရဲ့ စစ်အင်အားပြသတယ်ဆိုတာကို ကျွန်တော်တို့ မြင် တာကတော့ တပ်မတော်ကို ယှဉ်ပြိုင်ချင်တာထက် ဒါက အခြေခံကို ပြန်စဉ်းစားဖို့ လိုအပ်တယ်။ တိုင်းပြည်မှာရှိနေတဲ့ ကွဲပြားကြတဲ့ လူမျိုးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ပူးပေါင်းကြမလဲဆိုတဲ့စိတ်က ပျောက်နေကြတယ်။ အဲဒါက ခေတ်အဆက်ဆက် ဘယ်လို အုပ်ချုပ်လာသလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ စနစ်ကို ပြန်လေ့လာဖို့လိုတယ်။

“ဝ” က ထုတ်ပြတာက သူ့ရဲ့ စီးပွားရေး အောင်မြင်မှု ဆို တာထက် စစ်ရေးကို ထုတ်ပြတော့ တပ်မတော်ဘက်က ကြည့် တဲ့အခါ နိုင်ငံတစ်ခု၊ တပ်မတော်တစ်ခုပဲ ရှိရမယ်လို့ လက်ခံထား တဲ့ တပ်မတော်က သူ့ကို စိန်ခေါ်မှုလုပ်သလားဆိုတဲ့ အမြင်မျိုး ဖြစ်စေတာပေါ့။ အမှန်တော့ “ဝ” ဟာ သူ့ဟာနဲ့သူ စီးပွားရေး ဘယ်လောက်အောင်မြင်နေတယ်၊ သူ့ဟာနဲ့သူ ဘယ်လောက် တည်ဆောက်ထားနိုင်တယ်ဆိုတာကို ပြချင်တာမျိုးလည်း ဖြစ် မှာပေါ့။

ဒါပေမဲ့လို့ တစ်ဖက်မှာကလည်း ငါပိုက်ဆံရှိလာရင်၊ ငါ အောင်မြင်လာရင်၊ ငါ့ကိုယ်ပိုင်တပ်တည်ဆောက်မယ်၊ ငါတို့နယ် မြေ ထိန်းချုပ်ထားမယ်ဆိုကတည်းက ပြည်ထောင်စုသွားချင်တာ နဲ့တော့ မကိုက်ညီတော့ဘူး။ ဒီဟာရဲ့ အခြေခံကလည်း ဘယ်လူ မျိုး၊  ဘယ်တိုင်းရင်းသားမှ စိတ်လုံခြုံမှုမရှိခဲ့လို့ပဲ။ သူတို့အသိ မှာက ငါ့ရဲ့လူမျိုးတပ်ကို ငါတို့ အားကောင်းအောင်လုပ်မယ်။ ဒါ ဆိုရင် ငါတို့လုံခြုံတယ်ဆိုတာမျိုးပေါ့။ ဒီလိုဟာက ကောင်း သလားဆိုတော့ မကောင်းဘူး။ ပြည်ထောင်စုနဲ့ မညီဘူး။ ဒါပေမဲ့ ဘာဖြစ်လို့လုပ်နေကြသလဲဆိုတော့ အခြေအနေတွေက ခေတ် အဆက်ဆက်မှာ သူတို့ကို အဲဒီလိုမျိုး အမြင်တွေပဲဖြစ်စေခဲ့တယ်။

တပ်မတော်ဘက်ကလည်း ဒီလိုကြီးထွားလာတဲ့အပေါ် စိုးရိမ် စိတ်တွေ ရှိလာတယ်။ သဘောပြောရရင် တပ်မတော်ဘက်မှာ လည်း စိတ်လုံခြုံမှုမရှိလို့သာ ဒီလိုသည်းမခံနိုင်ဘူးလို့ ပြောတာ ဖြစ်တယ်။ တစ်ခါတလေမှာ တပ်မတော်ဘက်က ပြောတာရှိ တယ်။ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတာ တပ်မတော် အားနည်း နေလို့ မဟုတ်ဘူးဆိုပြီးပေါ့။ ဆိုတော့ အခြေခံတွေက တပ်အင် အားရှိရမယ်၊ ထိန်းချုပ်နယ်မြေရှိရမယ်ဆိုတဲ့ ဒီအခြေခံတွေနဲ့ စဉ်းစားနေကြတယ်။ တပ်မတော်အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်တွေအားလုံးပေါ့။

အဲဒီအပေါ်မှာပဲ စဉ်းစားနေကြရင်တော့ အဖြေက ရမှာ မဟုတ်ဘူး။ တပ်မတော်က ဖိနေရင် တခြားတိုင်းရင်းသားတွေက လည်း သူ့ရဲ့လုံခြုံမှုအတွက်အခြားနည်းလမ်းမစဉ်းစားနိုင်ဘဲ သူတို့လည်း တပ်ပဲ ပြန်တည်ဆောက်နေမှာပဲ။ ကျွန်တော်တို့တိုင်း ပြည်ဟာ တပ်တည်ဆောက်ပြနေတဲ့နိုင်ငံကြီးဖြစ်နေတာပေါ့။ ဒါကြောင့် အနောက်တိုင်းက ပညာရှင်တွေက ကျွန်တော်တို့ တိုင်းပြည်ကို Most Militarized Country တဲ့။ စစ်အတွေး အခေါ်၊ စစ်အယူအဆ၊ စစ်အင်အားနဲ့ တည်ဆောက်နေတဲ့ နိုင်ငံ ကြီးပေါ့။

အထူးသဖြင့် နိုင်ငံကို အရှေ့မှာ ဦးဆောင်သွားနေတဲ့ တပ်မတော်ဟာ သူ့မူဝါဒတွေကို သူပြန်ကြည့်သင့်တယ်။ သူက တပ်အင်အားတွေ တည်ဆောက်နေတယ်။ သူက အားကြီးနေ တယ်ဆိုရင် ကျန်တဲ့သူတွေကလည်း သူ့ကို စိုးရိမ်ပြီး လိုက်တည် ဆောက်နေမှာပဲ။ ဒီလိုလိုက်တည်ဆောက်နေကြရင် နိုင်ငံရဲ့ အရင်းအနှီးတွေ၊ သယံဇာတတွေလည်း ဒီအရင်းအနှီးတွေ အတွက် ပါသွားမှာပေါ့။ တိုင်းပြည်မှာ ဒီနည်းနဲ့သွားလို့ မရဘူး ဆိုတာကို လက်ခံကြဖို့လိုတယ်။

ဒါကြောင့် တကယ့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ တကယ့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုရင် ဒီလို တပ်ပြိုင် တည်ဆောက်မှုတွေကို တဖြည်းဖြည်း လျှော့ချသွားနိုင်မှာပေါ့။ အခုအခါမှာတော့ ဒီလို စစ်အင်အားတည်ဆောက်တဲ့အတွေး အ ခေါ်ကို လူမျိုးစု တော်တော်များများမှာလည်း စိမ့်ဝင်လက်ခံနေကြ တယ်။ အခြေအနေပေးတာနဲ့အခွင့်အရေးပေးတာနဲ့ စပြီး ကိုယ့်ရဲ့ လက်နက်အင်အားကို တည်ဆောက်ကြတော့တာပဲ။ ဒီဟာတွေ က ကျွန်တော်တို့နိုင်ငံမှာ စိတ်မလုံခြုံတဲ့ အခြေအနေတွေကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် အတွေးအခေါ်တွေ ဖြစ်တယ်။

မော်ကွန်း။ ။ တပ်မတော်က ဇွန်လအကုန်အထိ စစ်တိုင်းငါးတိုင်း မှာ အပစ်ရပ်စဲမှုကို သက်တမ်းထပ်တိုးထားပါတယ်။ အဲဒီ နောက် ပိုင်း အပစ်ရပ်စဲမှုမလုပ်တော့ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်နိုင် သလဲ။ ဒီလိုအပစ်ရပ်ထားတာကရော ကောင်းကျိုးတွေ ရှိ သလား။ တချို့သုံးသပ်မှုတွေကျတော့ ဒီလို အပစ်ရပ်စဲထားတာက ရခိုင်ပြည်နယ်ကို တပ်မတော်က စစ်ထိုးချင်လို့ ရပ်ထားတာလို့ ဝေဖန်တာတွေလည်း ရှိနေတယ်။

ဒေါက်တာစိုင်းဦး။ ။ တပ်မတော်က အခုလို အပစ်ရပ်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခဲ့နိုင်ရင်တော့ ကောင်းတယ်။ ဒါက  ဆွေးနွေးမှုတွေအတွက် ခြေလှမ်းဖြစ်စေတာပေါ့။ ဒါပေမဲ့ အနောက်တိုင်းမှာတော့ မရပ်ဘူး။ အရှေ့တိုင်းမှာတော့ ရပ်တယ် ဆိုတော့ အဲဒီလိုခွဲခြင်းအားဖြင့် ဒီစစ်တိုက်နေတဲ့သူတွေဆိုတာက ယုံကြည်မှု အရမ်းနည်းကြလွန်းလို့ စစ်တိုက်နေကြတာပေါ့။

တစ်ဖက်က တပ်မတော်ကလည်း နားလည်ရမှာက သူက အင်အားကြီးတော့ သူ့ထက် အင်အားနည်းနေတဲ့ တိုင်းရင်းသား အားလုံးက သူတို့ဘာသာသူတို့သွားစုနေကြတာ။ စုနေတဲ့အဖွဲ့ တွေထဲက သူတို့အဖွဲ့ဝင်တစ်ဦး အတိုက်ခံရတာဟာ ကျန်အဖွဲ့ ဝင်တွေကိုလည်း စိုးရိမ်မှုရှိစေတယ်။ အဲဒါကြောင့် ချဉ်းကပ်ပုံ မှားယွင်းနေတယ်လို့ ကျွန်တော်တို့က ဆိုလိုနေခြင်းဖြစ်တယ်။  မိတ်ဆွေတွေထဲကတစ်စုကို ရွေးတိုက်ခံနေရတာဟာ သူတို့ ကြား ထဲအမြင်မှာလည်း အထက်မှာပြောသလို ရခိုင်ကိုစစ်တိုက်ဖို့ ဒီ ဘက်မှာရပ်ထားတယ်ဆိုတဲ့ အမြင်တွေ ရှိသွားစေနိုင်တယ်။

တပ်မတော်အနေနဲ့တော့ ဘာကြောင့် ရခိုင်ကို တိုက်နေ သလဲဆိုရင် သူ့ရဲ့အမြင်၊သူ့ရဲ့ လုံခြုံရေးအရ စဉ်းစားတာတွေတော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ နိုင်ငံရေးအရတော့ သူ့ရဲ့ ချဉ်းကပ်နေပုံ က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကြားထဲမှာ ယုံ ကြည်မှုကို မရစေဘူး။ စစ်ရပ်စဲမယ်လို့ ကြေညာတဲ့ဒေသတွေမှာ လည်း တပ်ရဲ့ စေတနာ၊ တပ်ရဲ့ ဦးတည်ချက်ကို ပိုမို သံသယရှိ စေတယ်။ ဒီဘက်ကိုခဏနားပြီး ဟိုဘက်ကို တိုက်တာလား။ သို့ မဟုတ် သူနားတာက ဘာရည်ရွယ်ချက်ရှိလဲ။ ဘာကြောင့် အချိန် အကန့်အသတ်တွေနဲ့ ဒီလိုလုပ်နေသလဲ။ လူ့ရဲ့သဘာဝအရ ဒီ ဟာတွေက မေးခွန်းတွေ ရှိလာစေတယ်။

အထူးသဖြင့် ဒါက NCA လက်မှတ်ထိုးနိုင်ဖို့အတွက် NCA လက်မှတ်မထိုးရသေးတဲ့ဒေသတွေကို ဦးစားပေးပြီးတော့ စစ်ရပ်စဲပြီး ဆွေးနွေးမယ်လို့ ကျွန်တော်တို့က နားလည်ခဲ့တယ်။ ဘာလို့လဲဆိုရင် NCA လက်မှတ်ထိုးထားတဲ့သူတွေက မတိုက် ကြဘူးဆိုတာ NCA ထဲမှာ ပါထားပြီးသား။ အချိန်အကန့်အသတ် နဲ့ ရပ်တယ်ဆိုတာက အထူးသဖြင့် NCA လက်မှတ်မထိုးရသေးတဲ့ ဒေသတွေ။ အဲဒီဒေသတွေမှာ တချို့က NCA လက်မှတ်မထိုးထား ပေမယ့် တစ်ဖွဲ့ချင်းစီ လက်မှတ်ထိုးထားတာတွေ ရှိတယ်။ အဲဒါ တွေကလည်း အပစ်အခတ်ရပ်စဲရေး စာချုပ်တွေပါပဲ။

ဒါကြောင့် ကျွန်တော်တို့ပြောနေတာက ဒီလို အချိန်အကန့် အသတ်နဲ့ အပစ်ရပ်တာက ရည်ရွယ်ချက်ကောင်းရှိကောင်းရှိ မယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်က မမှန်ဘူး။ ဘာဖြစ်လို့လဲဆို တော့ တကယ်တမ်း အကျုံးဝင်တာက AA(ရက်္ခိုင့် တပ်မတော်)၊ TNLA(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ MNDAA (မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ် မတော်) ပဲ အကျုံးဝင်တယ်။ တစ်ဖက်မှာဆိုရင် မြောက်ပိုင်းတစ် ဖွဲ့လုံးကို ကြည့်ရင် SSPP (ရှမ်းပြည်တိုးတက်ရေးတပ်မတော်) တို့ NDPP (အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်) တို့ UWSA (“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) တို့ အား လုံးက သူ့ဟာနဲ့သူ အပစ်အခတ်ရပ်စာချုပ် တစ်ဖွဲ့ချင်းစီ ရှိပြီး သားတွေ ဖြစ်တယ်။

ဆိုတော့ ဒီလို အချိန်ကာလနဲ့ ရပ်တာဟာ AAတို့၊ TNLA တို့၊ MNDAA တို့ ပါဝင်လို့ရအောင်ရပ်တာလို့ ရည်ရွယ်ချက်ကို ဒီလိုပဲ ကျွန်တော်တို့က မြင်တယ်။ ဒါပေမဲ့ AA ကိုကျတော့ ရခိုင်ဘက်မှာ ဆက်လက်တိုက်နေတာဆိုတော့ ဒီလို တစ်ဖက်သတ် စစ်ရပ်စဲလိုက်တာဟာ စေတနာတစ်ဝက်တစ်ပျက်လို ဖြစ်သွား စေတယ်။ လိုရင်းမရောက်ဘူး။ နိုင်ငံရေးအရ ချဉ်းကပ်မှုမမှန်ဘူး ဖြစ်သွားတယ်။

မော်ကွန်း။ ။ ပြဿနာတွေကတော့ တိုင်းရင်းသားလက်နက်ကိုင် တွေဘက်မှာလည်း သူတို့ဟာနဲ့ သူတို့၊ တပ်မတော်ဘက်မှာ လည်း သူ့ဟာနဲ့သူ၊ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လည်း တန့်နေတယ်။ ဒီအခြေအနေတွေမှာ အစိုးရအနေနဲ့ ဘယ် လို အခန်းကဏ္ဍကနေ ဝင်ပါသင့်သလဲ။ အခုလက်ရှိမှာ အစိုးရ အနေနဲ့ သူ့ရဲ့ ဘယ်အခန်းကဏ္ဍတွေ ပျောက်နေသလဲ။

ဒေါက်တာစိုင်းဦး။ ။ အစိုးရအနေအထားကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ နှစ်ပေါင်းများစွာ အတိုက်အခံလုပ်ခဲ့ပြီးမှ ရုတ် တရက်ကြီး အစိုးရဖြစ်လာတော့ နိုင်ငံမှာ ရင်ဆိုင်နေရတာက ငြိမ်းချမ်းရေးတင်မဟုတ်ဘူး။ စီးပွားရေးအပါအဝင် အများကြီး ရင်ဆိုင်နေရတာရှိတယ်။ ဒီတော့ အစိုးရရင်ဆိုင်နေရတဲ့ အခက် အခဲကို လူတိုင်းနားလည်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တွေလည်း နားလည်ပါတယ်။ သို့ပေမဲ့ တချို့နေရာတွေမှာ အစိုးရ က လုပ်သင့်တဲ့ လုပ်ငန်းတွေကို ပြတ်ပြတ်သားသား လုပ်သင့် တယ်လို့ မြင်တယ်။

ငြိမ်းချမ်းရေးကို လက်ရှိအစိုးရက ကျောခိုင်းတာတော့ မဟုတ်ဘူး။ ဒီငြိမ်းချမ်းရေးကိုလုပ်ရင်း အရှေ့ဆက်သွားရမှာပဲ။ ဒါပေမဲ့ အခုအခါမှာ အစိုးရရဲ့ ဦးဆောင်မှုဟာ ပိုပြီး အားနည်း လာတယ်။ အထူးသဖြင့် အရင်တုန်းကဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ကိုယ်တိုင် အစည်းအဝေးတွေမှာ အချိန် အများကြီးပေး ဆွေးနွေးတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးတိုးတက်မှု နှေးကွေးလာတာနဲ့အလျောက် အစိုးရထိပ်ပိုင်းက လူတွေရဲ့ အင် တိုက်အားတိုက်ပါဝင်မှု တဖြည်းဖြည်းနည်းသွားတာ တွေ့ရတယ်။

ဒါက ဘာဖြစ်နိုင်သလဲဆိုရင် အစိုးရအနေနဲ့ သူ့ရဲ့ ဦးစား ပေးမှု တဖြည်းဖြည်း ပြောင်းသွားတာပေါ့။ ဒါပေမဲ့လည်း အစိုးရ အနေနဲ့တော့ ငြိမ်းချမ်းရေးကို ရေတိုကိစ္စမဟုတ်ဘဲ နိုင်ငံက ရေ ရှည်ဖြေရှင်းရမယ့်ကိစ္စအဖြစ် လုပ်နေတယ်လို့တော့ မြင်ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ဆောင်တာက အခြားကိစ္စတွေလို ဥပမာ-စီးပွားရေးမူဝါဒချမှတ်တာမျိုးလို၊ အခြားမူဝါဒတွေ သတ် မှတ်တာမျိုးလို  ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းတာကို မြင် ရမှာတော့ မဟုတ်ဘူး။ အခု ကျွန်တော်တို့အခြေအနေက ခြံထဲမှာ ကိုယ့်အတွက်မလိုအပ်တဲ့ အဆိပ်ပင်ကြီးကို အမြစ်ဖြတ်ပစ်ဖို့ ကြိုးစားနေတာပေါ့။ ဒီအပင်ကြီးရှိနေသမျှတော့ ဒီခြံကို ကောင်း အောင် လုပ်လို့မရနိုင်ဘူး။ ဒီအတွက် ဝိုင်းကြိုးစားကြနေတဲ့အခါ မှာ အစိုးရဘက်က မြင်သင့်တာက ဆွေးနွေးဖော်၊ ဆွေးနွေးဖက် တွေ အားလုံးက လိုလိုလားလား ဆွေးနွေးနေတဲ့အချိန်မှာ ဒီဟာ က နိုင်ငံရေးအရ အပြောင်းအလဲလုပ်ဖို့ အခွင့်အရေးတစ်ခု ဖြစ် တယ်လို့ မြင်ဖို့လိုအပ်တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေး တန့်နေတယ်လို့ ဆိုနေပေမယ့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်ကုန်နေတာတော့ မဟုတ်ဘူး။ နည်းလမ်းအသစ်ရှာကြံဖို့ စဉ်းစားနေကြတာဖြစ်တယ်။ အစိုးရဘက်ကလည်း ကိုယ်တိုင် ကိုယ်ကျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နည်းလမ်းအသစ်တစ်ခုနဲ့ သွားမယ်လို့ ထုတ်မပြောပေမယ့် ငြိမ်းချမ်းရေးကို ရှေ့သွားစေ ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒီတော့ ဒီဟာကို နည်းလမ်းမှန်၊ အချိန်မှန် လုပ်ပေးဖို့တော့ လိုအပ်တယ်။ မဖြစ်သင့်တာတစ်ခုကတော့ ရွေး ကောက်ပွဲအတွက် ဗန်းပြလှဖို့လောက်ပဲ မဟုတ်ဘဲနဲ့ တကယ့် နိုင်ငံကို ဖြေရှင်းဖို့အတွက် ပထမဦးဆုံး လမ်းခင်းပေးတဲ့ အဆင့် တွေအနေနဲ့ ဒီလုပ်ငန်းတွေကို ဆက်သွားနေရမှာ ဖြစ်တယ်။ ဒီပြဿနာတွေကို ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်မီ ဖြေရှင်းနိုင်ကြမှာ တော့ မဟုတ်ဘူး။

ဒါပေမဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တွေ အားလုံး အတူထိုင်ပြီးတော့ ရှေ့မှာ သွားချင်တဲ့ ပြည်ထောင် စုကြီးကတော့ ဒီလိုပုံစံရှိပါတယ်။ မတူညီတဲ့အမြင်တွေကိုတော့ ဆွေးနွေးပါ့မယ်။ သွားချင်တဲ့ ပြည်ထောင်စုပုံစံကြီးကို အားလုံးက လက်ခံတယ်ဆိုရင် ဒါဟာ ပထမအဆင့် တိုးတက်မှုပဲ။ အသေး စိတ်ဆွေးနွေးတာတွေကတော့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ကြရ မှာ ဖြစ်တယ်။ ဒါက တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စဉ်းစားနေကြတဲ့ပုံစံပေါ့။

ဘာကြောင့် ဒီလို စဉ်းစားနေသလဲဆိုရင် အစိုးရကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို လက်ခံတယ်။ တပ်မတော်ဘက်ကလည်း လက်ရှိ ဖွဲ့စည်းပုံကို လိုအပ်သလို ပြောင်းပြီး တကယ့်ပိုမိုကောင်းတဲ့ နိုင်ငံတော် တည်ဆောက်သွား မယ်ဆိုတာ သူ့ဘက်က လက်ခံထားတာရှိတယ်။ ဒီကိုရောက်ဖို့ ဘယ်လိုသွားကြမလဲဆိုတဲ့ အပေါ်မှာတော့ ဆွေးနွေးရမှာတွေ ရှိ တာပေါ့။အခု ကျွန်တော်တို့တွေ ပြောနေကြတဲ့ ဖက်ဒရယ်ပြည် ထောင်စုဆိုတာ ဘာနဲ့တူသလဲဆိုတာကို အရင်ဆုံး မတူညီတဲ့ ဆွေးနွေးဖက်တွေအကြား အကြမ်းဖျင်း ပုံဖော်ထားကြဖို့လိုတယ်။

ဒါပေမဲ့ နိုင်ငံအတွက် လက်တွေ့ကျတဲ့ ဖက်ဒရယ်ဖြစ်ဖို့တော့ လိုတယ်။ တပ်မတော်က လိုချင်တဲ့ဖက်ဒရယ်ဆိုတာထက်၊ တိုင်းရင်းသားလက်နက်ကိုင်တွေလိုချင်တဲ့ ဖက်ဒရယ်ဆိုတာထက်၊ အစိုးရလိုချင်တဲ့ ဖက်ဒရယ်ဆိုတာထက် ကျွန်တော်တို့ နိုင်ငံ အတွက် အကောင်းဆုံး ဘယ်လိုဖြစ်မလဲ။ နိုင်ငံမှာရှိနေတဲ့ လူ တွေနဲ့ အသင့်လျော်ဆုံးပုံစံက ဘယ်ဟာဖြစ်မလဲ။ ဒါကို ဆွေးနွေး ကြဖို့ ဖြစ်တယ်။

မော်ကွန်း။ ။ အခု အစိုးရသက်တမ်းကလည်း လ ၂ဝ ကျော် လောက်ပဲကျန်တယ်။ ဒီသက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် မှတ်မှတ်ထင်ထင်ကျန်ရစ်စေခဲ့ဖို့အတွက် အစိုးရ အနေနဲ့ ဖန်တီးချင်တယ်ဆိုရင် ဘယ်လိုအရာကို လုပ်ဆောင်ဖို့ သင့်တယ်လို့ ဆရာအကြံပြုချင်သလဲ။

ဒေါက်တာစိုင်းဦး။ ။ ကျွန်တော်တို့ကြားတာကတော့ အစိုးရဘက် က အခုနားထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အကြာကြီး နားထားလို့ မသင့်ဘူး။ ဆက်လုပ်နေသင့်တယ်ဆိုပြီး ပြောလာတာရှိတယ်။ ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်က ဘာမေးခွန်းရှိသလဲဆိုတော့ ဒါက ပြည်ထောင်စုငြိမ်းချမ်း ရေးပွဲလုပ်ဖို့ကအဓိကလား။ နိုင်ငံရေးဖြေရှင်းဖို့ က အဓိကလားလို့ မေးကြတယ်။ တစ်ဖက်က အစိုးရလည်း ဒါဟာ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ အဓိကပါပဲလို့ပြောတယ်။ တစ်ဆက်တည်းမှာပဲ ဒါဟာ အများပြည်သူသိအောင် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရမယ်ပေါ့။ ဆိုတော့ ဒီနှစ်ခုကို ကျွန်တော်တို့ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့သိသလောက် တိုင်းရင်းသားလက်နက်ကိုင်များ ဟာ တပ်မတော်နဲ့အစိုးရဘက်ကို သူ့တို့ချဉ်းကပ်ဆွေးနွေးချင် နေတာက ရှေ့ဆက်နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လို ဖော်ဆောင် သွားမလဲ။ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ သွားချင်နေတဲ့ နိုင်ငံရေးပန်းတိုင်ဟာ ဒီလိုဖြစ်တယ်။ အဲဒီအချက်အပေါ်မှာ သဘောတူပြီးမှ ဆွေးနွေးကြရအောင်ပေါ့။ သူတို့ရဲ့ ရည်ရွယ်ချက် ကတော့ သွားမယ့်လမ်းကြောင်းနဲ့ သွားမယ့် ဦးတည်ချက်ကို ပါဝင်ပတ်သက်သူတွေအားလုံး သဘောတူညီပြီဆိုရင် စိုးရိမ်မှု တွေ လျှော့ချနိုင်တယ်ပေါ့။

ပြီးခဲ့တဲ့ ညီလာခံတွေတုန်းကလို ဟိုဟာလေး သဘောတူ လိုက်၊ ကျားမတန်းတူရေး သဘောတူလိုက်၊ ပတ်ဝန်းကျင်ကိစ္စ လေး သဘောတူလိုက်၊ အဲဒီလိုမျိုးတွေ မဟုတ်တော့ဘဲနဲ့ သွား ချင်နေတဲ့ လမ်းကြောင်း၊ သွားချင်နေတဲ့ ရည်မှန်းချက်တစ်ခုကို အရင်ဆုံး သဘောတူလိုက်ရအောင်ပေါ့။ ဒီလမ်းကြောင်းကို သွား ကြမယ်၊ တစ်နေ့ကျရင် ဒီနေရာကိုတော့ ရောက်လိမ့်မယ်။ သွားမယ့်ပုံစံကလည်း တပ်မတော်ဘက်က စိုးရိမ်နေတဲ့  ခွဲမယ်၊ ပြဲမယ်ဆိုတာတွေလည်း မပါဘူးပေါ့။ တကယ်အလုပ်ဖြစ် နိုင်မယ့် ပုံစံကိုပဲ သွားမယ်ပေါ့။ ဒီဟာကို အဘက်ဘက်က ကြည့် လိုက်ရင်လည်း စိုးရိမ်မှုတွေကို လျှော့ချနိုင်တဲ့ ပုံစံတစ်ခုကို သဘောတူလိုက်ပြီးတော့ပေါ့။ ဒီလိုသဘောတူညီမှုရရင် ဒါကို တိုင်းပြုပြည်ပြုလည်း လုပ်လို့ရတာပေါ့။ ဒါက အသေးစိတ်မဟုတ် တောင် အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ ကျွန်တော် ကြား သိသလောက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒီလို အဆင့်ကို အစိုးရ၊ တပ်မတော်နဲ့ ထိုင်ပြီး ဆွေးနွေးချင်ကြတယ်။ အခုထိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီလိုသဘောတူညီချက် မျိုး မရှိသေးဘူး။ ရှိမနေတဲ့အတွက် စိုးရိမ်မှုတွေက များနေတာ ပေါ့။ အဲဒီအခါ သူ့ဘက်ကိုယ့်ဘက် ဆွဲနေကြတာပေါ့။ ဆွဲနေကြ တော့ ငြိမ်းချမ်းရေးက ရှေ့မသွားနိုင်ဘူး ဖြစ်နေတာပေါ့။ အခု လောလောဆယ်လည်း ဖက်ဒရယ်ဆိုတဲ့ ပန်းတိုင်ကြီးက ရှိနေပါ တယ်။ ဒါကို ဘယ်သူမှမငြင်းကြဘူး။ ဒါပေမဲ့ အဲဒါကြီးက မှုန်ဝါး ဝါးဖြစ်နေတယ်။ အဲဒါကို ပိုပြီးပီပြင်နိုင်အောင် လုပ်ရမှာပေါ့။ သဘောက အလွန်အကျွံကြီး ဗဟိုအုပ်ထိန်းမှုလုပ်တဲ့ စနစ်လည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့လည်း ဟိုး ကွန်ဖက်ဒရယ်မျိုးလည်း မဟုတ် ရဘူး။ အမှန်တော့ ဖက်ဒရယ်လို့ စဉ်းစားတာနဲ့ ဘယ်သူမှတော့ ဗဟိုထိန်းချုပ်မှု လုပ်လို့မရဘူး။ ဖက်ဒရယ်ဆိုတာ စုပြီး လုပ်ရတဲ့ အနေအထားဖြစ်တာကိုး။

စုပြီးလုပ်တဲ့နေရာဖြစ်တော့ တကယ်ပဲ စုစည်းလုပ်နိုင်တဲ့ စနစ် ဖြစ်ရမှာပေါ့။ နောက်တစ်ခါ ပြည်နယ်က အများကြီးယူမယ်၊ ပြည်ထောင်စုက အများကြီးယူမယ်ဆိုတဲ့ ကိစ္စတွေဟာ ဒီအချိန် မှာ သိပ်အများကြီး စိုးရိမ်နေရမယ့်ကိစ္စတော့ မဟုတ်ဘူး။ လက်တွေ့အကျဆုံးပဲ စဉ်းစားရမယ်။ ဥပမာ-ပြည်နယ်တွေက လုပ်ပိုင် ခွင့်တွေ အများကြီး ယူချင်ကြတယ်ဆိုပါတော့။ ငွေကြေးအများကြီး ယူမယ်ဆိုပါတော့။ ငွေကြေးယူတယ်ဆိုတာ သူ့ရဲ့လုပ်ငန်းနဲ့ မျှပြီး လုပ်ကြရတာ။ တကယ်လုပ်နိုင်လို့ ယူသွားတယ်ဆိုရင်တော့ လုပ်ပေါ့။ ပြည်ထောင်စုရဲ့ အဓိက အလုပ်ကလည်း တိုင်းပြည် ဖွံ့ဖြိုးအောင်၊ တိုင်းပြည်အေးချမ်းအောင် လုပ်ရတာပဲဟာ။ ပြည်နယ်က သူဘာသာသူလုပ်မယ်ဆိုရင် ပြည်ထောင်စုတောင်မှ သက်သာသေးတယ်။

ဒါပေမဲ့ လက်တွေ့အသွင်ကူးပြောင်းမှုမှာတော့ အဲဒီလို အကုန်လုံး မလုပ်နိုင်ဘူးဆိုရင် တဖြည်းဖြည်း ဘယ်လို ချဉ်းကပ် ကြမလဲဆိုတာကို ဆွေးနွေးကြရမှာဖြစ်တယ်။ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံကို အကုန်လုံး ဖျက်မယ်၊ ပြင်မယ်ဆိုရင် အကုန် ထိတ် လန့်ကုန်မှာပေါ့။ အဲဒီလိုချဉ်းကပ်မှုမျိုး မဟုတ်ဘဲနဲ့ တဖြည်းဖြည်း ဘယ်လိုဖြေလျှော့မလဲဆိုတာမျိုးပေါ့။ တချို့ကတော့ ဒီအပေါ်မှာ အယူအဆအမျိုးမျိုး ရှိနေတာပေါ့။ လက်ရှိဖွဲ့စည်းပုံက ဘာမှ လုပ်လို့ မရတဲ့အတွက် ထိကို မထိချင်တော့ဘူးဆိုတာမျိုးတွေ ပေါ့။ ဒါတွေကို နိုင်ငံရေးအရကြည့်မယ်ဆိုရင် ဒီလိုပြောတာတွေ က စိတ်ခံစားမှုအရ ပြောနေတာတွေပေါ့။ နိုင်ငံရေးအရ ချဉ်းကပ် တာတော့ မဟုတ်ဘူး။

ဆိုတော့ ဒီ ၂ဝဝ၈ ဖွဲ့ စည်းပုံကနေပဲ စလုပ်လို့ရနိုင်တဲ့ နည်း လမ်းတွေရှိတယ်။ ဒါပေမဲ့ ပန်းတိုင်တစ်ခုတော့ ထားရမယ်။ ဘာ ကြောင့်လဲဆိုရင် စိုးရိမ်နေတဲ့သူတွေအတွက်ပေါ့။ ဒါဆိုရင် ၂ဝဝ၈ ကနေ သွားပြင်နေရင် ဘာမှလုပ်လို့မရပါဘူးဆိုတဲ့ စိုးရိမ်မှုတွေကို လည်း ပျောက်သွားစေမယ်။ ၂ဝဝ၈ ကို ပြင်ရင်းနဲ့လည်း ပုံစံ အသစ်တစ်ခုဖြစ်လာမယ်ဆိုတဲ့ အမြင်တွေလည်း ပေးနိုင်ဖို့လိုတယ်။

မော်ကွန်း။  ။ လက်ရှိအစိုးရ သုံးနှစ်ကျော်သက်တမ်းကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ ဖြည့်ပြောချင်တာများ ရှိသေးလား။

ဒေါက်တာစိုင်းဦး။ ။ လက်ရှိ ချဉ်းကပ်နေကြတဲ့ပုံစံဟာ ကိုယ်ရဲ့ အဖွဲ့အစည်းရဲ့ လိုအပ်မှုနဲ့ နားလည်မှုအပေါ်မှာ အခြေခံနေကြတာ များလွန်းတယ်။ မှားတယ်၊ မှန်တယ်ဆိုတာထက်ပေါ့။ အဲဒီလိုသာ ချဉ်းကပ်နေကြမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့ မရောက်နိုင်တော့ဘူး။ အခု ကျွန်တော်တို့နိုင်ငံအတွက် လိုအပ် နေတာက ဘယ်အဖွဲ့ကပဲ ဖြစ်ဖြစ်၊ အစိုးရ ဖြစ်စေ၊ တပ်မတော် ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာ ဖြစ်စေပေါ့။ ရေရှည်မြင်တတ်တဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးချဉ်းကပ်မှုမျိုးဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံဟာ ခေါင်းဆောင်တွေရဲ့ ဦးဆောင် မှုနဲ့ သွားတတ်တဲ့ အလေ့အထရှိတယ်။

အဲဒီတော့ ခေါင်းဆောင်တွေဟာ ရေရှည်ကို မြင်ဖို့တော့ လိုတာပေါ့။ စကားလုံးတွေနဲ့ အပြောချည်းမဟုတ်ဘဲနဲ့ တကယ့် အနာဂတ်ကို သွားချင်တယ်ဆိုရင် ငါတို့တော့ ဒီလိုထိုးဖောက် သွားရမယ်ဆိုတဲ့၊ ပြောင်းလဲမှုကို မကြိုက်ကြပေမယ့် ဖြတ်သန်း မှပဲ ရောက်မယ်ဆိုတဲ့ အမြင်တွေတော့ ခေါင်းဆောင်တွေမှာ ရှိရ မယ်။ ဒီလိုသာ အိပဲ့အိပဲ့နဲ့ သွားနေကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ တကယ်ခံစားနေရတာက လူထုတွေဖြစ်တယ်။ ကျွန် တော်တို့ လူထုတွေရဲ့ နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သည်းခံတတ်ကြတယ်၊ နားလည်ပေးကြတယ်။ ဒါပေမဲ့ အမြဲတမ်း တော့ မဟုတ်ဘူး။

လူထုတွေရဲ့ စားဝတ်နေရေး၊ လူထုတွေရဲ့ ရှေ့ရေးတွေက တဖြည်းဖြည်း ခက်ခဲလာနေပြီ။ ဒါက နိုင်ငံရဲ့ လက်ရှိအခြေအနေပဲ။ ဒီအတိုင်းပဲ တရွတ်တိုက်သွားနေလို့တော့ မရတော့ဘူး။ နိုင်ငံကို ထိုးဖောက်ပြီး အောင်မြင်အောင် လုပ်နိုင်ကြဖို့လိုတယ်။ ဒါက လည်း ဒီနေ့ရှိနေတဲ့ ခေါင်းဆောင်တွေရဲ့ လက်ထဲမှာ ရှိပါတယ်။ ဒါကို အတိုင်ပင်ခံပုဂ်္ဂိုလ်လည်း ခဏခဏ ပြောနေပါတယ်။ လုပ်ရဲ ကြရမယ်ဆိုတာကိုပေါ့။ အပြောထက် လက်တွေ့လုပ်ကြဖို့တော့ လိုတယ်။ ကျန်တဲ့ခေါင်းဆောင်တွေလည်း လုပ်ကြရမယ်။ အခုက အသံတော့ ကြားနေရတယ်၊ လုပ်ရပ်တွေ မပါသေးဘူး။ လုပ်ရ မယ်၊ စွန့်ရမယ်ဆိုတာတွေကို ပြောနေကြတယ်။ တပ်မတော် ခေါင်းဆောင်လည်းပြောတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ လည်း ပြောတယ်။ အစိုးရခေါင်းဆောင်တွေလည်း ပြောတယ်။ ဒါပေမဲ့ အလုပ်မပါလာသေးဘူး။ လုပ်ပြနိုင်ဖို့တော့ လိုအပ်လာပြီ။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."