ဓာတ်ပုံ-ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ကျော်ဇေယျ ရေးသည်။
(အောက်ဖော်ပြပါ သတင်းဆောင်းပါးမှာ ၂၀၁၇ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း (အမှတ် ၄၄) တွင်ဖော်ပြပါရှိသည့် ဆောင်းပါးအား အကျဉ်းချုံးထားခြင်းဖြစ်သည်။)
ညောင်ပင်စောက်၊ မတ် ၂၀၁၇
ဦးသန်းရွှေတစ်ယောက် ညဘက်မှာ ကောင်းမွန်စွာအိပ်စက်မရတာ ဆယ်စုနှစ်တစ်ခုကျော်ရှိခဲ့ပါပြီ။ သူအပါအဝင် ရွာထဲက လူအများစုဟာ ရှုဆေးဗူးတွေရှုရင်း အိပ်ယာဝင်ခဲ့ရတာလည်းနှစ်နဲ့ချီနေပါပြီ။ သူကိုယ်တိုင်လည်း အဘထတံဆိပ်ရှုဆေးဗူး ကို အမြဲဆောင်ထားရသူပါ။
“ညဘက်ဆိုရင် အနံ့တွေကပိုပြင်းတယ်။ ခေါင်းတွေကိုမူးပြီး အီလည်လည်ကြီးကိုဖြစ်နေတာ။ မိုးချုပ်လာမှာတောင် လူတွေက ကြောက်နေကြပြီ” လို့ အနံ့ဆိုးတွေက ပေးတဲ့ဒုက္ခကို သူက ရှင်းပြပါတယ်။
ပြီးတော့ အရင်ကဆိုရင် သူတို့ရွာမှာ ခြင်ဆိုတာ ရှိခဲ့တာ မဟုတ်ပါဘူး။ မြစ်ကမ်းဘေးက အိမ်တွေဆိုရင် ကွပ်ပျစ်ပေါ်မှာ လေတဖြူးဖြူးနဲ့ ဒီအတိုင်း အိပ်စက်ခဲ့ကြတာပါ။ အခုကတော့ ခြင်ထောင်မရှိရင် “ချက်ချင်းတောင် သေသွားနိုင်တယ်” လို့ ဦးသန်းရွှေက ဆိုပါတယ်။
ဦးသန်းရွှေ ရည်ညွှန်းပြောဆိုနေတာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်ကစပြီး သူတို့ဒေသမှာ စွန့်ပစ်နေတဲ့ မန္တလေးစက်မှုဇုန်က ညစ်ညမ်းရေ(ရေဆိုး)တွေ အကြောင်းပါ။ သူနေတဲ့ ညောင်ပင်စောက်ရွာဟာ ရေဆိုးတွေပြည့်လျံနေတဲ့ တောင်အင်း၊ မြောက်အင်းနဲ့ ဒုဌဝတီမြစ်ကြားမှာ ရှိနေတာပါ။
မြန်မာနိုင်ငံရှိ စက်မှုဇုန်တွေက စက်ရုံ၊ အလုပ်ရုံတွေဟာညစ်ညမ်းရေတွေကို ပြုပြင်သန့်စင်ခြင်းမရှိဘဲ မြစ်၊ ချောင်း၊ အင်းအိုင်တွေနဲ့ ရေမြောင်းတွေထဲကို စွန့်ပစ်နေကြသလို အာဏာပိုင်တွေအနေနဲ့ ထိန်းသိမ်း အရေးယူမှုတွေ မလုပ်နိုင်သေးပါဘူး။
ဒါကြောင့် စက်မှုလုပ်ငန်ကထွက်တဲ့ညစ်ညမ်းရေတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ ရေထုညစ်ညမ်းမှုတွေ ဖြစ်တာ၊ ဒေသခံတွေရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်တာတွေနဲ့ရင်ဆိုင်နေရတယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုပညာရှင်တွေက သတိပေးပါတယ်။
စက်မှုဇုန်တွေ စတင်ဖော်ဆောင်ခဲ့တာဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတအစိုးရ) လက်ထက်မှာ ဖြစ်ပါတယ်။ ၁၉၉၀၊ နိုဝင်ဘာလထဲမှာ ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေကို ထုတ်ပြန်ပြီး စက်မှုလုပ်ငန်းတွေ မှတ်ပုံတင်တာ၊ စက်မှုဇုန်ဖော်ဆောင်တာတွေကိုစတင်ခဲ့တာပါ။
မန္တလေးမြို့က ရေဆိုးအင်းများ
မန္တလေးစက်မှုဇုန်ကနေ ရေဆိုးထုတ်လွှတ်တဲ့ စက်ရုံ၊ အလုပ်ရုံ ၆၀ ခန့် ရှိတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီရဲ့ စာရင်းတွေမှာဖော်ပြထားတယ်။ အမရပူရမြို့နယ်ထဲမှာတော့ ရေဆိုးထုတ်လွှတ်တဲ့ စက်ရုံ၊ အလုပ်ရုံ ငါးရုံရှိတယ်။
နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်နီပင်ရွာက ဦးကျော်မင်းဌေးဆိုရင် ဒီရေဆိုးတွေကြောင့် ဒုဌဝတီမြစ်ရေညစ်ညမ်းမှုဖြစ်ပြီး ရေအသုံးမပြုနိုင်တော့တဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ဒေသခံတွေထဲက တစ်ဦးပါ။
ကုန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က ရေကြည်လင်နေတဲ့အတွက် မြစ်ရေကို ခပ်ယူပြီး ဦးကျော်မင်းဌေးတို့ မိသားစုသုံးစွဲခဲ့ပါ တယ်။ သုံးစွဲခဲ့ပြီးနောက်ပိုင်း သူရဲ့ လေးနှစ်အရွယ်သမီးဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။ သူ့သမီးတင်မကပါဘူး။ “ရွာမှာ ကလေးတွေ ဝမ်းလျှောဝမ်းပျက် အများဆုံးဖြစ်ကြတယ်” လို့ သူက ပြောပြတယ်။
အခုဆိုရင် တောင်အင်း၊ မြောက်အင်းထဲက ရေကိုလည်း အသုံးပြုလို့ မရတော့သလို ဒုဌဝတီမြစ်ထဲက ရေဟာလည်း ညောင်နီပင်ကျေးရွာသားတွေအတွက်အသုံးပြုဖို့ ခက်ခဲလာပါတယ်။
မန္တလေးမှာ နာမည်ကျော်ဦးပိန်တံတားရှိတဲ့ တောင်သမန်အင်းပြီးရင် အကျယ်ဆုံးဖြစ်တဲ့ တောင်အင်း၊ မြောက်အင်း ဒေသဟာ သာယာလှပတဲ့ အင်းအိုင်ဒေသတစ်ခုဖြစ်တယ်လို့ ညောင်ပင်စောက်ရွာက ဦးသန်းရွှေက ဆိုပါတယ်။
တစ်ချိန်က မန္တလေးမြို့ကဈေးတွေမှာ ပစ္စည်းထုပ်ပိုးတဲ့အခါမှာ ဖက်အဖြစ် တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတဲ့ကြာရွက် တွေဟာ ဒီတောင်အင်း၊ မြောက်အင်းဒေသက အဓိက ထွက်ရှိတာပါ။ ဒီအင်းအိုင်တွေမှာ ငါးဖမ်းလုပ်ငန်းလုပ်နိုင်သလို သက်ကယ်နဲ့ ကြာရွက်တွေပါ ခူးယူနိုင်လို့ တစ်နှစ်ပတ်လုံး အလုပ်အကိုင်တွေရတယ်လို့ ဒေသခံတွေက ရှင်းပြတယ်။
အခုဆိုရင် မိုးရာသီရေများတဲ့ချိန်ကလွဲလို့ ငါးရှာလို့လည်း မရတော့သလို ကြာရွက်၊ သက်ကယ်တို့လည်း မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးစက်မှုှဇုန်ထဲက ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲကို စွန့်ပစ်နေပုံ ။ ဓာတ်ပုံ-ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ရန်ကုန်က ရေဆိုး
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းက စက်မှုဇုန် ၂၄ ခုမှာ တည်ထောင်ထားတဲ့ စက်ရုံပေါင်း ၃,၄၇၄ ရုံ ရှိပြီး အဲဒီအထဲက ၃၀၀ ကျော်ဟာ ရေဆိုးစွန့်ထုတ်ကြတဲ့ စက်ရုံတွေဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သဘာဝပတ်ဝန်းကျင်နှင့်သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဦးအောင်မြင့်မော်က ဆိုပါတယ်။
ရေဆိုးထုတ်တဲ့စက်ရုံ ၃၀၀ကျော်ထဲက “၉၀ ရာခိုင်နှုန်းလောက်က ရေဆိုးထုတ်နေပေမယ့် သန့်စင်စက်ရုံတွေ မလုပ် ထားကြဘူး” လို့ သူက ရှင်းပြတယ်။
နောက်စက်မှုဇုန်အများစုဟာ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ်နဲ့ ငမိုးရိပ်ချောင်းတွေရဲ့ အနီးမှာ တည်ထောင် ထားပြီး စက်မှုဇုန်ထွက်ရေဆိုးတွေကို အဲဒီမြစ်ချောင်းတွေထဲ စွန့်ထုတ်နေကြတယ်လို့ သူက ရှင်းပြတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်နဲ့ကပ်လျက် ညောင်ရွာမှာနေထိုင်တဲ့ အသက် ၃၂နှစ်အရွယ် ဦးဇော်ဦးဟာ ပန်းလှိုင်မြစ်ထဲမှာ ပိုက်ဘဝင်းချပြီး ငါးဖမ်းတဲ့ တံငါသည်တစ်ဦးပါ။ ကုန်ခဲ့တဲ့ ဆယ်နှစ်လောက်အထိ သူတို့ရွာမှာ တံငါလုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိခဲ့ပေမယ့် အခုအခါ သုံး၊ လေး အိမ်လောက်သာ ရှိတော့တယ်လို့ သူက အခုလို ရှင်းပြပါတယ်။
“လုပ်ငန်းအဆင်မပြေတာ၊ ငါးအမိအရနည်းနေတာက အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက အဆင်မပြေတော့တာ”
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုရင် အခုလို ဇန်နဝါရီလမှာ သူတို့ ညောင်ရွာက လူအများစုဟာ ငါးသလောက်ပိုက်တွေကို ပန်းလှိုင်မြစ်ကြောင်းထဲမှာ မျှောကြတယ်လို့ ညောင်ရွာချက်မြုပ်ဖြစ်တဲ့ ဦးဇော်ဦးက ဆိုပါတယ်။ အဲဒီအချိန်တုန်းက ပန်းလှိုင်မြစ်ဟာ တံငါသည်တွေရဲ့ သည်းခြေကြိုက် ငါးဖမ်းကွက် မြစ်ကြောင်းတစ်ခုလို့လည်း သူက ရှင်းပြတယ်။
ရေဆိုးတွေ ဖြတ်ကျော်စီးဆင်းနေတဲ့ လှိုင်သာယာ စက်မှုဇုန်အတွင်းပိုင်း တစ်နေရာ ။ ဓာတ်ပုံ-ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ရေဆိုးရဲ့ ဆိုးကျိုး
ရန်ကုန်နည်းပညာတက္ကသိုလ်က ဧည့်ပါမောက္ခတစ်ဦးဖြစ်သလို ပတ်ဝန်းကျင်ရေးရာ ဓါတ်ခွဲခန်းပညာရှင် ဒေါက်တာကျော်ညိမ်းအေး ဦးဆောင်တဲ့ Advancing Life and Regenerating Motherland (ALARM) က ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်း စက်မှုဇုန်တွေက ထွက်တဲ့ရေဆိုးတွေကို သုံးနှစ်လောက် သုတေသနလုပ်ပြီး ၂၀၁၆ထဲမှာ ‘ပတ်ဝန်းကျင်ရေအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်းရလဒ်များတင်ပြခြင်း’ အစီရင်ခံစာကို ထုတ်ပြန်ထားပါတယ်။
ဒီအစီရင်ခံစာမှာဆိုရင် အာရုံကြောရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သွေးတိုးရောဂါတွေဖြစ်ပွားစေနိုင်တဲ့ခဲဓါတ်တွေ၊ ရေသတ္တဝါနဲ့အပင်တွေကို အဆိပ်သင့်စေပြီး ပါးစပ်၊ အရေပြား၊ အစာရေမျို၊အသံအိုးနဲ့ ဆီးအိမ် ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ Arsenic (စိန်အဆိပ်ဓါတ်)တွေဟာ စက်မှုဇုန်က ထွက်လာတဲ့ ရေဆိုးမြောင်းတွေမှာ တွေ့ရတယ်လို့ ဖော်ပြတယ်။
“ရေဆိုးတွေကို မသိကျိုးကျွန်ပြု၊ ဒီအတိုင်းပဲဆက်ထားမယ်ဆိုရင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကိုထိခိုက်မှာပဲ။ တစ်ချက်တည်းဖြေရရင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသွားမှာပဲ” လို့ ဒေါက်တာကျော်ညိမ်းအေးက သတိပေးတယ်။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်း
အသက် ၄၈နှစ်အရွယ် ဒေါ်အေးချိုဟာ ညောင်ပင်စောက်ရွာကလယ်လုပ်သူတစ်ဦးပါ။ သူဟာ နေ့တိုင်းနီးပါး နွားစာ အတွက် တောင်အင်း၊ မြောက်အင်းဘက်ကိုသွားပြီးမြက်ရိပ်ရပါတယ်။ ဒီလို လုပ်တဲ့အခါ မလွှဲမရှောင်သာ ရေဆိုးတွေနဲ့ ထိတွ့ရတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ရေဆိုးထိတဲ့နေရာကို အမြန်ဆေးကြောသန့်စင်နိုင်အောင် သတိထားရတယ်လို့ သူက ဆိုပါတယ်။
“သံပုရာသီးနိုင်နိုင်နဲ့ ပွတ်သပ်ဆေးနိုင်ရင် အမြန်ဆေး။ မဟုတ်လို့ကတော့ ခြေထောက်တွေမှာ အနာတွေ ပေါက်ပြီသာ မှတ်တော့။ ဒီရေတွေနဲ့ထိပြီး အနာတွေ ပေါက်ကြတာတွေလဲ ရွာမှာရှိတယ်”
ပြီးတော့ သူတို့ရွာကို ရေဆိုးတွေ ရောက်မလာခင်တုန်းကဆိုရင် အင်းထဲကရေကိုတင်ပြီး လယ်တွေကို ရေသွင်း စိုက်ပျိုးခဲ့ တာပါ။ အခုတော့ အင်းရေဟာ ညစ်ညမ်းပြီး အသုံးပြုလို့မရတော့တာကြောင့် မြေအောက်ရေကိုတူး၊ စက်နဲ့စုပ်ယူပြီး သူတို့ လယ်သမားတွေ စိုက်ပျိုးနေရတယ်လို့ ဒေါ်အေးချိုက ပြောတယ်။
အလုပ်မဖြစ်သေးတဲ့ ဥပဒေ
၂၀၁၂ က ထွက်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဥပဒေဟာ ရေဆိုးထုတ်လွှတ်မှုတွေကို အရေးယူနိုင်တဲ့ ဥပဒေတစ်ခုပါ။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ၂၀၁၃ခုနှစ် စည်ပင်သာယာရေးဥပဒေအရလည်း စက်မှုဇုံက ရေဆိုးထုတ်လွှတ်မှုတွေကို အရေးယူလို့ရပါတယ်။
ဒါပေမဲ့ ဒီလမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေတွေကို စက်မှုလုပ်ငန်းရှင်တွေဟာ လိုက်နာဆောင်ရွက်မှုအပိုင်းမှာ အားနည်းနေဆဲ ဖြစ်တယ်လို့ ALARM အဖွဲ့က ဒေါက်တာကျော်ညိမ်းအေးကပြောတယ်။
သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ သဘာပတ်ဝန်းကျင်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးမင်းမော်ကတော့ ဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်အထိ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိပြီဖြစ်ပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်နေတဲ့ကိစ္စတွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဆောင်ရွက် စစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုူုပညာရှင်တွေကတော့ စက်မှုဇုန်က ထွက်လာတဲ့ရေဆိုးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကို တားဆီးထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာစက်မှုလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ဗဟိုစွန့်ပစ်ရေဆိုးသန့်စင်စက်ရုံ (Central Waste Water Treament Plant)တွေကို မြန်မာနိုင်ငံက စက်မှုဇုန်တွေမှာ တည်ထောင်ဖို့လိုတယ်လို့ အကြံပြုပါတယ်။
မန္တလေးစက်မှုဇုန် တစ်နေရာ ။ ဓာတ်ပုံ-ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
မမြင်ရသေးတဲ့ ဗဟိုရေဆိုးသန့်စင် စက်ရုံ
စက်ရုံတစ်ရုံချင်းစီက ထွက်လာတဲ့ရေဆိုးတွေဟာ ဗဟိုရေဆိုးသန့်စင်စက်ရုံကိုဖြတ်၊ သတ်မှတ်စံချိန်စံညွှန်းအထိ စနစ်တကျ သန့်စင်ပြီးမှ မြစ်ချောင်းတွေထဲ စွန့်ပစ်တာဟာ ပိုမိုထိရောက်မယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။
မန္တလေးမှာတော့ ဗဟိုရေဆိုးသန့်စင်စက်ရုံတည်ဆောက်မယ့် စီမံချက်ကို ယခင်အစိုးရ လက်ထက်တည်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ Hydrotek Supreme Mandalay Co.,Ltdတို့ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။
အဲဒီအစီအစဉ်ီနဲ့ပတ်သက်လို့ အသစ်ရွေးချယ်ခံထားရတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက အခုလို မှတ်ချက်ပေးပါတယ်။
“၂၀၁၈ လောက်မှ ဖြစ်လိမ့်မယ်။ Hydrotek ရဲ့ ပရောဂျက် မပြီးခင်အထိတော့ (စက်မှုဇုန်ရေဆိုးစွန့်ပစ်မှုက) ဒီအတိုင်းသွားနေရလိမ့်ဦးမယ်”
ပြီးတော့ သူ့အနေနဲ့လည်း ဒီဌာနကို မကြာသေးခင်ကမှ ရောက်လာတဲ့အတွက် ရေဆိုးပြဿနာတွေရဲ့ အရင်းအမြစ်ကို သဲသဲကွဲကွဲ မကိုင်တွယ်နိုင်သေးဘူးလို့ ဆိုပါတယ်။
မအောင်မြင်တဲ့ အပြောင်းအလဲ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကတော့ ဒေသခံတွေရဲ့ကန့်ကွက်မှုတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာတက်ကြွ လှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ရေဆိုးပြဿနာကို ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ ဖြေရှင်းခဲ့ပါသေးတယ်။
စက်မှုဇုန်ထွက်ရေဆိုးတွေကို ဆယ်စုနှစ်နဲ့ချီပြီး စွန့်ပစ်ခဲ့တဲ့ တောင်သမန်အင်း၊ တောင်အင်း၊မြောက်အင်းတွေထဲ မစွန့်ပစ် တော့ဘဲ ပိုက်လိုင်းနဲ့သွယ်ပြီး ဒုဠဝတီမြစ်ထဲကို တိုက်ရိုက်ပစ်တဲ့နည်းကို ပြောင်းလဲလိုက်ပါတယ်။
ဒါပေမဲ့ ဒီရေဆိုးသယ်ဆောင်တဲ့ အပြာရောင်ကော်ပိုက်လိုင်းဟာ ကျိုးပေါက်ပြီး လယ်တွေထဲကို ဝင်တာ၊ အင်းတွေထဲကို ဝင်တာတွေက ယခုအထိ ရှိနေဆဲပါ။ ရေဆိုးရဲ့ အပုတ်နံ့တွေကလည်း အင်းတွေရဲ့ ပတ်ဝန်းကျင်တစ်လုံးမှာ ထောင်း ထောင်း ထလို့ပါ။
မော်ကွန်းမဂ္ဂဇင်းက အင်းကုန်းရွာသူ၊ ရွာသားတွေနဲ့ အင်တာဗျူးဖို့ ရောက်သွားတဲ့အခါမှာလည်း ရွာထဲမှာ အော်ဂလီဆန် စရာ ပုတ်အံ့အံ့ အနံဆိုးတစ်ခုရတာကို သတိထားမိပါတယ်။ ဒါတောင် နေ့လယ်ဘက် ဖြစ်နေတာကြောင့် အနံ့ထွက်နှုန်း အလွန်နည်းနေသေးတာဖြစ်တယ်လို့ အဲဒီရွာက အသက် ၃၇ နှစ်အရွယ် ဦးတင်လင်းက ရှင်းပြတယ်။
“ညဆို တံခါးတွေအားလုံးကို အလုံပိတ်၊ ခြင်ထောင်ထဲကိုဝင်၊ စောာင်ကို ခေါင်းမြီခြုံ အိပ်တာတောင် အနံ့က မခံနိုင်ဘူးဗျ။ ဒီလိုပဲ လူးလူးလိမ့်လိမ့်နဲ့။ နောက်ဆုံး မျက်လုံးက မခံနိုင်တော့တဲ့အခါ အိပ်ပျော်သွားတာပေါ့” လို့ သူက ရှင်းပြတယ်။
သူတို့ကြုံနေရတဲ့ဒုက္ခကို အာဏာပိုင်တွေနဲ့ စက်မှုလုပ်ငန်းရှင်သူဌေးတွေမြင်စေချင်တယ်လို့ ဒေါ်သော်သော်လွင်က အသံခပ်မာမာနဲ့ ဆိုပါတယ်။ တစ်ရက်တစ်လေ သူတို့နဲ့အတူ ရွာမှာလာနေကြည့်ရုံနဲ့ နှစ်ပေါင်းများစွာခံစားနေရတဲ့ သူတို့ဒုက္ခကို နားလည်သွားမယ်လို့ ပြောရင်း သူက အခုလို မှတ်ချက်ပြုပါတယ်။
“ကျွန်မတို့ နယ်သူနယ်သားတွေအဖြစ်က အသက်ရှင်လျက်နဲ့ ချီးတွင်းထဲ ကျနေသလိုပါပဲ”
အဆိုပါဆောင်းပါ အပြည့်အစုံကို ၂၀၁၇-မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄) တွင် ဖတ်ရှုနိုင်ပါသည်။ မော်ကွန်းမဂ္ဂဇင်းကို အောက်ပါ စာအုပ်ဆိုင်များတွင် ရရှိနိုင်ပါသည်။
- အင်းဝစာပေ – အမှတ် ၂၄၆ ၊ အခန်း(၂၀၁၊ ၃၀၁) ပန်းဆိုးတန်းလမ်း နှင့် အမှတ်(၁၈) ၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း
- ရာပြည့်စာပေ- အမှတ် ၂၆၂၊ ခ ၊ ပန်းဆိုးတန်းလမ်း၊
- TAB Book Centre ၊ တော်ဝင်စင်တာ ၊ ၆ လွှာ ၊ ပဲခူးကလပ်၊
- Today စာပေ ၊ အမှတ်(၅၁၄ ၊၅၁၆ ) ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ကျောက်တံတားမြို့နယ်။
- စာပေလောက ၊ အမှတ်(၃၂) ၊ ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း။
- စာပေလောက (၂) ၊ အမှတ်(၂၆၂ ၊ စီ) ၊ အထက်ပန်းဆိုးတန်းလမ်း။
- စာပေလောက(၅) ၊ အမှတ်(၁၃၈၊ ၁၄၀) ပ- ထပ် ၊ ပန်းဆိုးတန်းလမ်းအလယ် ၊ (အနော်ရထာ -ဗန္ဓုလ)
- စာပေလောက(၈)၊ အမှတ်( ၂၂) ကျားကွက်သစ်လမ်း၊ ဓမ္မဝိဟာလမ်းထိပ်၊ ကျောက်မြောင်း။
- စာပေလောက(တောင်ဥက္ကလာပ)၊ အမှတ် ၃၆ အေ ၊ သုမင်္ဂလာလမ်း၊ ပဒေသာမှတ်တိုင်။
- စာပေလောက(မြောက်ဥက္ကလာပ)၊ အမှတ် ၈ ဒီ၊ ခေမာသီလမ်း၊ ဈ ဈေးမှတ်တိုင်။
- စာပေလောက (ရန်ကင်း) ၊ အမှတ်( ၁၀၁) ၊ အ.ထ.က(၁) ကျောင်းရှေ့၊ ၁၂ လုံးတန်းမှတ်တိုင်၊ ရန်ကင်းလမ်း။
- ရန်အောင်စာပေ၊ ၁၂ လုံးတန်းမှတ်တိုင်၊ ရန်ကင်း။
- ပါရမီ စာပေ၊ အမှတ်(၂၃၀) ၂၉ လမ်း အထက်။
- ကိုလတ်စာပေ၊ အမှတ်(၂၀၀) ၊ ၃၁ လမ်း အထက်။
- စောဦးစာပေ၊ အမှတ်(၁၆၉)၊ ၃၁ လမ်း အထက်။
- ပန်းရွက်ဝေစာပေ၊ အမှတ်(၂၀၃)၊ ၃၂ လမ်းအထက်။
- ကျော်သိန်းစာပေ၊ အမှတ်(၂၁၄-၂၁၈ ) ၊ ၃၂ လမ်း အထက်။
- နေစေးစာပေ၊ အမှတ်(၁၉၅)၊ ၃၂လမ်း အထက်။
- ခေတ်သစ် ၊ အမှတ်(၄၇၀)၊ မဟာဗန္ဓုလလမ်း၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား။
- ပန်းဆက်လမ်း ၊ အမှတ်(၀၀၃) ၊ ဇင်္ဂမလမ်း၊ ဇင်္ဂမအိမ်ရာ၊ သာကေတမြို့နယ်။
သီးသန့်မှာယူလိုပါက (၃ လစာ ၄၈၀၀ ကျပ် ၊ ၆ လစာ ၈၄၀၀ ကျပ် ၊ ၁ နှစ်စာ ၁၄၄၀၀ ကျပ်) ဖြင့် မှာကြားနိုင်ပါသည်။
ဆက်သွယ်ရန်လိပ်စာ
အမှတ်(၁၂၁)၊ တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွန်းတောင်မြို့နယ် ၊ရန်ကုန်မြို့။
ဖုန်း ၀၉ ၃၁၃၄၀၂၃၉၊ ၀၉၇၉၁၆၆၃၀၆၅
Website: www.mawkun.com
Facebook: www.facebook.com/mawkunmagazine