ဘေးဆိုးကပ်ဆိုးနှင့်အနာဂတ် စားနပ်ရိက္ခာ

ဘေးဆိုးကပ်ဆိုးနှင့်အနာဂတ် စားနပ်ရိက္ခာ

ကုန်းကြီး (သြဂုတ်၊၂ဝ၁၇)

သြင်္ကန်တုန်းကရွာတဲ့မိုးနဲ့ စိုက်ခဲ့တဲ့ နှမ်းခင်းတွေ စိုက်ရက် ရက်လေးဆယ်လောက်ရောက်တဲ့အထိ မိုးထပ်မရွာဘဲ ရေငတ်နေလို့ ကုန်းကြီးရွာသားတွေဟာ ဒီပြဿနာကို ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တစ်ခုနဲ့ ဖြေရှင်းကြဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒါကတော့ မိုးနတ်သားကို ပင့်ဖိတ်ပြီး လွန်ဆွဲပွဲ ပြုလုပ်ကာ မိုးရွာပါစေကြောင်း ဆုတောင်းကြတာပါ။

ဒီလိုနဲ့ လွန်ဆွဲပြီး ဆုတောင်းလာလိုက်တာ ငါးရက်မြောက် ညနေခင်းမှာတော့ ရွာသားတွေရဲ့ ဆုတောင်းပြည့်ရုံတင်မက လျှံတောင် လျှံသွားခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ မိုးဟာ တော်တော်နဲ့ မရပ်တော့ဘဲ တစ်ပတ်လောက် ဆက်တိုက်ရွာလိုက်တာကြောင့် တချို့မြေနိမ့်ပိုင်းက နှမ်းခင်းတွေဟာ ရေမြုပ်ခဲ့တဲ့အတွက် ”သေကုန်ပြန်ရော”လို့ကုန်းကြီးရွာက နှမ်းစိုက်တောင်သူ အသက် ၆၇ နှစ်အရွယ် ဦးလှစိုးက မေလကုန်ပိုင်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြတယ်။ အိမ်ခြေ ၂၅ဝ နဲ့ လူဦးရေ ၁,၂ဝဝ ဝန်းကျင်ရှိတဲ့ ဒီရွာဟာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ထဲမှာ ရှိပါတယ်။

”မိုးက အခု ခန့်မှန်းလို့မရတော့ဘူး။ ဟိုတုန်းကတော့ မိုး က သူ့အချိန်နဲ့ အခါနဲ့ ရွာတယ်လေ”လို့ ဦးလှစိုးက ဆက်ပြောတယ်။

ဖောက်လွဲဖောက်ပြန်ဖြစ်လာနေတဲ့ ရာသီဥတုရဲ့ ဆိုးကျိုးကို အပူပိုင်းဒေသက ဦးလှစိုးတို့လို စိုက်ပျိုးရေးသမားတွေပဲ ထူးပြီး ကြုံတွေ့ ခံစားနေရတာတော့ မဟုတ်ပါဘူး။

နိုင်ငံတစ်ဝန်းက စိုက်ပျိုးရေး လုပ်ငန်းခွင်တွေဟာ ခန့်မှန်းမရတဲ့ ရာသီဥတုအပြောင်းအလဲတွေကို ကြုံတွေ့နေရပြီးထိခိုက် ပျက်စီးမှုတွေကို နှစ်စဉ်ကြုံတွေ့နေရပါတယ်။ အကျိုးဆက်အဖြစ် နိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံမှုကိုပါ ခြိမ်းခြောက်လာနေတယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။

”ရာသီဥတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်နေပြီဆိုတာကတော့ ငြင်းစရာမလိုတော့ဘူး။ သေချာတယ်။ ထိခိုက်နေပြီ။ ကိုယ့်နိုင်ငံပဲ ထိခိုက်နေတာတော့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအတော်များများကို ထိခိုက်နေတာ”လို့ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (Network Activities Group – NAG )က အမှုဆောင်အရာရှိချုပ် ဦးဘော်ဘီက ပြောပါတယ်။

”နိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ခံစားနေကြရတယ်။ ဒါပေမဲ့ နိုင်ငံမှာက အထောက်အထားနဲ့ သတ်သတ်မှတ်မှတ် မှတ်တမ်းတင်ထားတာတွေ အားနည်းသေးတဲ့အတွက် ဖြစ်နေတာတွေက မပေါ်လွင်ဘူး”လို့ သူက ဆက်ပြောတယ်။

သူတို့အဖွဲ့က တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်တဲ့ စိုက်ပျိုးနည်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ခန့်မှန်းရခက်လာတဲ့ ရာသီဥတု

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို ဆင်းရဲနွမ်းပါးတဲ့ တောင်သူတွေက ပိုမိုခံစားနေရပြီး စနစ်ကျတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ မလုပ်နိုင်သေးတာကြောင့် နိုင်ငံတစ်ဝန်းက စိုက်ပျိုးရေးလုပ်ငန်းခွင်တွေဟာ ထုတ်လုပ်မှုကျဆင်းနေ တယ်လို့ ဦးဘော်ဘီက ဆက်ပြောတယ်။

ကုန်းကြီးရွာက ဦးလှစိုးဆိုရင် လွန်ဆွဲပွဲပြီးနောက် ရက် အတန်ကြာရွာခဲ့တဲ့မိုးကြောင့် တစ်ဧကခွဲလောက်ရှိတဲ့ နှမ်းစိုက် ခင်းပျက်စီးခဲ့ပြီး စိုက်ပျိုးစရိတ် ကျပ်ငွေငါးသောင်းခွဲလောက် ဆုံးရှုံးသွားရတယ်။

နောက်တစ်ကြိမ် ထွန်ယက်ပြီး ပြန်စိုက်မယ်ဆိုရင် အချိန်မီသေးပေမယ့် အရင်းအနှီးကို ချေးငှားရမှာရယ်၊ ရာသီဥတုအခြေအနေကို စိုးရိမ်တာရယ်ကြောင့် ဒီနှစ်မိုးတွင်းနှမ်းစိုက်ရာသီမှာ ထပ်မံမစိုက်ပျိုးတော့ပါဘူး။

ဦးလှစိုးတို့ အပူပိုင်းဒေသဟာ သုံးနှစ်တစ်ကြိမ်လောက် မိုးခေါင်တဲ့ပြဿနာကို ကြုံတွေ့ရလေ့ရှိတယ်လို့ သူက ဆိုတယ်။

အရင်တုန်းက မိုးခေါင်မယ့် နှစ်တွေကို ခန့်မှန်းတွက်ချက်ပြီး သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ချိန်ဆလုပ်ကိုင်နိုင်ခဲ့ပေမယ့် ၂ဝ၁ဝ လောက်က စလို့ ရာသီဥတုဟာ ”မလိုချင်တဲ့ အချိန်ဆိုရင်ရွာတယ်။ ကိုယ်တွေ လိုချင်တဲ့အချိန်ဆိုရင် မရွာပြန်ဘူး။ တားလည်းမရတော့ ခွကျတယ်ကွာ”လို့ ဦးလှစိုးက ခေါင်းတခါခါနဲ့ပြောပြတယ်။

ဟန်ချက်ပျက်လာတဲ့ စိုက်ပျိုးရေး

မြန်မာနိုင်ငံက စိုက်ပျိုးရေးလုပ်ငန်း အများစုဟာ ရာသီဥတုကို အဓိက မှီခိုစိုက်ပျိုးတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ဒါကို မိုးကောင်းသောက်စိုက်ပျိုးရေးစနစ်လို့ခေါ် ကြပါတယ်။ ဦးလှစိုးတို့ နေထိုင်တဲ့ အပူပိုင်းဒေသမှာဆိုရင်လည်း မိုးကောင်းသောက် စိုက်ပျိုးရေးစနစ်ကို အများစု အသုံးပြုကြပြီး ဆီထွက်သီးနှံတွေကို အဓိက စိုက်ပျိုးကြပါတယ်။

အပူပိုင်းဒေသဟာ မြို့နယ်ပေါင်း ၅၃ မြို့နယ်ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ မ္တနလေးတိုင်းဒေသကြီး အနောက်ဘက်ပိုင်းနဲ့ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတစ်ခု လုံးနီးပါးဟာ အပူပိုင်းဒေသထဲမှာပါဝင်တယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြ ပါတယ်။ နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံခန့် မှီတင်း နေထိုင်နေတဲ့ ဧရိယာကြီးဖြစ်ပြီးစတုရန်းမိုင်ပေါင်း ၃၃,၅ဝဝ ကျော် ကျယ်ဝန်းတယ်လို့ မြန်မာသတင်း အချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) မှာ ဖော်ပြတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးရေး လုပ်ငန်းခွင်တွေဟာ မိရိုးဖလာစိုက်ပျိုးနည်းစနစ်ကနေ မပြောင်းလဲနိုင်သေးပေမယ့်နိုင်ငံရဲ့ ရာသီဥတုကတော့ အကြီးအကျယ် ပြောင်းလဲသွားပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ရာသီဥတုဟာ၁၉၈ဝ ဝန်းကျင်ကာလတွေကတည်းက ပြောင်းလဲလာနေခဲ့တာဖြစ်ပါတယ်။ သိသာတဲ့ ရာသီဥတုပြောင်းလဲမှုကို ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းကတည်းက ရင်ဆိုင်လာနေရတယ်လို့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေက ပြောကြတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားနေရတဲ့ နိုင်ငံတွေရဲ့စာရင်းကို နှစ်စဉ်ပြုစုထုတ်ပြန်ပေးနေတ ဲ့ GERMANWATCH အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို တစ်ကမ္ဘာလုံးမှာ ဟေတီနိုင်ငံ ပြီးရင် ဒုတိယ အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံဖြစ်နေပြီး၂ဝ၁၄ အရှေ့ပိုင်းကာလ အနှစ်၂ဝအတွင်းမှာ နာဂစ်မုန်တိုင်း အပါအဝင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးစတဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ၄၁ ကြိမ် ခံစားခဲ့ရတယ်လို့ဆိုတယ်။

အဲဒီအတောအတွင်းမှာ သဘာဝဘေးကြောင့် ပျမ်းမျှ တစ်နှစ်ကိုလူပေါင်း ၇,၁ဝဝ ကျော် သေဆုံးခဲ့ရပြီး နှစ်စဉ် စုစုပေါင်းပြည်တွင်းထုတ်ကုန်ပမာဏရဲ့ တစ်ရာရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ အထက်ပါအဖွဲ့ရဲ့ ကမ္ဘာအနှံ့ရာသီဥတု ဘေးအန္တရာယ် အညွှန်းကိန်း (Global Climate Risk Index – 2016)အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မိုးနည်းလွန်းတဲ့အပူပိုင်းဒေသမှာဆိုရင် ရာသီဥတုပြောင်း လဲမှုတွေက မိုးခေါင်တာ၊ မိုးရွာရင်လည်း မိုးရေ အလွန်များပြားပြီး ရေကြီးတာနဲ့ စံချိန်တင်တဲ့ အပူချိန်တွေ ဖြစ်ပေါ်လာတာတွေ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Myanmar Climate Change Alliance – MCCA) ရဲ့ အဆိုအရ ၂ဝ၁၅ မိုးရာသီတစ်ခုတည်းမှာပင် နိုင်ငံတစ်ဝန်းမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၁ ဒသမ ၆ သန်းလောက်ဟာ နေရင်းဒေသကနေ ရွှေ့ပြောင်းပေးခဲ့ကြရတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူပေါင်း ၁၃ဝ ကျော်လောက် သေဆုံးခဲ့ရပြီး ဆုံးရှုံးပျက်စီးမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်လောက်ရှိပါတယ်။ စိုက်ပျိုးမြေ စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းလောက်လည်း ပျက်စီးခဲ့ရပါတယ်။

MCCA ဟာ မြန်မာနိုင်ငံရဲ့ ရာသီဥတုဆိုင်ရာတုံ့ပြန်မှု အစီအစဉ်တွေ၊ မူဝါဒတွေနဲ့ နည်းပညာဆိုင်ရာ အကြံဉာဏ်တွေ ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ဒီအဖွဲ့ကို အစိုးရရဲ့ ဌာနဆိုင်ရာတွေ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းစုဖွဲ့စည်းထားပြီး နေပြည်တော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှာ ရုံးခန်း ဖွင့်လှစ်ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုတွေအရ နောက် သုံးနှစ်ကျော်အတွင်းမှာ နိုင်ငံတစ်ဝန်း အပူချိန်တိုးမြင့်မှုဟာ ဝ ဒသမ ၄ ကနေ ဝ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဖို့ ရှိပါတယ်။ ဒါ့အပြင် ၂ဝ၅ဝ အရောက်မှာတော့ ဝ ဒသမ ၈ ကနေ ၁ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာမယ်လို့ MCCA က ဆိုပါတယ်။

အပူချိန်တိုးမြင့်လာမှုတွေကြောင့် စိုက်ပျိုးရေးကဏ္ဍထိခိုက်ပြီး စားနပ်ရိက္ခာဖူလုံမှုအပေါ် အကျိုးသက်ရောက်ခံစားရမယ်လို့  MCCA အဖွဲ့က သတိပေးထားပါတယ်။

MCCA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါဝင်တဲ့ အပူချိန် တိုး မြင့်လာနိုင်ခြေတွေနဲ့ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးချစ်ကျော်က အခုလို ရှင်းပြတယ်။

”အပူချိန် တစ်ဒီဂရီစင်တီဂရိတ် တိုးမယ်ဆိုတဲ့ အဓိပ္ပာယ်က ပူခြင်း၊ အေးခြင်း ကွာခြားချက်တွေမြင့်လာမယ်။ နေ့အပူချိန်နဲ့ ညအပူချိန်တွေ ပြောင်းလဲလာမယ်။ အဲဒီလိုဖြစ်လာတာတွေက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်သက်ရောက်လာစေမယ်”

ဒါ့အပြင် ဒီတွက်ချက်ထားမှုတွေဟာ တစ်နိုင်ငံလုံးက ဒေသအသီးသီးမှာ တိုးလာနိုင်တဲ့ ပျမ်းမျှအပူချိန်သာ ဖြစ်ပြီး တကယ်မြေပြင်မှာ အပူဒဏ်ကို ခံစားရတဲ့အခါ ဒေသတစ်ခုနဲ့ တစ်ခု ပြင်းထန်မှုချင်း မတူညီနိုင်ဘူးလို့ သူက ဆက်ရှင်းပြတယ်။

”တစ်ဒီဂရီစင်တီဂရိတ် တက်လာမယ်ဆိုတာသည် တစ်ပဲတက်တာလို့ ဆိုလိုတာမဟုတ်ဘူး။ ဒီဟာရဲ့ အဓိပ္ပာယ်က အလွန်ပူတဲ့နေ့တွေ၊ အလွန်အေးတဲ့နေ့တွေ ဖြစ်လာမယ်လို့ အဓိပ္ပာယ်ရတယ်” လို့ ရှင်းပြတယ်။

သူက မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးဖြစ်သလို မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဖွံ့ဖြိုးမှုစီမံကိန်းရဲ့ ဒုတိယစီမံကိန်းမန်နေဂျာအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

မုတ်သုန်ရက်တွေတိုလာတော့ ဘာဖြစ်လာမလဲ

မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍကို အဓိက အထောက်အပံ့ပေးတဲ့ မုတ်သုန်ရာသီချိန် (မိုး တွင်းကာလ မိုးရွာချိန်) ကျုံ့လာခြင်းနဲ့အတူ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲသွားတာတွေဟာလည်း နိုင်ငံအတွင်းက မိရိုးဖလာနည်းနဲ့ စိုက်ပျိုးကြတဲ့ အများစုသော စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်သက်ရောက်လာမယ်လို့ ရာသီဥတုပညာရှင်တွေက သုံးသပ်ပါတယ်။

”ရာသီဥတုပြောင်းလဲနေတာကို ခံစားနေရတာဟာ တစ်ပြည်လုံးပါပဲ။ မုတ်သုန်အဝင် နောက်ကျတာမျိုးတွေဟာ တစ်ပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စ။ စိုက်ပျိုးရေးသမားတွေ အကုန်လုံး ကသိကအောက် ဖြစ်ကြရတာပါပဲ”လို့ မိုးလေဝသပညာရှင် ဦးချစ်ကျော်က ရှင်းပြတယ်။

မြန်မာနိုင်ငံမှာ သုံးလလောက်နဲ့ရိတ်သိမ်းနိုင်တဲ့ သက်နုစပါးတွေလည်း စိုက်ပျိုးကြပေမယ့် နိုင်ငံအတွင်းက စိုက်ပျိုးနေတဲ့ စပါးမျိုးတွေရဲ့ ရိတ်သိမ်းချိန်အထိ ပျမ်းမျှစိုက်ပျိုးမှုသက်တမ်းဟာ ရက်ပေါင်း ၁၃ဝ လောက်ရှိပါတယ်။

၁၉၆၁ မှ ၁၉၉ဝ အထိ နှစ်သုံးဆယ် ကာလအတွင်း မြန်မာနိုင်ငံဟာ မုတ်သုန်မိုးကို ပျမ်းမျှအားဖြင့် တစ်နှစ်မှာ ၁၄၄ရက် လောက်အထိရခဲ့တဲ့အတွက် စပါးစိုက်ပျိုးဖို့ အဆင်ပြေခဲ့တယ်။

ဒါပေမဲ့ ၁၉၈၁ ကနေ ၂ဝ၁ဝ အထိ နှစ်သုံးဆယ်ကာလ တွက်ချက်မှုအရတော့ ပျမ်းမျှ မုတ်သုန် မိုးရွာသွန်းရက်ဟာ၁၂၁ ရက် အထိ လျော့ကျလာခဲ့တယ်လို့ ဦးချစ်ကျော်က ရှင်းပြတယ်။

”အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေလို (မိုးရွာသွန်းရက်) ၁ဝ၁ ရက်၊ ၁ဝ၂ ရက်တို့သာဖြစ်ခဲ့ရင် ဒီစပါးတွေ ဘယ်လိုနေမလဲ။ လိုအပ်တဲ့ မိုးမရတော့ဘူး”လို့ ဦးချစ်ကျော်က ရှင်းပြတယ်။

အချိန်အခါနဲ့ လုံလောက်တဲ့ မိုးရေကို မရရှိတဲ့အခါ စပါးပင်တွေရဲ့မျိုးအောင်မှုနှုန်းတွေ ကျဆင်းပြီး သီးသမျှစပါးနှံဟာ အဖျင်းများတဲ့စပါးနှံတွေ ဖြစ်လာလိမ့်မယ်လို့ သူက ရှင်းပြတယ်။

အခုနောက်ပိုင်းကာလတွေမှာ မိုးရေဟာ တစ်ရက်အတွင်း အလုံးအရင်းနဲ့ ရွာချတတ်ပြီး မိုးပြတ်တဲ့အခါမှာလည်း ရက်သတ္တပတ်နဲ့ချီပြီး ကြာမြင့်လာတာတွေရှိတာကြောင့် စိုက်ပျိုးရေးသမားတွေအတွက် ရေသွင်း၊ ရေထုတ်ကိစ္စတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်ရတယ်လို့ သူက ဆိုပါတယ်။

”ရွာချလာရင်လည်း ကန်သင်းကျိုးအောင်ရွာတယ်။ မရွာတော့ဘူးဆိုရင်လည်း ပပ်ကြားကိုအက်ရော”လို့ မူမမှန်တော့တဲ့ ရာသီဥတုအခြေအနေကို ဦးချစ်ကျော်က ရှင်းပြတယ်။

ပြည်ပက ဆန် တင်သွင်းရတော့မလား

ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် တစ်ဖက်မှာ စိုက်ဧကတွေ လျော့ တာ၊ အထွက်နှုန်းတွေကျတာကို ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။

နောက်ပိုင်းမှာ တိုးပွားလာနိုင်တဲ့ နိုင်ငံလူဦးရေအတွက် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဟာ လောက်ငဖူလုံမှုရှိ၊ မရှိ ဆိုတာဟာ အနာဂတ် စားနပ်ရိက္ခာဖူလုံရေး ပြဿနာရဲ့ စိန်ခေါ်နေတဲ့ အပိုင်းလို့ စားနပ်ရိက္ခာကျွမ်းကျင်သူတွေနဲ့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေက သတိပေးတယ်။

ကမ္ဘာ့လူဦးရေတိုးပွားမှုနှုန်း ကို ခန့်မှန်းတွက်ချက်ထုတ်ပြန်ပေးနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ၂ဝ၂ဝ မှာ မြန်မာနိုင်ငံလူဦးရေဟာ ၅၆ သန်းကျော်ဖြစ်လာမှာဖြစ်ပြီး ၂ဝ၃ဝ မှာ သန်း ၆ဝ ကျော် ရောက်လာမှာဖြစ်ပါတယ်။ ၂ဝ၅ဝ အရောက်မှာတော့ လူဦးရေဟာ ၆၄ သန်းနီးပါး ဖြစ်လာမှာပါ။

ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးအဆင်မပြေ ဖြစ်နေတဲ့ အချိန်တစ်ဖက်မှာ နိုင်ငံလူဦးရေဟာ တဖြည်းဖြည်းတိုးပွားလာနေတာကြောင့် ဒီပြဿနာဟာ ”အကြီးမားဆုံး စိန်ခေါ်မှု”လို့ ဦးချစ်ကျော်က ပြောပါတယ်။

”လူဦးရေတိုးပွားမှုနှုန်းက ရပ်မနေဘူး။ ပလပ်မြေတွေ များလာတယ်။ စပါးအထွက်နှုန်းတွေကျလာတယ်။ တစ်ဖက်က လူဦးရေကတက်လာတယ်။ စားအိုးတွေက တဖြည်းဖြည်း ကြီးလာတယ်ဆိုရင် (အခြေအနေတစ်ခုမှာ) ကျွန်တော်တို့ဆီက ထွက်တဲ့စပါးဟာ ကျွန်တော်တို့ လူဦးရေအတွက်တောင် မလောက်တော့ဘူး ဖြစ်လာမယ်”လို့ ဦးချစ်ကျော်က ပြောပြီး အခုလို ဆက်ပြောတယ်။

”ဒါကို သိမြင်ပြီးတော့ ဆိုင်ရာ ဆိုင်ရာ လူတွေ ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ နိုင်ငံအုပ်ချုပ်သူရော၊ စိုက်ပျိုးရေးနဲ့ သက်ဆိုင်သူတွေရော။ ပါဝင်ပတ်သက်သူ အားလုံးဟာ ဒီပြဿနာကို စဉ်းစားကြဖို့လိုမယ်။ မဟုတ်ဘူးဆိုရင် ၂ဝ၂၅၊ ၂ဝ၃ဝ ရောက်ရင် ကျွန်တော်တို့ ဆန်ကို ပြန်ပြီးတင်သွင်းရလိမ့်မယ်”

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကတော့ ရာသီဥတုပြောင်းလဲလာမှုရဲ့ အကျိုး ဆက်အဖြစ် ကုန်ခဲ့တဲ့ ငါးနှစ်အတွင်း စိုက်ပျိုး ဧက ကျဆင်းလာပေမယ့် အထွက်နှုန်းကတော့ ”ပြောပလောက်အောင် ပြောင်းလဲမှုမရှိပါဘူး”လို့ ပြောတယ်။

ပြည်သူ့လွှတ်တော်၊ သုတေသနရုံးက မတ်လအတွင်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံစပါးနှင့် သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းဆိုင်ရာအချက်အလက်များ အစီရင်ခံစာမှာတော့ အဓိကသီးနှံဖြစ်တဲ့ စပါးထုတ်လုပ်မှုဟာ ၂ဝ၁ဝ မှာ ၃၂,၅၈ဝ မက်ထရစ်တန်ရှိခဲ့ပေမယ့် ၂ဝ၁၅ မှာတော့ ၂၈,၁၉ဝ မက်ထရစ်တန်အထိ၊ ၁၄ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းလာခဲ့တယ်လို့ ဖော်ပြတယ်။

ကုန်သည်အသင်းအဖွဲ့တွေရဲ့အဆိုအရတော့လက်ရှိမှာကိုပဲ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ငရုတ်နဲ့ ကြက်သွန်လို စားသောက်ကုန်တွေကို ပြည်ပကနေ ပြန်လည်တင်သွင်းနေရပါပြီ။

ပင်လယ်ရေ မြင့်တက်တော့ ဘာဖြစ်မလဲ

စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသဆိုရင် ပင်လယ်ဆားငန်ရေ တွေ ကုန်တွင်းပိုင်းကို တိုးဝင်လာနေတဲ့ ရာသီဥတုအပြောင်းအလဲနဲ့လည်းကြုံတွေ့လာနေရတယ်လို့ စားနပ်ရိက္ခာနဲ့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေက သတိပေးတယ်။

ရေငန်တွေ ကုန်းတွင်းကို တိုးဝင်လာတာဟာ ရေချိုငါးမျိုးစိတ်တွေ ပျောက်ကွယ်မျိုးတုံးစေတဲ့ အကြောင်းတရားတစ်ခုလည်းဖြစ်တာကြောင့် စားနပ်ရိက္ခာဖူလုံမှုပြဿနာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းတစ်ခု ဖြစ်တယ်လို့ ဦးဘော်ဘီက သတိပေးတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေကြောင့် အဏ္ဏဝါဗေဒဇီဝ မျိုးစိတ်တွေ လျော့ကျလာခဲ့သလို အလွန်အကျွံ ငါးဖမ်းဆီးမှုတွေကြောင့်လည်း ငါးသယံဇာတ ဆုံးရှုံးလာနေတဲ့အတွက် နိုင်ငံရဲ့အစားအသောက်ဖူလုံရေးကိုပါ ထိခိုက်လာနေတယ်လို့ရေသယံ ဇာတစီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေကလည်း ထောက်ပြနေပါတယ်။ (လျော့ကျလာနေတဲ့ ငါးသယံဇာတအကြောင်းကို ‘ငါး သယံဇာတ အချိန်မီ ထိန်းသိမ်းကြ‘ ဆောင်းပါးကို မော်ကွန်း မဂ္ဂဇင်း၊ အမှတ်(၄၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။)

ဦးဘော်ဘီကတော့ ရေငန်တွေ ဝင်ရောက်လာမှုဟာ ရေသယံဇာတ အရင်းအမြစ်တွေအပြင် ”သီးနှံစိုက်ပျိုးရေးမှာလည်း ပြဿနာရှိတယ်။ အရေးကြီးဆုံးတစ်ခုကတော့ သောက်သုံးရေ”လို့ ပြောပါတယ်။

ရခိုင်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ ပင်လယ်ရေ မြင့်တက်မှုတွေ၊ ဆားငန်ရေတိုးဝင်တာတွေနဲ့ ရေကြီးတာတွေကို ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကပြဿနာများအဖြစ် ရင်ဆိုင်ရမယ်လို့ ၂ဝ၁၂ မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေဆောင်ရွက်နိုင်ရေး (National Adaptation Programme of Action – NAPA) အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၁ဝဝ အထိ ရာသီဥတုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုတွေအရ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေမြင့်တက်နိုင်ခြေဟာ အမြင့်ဆုံး လက်မ ၃ဝ ကျော်ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံ အပါအဝင် ဒေသဆိုင်ရာ ပင်လယ်ရေပြင် မြင့်တက်နိုင်ခြေဟာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေပြင်မြင့်တက်မှုနှုန်းရဲ့ ၁ဝ ရာခိုင်နှုန်း(၃ လက်မ) လောက်ကို ခံစားရနိုင်ခြေရှိနေတယ်လို့ MCCA အဖွဲ့က ခန့်မှန်း တွက်ချက်ထားတယ်။

တကယ်လို့ ပင်လယ်ရေပြင် မြင့်တက်မှုက လက်မ ၂ဝ ခန့် ဖြစ်လာမယ်ဆိုရင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကုန်းတွင်းပိုင်းကို ပင်လယ်ဆားငန်ရေဟာ ခြောက်မိုင်ကျော်လောက်တိုးလာမယ်လို့ ဒီအဖွဲ့က ခန့်မှန်းတွက်ချက်ထားတယ်။

မုန်တိုင်း

ဒါ့အပြင် ဆိုင်ကလုန်းမုန်တိုင်းတွေဟာလည်း မြန်မာနိုင်ငံကို ပိုမိုဝင်ရောက်လာသလို ရေကြီးမှု၊ မုန်တိုင်း ဒီရေမြင့်တက်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကိုလည်း ပိုမိုကြုံလာကြရတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းခွင်တွေဟာ ထိခိုက်လာနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

NAPA ရဲ့ ၂ဝ၁၂ အစီရင်ခံစာမှာတော့ ဆိုင်ကလုန်းမုန်တိုင်းတွေဟာ မြန်မာ့ကမ်းရိုးတန်းကို ယခုနောက်ပိုင်း ကာလတွေအတွင်း နှစ်စဉ်ဝင်ရောက်လာနေတာကို တွေ့ရှိရပြီး ၂ဝ ရာစုအတွင်း မုန်တိုင်းဖြစ်ပေါ်မှုဟာ သုံးနှစ်တစ်ကြိမ်နှုန်းရှိတယ်လို့ ဖော်ပြထားတယ်။

MCCA ရဲ့ အစီရင်ခံစာအရ ၁၈၈၇ ကနေ ၂ဝ၁၅ အထိ မြန်မာနိုင်ငံကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် မှာ အပူပိုင်းမုန်တိုင်းပေါင်း ၁,၃ဝဝ ကျော်ဖြစ်ပွားခဲ့တဲ့အနက် မြန်မာနိုင်ငံကမ်းရိုးတန်းကို မုန်တိုင်းအလုံး ၈ဝ ရောက်ရှိလာခဲ့တယ်လို့ဆိုတယ်။ ဒီအရေအတွက်ကို ပျမ်းမျှတွက်ကြည့်ရင် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအလုံး ၁ဝဝ ဖြစ်ပေါ်တိုင်း မြန်မာနိုင်ငံကို ၁၆ လုံးခန့် ဝင်လာနေတယ်ဆိုတဲ့ သဘောပါ။

လွန်ခဲ့တဲ့ ကိုးနှစ်ကျော်က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာသမိုင်းတစ်လျှောက် အဆိုးရွားဆုံးမုန်တိုင်းတစ်ခုပါ။ လူပေါင်း ၁၄ဝ,ဝဝဝ ကျော် ပျောက်ကွယ် သေဆုံးပြီး အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

တချို့မုန်တိုင်းတွေက မြန်မာနိုင်ငံကို တိုက်ရိုက်မဝင်ပေမယ့် အဲဒီဒဏ်ကိုခံရတာတွေလည်းရှိတယ်။ ဥပမာ – ၂ဝ၁၅ ရေကြီးမှုနဲ့ မြေပြိုမှုဘေးဒဏ်ဟာ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့မုန်တိုင်းနဲ့ ဆက်စပ်ပါတယ်။

”ဒီရာသီဥတုပြောင်းလဲနေမှုကို မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ အစိုးရအနေနဲ့ လုပ်ဖို့လိုနေပြီ။ ရာသီဥတုပြောင်းလဲမှုကို ခံစားနေရတဲ့သူတွေအတွက် အချိန်အကြာကြီး မရှိတော့ဘူး”လို့ NAG အဖွဲ့က အမှုဆောင်အရာရှိချုပ် ဦးဘော်ဘီက သတိပေးတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသတွေ ဖြစ်တဲ့ မွန်၊ ရခိုင်ဒေသ၊မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မ္တနလေး၊ မကွေးဒေသတွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမို ကြုံနေရတယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းခွင်တွေဟာ မိုးရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်တဲ့ သဘာဝဘေးကို အများဆုံး ခံစားနေရပြီး သဘာဝဘေးအန္တရာယ် အမျိုးအစားအလိုက် ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် သက်ရောက်နေသလဲဆိုတာကိုတော့ (ဝန်ကြီးဌာနမှာလည်း)စာရင်းပြုစု တွက်ချက်ထားတာမျိုး မရှိသေးဘူးလို့ ဦးမျိုးတင့်ထွန်းက ဆိုပါတယ်။

ကုန်ခဲ့တဲ့ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ် တစ်နှစ်တည်းမှာပဲ သဘာဝဘေး အန္တရာယ်ကြောင့် စိုက်ဧကလေးသိန်းခွဲ ကျော် ပျက်စီးခဲ့ရပြီး ကျပ်သန်းပေါင်း ခြောက်သောင်းခွဲကျော် ဆုံးရှုံးမှုရှိခဲ့တယ်လို့ဦးမျိုးတင့်ထွန်းက ပြောတယ်။

ဒီနှစ် ဇူလိုင်လ အစပိုင်းကတည်းက ရွာသွန်းတဲ့မိုးကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ လူပေါင်းတစ်သိန်းသုံးသောင်းကျော်ဟာလည်း ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရပါတယ်။

ဇူလိုင်အစပိုင်းက ရွာတဲ့ မိုးကြောင့် တစ်နိုင်ငံလုံးမှာ စိုက်ဧက ငါးသိန်းကျော် ရေလွှမ်းခံထားရပြီး ဇူလိုင် ၂၈ ရက်အထိ စာရင်းအရ တစ်ဝက်ခန့် ရေပြန်ကျခဲ့ကာ ဧက ရှစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ သြဂုတ် ၁ ရက်က ဆက်သွယ်မေးမြန်းမှုကို ဦးမျိုးတင့်ထွန်းက ရှင်းပြတယ်။

မူဝါဒတွေ အမြန်အကောင်အထည်ဖော်ဖို့ လို

အစိုးရဟာ MCCA နဲ့ ပူးပေါင်းပြီး အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒကို ရေးဆွဲပြီးဖြစ်သလို ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာလုပ်ငန်း အစီအစဉ် (၂ဝ၁၆-၂ဝ၃ဝ) ကိုလည်း ရေးဆွဲနေတာရှိပါတယ်။

ဒါပေမဲ့ မူဝါဒရေးဆွဲနေတဲ့ အဆင့်မှာသာရှိသေးပြီး လက်ရှိ မြေပြင်မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ အဆင့်အထိ မရောက်သေးတာကြောင့် စိုက်ပျိုးရေးသမားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စားနပ်ရိက္ခာပညာရှင်တွေနဲ့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေက ထောက်ပြကြတယ်။

”မဟာဗျူဟာအဆင့်တော့ ရောက်လာပြီ။ ဒါက ဗျူဟာပဲ ရှိသေးတယ်။ တကယ့် အလုပ်မဟုတ်ဘူး။ ဗျူဟာပြီးရင် ပေါ်လစီ၊ ပြီးရင် ပရိုဂရမ်၊ ပြီးရင် အက်ရှင်။ အဲဒီလိုမျိုးတွေအထိ ဖြစ်လာမှ တကယ် လုပ်ဆောင်ပြီးဆိုတဲ့ အပိုင်းကို ရောက်လာမှာ။ အခုဟာကတော့ စစဉ်းစားနေပြီဆိုတဲ့ အပိုင်းမှာပဲရှိသေးတာပေါ့”လို့ အစိုးရပိုင်းက ဆောင်ရွက်နေတဲ့ ရာသီဥတုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်ကို ဦးဘော်ဘီက သုံးသပ်တယ်။

နောက် မြန်မာနိုင်ငံက ကြုံတွေ့နေရတဲ့ရာသီဥတုပြောင်းလဲမှုဟာ တောင်ပေါ်ဒေသ၊ အလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဒေသဆိုပြီး မတူညီတဲ့ နေရာတွေကို အခြေခံနေတာကြောင့် ”ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်တုံ့ပြန်မယ့် မဟာဗျူဟာတွေကို ရေးဆွဲတဲ့အခါ နိုင်ငံအဆင့်မှာပဲ မဟာ ဗျူဟာ ရှိရုံနဲ့မရဘူး”လို့ ဦးဘော်ဘီက ထောက်ပြတယ်။

သက်ဆိုင်ရာ တိုင်းဒေသနဲ့ ပြည်နယ်အလိုက် ကိုယ့်ဒေသမှာ ကြုံတွေ့နိုင်တဲ့ ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ရေး မဟာဗျူဟာတွေလည်း ရေးဆွဲအကောင်အထည်ဖော်မှရမယ်လို့ သူက ဆို ပါတယ်။

”တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လုပ်နိုင်မှ လုပ်ငန်းစဉ်တွေဟာ မြန်ဆန်လာမှာ။ အခုထက်ထိတော့ ဒီလိုအဆင့်တွေကို မရောက်သေးဘူး”လို့ ဦးဘော်ဘီက သုံးသပ်တယ်။

ဒေသအလိုက် မတူညီတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျရောက်မှု အခြေပြမြေပုံတွေကို ရေးဆွဲထားနိုင်မှ ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုကို မြန်မြန်ဆန်ဆန်တုံ့ပြန်မှုနဲ့ ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်နိုင်မယ်လို့ ဦးချစ်ကျော်က အကြံပြုပါတယ်။

”ဒီလိုတွေ ကြိုတင်ပြင်ဆင်ပေးနိုင်ရင် ဆင်းရဲသားပြည်သူ လူထုရဲ့ ပိုင်ဆိုင်မှု ဥစ္စာဓနတွေ ဆုံးရှုံးမှု သက်သာသွားမယ်။ ဒီလို ဆိုရင် သူတို့အတွက် နိုင်ငံတော်က ခေါင်းမခဲရတော့ဘူး”လို့ သူက ပြောပြတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် နှစ်စဉ် အစိုးရအသုံးစရိတ်ရေးဆွဲ တဲ့အခါ ရာသီဥတုတုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ရန်ပုံငွေကိုလည်း စနစ်တကျ လျာထားသတ်မှတ် လာနိုင်မယ်လို့ ဦးချစ်ကျော်က ဆက်ပြောတယ်။

”အခုက သဘာဝဘေးကျရောက်လာတဲ့အခါ ကူညီပေးဖို့ ရန်ပုံငွေဆိုတာတော့ ရှိတယ်။ မဖြစ်ခင်မှာ ဘေးအန္တရာယ်လျော့ပါးရေးအတွက် လုပ်ဆောင်မယ့် ဘတ်ဂျက်ဆိုတာမရှိဘူး။ ဒါကို လျာထားသင့်တယ်။ ပြောင်းလဲတယ်ဆိုရင် အရင်က ဘတ်ဂျက် ငွေစာရင်းမှာ ဒီခေါင်းစဉ် မရှိခဲ့ဘူး။ အခုထည့်”လို့ ဦးချစ်ကျော်က အကြံပြုတယ်။

ဦးမျိုးတင့်ထွန်းကတော့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေစေမယ့် သီးနှံပုံစံပြောင်းလဲတာ၊ မျိုးပြောင်းလဲတာ(ဥပမာ-ဆားငန်ခံ၊ ရေငတ်ခံ၊ ရေမြုပ်ခံ စပါးတွေ ထုတ်ပေးတာ)၊ သုတေသနတွေ ဆောင်ရွက်တာတွေကို ဌာနအနေနဲ့ လုပ်နေတာရှိတယ်လို့ ဆိုတယ်။

ဒါပေမဲ့ ဌာနမှာ လူ့စွမ်းအား အရင်းအမြစ်မလုံလောက်တာ၊ နိုင်ငံတော်က ချမှတ်ပေးတဲ့ ရန်ပုံငွေ သတ်မှတ်ချက် အတွင်းသာ ဆောင်ရွက်ရတာကြောင့် ”တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြုံတွေ့ခံစားနေရတဲ့ စိုက်ပျိုးထုတ်လုပ်သူ အားလုံးထံ နည်းပညာ ပြန့်စေနိုင်ခြင်း မရှိသေးပါဘူး”လို့ သူက ဆိုတယ်။

ပြဿနာကြီးတွေ လာတော့မယ်

ဒီနိုင်ငံဟာ စားနပ်ရိက္ခာဖူလုံမှုနဲ့ လိုအပ်ချက်နှစ်ခုစလုံး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကို နိုင်ငံရပ်ခြားတင်ပို့ရောင်းချနေတဲ့အတွက် ဖူလုံတယ်လို့ ပြောလို့ရပေမယ့် တစ်ပြိုင်နက်မှာ နိုင်ငံတကာစားနပ်ရိက္ခာ အကူအညီပေးရေးအဖွဲ့ အစည်းတွေဟာ အခြေစိုက်ရုံးဖွင့်လှစ်အကူအညီ ပေးနေရတာကြောင့် ဒေသအလိုက် စားနပ်ရိက္ခာ မဖူလုံတဲ့နိုင်ငံတစ်ခုလည်း ဖြစ်နေပြန်တယ်လို့ ပညာရှင်တွေက ထောက်ပြကြတယ်။

အစားအသောက် မဖူလုံတဲ့ ဒေသတွေထဲမှာ အပူပိုင်းဇုန်လည်း ပါဝင်ပါတယ်။

အပူပိုင်းဇုန်မှာ နေထိုင်သူ ၄ဝ ရာခိုင်နှုန်းလောက်ဟာ တောင်သူတွေဖြစ်ပြီး ၆ဝ ရာခိုင်နှုန်းလောက်ဟာ မြေယာမဲ့တွေဖြစ်ကာ မြေပိုင်ရှင်တွေအပေါ် မှီခိုလုပ်ကိုင် စားသောက်နေကြတာ ဖြစ်တယ်လို့ ဦးဘော်ဘီက ဆိုပါတယ်။

မြေယာရှိတဲ့ ၄ဝ ရာခိုင်နှုန်းသော လူတွေဟာ ကျန်တဲ့ ၆ဝ ရာခိုင်နှုန်းကို တစ်နှစ်ပတ်လုံး အလုပ်အပြည့်အဝ မပေးနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ရွှေ့ပြောင်းသွားလာ ရှာဖွေစားသောက် နေရတာဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာမဖူလုံမှုကို ပြသနေတဲ့ ဖြစ်ရပ်တွေလို့ ဦးဘော်ဘီက ရှင်းပြတယ်။

”အဲဒီဖြစ်ရပ်တွေဟာ အလယ်ပိုင်းဒေသမှာ စားနပ်ရိက္ခာမလုံခြုံဘူးဆိုတဲ့ ဖြစ်ရပ်ရဲ့ အကောင်းဆုံး တိုင်းတာနိုင်တဲ့ ဖြစ်ရပ်တွေပဲ။ တကယ်လို့ စားနပ်ရိက္ခာသာ အဲဒီဒေသမှာ ဖူလုံတယ်ဆိုရင် အဲဒီက လူတွေဟာ ဘယ်မှသွားမှာ မဟုတ်ဘူး။ ဘယ်သူမဆို ကိုယ့်အိမ်မှာပဲ ကိုယ်နေချင်ကြတာချည်းပဲလေ”လို့ ဦးဘော်ဘီက ဆက်ပြောတယ်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ထဲက လွန်ကြယ်-ဒိန်ကန်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်စန်းပုတို့မိသားစုဆိုရင် သူတို့ရဲ့ ဆယ်ဧကရှိတဲ့ မြေပဲစိုက်ခင်းက မိသားစု စားဝတ်နေရေးကို လုံလောက်အောင် မထောက်ပံ့နိုင်တာကြောင့် သားတစ်ဦးကို မလေးရှားနိုင်ငံ၊ အခြားနှစ်ဦးကို ရန်ကုန်မြို့ကို ပို့ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရတယ်။

”ရာသီဥတုက မမှန်၊ အထွက်နှုန်းက မကောင်းတော့ ရှုံးနေတာ အခုဆိုရင်နှစ်မိုးရှိသွားပြီလို့”အသက် ၅ဝ အရွယ် သားသမီးငါးယောက်ရဲ့ မိခင် ဒေါ်စန်းပုက အိမ်ဘေးက နွားတင်းကုပ်နားမှာ ထိုင်ရင်းက ညည်းညူတယ်။

ဆယ်ဧကရှိတဲ့ သူ့ရဲ့ မြေပဲစိုက်ခင်းအတွက် ပေါင်းနုတ် အလုပ်သမားစရိတ်၊ ထွန်စက်ခ၊ မျိုးရင်းဖိုးငွေနဲ့ မြေသြဇာ အသုံးစရိတ်တွေပါ ထည့်ပေါင်းရင် တစ်ရာသီကို ကျပ် ၁၅ သိန်းလောက် ရင်းရပေမယ့် ပြန်ရတဲ့အမြတ်ဟာ ”တချို့နှစ်တွေမှာ အရင်းတောင် မရတာတွေရှိတယ်”လို့ ဒေါ်စန်းပုက ရှင်းပြတယ်။

အရှုံးပေါ်လွန်းတာကြောင့် သူတို့ရွာက ယာသမားတွေဟာ စိုက်ပျိုးရေးလုပ်ငန်းကို မလုပ်ချင်တော့ဘဲ ရှိတဲ့ ယာမြေတွေကို ရောင်းချချင်ပေမယ့် ”ဝယ်မယ့်သူတောင်မရှိဘူး”လို့ ရွာရဲ့ အခြေအနေကို ရှင်းပြတယ်။

ဒေါ်စန်းပုတို့ဒေသဟာ မကွေးတိုင်းထဲက အခြားနေရာတွေထက် ပိုပြီး မိုးခေါင်တာကြောင့် မိုးနှမ်းစိုက်ပျိုးလို့ မရဘဲ ရေနည်းနည်းရရုံနဲ့ အပင်ရှင်သန်နိုင်တဲ့ မြေပဲကို မိုးရာသီမှာ အဓိက အားထားစိုက်ပျိုးကြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် မြေပဲနုတ်ချိန်(ရိတ်သိမ်းချိန်)ကာလမှာ ရုတ်တရက် ရွာလာတဲ့မိုးရေဟာ များလွန်းတာကြောင့် မြေပဲခင်းတွေ ရေမြုပ်၊ မြေပဲဥတွေ ပုပ်ကုန်တာကြောင့် သူတို့ ရွာသားတွေ အဆုံးအရှုံးကြီးခဲ့ကြတယ်လို့ ဒေါ်စန်းပုက ပြောပြတယ်။

”မိုးက ရွာပြီဆိုရင်လည်း တအား၊ ပူပြီဆိုရင်လည်းတအား၊ ဘယ်လိုမှ စိုက်လို့ပျိုးလို့ မကောင်းဘူး”လို့ ဒေါ်စန်းပုက ပြောပြတယ်။

သူတို့ ရွာဝန်းကျင်က စိုက်ကွင်းတွေကို လေ့လာကြည့်တဲ့အခါ အပေါ်ယံမြေလွှာဟာ ခြောက်သွေ့နေပြီး ပင်လယ်ကမ်းခြေက သဲတွေလို ဖွေးဖွေးလှုပ်နေတာကိုတွေ့ရတယ်။

”အခုရွာမှာ တချို့က စိုက်တိုင်းရှုံးနေတော့ မစိုက်ချင်ကြတော့ဘူး၊ မြေတွေကို လှပ်ထားတဲ့သူတွေ များလာပြီ”လို့ ဒေါ်စန်းပုက စိုက်ပျိုးရေးအခြေအနေကို ရှင်းပြတယ်။ မော်ကွန်းကလည်း ရွာဝန်းကျင်ကို လေ့လာကြည့်တဲ့အခါ မစိုက်မပျိုးဘဲ ပစ်ထားတဲ့ ယာခင်းအချို့ကို တွေ့ခဲ့ရပါတယ်။

ရာသီဥတုဖောက်ပြန်တာကြောင့် စိုက်ခင်းတွေပျက်၊ အထွက်နှုန်းတွေ ကျတဲ့အပြင် သီးနှံဈေးနှုန်းတွေပါ ကျဆင်းလာတဲ့အတွက် ပိုမိုအခက်အခဲဖြစ်ပေါ်လာရတယ်လို့ ဒေါ်စန်းပုက ရှင်းပြတယ်။

ကုန်းကြီးရွာက ဦးလှစိုးဆိုရင် ဆီထွက်သီးနှံစိုက်ပျိုးပေမယ့် သူ့အခင်းက ပဲဆီ၊နှမ်းဆီကို မစားနိုင်တော့တာဟာ အနှစ်၂ဝ လောက်ရှိခဲ့ပြီလို့ ဆိုတယ်။

အစိုးရက ထုတ်ချေးပေးတဲ့ စိုက်စရိတ်ချေးငွေဟာ လုံလောက်မှုမရှိတဲ့အပြင် နောက်ပါကျနေတဲ့အတွက် အခြားသူတွေဆီက ချေးငှားစိုက်ပျိုးရတာတွေကို ပြန်ဆပ်နိုင်ဖို့ ”ထွက်သမျှ အကုန် ဒိုင်ပို့ရတယ်။ ကိုယ်တွေလည်း စားအုန်းဆီနဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့” လို့ဦးလှစိုးက ရယ်ကျဲကျဲနဲ့ ပြောပါတယ်။

ဦးလှစိုး တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ အပူပိုင်းဒေသက တောင်သူအများစုဟာလည်း သူ့လိုပဲ ဆီထွက်သီးနှံတွေကို သူတို့စားသောက်ဖို့ မချန်နိုင်ဘဲ ရောင်းချနေကြရတယ်လို့ ပြောပါတယ်။

ရာသီဥတုမမှန်တဲ့အတွက်ကြောင့်တောင်သူတွေ ဆုံးရှုံးနေရတာတွေ လျော့နည်းသွားအောင် ရာသီဥတုဆိုင်ရာ သီးနှံအာမခံစနစ်တွေကို အစိုးရအနေနဲ့ ဖော်ဆောင်ပေးထားသင့်တယ်လို့ ဦးဘော်ဘီက အကြံပြုတယ်။

ဇွန် ၁၂ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ လယ်ဝေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် ပြည်ထောင်စုအစိုးရက သီးနှံအာမခံစနစ် ဖော်ဆောင်ဖို့ အဆိုတင် သွင်းရာမှာ လွှတ်တော်က အတည်ပြုပေးခဲ့တာ ရှိပါတယ်။

ရာသီဥတုပြောင်းလဲလာနေတာဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းပေါ်မှာ သက်ရောက်မှု ရှိနေတဲ့အတွက် ဒီပြဿနာဖြစ်တာကို လက်ခံပြီး တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ စီမံချက်တွေ၊ ဘတ်ဂျက်ရေးဆွဲမှုတွေ သေချာလုပ်ပြီး တုံ့ပြန်ဖို့လိုတယ်လို့ ဦးချစ်ကျော်ကပြောတယ်။

နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်နေတဲ့ ဒီ ပြဿနာကို ကြိုတင်ပြင်ဆင်မတုံ့ပြန်ဘူးဆိုရင်တော့ ၂ဝ၂ဝ အလွန်ကာလတွေမှာ ဒီနိုင်ငံဟာ ကြီးမားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဦးချစ်ကျော်ကပြောပါတယ်။

ပြီးတော့ သူက အခုလို သတိပေးတယ်။

”ဆန်အိုးကြီးပါ၊ ဆီအိုးကြီးပါဆိုပြီး ကြွေးကြော်နေတဲ့ နိုင်ငံဟာ ဆန်အိုးကြီး မှောက်သွားတဲ့၊ ဆီအိုးကြီး မှောက်သွားတဲ့ နိုင်ငံဖြစ်သွားမယ်လို့ ကျွန်တော် သတိပေးချင်တယ်”

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."