Photo- Khin Maung Myint
အင်နဲ့အားနဲ့ဝေဖန်မှုတွေကိုတန်ပြန်ဖို့အတွက် မြန်မာနိုင်ငံဟာ ပြဿနာတွေကို မျက်ကွယ်ပြုထားတာမဟုတ်ဘူး၊ ရင်ဆိုင်ဖို့အသင့်ပဲဆိုတာကို အလေးပေးတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဗျူဟာတွေရှိရပါမယ်
ဒေါက်တာ ဂျက်ပီလိုက်ဒါ (ရခိုင်အရေးကျွမ်းကျင်သူ)
ခင်မောင်မြင့် မေးသည်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်ကစပြီး ARSA (Arakan Rohingya Salvation Army) အကြမ်းဖက်အဖွဲ့က ရက်အတန်ကြာအကြမ်း ဖက်တိုက်ခိုက်မှုတွေလုပ်လာတဲ့နောက်ပိုင်း ရခိုင်ပဋိပက္ခဟာ ပုံစံတစ်မျိုးပြောင်းသွားခဲ့ပါတယ်။ အကြမ်းဖက် အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းတဲ့လုပ်ဆောင်မှု တွေကို “လူမျိုးတုန်းသတ်ဖြတ်မှု” တွေ ကျူးလွန်နေပါပြီဆိုပြီး နိုင်ငံတကာမီဒီယာတွေက ဝိုင်းဝန်းရေးသား ထုတ်လွှင့်ကြတဲ့အတွက် နိုင်ငံတကာ(အထူးသဖြင့် အစ္စလာမ်နိုင်ငံတွေ)က မြန်မာအစိုးရကို ဖိအားမျိုးစုံ ပေးနေကြပါတယ်။ ဒီအခြေအနေမျိုးမှာ မြန်မာအစိုးရအနေနဲ့ ဘာလုပ်သင့်တယ်၊ ဘယ်လိုပြုမူသင့်တယ် ဆိုတာနဲ့ပတ်သက်ပြီး ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်နိုင်ငံသား ဒေါက်တာဂျက်ပီလိုက်ဒါ (Jacques P. Leider) ကို မော်ကွန်းက အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ အဆိုပါ မေးမြန်းခန်းမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။
မော်ကွန်း။ ။ ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အစီရင်ခံစာထုတ်ပြန်အပြီး မကြာခင်မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ကဘာကြောင့်တိုက်ခိုက်မှုတွေလုပ်လာတာလို့ထင်ပါသလဲ။
ဂျက်လိုက်ဒါ။ ။ အာနန်အစီရင်ခံစာကပြတဲ့ မျှော်လင့်ချက်မီးပြတိုက်ကို ဖျက်ဆီးခြေမွဖို့ ရည်ရွယ်တာ ဆိုရင်တော့ ဒီတိုက်ခိုက်မှုကိုဆိုးဆိုးရွားရွား ပြစ်တင်ရှုတ်ချရမယ်။ စိတ်မကောင်းစရာက ARSA က ကော်မရှင်အစီရင်ခံစာရဲ့ရည်ရွယ်ချက်ကို အောင်အောင်မြင်မြင်နဲ့အာရုံလွှဲနိုင်သလိုပဲ။ နိုင်ငံတကာမီဒီယာ တွေက ရခိုင်ပြည်နယ်ရဲ့ရှေ့ရေးကိုမကြည့်ဘဲ အကြမ်းဖက်မှုကိုစစ်တပ်ကပြင်းပြင်းထန်ထန်တုံ့ပြန်တာ၊ ဘင်္ဂလားဒေ့ရှ်ကို လူတွေအလုံးအရင်းနဲ့ရှောင်ပြေးတာကိုပဲ တစ်ဟုန်ထိုး အသားပေးမီးမောင်းထိုးပြ နေတယ်။ ဒီအခြေအနေမှာ အစိုးရက ကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက်တွေကိုကျင့်သုံးမယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကို အလေးထားသင့်တယ်။ အခုအချိန်မှာ အလွန်အမင်းဖိအားတွေရှိနေပေမယ့် ရခိုင်ပြည်နယ်အတွက် ရေရှည်မျှော်မှန်းချက်တွေကို မစွန့်လွှတ်သင့်ဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့လူတွေရဲ့ ဘဝတိုးတက်ရေးအတွက် အားထုတ်မှုတွေကို အစိုးရကဆက်လုပ်မယ်ဆိုတဲ့သတ္တိကို ရှင်းရှင်းလင်းလင်း ပြသင့်တယ်။ ARSA က ခြိမ်းခြောက်နိုင်စားတာကို မခံသင့်ဘူး။
နယ်စပ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ထောက်ပံ့မှုမရှိဘဲ အစိုးရကဦးမဆောင်နိုင်ပါဘူး။ ဒါပေမယ့် တပ်ဖွဲ့တွေကလည်း သူတို့ရဲ့ဆောင်ရွက်ချက်တွေကို ရှင်းလင်းကာကွယ်နိုင်ဖို့ အစိုးရရဲ့ထောက်ခံမှုကို အပြည့်အဝရဖို့လိုတယ်။ ARSA အဖွဲ့ကိုနိုမ်နင်းနိုင်ရေး ဦးစားပေးပထမလုပ်မယ်၊ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ဖို့ကို နောက်မှလုပ်ဖို့ဖယ်ထားလိုက်မယ်ဆိုရင် မှားပါလိမ့်မယ်။ သိသာမြင်သာတဲ့ စီးပွားရေး၊ နိုင်ငံရေးတိုးတက်မှု လက္ခဏာတွေနဲ့ပဲ အကြမ်းဖက်သမားတွေရဲ့ ယုတ်မာတဲ့တွက်ချက်မှုကို အနိုင်ယူနိုင်မှာပါ။ ၂၀၁၃ ကတည်းက ဆွေးနွေးတင်ပြလာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ၊ လိုအပ်တဲ့ မူဝါဒတွေကို ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ ဆိုးဆိုးရွားရွားဖြစ်ရပ်တွေကြောင့် အချိန်ဆွဲမထားသင့်ဘူး။ အားထုတ်လုပ်ဆောင်မှုနှေးကွေးနေရင် အကြမ်းဖက်သမားတွေလိုချင်တဲ့ ဝါဒဖြန့်ကစားကွက်ထဲ ရောက်သွားပါလိမ့်မယ်။
မော်ကွန်း။ ။ အကြမ်းဖက်အစွန်းရောက်တွေက အဲဒီဒေသမှာ အစ္စလာမ်နိုင်ငံထူထောင်ဖို့ ရည်ရွယ်တာလို့ အစိုးရနဲ့တပ်မတော်က ပြောတယ်။ အတိတ်တုန်းကဆိုရင် ရခိုင်မြောက်ပိုင်းကို ဘင်္ဂါလီတွေက သူတို့ရဲ့နယ်မြေအဖြစ် သိမ်းပိုက်ဖို့ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ အခု သူတို့မျှော်မှန်းချက်ကို ပြန်အကောင်အထည်ဖော်နေတာလို့ ထင်ပါသလား။
ဂျက်လိုက်ဒါ။ ။ ဒီမေးခွန်းက နိုင်ငံသစ်ထူထောင်မယ့် အန္တရာယ်ကိုပြောတာ။ ရခိုင်ပြည်နယ်ပြဿနာရဲ့ အခြေခံအကြောင်းရင်းတွေထဲမှာ ဒါကတစ်စိတ်တစ်ပိုင်းပါတယ်။ ၁၉၄၀ – ၁၉၅၀ ပြည့်နှစ်ကာလတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင်နယ်မြေရရှိရေးစီမံကိန်းကို မွတ်စလင်ခေါင်းဆောင်ဂိုဏ်းအုပ်စုတစ်ခုက အင်တိုက်အားတိုက်ဆော်သြခဲ့တယ်။ သက်ဆိုးမရှည်ခဲ့တဲ့ ၁၉၆၁ – ၆၄ မေယုနယ်ခြားအစိုးရ ပေါ်ပေါက်လာခြင်းက အဲဒီတောင်းဆိုမှုတွေကို အထိုက်အလျောက်ကျေနပ်မှုပေးခဲ့တယ်။ ဒါကြောင့် ဟိုတစ်ချိန်က အဲဒီအဖြစ်အပျက်တွေနဲ့ အခုလက်ရှိဖြစ်ပျက်နေတာတွေက အတိုင်းအတာတစ်ခုအထိ တူတယ်။ အခုအချိန်ထိတော့ ARSA အဖွဲ့ဆီက အိုင်ဒီယိုလိုဂျီနဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေအရပြောဆိုတာ ဘာမှအများကြီး မကြားရသေးဘူး။
ဒါပေမယ့် ၁၉၉၀ပြည့်နှစ်တွေမှာ ရိုဟင်ဂျာပြည်ပရောက်အဖွဲ့အစည်းတွေက စစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားများတပ်ဦး၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်။ ဒါကြောင့် ၁၉၉၈ မှာဖွဲ့တဲ့ ARNO (Arakan Rohingya National Organization) လိုအဖွဲ့တွေက ဖက်ဒရယ်ဝါဒ မူဘောင်တွေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လက်ခံတယ်။ ဒါပေမယ့် မွတ်စလင်အသိုင်းအဝိုင်းဟာ ဘေးဖယ်ပထုတ်ခံရတာကြောင့် (မကြာသေးတဲ့နှစ်တွေတုန်းက နိုင်ငံသားကတ်ရရှိရေး အလွန့်အလွန် နှေးကွေးတာ၊ ကိုယ်စားလှယ်တင်မြှောက်ခွင့်ဆုံးရှုံးတာ၊ အစိုးရရဲ့မှုဝါဒ မသေချာမရေရာတာတွေ ဖြစ်လာတော့) မွတ်စလင်တချို့ဟာ မွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို ပြန်ပြီးစိတ်ဝင်စားလာတာ ဖြစ်မယ်။ ဒါက နိုင်ငံတော်စည်းလုံးညီညွတ်ရေးအတွက် အန္တရာယ်ရှိတယ်။ ဒါကို အစိုးရရော တပ်မတော်ကပါ မဖြေရှင်းဘဲထားခဲ့လို့မရဘူး။ ဒါပေမယ့် အပြည့်အဝဖြေရှင်းတယ်ဆိုရာမှာ လက်နက်ကိုင် ဖြေရှင်းမှုပိုလုပ်တာ၊ ဖိအားပိုပေးတာ၊ ပိုဖိနှိပ်တာလောက်ပဲ မဖြစ်သင့်ဘူး။ မူဝါဒကောင်းကောင်းတွေ ချမှတ်သင့်တယ်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်းမှာ ပထဝီနိုင်ငံရေးအရပြောမယ်ဆိုရင် စာရေးဆရာတချို့ပြောသလို ဥပမာ- တရုတ်နဲ့ အိန္ဒိယရဲ့ အကျိုးစီးပွားတွေကြောင့်လိုလို ရေးသားတာမျိုးနဲ့ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရနိုင်ဘူး။ ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အစ္စလာမ်အဖွဲ့အစည်းတွေအတွက် မိတ်ဖက်အဖွဲ့ တစ်ခုလို့ မြင်ကောင်းမြင်နိုင်တယ်။ ဒါပေမယ့် ကိုဆိုဗိုလိုနိုင်ငံရေးပုံစံမျိုးကို စစ်တကောင်းပြည်နယ် တောင်ဘက်မှာဖြစ်နိုင်တဲ့အလားအလာကို မြန်မာနိုင်ငံကအာဏာပိုင်တွေလိုပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း နှစ်မြို့ကြမှာမဟုတ်ပါဘူး။ နယ်မြေသစ်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပက လုံလုံလောက်လောက် ထောက်ခံဖို့ဆိုတာက ဖြစ်နိုင်ဖို့ပိုပြီးဝေးပါတယ်။
၁၉၄၀ ပြည့်နှစ်နှောင်းပိုင်းကာလတွေမှာတောင် ဒေသခံမွတ်စလင်အသိုင်းအဝိုင်းက လူဟောင်းကြီးတွေက နယ်မြေသစ်ထူထောင်ရေးကို မထောက်ခံကြဘူး။ တကယ့်အခြေအနေတွေကို မှန်မှန်ကန်ကန် အကဲဖြတ်ဖို့အတွက် နိုင်ငံတကာရိုဟင်ဂျာကွန်ယက်တွေရဲ့ ထုတ်ပြန်မှုတွေနဲ့ ရန်ကုန်နဲ့ရခိုင်မှာရှိတဲ့ ထင်ရှားတဲ့မွတ်စလင်ခေါင်းဆောင်တွေရဲ့အပြောအဆိုကို ခွဲခြားမြင်သင့်တယ်။ သူတို့မှာ ဘုံတူညီတဲ့ အကျိူးစီးပွားမရှိတဲ့အတွက် ရိုဟင်ဂျာတွေရဲ့ တစ်ခုတည်းသောရပ်တည်မှုမျိုးရယ်လို့ မတွေ့ရဘူး။ နောက်ဆုံးတော့ ARSA က သူ့ဘာသာကိုယ်ပိုင်နိုင်ငံတစ်ခုထူထောင်ဖို့ အသင့်ဖြစ်ပုံမရပါဘူး။ တချို့ထင်မြင်ချက်ပေးသူတွေက ဖိနှိပ်ခံမွတ်စလင်တွေမှာ တိုက်ခိုက်မှုကြောင့် ဆုံးရှုံးစရာ ဘာမှမရှိဘူးလို့ စောဒကတက်နိုင်တယ်။ ဒါကလက်ရည်တူတဲ့နိုင်ငံရေးကစားကွင်းမဟုတ်ဘူး။ မျှော်လင့်ချက်အိမ်မက်တစ်ခု ဖြစ်မလာဘဲ အားလုံးအတွက်အိပ်မက်ဆိုးတစ်ခု ကျိန်းသေပေါက်ဖြစ်လာမှာ။
မော်ကွန်း။ ။ ၂၀၁၂မှာ ပေါ်ပေါက်လာတဲ့ ပြဿနာဟောင်းကို အစိုးရက ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ဘူး။ လက်ရှိပြဿနာက အစိုးရအပေါ်မှာ ဘယ်လိုဖိအားအသစ်တွေ ထပ်ပြီးသက်ရောက်လာသလဲ။
ဂျက်လိုက်ဒါ။ ။ မြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာတွေအပေါ်မှာမှတ်ချက်ပေးဖို့ ဒီရက်တွေမှာ ကျွန်တော့်ကို မေးလာတဲ့နိုင်ငံခြားမီဒီယာတွေက နိုင်ငံတော်အတိုင်ပင်ခံရဲ့တိတ်ဆိတ်နေတဲ့အကြောင်းနဲ့ပဲ စကြတယ်။ ဒါကြောင့် ဖိအားအသစ်တချို့ကတော့ NLD ခေါင်းဆောင်အပေါ်နိုင်ငံတကာရဲ့စိတ်ပျက်မှုဆီက အဓိကပေါက်ဖွားလာပုံရတယ်။
ရခိုင်ပြည်နယ်ပြဿနာဟာ ၂၀၁၆ အောက်တိုဘာကတည်းက ပိုပြီးရှုပ်ထွေးလာတာဟာအဖြစ်မှန်ပါပဲ။ အဓိကတော့ နိုင်ငံရေးသောင်မတင်ရေမကျဖြစ်နေတာရယ်၊ အခုနောက်ဆုံးဖြစ်ပေါ်တဲ့ အကြမ်းဖက်လုပ်ရပ် တွေကြောင့်ပါ။ အချို့အခက်အခဲတွေက အသစ်ဖြစ်ပေါ်လာတာပါ။ အချို့ပြဿနာတွေက အခုမှဖြစ်တာတော့မဟုတ်ဘူး။ ပြဿနာအရင်းအမြစ်ကိုမကိုင်တွယ်ခဲ့လို့ဖြစ်ရတာပါ။ နယ်ခြားစောင့်တွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေလုပ်တာကို တပ်မတော်က အလုံးအရင်းနဲ့တုံ့ပြန်မှုနောက်မှာ ဆူနာမီလှိုင်းလို နိုင်ငံတကာရဲ့ကန့်ကွက်ချက်တွေက အစိုးရရဲ့ယုံကြည်ပိုင်နိုင်မှုကို ကိုင်လှုပ်လိုက်ပုံရတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောဆိုတဲ့ခိုင်မာတဲ့သတင်းစကားကို ပြင်ပကမ္ဘာဆီ မပို့နိုင်တာကြောင့်လည်း အစိုးရက ခံစစ်အနေအထားမှာရှိနေတယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖော်မှုနဲ့ပတ်သက်လို့ ရှုပ်ထွေးနေတာ၊ တိုင်ပင်နှီးနှောမှုကျယ်ကျယ်ပြန့်ပြန့်မရှိတာတွေက ဒေသတွင်းစိတ်ပျက်မှုတွေရဲ့ အဓိကအကြောင်းအရင်းပဲ။
မြန်မာနိုင်ငံမှာက ပြတ်သားတဲ့ခေါင်းဆောင်မှုကို လူထုကလေးစားတဲ့နိုင်ငံပါ။ ဒါပေမယ့် နိုင်ငံခေါင်းဆောင်မှုရဲ့အားကောင်းတဲ့အမြင်ကို စုပေါင်းလုပ်ဆောင်မှုနဲ့ဖော်ထုတ်ဖို့ လိုနေတဲ့ကမ္ဘာမှာ ကျွန်တော်တို့နေထိုင်တာပါ။ အလုပ်လုပ်နေကြောင်းပြဖို့ ကော်မတီတွေဖွဲ့တဲ့အလေ့အကျင့်က မြန်မာပြည်ရဲ့လူငယ်မျိုးဆက်ကို ကျေနပ်မှုပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက ဖိအားတွေက ရခိုင်အကြောင်းရေးသားကြတဲ့ သတင်းခေါင်းစဉ်တွေအောက်ကပဲ လာတာမဟုတ်ပါဘူး။ ပြဿနာတွေကိုဖြေရှင်းဖို့နည်းနာဟောင်းကြီးတွေက အလုပ်မဖြစ်တော့တာကြောင့် ဖိအားတွေရှိလာတာပါ။
ပြီးတော့ ဘာမှ မပြောင်းလဲတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အတွေ့အကြုံတွေကနေ လူတွေသိနေပါတယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးပွဲကို မြဝတီမီဒီယာက ကျွန်တော့်ကို မကြာခင်ကဖိတ်တော့ ကာကွယ်ရေးဌာနအတွက် အရမ်းဆတ်ဆတ်ထိမခံတဲ့ ဒီအကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ဆန်းသစ်တဲ့တစ်ခုခုကို စမ်းကြည့်ဖို့အဆင်သင့်ဖြစ်နေကြပြီလို့ ခံစားမိတယ်။ ရခိုင်မှာရှိတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ အောက်ခြေလူတန်းစားတွေက အဓိကရုဏ်းတွေထပ်မဖြစ်အောင် ချုပ်တည်းထိန်းသိမ်းနေတာကို ကျွန်တော်သတိပြုမိတယ်။ ANP ပါတီနဲ့ အခြားပါတီတွေအတွင်းမှာလည်း တကယ်တက်တက်ကြွကြွနဲ့ အဓိပ္ပါယ်ရှိရှိပါဝင်ဆွေးနွေးကြတယ်။ ဒါကို မကြာခဏပဲ မသင့်မမြတ် ဖြစ်နေကြပြီလို့ ရည်ညွန်းကြတယ်။ ဒါပေမယ့် ဒါကတကယ်တော့ တိုးတက်မှုတွေရနိုင်တဲ့နည်းလမ်းပါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးမှာနိုင်ငံသားတွေက ရလဒ်တွေသယ်ဆောင်လာနိုင်တဲ့သူတွေကိုပဲ ရွေးချယ်ကြမှာဖြစ်လို့ပါ။ နိုင်ငံကမှန်ကန်တဲ့လမ်းကြောင်းဆီကို ဦးတည်နေတုန်းမှာ ပါဝင်သူအားလုံးအတွက် အခုရင်ဆိုင်နေရတဲ့ အကြီးမားဆုံးမဟုတ်ရင်တောင် ကြီးမားတဲ့အခက်အခဲ၊ ဒါမှမဟုတ် စိန်ခေါ်မှုက ပိုပြီးထိရောက်တဲ့ နည်းတွေနဲ့ ရေလည်အောင် အပေးအယူလုပ်ဖို့၊ ဆက်ဆံကြဖို့လိုပါတယ်။
မော်ကွန်း။ ။ကိုဖီအန်နန်အစီရင်ခံစာကအကြုံပြုတာကိုဆောက်ရွက်ဖို့အတွက် NLD ဦးဆောင်တဲ့ အစိုးရအတွက် ရှေ့မှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေရှိနေမလဲ။
ဂျက်လိုက်ဒါ။ ။ ကိုဖီအာနန်ကော်မရှင်က အကြံပြုတာတွေအများစုက နိုင်ငံနဲ့အဝှမ်း ပိုကျယ်ကျယ်ပြန့်ပြန့်ဆီလျော်တယ်။ တကယ်တော့ အငြင်းပွားစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ယေဘုယျအားဖြင့် နိုင်ငံနဲ့လူထုအကျိုးစီးပွားအတွက် ဖြစ်နေလို့ပဲ။ (အဲဒါတွေကတော့) ကျန်းမာရေးဆိုင်ရာ မူဝါဒတွေ၊ တရားမျှတမှုစံတွေကိုကျင့်သုံးမှု၊ လုံခြုံရေးတပ်ဖွဲ့တွေအတွက် လူ့အခွင့်အရေးသင်တန်း၊ စစ်ဆေးထိန်းချုပ်စနစ်တွေ၊ ဒါတွေမှာ အစိုးရဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့တွေရဲ့ အားထုတ်မှုတွေ ထပ်လောင်းပါဝင်ဖို့လိုပါတယ်။
လူမှုမူဝါဒချမှတ်ကျင့်သုံးတဲ့ Social Engineering နဲ့ဆိုင်တဲ့အကြောင်းအရာအားလုံးဖြစ်တဲ့ သဘောထားတင်းမာသူတွေရဲ့သြဇာအတိုင်း လိုက်မလုပ်ဖို့စည်းရုံးတာ၊ မုန်တီးရေးစကားတွေကို တိုက်ဖျက်တာ၊ စေ့စပ်ဖျန်ဖြေရေးနဲ့ အပြန်အလှန်ဆွေးနွေးသင်တန်းပေးတာတွေနဲ့ သက်ဆိုင်တာတွေပါ။ ပြီးတော့ အဆင့်မြင့်ပညာရေးတွေပါတယ်။ အနောက်နိုင်ငံကလူတွေအတွက် အငြင်းပွားစရာတွေ မဟုတ်သလိုဖြစ်မယ်။ ဒါပေမယ့် တကယ်တော့ ဒါတွေက အစိုးရဘက်ကနေ အတတ်နိုင်ဆုံးသန္နိဋ္ဌာန်ခိုင်မာမှုနဲ့ ဦးဆောင်ဦးရွက်လိုတယ်။ “အစိုးရက လုပ်ပိုင်ခွင့်အာဏာပေးသင့်တယ်”၊ “အစိုးရက စလုပ်ရမယ်”လို့ ပြောနေရုံနဲ့မလုံလောက်ဘူး။ မွတ်စလင်ရော ရခိုင်ပါ အလွန်ရှေးရိုးစွဲဆန်တဲ့ လူ့အဖွဲ့အစည်းတွေပါ။ အစိုးရက ဒေသခံလူထုနဲ့ တိုင်ပင်သင့်တယ်။ မုန်းတီးရေးစကားတွေကို အရင်ဆုံးတိုက်ဖျက်ဖို့လိုကြောင်း သူတို့ကိုစည်းရုံးရမယ်။ ပြီးတော့ အဲဒီလိုသင်တန်းမျိုးကို လက်ခံလာအောင်ပေါ့။ အကြောက်တရားနဲ့ စိုးရိမ်သောကတွေကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တော်လှန်ပြောင်းလဲရေးဖြစ်ရတာ။ အထက်ကနေအောက်ခြေကိုအမိန့်ပေးတဲ့ နည်းလမ်းကျင့်သုံးတာက အောင်မြင်မှာမဟုတ်ပါဘူး။
အာဆီယံနိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးတိုးတက်အောင် အကြံပေးတာဟာ အလွန်သင့်လျော်တယ်လို့ ကျွန်တော်ယုံတယ်။ တိုင်းပြည်ကို သံတမန်ရေးရာမှာ အထီးကျန်မဖြစ်အောင်ပါ။ အိမ်နီးချင်းနိုင်ငံတွေဆီကသင်ယူဖို့၊ ပြဿနာဖြေရှင်းရေးကို အားပေးဖို့အတွက်ပါ။
မော်ကွန်း။ ။အစိုးရသစ်ဟာ ရခိုင်ပဋိပက္ခကိုဖြေရှင်းတဲ့အခါ ရခိုင်ဥပဒေပြုအမတ်တွေရဲ့အသံကို ထည့်မစဉ်းစားဘူး။ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲ။
ဂျက်လိုက်ဒါ။ ။ ခင်ဗျားပြောတာမျိုး ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကဆက်ရှိနေမယ်ဆိုရင် ကောင်းတာ ဘာမှမျှော်လင့်လို့ရမှာမဟုတ်ဘူး။
မော်ကွန်း။ ။ အကြမ်းဖက်မှုကို ထိန်းချုပ်ထားဆီးပြီး ရှေ့မတိုးနောက်မဆုတ်အခြေအနေကို ဖြေရှင်းဖို့ မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုကူညီပေးနိုင်မလဲ။
ဂျက်လိုက်ဒါ။ ။ ဒါက သက်ဆိုင်တဲ့သတင်းအချက်အလက်တွေရှိတဲ့ အဲဒီနိုင်ငံတွေနဲ့ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်နည်းလုပ်ဟန်ကိစ္စ၊ သတင်းအချက်အလက်ဖလှယ်ရေး လုပ်နည်းလုပ်ဟန် ဖန်တီးရေးကိစ္စပါ။ မြန်မာဟာ အစ္စလာမ်တွေထိုးဖောက်စိမ့်ဝင်မှု၊ ထကြွလှုပ်ရှားမှုတွေနဲ့ရင်ဆိုင်ရပြီဆိုရင် အရေးယူလုပ်ဆောင်ဖို့ အာဏာပိုင်တွေက အန္တရာယ်နဲ့ပတ်သက်လို့ အချိန်မီ သတင်းအချက်အလက်တွေ ရရှိဖို့နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့လုပ်ထုံးလုပ်နည်းတွေကို ရှာဖွေရမယ်။ ဒီနေရာမှာ မူဝါဒချမှတ်မှုမှာ ပြုပြင်ပြောင်းလဲမှုမလုပ်ရသေးတဲ့ အခြားသောကဏ္ဍတွေမှာလိုပဲ ထိတ်ထိတ်ပျာပျာဖြစ်ခြင်းနဲ့ ကောလဟလပြောဆိုခြင်းတွေကို တားဆီးနိုင်ဖို့ရာ လိုအပ်ချက်က ယုံကြည်အားကိုးလောက်တဲ့သတင်းပဲ။
မော်ကွန်း။ ။ လူ့အခွင့်အရေးလှုပ်ရှားသူတချို့နဲ့ အစ္စလာမ်ခေါင်းဆောင်တွေက မြန်မာအစိုးရဟာ ရခိုင်မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေတယ်လို့စွပ်စွဲတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရက်စက်မှုကိုတော့ မျက်ကွယ်ပြုထားတယ်။ ဥပမာ အပြစ်မဲ့မွတ်စလင်တွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုတာမျိုးတွေပေါ့။ အဲဒီလိုရပ်တည်မှုမျိုးကို သူတို့ဘာကြောင့်လုပ်တယ်လို့ထင်လဲ။
ဂျက်လိုက်ဒါ။ ။ အဲဒီလိုရပ်တည်မှုမျိုးလုပ်တာက အဲဒီလိုလုပ်လို့လည်း ဘာမှဆိုးဆိုးရွားရွား အပြစ်တင်စရာဖြစ်မှာမဟုတ်ဘူး၊ အမှန်ကိုဖော်ထုတ်နိုင်ကြမှာမဟုတ်ဘူးလို့ ထင်နေကြလို့ပဲ။ ARSA ကလည်း မီဒီယာစစ်ပွဲမှာ အောင်မြင်မယ်လို့ ယုံကြည်နေပုံရတယ်။ သူတို့ကို သောင်းကျန်းသူအုပ်စုအနေနဲ့ မွတ်စလင်အချင်းချင်းလက်ခံလာမယ်လို့ ထင်ယောင်ထင်မှားလည်းဖြစ်နေတယ်။ ဒီအဖွဲ့က သူတို့ရဲ့ ရည်မှန်းချက်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကို ပါးပါးနပ်နပ်အသုံးချဖို့ ကြိုးစားတယ်။ အဲဒီလိုအသုံးချပုံမျိုး၊ လိုရာဆွဲသတင်းပေးပုံမျိုးတွေကိုတန်ပြန်နိုင်တာက ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ၊ အကျိုးသင့်အကြောင်းသင့်ရေးသားမှုတွေ၊ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးမှုတွေပါပဲ။
လူမျိုးတုံးသတ်ဖြတ်မှုလို ကြီးမားတဲ့ရာဇဝတ်မှုကြီးရှိတယ်ဆိုရင် ဒါကိုသေသေချာချာ စုံစမ်းစစ်ဆေးသင့် ပါတယ်။ မွတ်စလင်တွေခွဲခြားဆက်ဆံခံရတာ၊ အခွင့်အရေးဆုံးရှုံးမှုတွေကိုပြောဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် “လူမျိုးတုံးသတ်ဖြတ်တယ်” ဆိုတဲ့ စွပ်စွဲချက်ကတော့ပြီးခဲ့တဲ့ အလွန်စိုးရိမ်ဖွယ်နှစ်တွေအတွင်းမှာ ရလဒ်တွေကို လုံးဝပြောင်းပြန်ဖြစ်စေပါတယ်။ ဆယ်စုနှစ်များစွာအတွင်း လူ့အသိုင်းအဝိုင်းတွေရဲ့ ဆက်ဆံရေးလျော့ပါးကျဆင်းမှုကိုရှင်းပြဖို့ ကြိုစားတဲ့အားထုတ်မှုတွေကို ပိုပြီးအခက်တွေ့သွားစေတယ်။ မအောင်မြင်တဲ့နိုင်ငံရေးမူဝါဒတွေကို ဝေဖန်တာက အရေးကြီးပါတယ်။ ဒါပေမယ့် ဝေဖန်နေတဲ့အဖွဲ့အစည်းတွေဟာလည်း သူတို့ကိုယ်တိုင်ကို ဝေဖန်ရမှာတွေရှိနေတယ်။
ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရွေးချယ်မှုတွေလုပ်တယ်၊ နိုင်ငံရေး လမ်းကြောင်းတွေကိုလိုက်တယ်၊ မီဒီယာဗျူဟာတွေပျိုးထောင်တယ်။ ဥပမာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ နှစ်ပေါင်းများစွာ အစီရင်ခံစာ အဟောင်းတွေကို ဖတ်လိုက်ရင် ချဉ်းကပ်မှုတွေနဲ့ ဝေဖန်မှုတွေမှာ အဲဒီအပြောင်းအလဲတွေကို တွေ့နိုင်တယ်။ လေ့လာစောင့်ကြည့်တဲ့ သူတို့ရဲ့အခန်းကဏ္ဍကို အရေးမကြီးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့အရေးကြီးပါတယ်။ ဒါပေမယ့် သူတို့လည်းအမှားမကင်းဘူး၊ ဝေဖန်စရာတွေရှိတယ်။
ဒါက မြန်မာပြည်ရဲ့ပြဿနာပါ။ လူမျိုးတုံးသတ်ဖြတ်မှုကို ဖြည်းဖြည်းချင်းဖြစ်နေပြီလားလို့ သုံးသပ်ဖို့အတွက် နိုင်ငံခြားကကျွမ်းကျင်သူတွေက နည်းလမ်းတချို့ကို အသုံးပြုကြည့်လိုက်တဲ့အခါ သူတို့ရဲ့ ပညာအရည်အချင်းကြောင့် ချက်ချင်းကမ္ဘာနဲ့အဝှမ်းအာရုံစိုက်မှုရသွားတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီလို ပညာရပ်ဆိုင်ရာနည်းလမ်းအခြေခံနဲ့အဖြေထုတ်ဖို့ အရည်အချင်းမှီတဲ့သူ သန္နိဋ္ဌာန်ခိုင်မာတဲ့သူ မရှိဘူး။ စွပ်စွဲချက်တွေဟာ မမှန်ကြောင်းငြင်းပယ်နေရုံနဲ့မလုံလောက်ပါဘူး။
မော်ကွန်း။ ။ လူ့အခွင့်အရေးလှုပ်ရှားသူအချို့နဲ့ ရိုဟင်ဂျာ/ဘင်္ဂလီအရေးလှုပ်ရှားသူအချို့က နိုင်ငံတကာရဲ့ကြားဝင် ဖြေရှင်းမှုကိုတောင်းဆိုနေကြတယ်။ အဲဒီလိုဖြစ်လာမယ်လို့ ထင်လား။ နိုင်ငံတကာအသိုင်းအဝိုင်းကဝင်လာရင် ဘယ်လိုဖြစ်နိုင်ခြေတွေရှိလာမယ်လို့ မျှော်မှန်းလဲ။
ဂျက်လိုက်ဒါ။ ။ နိုင်ငံတကာက ကြားဝင်ဖြေရှင်းမှုနဲ့ပတ်သက်လို့ အဲဒီလိုကြားဝင်လာမှာထက် အပြောပဲရှိမယ်လို့ ကျွန်တော်ထင်တယ်။ ကြားဝင်ပေးဖို့တောင်းဆိုမှုတွေက နိုင်ငံပြင်ပကလာတာ။ နိုင်ငံတွင်းကမဟုတ်ဘူး။ ပြည်ပမှာရှိတဲ့ ရိုဟင်ဂျာ/ဘင်္ဂလီနိုင်ငံရေး လှုပ်ရှားသူတွေက နိုင်ငံခြားအကူအညီ တောင်းတဲ့ဓလေ့ဟောင်းကြီး ရှိခဲ့တာကြာပြီ။ ဒါပေမယ့် ဘာသာရေး၊ လူမျိုးရေးကွဲပြဲမှုတွေဖြစ်လာမယ့် အဲဒီလိုအစပျိုးမှုမျိုးကို နိုင်ငံတဝှမ်းကမြန်မာမွတ်စလင်တွေတောင်မှပဲ ကြိုဆိုကြမှာမဟုတ်ပါဘူး။ အဲဒီလို ကြားဝင်စွက်ဖက်တဲ့နိုင်ငံရေး လှုပ်ရှားမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လိုအကျိုးရလဒ် ရှိနိုင်မလဲဆိုတာ မသေချာဘူး။
မျှော်လင့်လို့ရနိုင်တဲ့ဖြစ်လာနိုင်ခြေက နိုင်ငံရေးရောဂါသစ်တွေရလာမယ်၊ ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေး NGO တွေ မှိုလိုပေါက်လာမယ်။ ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ပျောက်သွားမယ်။ ပါဝင်လာတဲ့အဖွဲ့အစည်းပေါင်းစုံရဲ့ မဆုံးနိုင်တဲ့အကျိုးစီးပွားသဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာမယ်။
မော်ကွန်း။ ။ဒီထက်ပိုဆိုးမလာအောင် ရတက်မအေးရတဲ့လက်ရှိအခြေအနေကို ရပ်တန့်အောင် ဘာလုပ်လို့ရနိုင်မလဲ။
ဂျက်လိုက်ဒါ။ ။ သမ္မတဦးသိန်းစိန်တက်လာကတည်းက ရခိုင်ပြည်နယ်ပြဿနာကို ရင်ဆိုင်ဖို့ အကြောင်းပြောခဲ့၊ ရေးခဲ့တာများပါပြီ။ အလယ်အလတ်နဲ့ရေရှည်မှာတော့ ငြိမ်းချမ်းရေးအလုပ်က စိတ်ရှည်မှု၊ စိတ်ထားကောင်းရှိမှု၊ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ဝေဖန်မှု၊ ပြီးစီးအောင်မြင်အောင်ဆောင်ရွက်မယ့် စူးစိုက်နှစ်မြှုပ်မှုတွေလိုတယ်။ ဒါပေမယ့် အခုမေးခွန်းက လောလောလတ်လတ်အခြေအနေကို ဦးတည်ပြီးမေးတာ။ အခုအခြေအနေမှာ ကြမ်းတမ်းပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နေတယ်၊ ဘင်္ဂလားဒေ့ရှ်ကို အလုံးအရင်းနဲ့ထွက်ပြေးတိမ်းရှောင်နေကြတယ်။ မြန်မာအာဏာပိုင်တွေအပေါ် ဖိအားပေးလာတာတွေက ထိပ်တန်းသတင်းခေါင်းစဉ်တွေဖြစ်နေတယ်။ အစိုးရဟာ ဖိအားတွေအောက် ရောက်နေတယ်။
အစိုးရရယ်၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေဟာ ရခိုင်ပြည်နယ်အတွက်မူဝါဒတွေ၊ ဦးစားပေးလုပ်စရာတွေမှာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အဲဒီကွဲလွဲမှုတွေကို ခဏလောက်မေ့ထားလိုက်ပြီး ပြင်ပကမ္ဘာကိုညှိနှိုင်းပူးပေါင်းတုံ့ပြန်တာ အလွန်အကျိုးရှိပါ လိမ့်မယ်။ အကြမ်းဖက်မှုနဲ့နိုင်ငံခြားစွက်ဖက်မှုကို ငြင်းပယ်တဲ့ထုတ်ပြန်ချက်တွေအပြင် လူနေမှုဘဝ တိုးတက်မြင့်မားရေးနဲ့ အရပ်သားလူထုကိုကာကွယ်ပေးမယ့်လုပ်ဆောင်မှုတွေအတွက် သေသေချာချာ စဉ်းစားတွက်ချက်ထားတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိသင့်ပါတယ်။ နောက်ဆုံးမှာ အစိုးရကလုပ်နိုင်တာက ရခိုင်မြောက်ပိုင်းမှာ တိုင်းပြည်အနေနဲ့ ဂရုစိုက်ပေးဖို့လိုနေတဲ့ မွတ်စလင်လူစုကြီးရှိနေတာကို လက်ခံကြောင်းပြသဖို့ပဲ။
လူထုက နိုင်ငံတကာနဲ့ ပြင်ပကမ္ဘာကနိုင်ငံခြားသားတွေဟာ သူတို့အကြောင်းကိုမသိဘူးလို့ မကျေမနပ်ပြောနေရုံလုပ်ရမယ့် အချိန်မဟုတ်ဘူး။ နိုင်ငံခြားသားတွေက ဒီအခြေအနေကို လုံးဝလွဲမှားနားလည်ထားတယ်။ ဒီနိုင်ငံကိုဘာမှနားမလည်ဘူးလို့ပြောတာဟာ အချည်းနှီးပါပဲ။ အချိန်တိုအတွင်းမှာ တလွဲအမြင်တွေကို ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်ပါဘူး။ အင်နဲ့အားနဲ့ဝေဖန်မှုတွေကို တန်ပြန်ဖို့ မြန်မာနိုင်ငံဟာ ပြဿနာတွေကို မျက်ကွယ်ပြုထားတာမဟုတ်ဘူး၊ ရင်ဆိုင်ဖို့အသင့်ပဲဆိုတာကို အလေးပေးတဲ့အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဗျူဟာတွေရှိရပါမယ်။ မြန်မာအစိုးရဟာ အစဉ်တစိုက်ဝေဖန်ခံနေရတာဖြစ်လို့ အစိုးရဟာ ဘာတွေလုပ်တယ်ဆိုတာရယ်၊ ဘာတွေလုပ်ဖို့ ရည်ရွယ်ထားသလဲဆိုတာကို ပိုကောင်းတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ ဟုတ်တိုင်းမှန်ရာပြောဆိုမှုမျိုး ရှိသင့်တယ်။ နိုင်ငံရဲ့မိတ်ဆွေတွေနဲ့ အဆင့်မြင့်သံတမန်ဆက်ဆံရေး လိုပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေရင်ဆိုင်နေရတဲ့ကာလမှာ မလုံလောက်နိုင်ဘူး။ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတော်လုံခြုံရေးအတွက် သူတို့လုပ်ဆောင်ချက်တွေနဲ့ သူတို့ရဲ့ဗျူဟာကို ပြောပြတဲ့အခါ လူတွေကနားထောင်ဖို့ အသင့်ဖြစ်လိမ့်မယ်။ အဲလိုဆိုရင် သူတို့ကို မြင်တဲ့အမြင်ပိုကောင်းလာမယ်။
နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်က အစိုးရရဲ့လုပ်ရပ်တွေပေါ်မှာပဲ တည်နေတာမဟုတ်ပါဘူး။ အစိုးရက ဦးဆောင် သင့်ပါတယ်။ ဒါပေမယ့် အစိုးရတွေဆိုတာ ပေါ်လာလိုက်၊ပျောက်သွားလိုက်ပဲ။ တိုင်းပြည်အတွက် ဘာကောင်းလဲဆိုတဲ့ နိုင်ငံအဆင့်အများသဘောက အစိုးရမူဝါဒတွေထက် ပိုအပြောကျယ်ပါတယ်။
အစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့အပြင်မှာ အထူးသဖြင့် ရခိုင်လူ့အဖွဲ့အစည်းက ခက်ခဲတဲ့တာဝန်တွေကို ရင်ဆိုင်ရပါတယ်။ သူတို့ရဲ့စိတ်ရှည်သီးခံမှုကို အများကြီးပြသခဲ့ပြီးပြီ။ လူထုက သူတို့ရဲ့ဒေါသကို ချုပ်တည်း ကန့်သတ်ထားတယ်။ ရခိုင်တွေက အဲဒီလိုသည်းခံခဲ့မှုအတွက် အကျိုးခံစားချင်တယ်။ ဒါပေမယ့် သောကဗျာပါဒများတဲ့ ဒီအချိန်တွေမှာ ငြိမ်းချမ်းရေးနဲ့လူ့အသိုင်းအဝိုင်း သဟဇာတဖြစ်ရေးဟာ အထင်ကရအဖြစ်ဆုံးပန်းတိုင်တွေပဲလို့ ရခိုင်လူ့အဖွဲ့အစည်းက ပိုပြီးရှင်းရှင်းပြတ်ပြတ် ပြောသင့်တယ်။ နိုင်ငံရေးအရ သောကဖြစ်ရတာတွေကို လှစ်ဟပြဖို့ “ရိုဟင်ဂျာမရှိဘူး” ၊ “ဝိုက်ကတ်မရှိဘူး” ပြောနေရုံက ၂၀၁၇ မှာ မလုံလောက်တော့ဘူး။ ရခိုင်အပေါ်အပျက်သဘောအမြင်ပဲ ဆက်လက်စွဲမြဲနေလိမ့်မယ်။ အစိုးရက တိုးတက်မှုတွေအတွက် ဆော်သြလို့ရပါတယ်။ ဒါပေမယ့်ရခိုင်လူမျိုးတွေကို အနာဂတ်မှာ မွတ်စလင်လူစုနဲ့ ဘယ်လိုနေထိုင်ဖို့စီစဉ်မယ်လို့တော့ ညွှန်ကြားလို့မရဘူး။
(သူရိန်ဝင်း ဘာသာပြန်သည်)
[ends]