မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှု တည်ဆောက်မှုအားကောင်း ဖို့၊ ခြစားမှုတွေကို တိုက်ဖျက်ဖို့နဲ့ ပွင့် လင်းမြင်သာမှု ဖော်ဆောင်ဖို့ အတွက် သတင်းအချက်အလက် ရရှိပိုင်ခွင့် ဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ လိုနေပါ တယ်။ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ သတင်းအချက်အလက် ရရှိပိုင် ခွင့်ဆိုင် ရာ ဥပဒေတစ်ခုဖြစ်ပေါ်လာဖို့ နိုင်ငံအနှံ့ က အရပ်ဘက်အဖွဲ့အစည်းတွေကို အမြင်ဖွင့် သင်တန်းတွေ လုပ်ဆောင် ပေးနေတဲ့ ပြည်ကြီးခင်အဖွဲ့ မှ အုပ်ချုပ် မှု ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့တာတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မော်ကွန်း။ ။ သတင်းအချက်အလက်ရရှိပိုင်ခွင့်ဥပဒေ (Right To Information Law – RTI ) ဆိုတာ ဘယ်လို ဥပဒေမျိုးလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ အထူးသဖြင့်တော့ နိုင်ငံသား တွေမှာ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုတာ သူ တို့ရဲ့ နိုင်ငံသားအခွင့်အရေး ဖြစ်တယ်။ လူ့အခွင့် အရေးရှုထောင့်ကဆိုလည်း ဒီကိစ္စကို လူတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်အနေနဲ့ သတ်မှတ်ထားတယ်။ ဒီလို သတ်မှတ်တာက ကုလသမဂ္ဂအဖွဲ့အစည်းကြီးက သတ်မှတ်ထားတာပေါ့။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတိုင်းဟာ သတင်း အချက် အလက်ရပိုင်ခွင့်ရှိတယ်။ အထူးသဖြင့် အစိုးရထံက သတင်း အချက်အလက်တွေကိုပေါ့။ အစ်မတို့နိုင်ငံဆိုတာက သတင်း အမှောင်ချထားတဲ့ ခေတ်မှာ အကြာကြီးနေထိုင်ခဲ့ရတယ်။ သတင်း အမှောင်ချတဲ့ခေတ်မှာနေရတဲ့အပြင် များသောအားဖြင့် ပြည်သူ တွေဟာ ကောလာဟလတွေမှာ မူတည်ကျင်လည်ခဲ့ကြရတယ်။
အဲဒါတွေကြောင့် အစိုးရဆီက သတင်းအချက်အလက် ရပိုင်ခွင့်ဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာကို တောင် မသိလောက်အောင် လူတွေဟာ ဖြစ်ခဲ့ရတယ်။
သတင်းအချက်အလက်ရပိုင်ခွင့်ကို ဥပဒေတစ်ခုပြုပြီး သတင်းအချက်အလက်ရအောင်လို့ တော်တော်များများနိုင်ငံ တွေမှာ ဘာကြောင့်လုပ်သလဲဆိုရင် ဥပမာ- စစ်အစိုးရခေတ် ကနေ ဒီမိုကရေစီနိုင်ငံကို အသွင်းကူးပြောင်းလာတဲ့နိုင်ငံတွေမှာဆိုရင် အစိုးရနဲ့ နိုင်ငံသားတွေရဲ့ကြားထဲ ယုံကြည်မှုတည် ဆောက်တဲ့အခါမှာ နိုင်ငံသားတွေအနေနဲ့ ကိုယ့်အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို သေချာအောင် ဥပဒေနဲ့ပြဋ္ဌာန်းဖို့ တောင်းဆိုကြ တယ်။ ဒါကြောင့် ဒီလိုဥပဒေတွေ ဖြစ်လာတယ်။
ဒီဥပဒေတွေကို စခဲ့တာက အနောက်နိုင်ငံတွေက စတင်ခဲ့ တာ။ ဥရောပနိုင်ငံတွေက စခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အာရှဘက်မှာလည်း ဒီလို ဥပဒေတွေဟာ ရှိသင့်တယ်ဆိုပြီး ဖြစ် လာကြတယ်။ ဘာကြောင့် ဖြစ်လာသလဲဆိုရင် စစ်အုပ်ချုပ်ရေးက နေ ဒီမိုကရေစီကို ကူးပြောင်းတဲ့နိုင်ငံတွေမှာ နိုင်ငံသားတွေဟာ ဒီမိုကရေစီကို သေချာစေဖို့အတွက် သူတို့ရဲ့ အခွင့်အရေးတွေကို အစိုးရတွေထံက တောင်းဆိုတဲ့အခါမှာ ဒီဥပဒေတွေကို သူတို့ လိုအပ်လာတာပါ။
မော်ကွန်း။ ။ မြန်မာနိုင်ငံမှာ ဒီဥပဒေက အခုလိုအချိန်မျိုးမှာ ပြဋ္ဌာန်းပေးဖို့ လိုနေပြီလား။
ဒေါ်နွယ်ဇင်ဝင်း။ ။ ဒီဥပဒေကို ဘာကြောင့်ရေးဆွဲဖို့လိုသလဲဆိုရင် ခြစားမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ ဒီဥပဒေက အရမ်းကို ထိ ရောက်တယ်။ နောက်တစ်ခါ အစိုးရနဲ့ ပြည်သူရဲ့ကြားမှာ ယုံ ကြည်မှုတည်ဆောက်တဲ့အခါမှာလည်း ဒီဥပဒေက အများကြီး အကျိုးရှိတယ်။ ခြစားမှုတိုက်ဖျက်ရေးကို လက်ရှိအစိုးရသစ်တက် လာတဲ့အချိန်မှာ သူတို့ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲမှာ ပါတယ်။
နောက် ပွင့်လင်းမြင်သာမှုရှိရေးဆိုတာကိုလည်း သူတို့ရဲ့ ဦးစား ပေးထဲမှာ ထည့်ထားတယ်လေ။ ဒီသတင်းအချက်အလက်ရရှိခွင့် ဥပဒေဟာဆိုလို့ရှိရင် ဥပမာ- အစိုးရရဲ့ သတင်းထုတ်ပြန်မှုတွေကို ပြည်သူတွေက တောင်းကြည့်တဲ့အခါမှာ သိလာမယ်။ (ဒါ ကြောင့်) ဒီဥပဒေက ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အချိန်တိုတိုအတွင်းမှာ တိုက်ဖျက်နိုင်အောင် ကူညီပေးတယ်။ အထောက်အပံ့ပေးတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေက မြန်မာနိုင်ငံအတွက် ဒီလိုအချိန်မျိုးမှာ လိုအပ်တယ်။
မော်ကွန်း။ ။ အရင်ကရော အစိုးရအနေနဲ့ ဒီလို သတင်းအချက် အလက်ရပိုင်ခွင့် ဥပဒေမျိုး ရေးဆွဲခဲ့ဖူးတာရှိလား။
ဒေါ်နွယ်ဇင်ဝင်း။ ။ ဆွဲခဲ့ဖူးတာရှိတယ်။ ဦးသိန်းစိန်အစိုးရလက် ထက်က Open Government Partnership (OGP) ဆိုတဲ့ ပွင့်လင်းအစိုးရအဖွဲ့အစည်းများဆိုတဲ့အဖွဲ့ကို ဝင်ရောက်နိုင်ဖို့ RTI Law (သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ) လိုတယ်။ ဒါက အခြေခံလိုအပ်ချက်ဖြစ်တယ်။ အဲဒီအခြေခံလိုအပ်ချက် အတွက် ဦးသိန်းစိန်အစိုးရ သက်တမ်းမှာ RTI Law တစ်ခုကို ဆွဲခဲ့တယ်။ အစိုးရအပြောင်းအလဲမလုပ်ခင် မတ်လ လဆန်းပိုင်း မှာ (အဲဒီတုန်းက) ပြန်ကြားရေးဝန်ကြီး(ဦးရဲထွဋ်)က ဒီဥပဒေကို အကြမ်းတစ်ခု ထုတ်ပြန်တယ်။
ဒါပေမဲ့ အဲဒီထုတ်ပြန်လိုက်တဲ့ ဥပဒေအကြမ်းက ဘာဖြစ် နေသလဲဆိုတော့ နိုင်ငံတကာမှာဆိုရင် ဒီဥပဒေမျိုးဟာ နိုင်ငံ သားအခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် ဥပဒေကို စဆွဲကတည်း က နိုင်ငံသားတွေပါရတယ်။ ဥပမာ- အရပ်ဘက် လူမှုအဖွဲ့အစည်း တွေပါရတယ်။ နောက် သတင်းမီဒီယာအဖွဲ့အစည်းတွေကလည်း ပါရမယ်။
ဒါပေမဲ့ ဒီဥပဒေအကြမ်းမှာ အဲဒါတွေ မရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ ၂ဝ၁၆၊ မတ်လဆန်းကျမှ ဒီဥပဒေကိုဆွဲပြီးပါပြီလို့ ပြန်ကြားရေး ဝန်ကြီးက ချပြတယ်။
ဒီဟာသည် လုံးဝမဖြစ်သင့်ဘူးလို့ မြင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီမူကြမ်းကို ဆွဲတဲ့အချိန်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားတာမျိုး မရှိတဲ့အတွက်။ နောက်တစ်ခုက ဒီဥပဒေ မှာ အားနည်းချက်တွေက အများကြီးပဲ ရှိနေတာကို တွေ့ရတယ်။
ခြုံပြီးကြည့်လိုက်ရင် အခု ဥပဒေအကြမ်းမှာဆိုရင် နိုင်ငံသားတစ် ယောက်ရဲ့ သတင်းအချက်အလက်ရပိုင်ခွင့်ကို အာမခံပေးထား တာမျိုး မရှိဘူး။ ဥပဒေပဲရှိနေတယ်။ ဥပမာပြောပြရရင် သတင်း အချက်အလက်ကို တောင်းခံတဲ့ကော်မတီဆိုတာ RTI ဥပဒေ တွေမှာ ရှိရတယ်။ အဲဒီကော်မတီက သတင်းအချက်အလက် တောင်းတာတွေကို စောင့်ကြည့်တယ်။ ဥပဒေကို အကောင် အထည်ဖော်တဲ့ ကော်မတီပေါ့။ သူတို့( ဦးသိန်းစိန်အစိုးရ) ချပြတဲ့ ဥပဒေကြမ်းထဲမှာ အဲဒီကော်မတီပါမလာဘူး။ နောက်အခြား အားနည်းချက်တွေလည်း ရှိတယ်။
မော်ကွန်း။ ။ OGP ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ Open Government Partnership ဆိုတာ က ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့လို့ ပြောရမှာပေါ့။ နိုင်ငံတွေရဲ့ အစိုးရတွေက စုပေါင်းပြီးတော့ ဖွဲ့စည်းထားတာပေါ့။ သူတို့က အဖွဲ့ဝင်နိုင်ငံတွေကို စိစစ်လက်ခံတယ်။ အဲဒီအဖွဲ့ကို ဝင်ချင်တဲ့ နိုင်ငံတွေက ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံတွေ ဖြစ်ရမယ်ပေါ့။
သူတို့သတ်မှတ်ထားတာက အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်တယ်ဆို ရင် အဲဒီနိုင်ငံက Accountability ဆိုတဲ့ တာဝန်ခံမှုဆိုင်ရာ စံ နှုန်းတွေ ရှိရမယ်။ Technology & Innovation ဆိုတဲ့ နည်း ပညာနဲ့ ဆန်းသစ်တီထွင်မှုတွေ ရှိရမယ်။ Citizen Participation ဆိုတဲ့ နိုင်ငံသားတွေရဲ့ ပါဝင်ပတ်သက်ခွင့်တွေ ရှိရမယ်။ Transparency ဆိုတဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိရမယ်။ အဲဒီလေးချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံတွေဆိုရင် သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ် ပေးတယ်။
လက်ရှိအချိန်အထိ OGP အဖွဲ့ဝင်နိုင်ငံအဖြစ် ၆၄ နိုင်ငံရှိ နေပြီ။ အဲဒီအဖွဲ့ကို ဝင်ချင်တဲ့နိုင်ငံက သတင်းအချက်အလက် ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရမယ်။ Right To Information ပေါ့။ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရမယ် စသဖြင့်ပေါ့။သတ်မှတ်ချက်တွေ ရှိတယ်။
မော်ကွန်း။ ။ ကျွန်တော်တို့ အစိုးရက OGP အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီ RTI ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားတယ်ပေါ့ နော်။ အဲဒီအဖွဲ့ဝင်နိုင်ငံဖြစ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေများ ရမှာမို့လို့လဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ ဦးသိန်းစိန်အစိုးရလက်ထက်က ဒီအဖွဲ့ကို ဝင် နိုင်ဖို့အတွက် ကြိုးစားခဲ့တာပေါ့။ အခု အစိုးရသစ်က ကြိုးစားနေ တာတော့ မဟုတ်ဘူး။ အရင်အစိုးရကတော့ ပွင့်လင်းမြင်သာမှု ပေါ့။ ငွေကြေးနဲ့ပတ်သက်ရင်လည်း တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိတယ်ဆိုတာကို နိုင်ငံတကာအလယ်မှာ ပြချင်တာပေါ့။ ဒီအစိုးရ သည် OGP အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ မှု၊ တာဝန်ယူမှုတွေ အားကောင်းတဲ့အစိုးရဆိုတာကို နိုင်ငံတကာ ကို ပြချင်တာကြောင့်လို့ မြင်တယ်။
ဥပမာ-အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် OGP ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံပဲ ရှိသေး တယ်။ ကျန်တဲ့နိုင်ငံတွေ မဖြစ်သေးဘူး။ အဲဒီလို အဖွဲ့ဝင်ဖြစ်နေတဲ့ နိုင်ငံတွေက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရ၊ ပွင့်လင်းမြင်သာ မှုရှိတဲ့ အစိုးရဆိုပြီး နိုင်ငံတကာအလယ်မှာ မျက်နှာရတာပေါ့။
အဲဒီအဖွဲ့ဝင်ဖြစ်နေတဲ့အတွက် စီးပွားရေးရင်းနှီးမြှုပ်နှံမှု တွေမှာပဲ ဖြစ်ဖြစ်ပေါ့။ OGP အဖွဲ့ဝင် အစိုးရတစ်ရပ်ဟာ တာဝန် ခံမှု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလာတယ်ပေါ့။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ တွေ ပိုယုံကြည်စေတယ်ပေါ့။ ပိုပြီးတော့ ဦးစားပေးတဲ့ နိုင်ငံတွေ ဖြစ်လာတယ်ပေါ့။ OGP အဖွဲ့ဝင်ဖြစ်ရင် အဲဒီလို အကျိုးလေးတွေ ရှိတာပေါ့။
နောက်တစ်ခုက အဲဒီအဖွဲ့မှာ အမေရိကန်တို့၊ ပြင်သစ်တို့၊ အင်္ဂလန်တို့က ပါဝင်တယ်။ အဲဒီလိုနိုင်ငံကြီးတွေရဲ့ ခေါင်းဆောင် တွေနဲ့ အဖွဲ့ဝင်ဖြစ်သွားရင် အစည်းအဝေးတွေမှာ တစ်သားတည်း တွေ့ဆုံဆွေးနွေးခွင့်တွေ ရမယ်ပေါ့။ OGP အဖွဲ့ဝင်နိုင်ငံအချင်း ချင်းဆိုရင် အခြားအစည်းအဝေးတွေလိုမဟုတ်ဘဲ ရင်းရင်းနှီးနှီး လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်တွေ ရတယ်။ အဲဒီတော့ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေကို ဆွေးနွေးတဲ့အခါမှာ နိုင်ငံကြီးတွေက ခေါင်းဆောင်တွေနဲ့ ပိုပြီးလွယ်ကူတယ်လို့ ထင်တဲ့အတွက်ကြောင့်၊ ယူဆတဲ့အတွက်ကြောင့် အစိုးရတွေက အဲဒီအဖွဲ့ကိုဝင်ဖို့ ကြိုး စားကြတယ်။ အထူးသဖြင့် Legitimacy (တရားဝင်ဖြစ်တာ) ဖြစ်ချင်တာပေါ့။
မော်ကွန်း။ ။ အဲဒီဥပဒေအကြမ်းမှာ သတင်းအချက်အလက်ပေး ရာမှာ ‘အများပြည်သူ သိသင့်သိထိုက်သော’ဆိုတဲ့ အသုံးအနှုန်း မျိုးတွေ ရေးထားတာကို တွေ့ရတယ်။ ဒါပေမဲ့ အများပြည်သူ သိ သင့်သိထိုက်သော သတင်းအချက်အလက်ဆိုတာ ဘယ်လိုဟာ မျိုးတွေဆိုတာကို သေချာအဓိပ္ပာယ်ဖွင့်ထားတာမျိုးတော့ မတွေ့ မိဘူး။ အဲဒီတော့ တကယ့်စံနှုန်းမီတဲ့ RTI Law တစ်ခုဆိုတာ ဘယ်လိုမျိုးလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ ဟုတ်တယ်။ အဲဒီလိုအရေးအသားတွေက စံမီ တဲ့ ဥပဒေမျိုး မဟုတ်ဘူးပေါ့။ အဓိက အရေးကြီးတာက နိုင်ငံ သားတစ်ဦးက သတင်းအချက်အလက်တောင်းလို့ရှိရင် အဲဒီ ဥပဒေကို အကောင်အထည်ဖော်မယ့် ကော်မတီပေါ့။ လွတ်လပ် တဲ့ ဒီဥပဒေကို စောင့်ကြည့်အကောင်အထည်ဖော်ပေးမယ့် ကော် မတီရှိမနေတာပေါ့။ နိုင်ငံတော်တော်များများမှာတော့ RTI ဥပဒေမှာ အဲဒီကော်မတီ ရှိနေတယ်။
အဲဒီကော်မတီသည် လွှတ်တော်တစ်ရပ်ရပ်ကနေပြီးတော့ လွတ်လပ်စွာ ဖွဲ့စည်းပေးထားတဲ့ ကော်မတီအဖွဲ့မျိုးပေါ့။ နိုင်ငံ သားတစ်ဦးက သူ့ကို သတင်းအချက်အလက်မပေးဘူးဆိုလို့ ရှိ ရင် အဲဒီအဖွဲ့အစည်းကို သွားပြောနိုင်တယ်။
ဒါပေမဲ့ (ဦးသိန်းစိန်အစိုးရလက်ထက် ထုတ်ပြန်ခဲ့သည့်) ဒီ ဥပဒေကြမ်းထဲမှာကျတော့ တကယ်လို့ သတင်းအချက်အလက် မရဘူးဆိုရင် ရှေ့နေကတစ်ဆင့် တရားရုံးမှာ သွားပြောလို့ရတယ် ဆိုပြီး ပါနေတယ်။ ဒီလိုပြဋ္ဌာန်းချက်သည် တကယ့်လက်တွေ့ အခြေအနေမှာ မဖြစ်နိုင်ဘူး။ နိုင်ငံသားတစ်ဦးဟာ သတင်း အချက်အလက်ကလေးရဖို့အတွက် တရားရုံးကို မသွားနိုင်ကြပါ ဘူး။ နောက်တစ်ချက်က အဲဒီဥပဒေကြမ်းမှာ တောင်းနိုင်တယ်လို့ ပဲ သုံးထားတယ်။
အဲဒီမှာလည်း နိုင်ငံတော် အထင်ကရပုဂ္ဂိုလ်၊ နာမည်ကြီး တဲ့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လာရင် ထုတ်ပေးခွင့်ကို ငြင်းပိုင်ခွင့်ရှိ တယ်ဆိုတဲ့ ပုံစံမျိုးတွေကို သက်ရောက်နေတဲ့ စကားလုံးတွေ လည်းပါနေတယ်။ ဆိုလိုတာက မပေးချင်ဘူးဆိုလို့ရှိရင် အဲဒီ အကြောင်းပြချက်က တိတိကျကျဖော်ပြထားတာမဟုတ်တဲ့ အတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေရဲ့သတင်းအချက်အလက်ကို သိ ချင်တယ်ဆိုလို့ရှိရင် တောင်းလို့ မရဘူးဆိုတဲ့သဘောမျိုး ဖြစ်နေတယ်။
မော်ကွန်း။ ။ အဲဒီဥပဒေကြမ်းမှာပဲ သတင်းအချက်အလက် တောင်းခံခွင့်ကို ‘နိုင်ငံသား’ဆိုတာမျိုး သုံးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံထဲမှာပဲ နေထိုင်နေပေမယ့် နိုင်ငံသားမှတ်ပုံ တင်မရသေးတဲ့ တိုင်းရင်းသားတွေအများကြီး ရှိနေပါသေးတယ်။ ဆိုတော့ နိုင်ငံထဲမှာနေထိုင်နေပေမယ့် နိုင်ငံသား မှတ်ပုံတင် မရှိ တဲ့သူတွေက သတင်းအချက်အလက် တောင်းခွင့်မရှိသလို ဖြစ် နေတယ်။ အဲဒီတော့ ဒီဥပဒေကြမ်းဟာ သတင်းအချက်အလက်ရရှိပိုင်ခွင့်အတွက် အလုပ်လုပ်လို့ရတဲ့ဥပဒေတစ်ခုရော ဖြစ်လာ နိုင်သေးလား။
ဒေါ်နွယ်ဇင်ဝင်း။ ။ သတင်းအချက်အလက ်ရရှိပိုင်ခွင့် ဥပဒေအသစ် တစ်ခုကို ရေးဆွဲသင့်တယ်လို့ မြင်တယ်။ အသစ်ရေးဆွဲတဲ့နေရာ မှာလည်း လူထုတွေရဲ့ အမြင်ကို ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ခွင့်ပေး သင့်တယ်။ ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ ပါဝင်သင့်တယ်။ မီဒီယာ သမားတွေလည်း ပါရမယ်။ မီဒီယာအနေနဲ့ ပါဝင်သင့်တဲ့အပိုင်း နှစ်ခုရှိတယ်လို့မြင်တယ်။ တစ်ခုက ကိုယ်တိုင် ဥပဒေရေးဆွဲတဲ့ အခါမှာ ပါဝင်သင့်သလို တစ်ခုကတော့ ဒီဥပဒေကို လူတွေ သေသေချာချာ နားလည်လာအောင် ပြောပြပေးရမယ်။ အခု ဥပဒေ အကြမ်းကိုပဲ အစိုးရဘက်က ပြန်လည်ပြင်ဆင်ရေးဆွဲလာရင် လည်း လူတွေ ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် ပညာပေးတာ တွေ လုပ်ပေးရမယ်။ ဒါပေမဲ့ ဒီဥပဒေက အသစ်တစ်ခုလို ပြန်ရေး ဆွဲသင့်ပါတယ်။ နောက် ဘက်ပေါင်းစုံက လူထုလူတန်းစားတွေ ပါဝင်သင့်တယ်။
အာရှမှာ RTI ဥပဒေတွေ အများကြီးရှိတယ်။ ဥပမာ-ယိုး ဒယား(ထိုင်းနိုင်ငံ)မှာ ရှိတယ်။ ဒါပေမဲ့ အဲဒီမှာဆိုရင် ဥပဒေပဲ ရှိတယ်။ အကောင်အထည်ဖော်မှု အားနည်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်နဲ့ ပဲ တိုင်ပင်ရေးဆွဲထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် မရှိ ဘူး။ အဲဒီအတွက် လူတွေလည်းမသိကြဘူး။ မသိတော့ သတင်းအချက်အလက်တောင်းရမယ်ဆိုတာလည်း မသိတော့ဘူး။ တချို့ နိုင်ငံတွေကျတော့လည်း ဥပဒေပဲ ဆွဲထားပြီးတော့ ဒါကို အသက် ဝင်အောင် မကြိုးစားတဲ့ဟာတွေလည်း ရှိတယ်။
မြန်မာနိုင်ငံအနေနဲ့တော့ ဥပဒေရှိလာမယ်ဆိုရင် ဒီဥပဒေဟာ သတင်းအချက်အလက်ရပိုင်ခွင့်ကို အာမခံချက်ပေးပြီး တကယ်လည်း အကောင်အထည်ဖော်လို့ရတဲ့ ဥပဒေမျိုးပဲ လိုချင် တယ်။ အိန္ဒိယမှာဆိုရင် အရမ်းအောင်မြင်တယ်။ ဘာကြောင့်လဲ ဆိုရင် စကတည်းကိုက သူတို့က အောက်ခြေလူထုလူတန်းစား တွေဆီက လာတယ်။ နောက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်တွေပါတယ်။ တကယ်အကောင်အထည်ဖော်တဲ့နေ ရာမှာလည်း လူထု၊ အဖွဲ့ အစည်းတွေက အများကြီးစောင့်ကြည့် အကောင်အထည်ဖော်တဲ့အခါကျတော့ သတင်းအချက်အလက် တောင်းတဲ့သူတွေ များတာပေါ့။ ဒီဥပဒေရဲ့အနှစ်သာရက သတင်းအချက်အလက်တောင်းတဲ့သူ မများရင် အကောင် အထည် မပေါ်ဘူး၊ မအောင်မြင်ဘူးလို့ ပြောလို့ရတာပေါ့။
မော်ကွန်း။ ။ RTI Law နဲ့ ပတ်သက်ရင် အစိုးရဘက်ရဲ့ လှုပ်ရှား မှုတွေကရော အခု ဘယ်လိုရှိနေပါသလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ အစိုးရဘက်က လှုပ်ရှားမှုက အခုအချိန်ထိ တော့ မရှိဘူး။ ဒါပေမဲ့ (အရင်အစိုးရလက်ထက်) အဲဒီ ဥပဒေ ကြမ်းအတွက် လုပ်ဆောင်တဲ့ပွဲတုန်းကတော့ အစ်မတို့ကို ဖိတ်ပါ တယ်။ သူတို့က ဘယ်လို ဖိတ်သလဲဆိုရင် အစ်မတို့က ဒီဥပဒေ ပေါ်ထွက်လာရေးလုပ်နေတဲ့အတွက် အဲဒီဥပဒေမူကြမ်းကြီးကို ပေးပြီးတော့ အကြံပြု ချက်ပေးပါလို့ တောင်းတယ်။ ဒါပေမဲ့ မူ ကြမ်းက လက်ထဲကို ရောက်လာတဲ့အချိန်က သုံးရက်ပဲ ရှိသေး တယ်။ အဲဒါကြောင့် အစ်မတို့အနေနဲ့က အကြံပြု ချက်ဆိုတာက ကိုယ့်တစ်ယောက်တည်းကလည်း ပေးလို့မရဘူး။
အဲဒါကြောင့် ဒီဥပဒေကြမ်းကို အကြံပြု ချက်ပေးဖို့ အစ်မ တို့မှာ အဆင့်သင့်မဖြစ်သေးဘူးလို့ ပြောလိုက်တယ်။ အဆင့်သင့် မဖြစ်သေးဘူးဆိုတာက ဒီဥပဒေကိုလည်း အများပြည်သူကို ချမပြရသေးဘူး။ အဲဒါကြောင့် ဒီဟာကို သဘောထားမှတ်ချက် ပေးနိုင်အောင်၊ အကြံပြု ချက်ပေးနိုင်အောင် အဆင်သင့်မဖြစ် သေးဘူးပေါ့။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲတွေ မလုပ်သေးဘဲနဲ့ ဒီဥပဒေကို အတည်မပြုပါနဲ့လို့ အဲဒီတုန်းကတော့ ပြောခဲ့တယ်။
မော်ကွန်း။ ။ ကောင်းမွန်တဲ့ RTI ဥပဒေရလာပါပြီတဲ့။ သာမန် ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုများ အကျိုးရှိမှာလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ဒီဥပဒေ ကို သိဖို့တော့လိုတယ်။ ဥပမာ- သာမန်ပြည်သူတစ်ယောက်အနေနဲ့ သူနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်ကို လိုချင်တယ်ဆိုရင် တောင်းပိုင်ခွင့် ဒီဥပဒေအရ ရှိတယ်။ သာမန်ပြည်သူတစ်ယောက် က စီးပွားရေးလုပ်မယ်ပေါ့။ စက်သုံးဆီဆိုင်ဖွင့်မယ်ပေါ့။ အဲဒီမှာ သူက သိချင်တယ်။ အစိုးရက ဒီမြို့နယ်တစ်ခုမှာ ဆီဆိုင် ဘယ်နှခု ခွင့်ပြုထားပြီး နောက်ထက် ဘယ်နှဆိုင်များ ထပ်မံခွင့်ပြုဦးမလဲ ဆိုတာ သူက သိချင်တယ်ပေါ့။ အဲဒါဆိုရင် သူ့အနေနဲ့ စာရေးပြီး တောင်းဆိုလို့ ရတယ်။
ဥပမာ-အစိုးရအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံတွေမှာ အခမဲ့လို့ ပြောထားမယ်။ ဒါပေမဲ့ ပြည်သူတစ် ယောက်က သွားကုသတဲ့အခါမှာ မရဘူး။ မရခဲ့ဘူးဆိုရင် ပြည် သူတစ်ယောက်အနေနဲ့ အစိုးရကို ဆေးရုံတွေမှာ အလကားပံ့ပိုး ပေးတဲ့ ဆေးတွေအကြောင်း၊ ငွေကြေးဘယ်လို ချထားပေးသလဲ ဆိုတာတွေကို မေးလို့ရတယ်။ အဲဒီမှာ အစိုးရက ဘယ်လောက် ချထားပေးပါတယ်ဆိုတာကို ပြန်ဖြေရမယ်။ အဲဒီအခါမှာ အစိုးရ က ပိုက်ဆံချထားပေးပေမယ့် အောက်ခြေမှာ မခံစားရပါဘူးဆို တာကို ပြန်ပြောလို့ ရတာပေါ့။
မော်ကွန်း။ ။ အစ်မတို့အနေနဲ့ လွှတ်တော်ပိုင်းကိုရော ဒီဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လို ချဉ်းကပ်ဆောင်ရွက်နေတာမျိုး ရှိပါသလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ လောလောဆယ်မှာတော့ လွှတ်တော်ကိုယ် စားလှယ်တွေကို Advocate (ထောက်ခံမှုပေးဖို့) လုပ်နေတာမျိုး မရှိသေးဘူး။ ဒါပေမဲ့ အစ်မတို့ အခု စဉ်းစားတာကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အမြင်ဖွင့်သင်တန်းတွေ ပေး တဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် လွှတ်တော်အမတ် တွေကိုပါ ထည့်သွင်းပြီးတော့ ဆွေးနွေးဖို့၊ ထည့်သွင်းအမြင်ဖွင့် ဖို့တော့ စဉ်းစားထားတယ်။ အဲဒီလိုလုပ်ရင် လွှတ်တော်အမတ် တွေကိုယ်တိုင် ဒီဥပဒေကို သိလာမယ်။ များများသိလာလေ၊ များ များ ကောင်းလေပေါ့။
ဒါပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို ၂ဝ၁၇ အစပိုင်းမှာတော့ လုပ်သွားဖို့ ရှိပါ တယ်။ အဲဒီမှာ ဒီဥပဒေဟာ ဘာကြောင့် လိုအပ်တယ်။ အထူး သဖြင့် ခြစားမှုတွေကို ဘယ်လို တိုက်ဖျက်နိုင်တယ်ဆိုတာတွေ ပြောသွားဖို့ ရှိတယ်။
မော်ကွန်း။ ။ အခု ပြည်သူ့အစိုးရ၊ ဒီမိုကရေစီအစိုးရလို့ ပြော လာတဲ့အခါ ပြည်ထောင်စုလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တွေကရော ဒီလို ဥပဒေဟာ အရေးကြီး တယ်ဆိုတာ မသိကြဘူးလားဗျ။ သူတို့ အာရုံမစိုက်သင့်ဘူး လားဗျ။
ဒေါ်နွယ်ဇင်ဝင်း။ ။ အာရုံစိုက်သင့်တာပေါ့။ ဒါပေမဲ့ အာရုံမစိုက် ဘူးလားလို့ မေးရင်တော့ သူတို့အနေနဲ့ အာရုံစိုက်နေတယ်လို့ ပြောကောင်း ပြောမှာပေါ့။ နောက်တစ်ခုက လွှတ်တော်ကိုယ် စားလှယ်တွေမှာ ဦးစားပေး အခြားဥပဒေတွေ အများကြီး ရှိနေ တယ်။ ဒါကြောင့် အစ်မတို့အနေနဲ့ မျှော်လင့်တာကတော့ ဒီ ဥပဒေကို ဒီအစိုးရ သက်တမ်း ငါးနှစ်ပေါ့နော်။ အထူးသဖြင့် အခု NLD အစိုးရ ဖြစ်နေတဲ့ ငါးနှစ်ကာလအတွင်းမှာ ဒီဥပဒေပေါ် ပေါက်လာဖို့ မျှော်လင့်ထားတယ်။ ဒီဥပဒေက နိုင်ငံတော်အစိုးရ က မဖြစ်မနေလုပ်ပေးရမယ့်ဟာ။ နိုင်ငံသားက လုပ်ပေးရမှာ မဟုတ်ဘူး။
မော်ကွန်း။ ။ အဲဒါဆိုရင် ဒီ RTI ဥပဒေက လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ ဦးစားပေးဥပဒေတွေထဲက နံပါတ်တစ် မဖြစ်သင့်ဘူး လားဗျ။ ဘာကြောင့်လဲဆိုရင် ဒီဥပဒေက ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မှာ အရေးကြီးတဲ့ ဥပဒေတစ်ခုပဲလေ။
ဒေါ်နွယ်ဇင်ဝင်း။ ။ အစ်မအနေနဲ့ကတော့ ဒီဥပဒေပေါ်ပေါက် လာဖို့က လွှတ်တော်အတွက် နံပါတ်တစ်ဖြစ်သင့်တယ်လို့ မြင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD အစိုးရအနေနဲ့ ခြစားမှု တိုက်ဖျက်ရေးကို အရေးအကြီးဆုံး ဦးစားပေးအဖြစ် လုပ်ဆောင် မယ်လို့ မဲဆွယ်ကာလကတည်းက ပြောခဲ့တယ်လေ။ ဒီဥပဒေက သူတို့ရဲ့ အဲဒီမူဝါဒကို အများကြီး အထောက်အကူပြုတယ်လေ။ နောက်တစ်ခုကတော့ ပြည်သူနဲ့ အစိုးရကြားထဲမှာ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာလဲ ဒီဥပဒေက အရေးပါတယ်လို့ မြင် ပါတယ်။
မော်ကွန်း။ ။ အခုအချိန်မှာ ဒီဥပဒေကို ပြဋ္ဌာန်းပေးဖို့ လွှတ် တော်ကို Advocate လုပ်ရင် စိတ်ဝင်စားမယ်လို့ ထင်ပါသလား။
ဒေါ်နွယ်ဇင်ဝင်း။ ။ လွှတ်တော်အမတ်တော်တော်များများသည် လူ့အခွင့်အရေးနဲ့ တိုက်ပွဲဝင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်နေသူ တွေ။ လူ့အခွင့်အရေးဆိုရာမှာ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ သတင်းအချက်အလက်ရရှိခွင့်တွေနဲ့ ပတ် သက်ပြီး ထောင်ကျခဲ့ဖူးတဲ့သူတွေဟာ လွှတ်တော်ထဲမှာ အများ ကြီးရှိတယ်။ လူ့အခွင့်အရေး အခြေခံမူတွေကို တစ်လျှောက်လုံး တိုက်ပွဲဝင်လာသူတွေဟာ အခုဆိုရင် လွှတ်တော်ထဲမှာ အများ ကြီးပဲ။ အဲဒါကြောင့် သေချာတယ်။ အဲဒီလို လုပ်ခဲ့တဲ့ အမတ်တွေ က ဒီဥပဒေ ပြဋ္ဌာန်းပေးဖို့အတွက် စိတ်ဝင်စားကြမှာပါ။
မော်ကွန်း။ ။ အဲဒါဆိုရင် အခု ဒီဥပဒေပေါ်ပေါက်လာဖို့ လှုပ်ရှား နေတဲ့ အစ်မတို့က စိတ်ဝင်စားတဲ့လူတွေရှိနေတဲ့ ဥပဒေပြဋ္ဌာန်း ပေးနိုင်တဲ့ လွှတ်တော်ကို တိုက်ရိုက်မသွားဘဲနဲ့ ဘာကြောင့် တိုင်း နဲ့ ပြည်နယ်အနှံ့မှာ အမြင်ဖွင့်သင်တန်းတွေ လုပ်နေတာလဲ။ ဒါက လိုအပ်လို့လား။
ဒေါ်နွယ်ဇင်ဝင်း။ ။ အဓိကကတော့ အစ်မတို့ရဲ့ ရည်ရွယ်ချက်က ဒီဥပဒေကို တိုင်းနဲ့ပြည်နယ်၊ နေရာဒေသအသီးသီးက လူတွေ နားလည်ပြီး ဒီဥပဒေရေးဆွဲတဲ့အခါမှာ သူတို့အနေနဲ့ RTI ဆို တာ ဘာလဲဆိုတာကို သိနေဖို့ပေါ့။ အဲဒီတော့ အစ်မတို့ သင်တန်း တွေ စစလုပ်ချင်းတုန်းကဆိုရင် RTI ဆိုတာကို မီဒီယာတွေနဲ့ သက်ဆိုင်တဲ့ဟာလို့ ထင်နေကြတာ။ အဲဒါကြောင့် အခု လုပ်နေ တာတွေက တစ်နည်းအားဖြင့် ပြောရရင် ပြင်ဆင်နေတာလို့ ပြောရင်လည်း ရပါတယ်။
အဲဒီတော့ လွှတ်တော်ကို တိုက်ရိုက်သွားလိုက်မယ်ဆိုရင် လွှတ်တော်က လူတွေပဲ သိမယ်။ တချို့အဖွဲ့အစည်းတွေကလည်း လွှတ်တော်ကို ဒီဥပဒေပြဋ္ဌာန်းပေးဖို့ တိုက်ရိုက်ပြောမယ့်၊ ဆိုမယ့် အဖွဲ့တွေလည်းရှိမှာပါ။ အစ်မတို့အနေနဲ့ကတော့ ဘာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေကို အဓိက ဦးတည်နေသလဲဆိုတာ ကတော့ တကယ်လို့ လွှတ်တော်က ဒီဥပဒေကို စတင်လုပ်ဆောင် ပြီဆိုရင် ပါချင်ရင် ပါလို့ရအောင်။ နောက်တစ်ခုက မပါရင် တောင်မှ သူတို့အနေနဲ့ ဒီဥပဒေ ဘာကြောင့် ရေးဆွဲနေတယ်ဆို တာကို သိမယ်။ ဒီလိုအမြင်ဖွင့်သင်တန်းတွေ လုပ်တာက အချိန် ယူရတယ်။ များများသွားနိုင်လေ၊ များများလူတွေ သိလေပေါ့။
တကယ်လို့ အခုလို ကြိုတင် မလုပ်ထားပေးရင် လွှတ်တော် သို့မဟုတ် အစိုးရက ဥပဒေကို ရေးဆွဲချိန်ကျမှ လူထုဆွေးနွေးပွဲ တွေ ထလုပ်မယ်ဆိုရင် ပိုမိုကြန့်ကြာမှုတွေဖြစ်နိုင်တာပေါ့။ အဓိက အစ်မတို့ အခုလို တိုင်းနဲ့ ပြည်နယ်အနှံ့မှာ RTI အမြင် ဖွင့်သင်တန်းတွေလုပ်နေတာက ဥပဒေရေးဆွဲတဲ့အခါ အများစု က သိပြီး ပါဝင်နိုင်အောင်ပေါ့။ RTI ရဲ့ အခြေခံသဘောတရား တွေကို အမြင်ဖွင့်ပေးနေတာပေါ့။
မော်ကွန်း။ ။ အခု RTI ဥပဒေ ပေါ်ထွက်လာဖို့ လှုပ်ရှားနေမှုမှာ ဘယ်လို အခက်အခဲတွေများ တွေ့ကြုံနေရတာ ရှိလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ အခက်အခဲဆိုတာက အရပ်ဘက်အဖွဲ့အစည်း တွေကို အမြင်ဖွင့် သင်တန်းတွေ ပေးနေတာကတော့ လွယ်တယ်။ အခက်အခဲက ဘာဖြစ်နေသလဲဆိုရင် အခု လွှတ်တော်အမတ်တွေ ကိုလည်း ဒီဥပဒေအကြောင်းကို သွားပြီးပြောဖို့ ပြင်ဆင်နေ တယ်။ အဲဒီလို ပြောမယ်ဆိုရင် သူတို့ဘက်က အားတဲ့အချိန်တို့၊ သူတို့ လွှတ်တော်တက်နေတာတွေတို့ကြောင့် ကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်။ အဲဒီအခက်အခဲတွေ ရှိလာနိုင်တယ်။
နောက်အခက်အခဲတစ်ခုက နေရာဒေသအတော်များများ က ဒီဥပဒေနဲ့ ပတ်သက်တဲ့ အမြင်ဖွင့်သင်တန်းတွေ လာပေးစေ ချင်ကြတယ်။ ဒါပေမဲ့ အစ်မတို့ ရောက်အောင် မသွားနိုင်သေးဘူး။ ဥပမာ- ချင်းပြည်နယ်ဆိုရင် ကုန်ခဲ့တဲ့ နှစ်ကတည်းက လာပေးဖို့ ပြောတယ်။ ကယားဆိုရင်လည်း ဒီအတိုင်းပဲ။ နောက် ကချင် ဆိုရင်လည်း တစ်ခေါက်ပဲ သွားလုပ်နိုင်သေးတယ်။ အဲဒီဆွေးနွေး ပွဲ နောက်ပိုင်း အဲဒီဒေသက ထပ်ပြီး လာပြောပေးပါဦးဆိုတာမျိုး တွေ ရှိတယ်။ ဒါပေမဲ့ မသွားနိုင်သေးဘူး။
မော်ကွန်း။ ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီဥပဒေ အကြောင်း ရှင်းလင်းပြမယ်ဆိုတာက ဘယ်လိုမျိုးလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ အစ်မတို့အနေနဲ့ ပြည်ထောင်စုအဆင့် လွှတ် တော်ကို ဒီဥပဒေအကြောင်း သွားရှင်းပြဖို့တော့ အခု အစီအစဉ် မရှိသေးဘူး။ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကိုတော့ သွား ပြီးပြောမယ်။ ဘာကြောင့် တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်တွေကို ဦးတည်သလဲဆိုတော့ ဥပမာ- အစ်မတို့က ဧရာဝတီ တိုင်းမှာဆိုရင် RTI ဥပဒေအကြောင်းကို ပြောပြီးသွားပြီ။
အဲဒီမှာ အဖွဲ့အစည်းတော်တော်များများလာတက်ကြ တယ်။ အဲဒီလူတွေက ဘာပြောသလဲဆိုတော့ ဒီဥပဒေအကြောင်း ကို သူတို့ သိပြီ။ အဲဒီအတွက် သူတို့ရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ် တွေကို ပြန်ပြောပြမယ်လို့ အဲဒီလိုတွေပြောကြတယ်။ အဲဒီမှာ အစ်မတို့က စဉ်းစားတယ်။ ဒီလို အရပ်ဘက်အဖွဲ့အစည်းတွေကျ တော့ သင်တန်းတွေပေးပြီး လွှတ်တော်ကိုယ်စားလှယ်တွေကျ တော့ မပေးထားရင် ဒီလူတွေက ကိုယ်စားလှယ်ကို သွားပြောတဲ့ အခါကြရင် ကိုယ်စားလှယ်က သိမနေတဲ့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။
ဒီလူတွေ ဘာကြောင့် ဒါကို လာပြောတယ်ဆိုတာကို လွှတ် တော်ကိုယ်စားလှယ်တွေကလည်း သိနေဖို့ လိုတယ်။ အဲဒါ ကြောင့် ဒီဥပဒေ အမြင်ဖွင့်သင်တန်းတွေ လုပ်တဲ့အခါ ပြည်နယ်နဲ့ တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေကိုပါ ထည့်ပြောသင့်တယ် လို့ စဉ်းစားတာ။
နောက်တစ်ခုက ဒီဥပဒေကို စထားတာက (အရင်အစိုးရ လက်ထက်) ပြန်ကြားရေးဝန်ကြီးဌာနက စထားတာကိုး။ အစ်မ တို့ မရှင်းတာက ပြည်ထောင်စုအဆင့်မှာဆိုရင် ဒီဥပဒေကို အစိုးရအဖွဲ့က လုပ်မှာလား၊ လွှတ်တော်က လုပ်မှာလားဆိုတာ မရှင်းဘူး။ အစိုးရက ဦးဆောင်မှာလား၊ လွှတ်တော်က ဦးဆောင် မှာလားဆိုတာကို အခုအချိန်အထိ ဘာမှ မသိရသေးဘူး။
မော်ကွန်း။ ။ ဒီဥပဒေက ပြည်သူ့မူဝါဒလို့ ဆိုတော့ ဒီလို ဥပဒေက ဝန်ကြီးဌာနက ရေးဆွဲရတာလား၊ လွှတ်တော်က ရေးဆွဲရတာ လား။ နိုင်ငံတကာမှာရော ဘယ်လို လုပ်ကြသလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ ဒေသတွင်း နိုင်ငံတွေရဲ့ RTI ဥပဒေ ရေးဆွဲမှု တွေကို လေ့လာထားပါတယ်။ အဲဒီမှာ နှစ်ပိုင်းသွားလို့ရတာကို တွေ့ရတယ်။ အစိုးရက စတဲ့ ဥပဒေတွေလည်း ရှိတယ်။ လွှတ် တော်က စတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ အဲဒီမှာ မေးကြည့်ဖြစ် တယ်။ တစ်ကမ္ဘာလုံးမှာ ရေးဆွဲထားတဲ့ RTI ဥပဒေတွေထဲမှာ အစိုးရက စဆွဲတာက ကောင်းလား၊ လွှတ်တော်က စဆွဲတာက ကောင်းလားဆိုတာ မေးကြည့်ဖြစ်တယ်။
အဲဒီမှာ ပြန်ပြောပြကြတာက ဒီကိစ္စက ရှင်းတယ်။ ဥပဒေ ကို လွှတ်တော်က စတာကောင်းတယ်။ လွှတ်တော်ဆိုတာက ပြည်သူတွေ၊ လူထုလူတန်းစားအဖွဲ့အစည်းတွေ သွားလို့၊ လာလို့ ကောင်းတဲ့၊ အဝင်အထွက်လုပ်လို့ကောင်းတဲ့ နေရာဖြစ်တယ်။ အဲဒီမှာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေလည်းရှိတယ်။ အဲဒါ ကြောင့် တစ်ကမ္ဘာလုံးက RTI တွေကို ပြန်ကြည့်ရင် လွှတ်တော် က ပြု စုတဲ့ ဥပဒေဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ပြည်သူတွေရဲ့အသံတွေ တော်တော်များများ ပါဝင်ခွင့်ရတယ်။
အစိုးရဌာနက လုပ်တာဆိုရင်တော့ အဲဒီဥပဒေရေးဆွဲချိန် မှာ လူထု၊ လူတန်းစားတွေရဲ့ ပါဝင်ခွင့်ဟာ လွှတ်တော်ကို မမီဘူး လို့တော့ RTI လေ့လာသူတွေက ပြောကြတယ်။ ဒါပေမဲ့ ဘယ် ကစတာလဲဆိုတာကတော့ နှစ်ပိုင်းစလုံးက စလို့ ရတယ်။ ဒါပေမဲ့ RTI ဥပဒေကို လွှတ်တော်က စတင်ရေးဆွဲတာကိုတော့ တော် တော်များများက သဘောကျကြတယ်။
ဒီနိုင်ငံမှာ ဒီဥပဒေကို စဆွဲမယ်ဆိုရင် အခက်အခဲတစ်ခုက ဘာလဲဆိုတော့ လျှို့ဝှက်ဆိုတဲ့ ဥပဒေတွေ ရှိတယ်။ အများကြီးပဲ။ ဒါပေမဲ့ ဒီ RTI ဥပဒေထဲမှာ ဘာပါသလဲဆိုရင် အဲဒီ လျှို့ဝှက်ဥပဒေ တွေကို ကျော်လွှားနိုင်တယ်ဆိုတာမျိုး ပါတယ်။ အဲဒီလိုပြဋ္ဌာန်း ချက်ပါရတဲ့ ဥပဒေကို အစ်မတို့ နိုင်ငံလို လျှို့ဝှက်ဥပဒေတွေရှိနေတဲ့ နိုင်ငံမှာ ဖော်ဆောင်ရတာ စိန်ခေါ်မှုတစ်ခုပေါ့။ အဲဒီလျှို့ဝှက် ဥပဒေတွေကို ဒီ RTI က ဘယ်အတိုင်းအတာအထိ ကျော်နိုင်မှာ လဲဆိုတဲ့ စိန်ခေါ်မှု။
ဘာကြောင့်လဲဆိုရင် ဒီနိုင်ငံမှာက ရုံးတွင်းစာတွေကို တောင် လျှို့ဝှက်လို့ တပ်နေကြတယ်။ အဲဒီလို ခေါင်းစဉ်တပ်ထား ရင် RTI အရ သတင်းအချက်အလက်တောင်းတဲ့အခါမှာ ပေးလို့ မရဘူးဆိုတာမျိုးတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာပေါ့။ ဒီမှာက ရုံးစာတော်တော်များများက လျှို့ဝှက်တပ်နေကြတယ်။ အစ်မတို့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကို လွှတ်တော်မှာ တောက် လျှောက် ဆွေးနွေးခဲ့တယ်။ အဲဒီဥပဒေအကြမ်းမှာတောင်မှ လျှိူ့ ဝှက်ဆိုတာမျိုး တပ်ထားတာကို တွေ့ရတယ်။ အဲဒီဟာတွေက ဒီ RTI ဥပဒေရေးဆွဲတဲ့အခါမှာ တကယ့် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်။
မော်ကွန်း။ ။ RTI နဲ့ ပတ်သက်ရင် ဘာများ ဖြည့်စွက်ပြော ချင်ပါသလဲ။
ဒေါ်နွယ်ဇင်ဝင်း။ ။ RTI က ဒီနိုင်ငံအတွက်လိုတယ်။ ဒါပေ မဲ့ ဥပဒေကို ရေးဆွဲတဲ့အခါမှာ ဒီနိုင်ငံက နိုင်ငံသားတွေရဲ့ အခွင့် အရေးကို ဥပဒေအရ အာမခံပေးနိုင်တဲ့ ဥပဒေမျိုးတော့ ဖြစ်ဖို့ လိုတယ်။ ကောင်းတဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ ကောင်းတဲ့ ဥပဒေမှာ တောင်မှ တကယ်ပြန်အသုံးချတဲ့ ဥပဒေမျိုးဖြစ်ဖို့ လိုတယ်။ ပြန် သုံးတဲ့အခါမှာ စိန်ခေါ်မှုတွေတော့ အများကြီး ရှိနိုင်ပေမယ့် တကယ်ပြန်အသုံးချလို့ရတဲ့ ဥပဒေမျိုးကို လိုချင်တဲ့အတွက် ဥပဒေရေးဆွဲတဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာ တွေ၊ ပြည်သူပြည်သားတွေရဲ့ အသံတွေကို ထည့်သွင်းစဉ်းစားပေး ဖို့လိုတယ်။ နောက် ဒီဥပဒေပြုတဲ့အခါမှာလည်း လူထုအသံ များ များပါဖို့ လိုတယ်။ ကျယ်ပြန့်တဲ့ အကြံပြုဆွေးနွေးပွဲတွေ အများ ကြီးလုပ်ဖို့ လိုတယ် ။ ။
၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈) မှ အင်တာဗျူး ဖြစ်ပါသည်။
ကျော်ဇေယျ တွေ့မေးသည်။