မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ ဒိုင်ယာရီ ဖြစ်ပါသည်။
ကျော်သက်ဟန် ရေးသည်။
တော်ဘုရားကလေး(အောင်ဇေ)မှာ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်းတရားနှင့် မိဖုရားကြီး စုဖုရားလတ်တို့၏ သမီးတော်လေးပါးအနက် အငယ်ဆုံးဖြစ်သော စတုတ္ထသမီးတော် ထိပ်စုမြတ်ဘုရားကလေးနှင့် ကြင်ရာတော် ကိုကိုနိုင်တို့မှ မွေးဖွားသည့် စတုတ္ထသားတော်ဖြစ်သည်။
သူသည် မင်းတုန်းမင်းတရားကြီး၏ တတိယမျိုးဆက် မင်းသားတစ်ပါးဖြစ်သော်လည်း လွတ်လပ်ရေမရမီ နယ်ချဲ့တော်လှန်ရေးခေတ်ကပင် တိုးတက်သော လူငယ်နိုင်ငံရေးသမားတစ်ဦးဖြစ်လာပြီး အာရှလူငယ်များ အစည်းအရုံးဗဟိုတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်ရန် မြေအောက်သဘောတရားသင်တန်း တက်ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များတွင် ပါဝင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ) ဗဟိုကော်မတီဝင် ဖြစ်သည်။ မြေအောက် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးပါတီ ဥက္ကဋ္ဌအဖြစ်တစ်ကြိမ်နှင့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၏ နာယကအဖြစ် တစ်ကြိမ်၊ နှစ်ကြိမ် ထောင်ဒဏ်အပြစ်ပေးခံရပြီး အကျဉ်းထောင်ထဲတွင် ခြောက်နှစ်မျှ နေခဲ့ရသည်။
တော်ဘုရားကလေးနဲ့ ကျွန်တော်တို့ (ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်များအပါအဝင်) သည် ၁၉၈၉ ဩဂုတ်မှ ၁၉၉၄ ဧပြီအထိ အင်းစိန်အကျဉ်းထောင်ထဲတွင် ငါးနှစ်ခန့် အတူရှိနေခဲ့ကြသည်။ သူနှင့် ကျွန်တော်သည် ထူးဆန်းစွာပင် နေရာရွှေ့တိုင်း ပြန်၍ဆုံတွေ့နေခဲ့ကြသည်။ သို့ဖြင့် နှစ်တိုက်ခေါ် ကြိုးတိုက် ထဲတွင် သုံးကြိမ်၊ လေးတိုက်တွင် နှစ်ကြိမ်နှင့် တစ်တိုက်တွင် နှစ်နှစ်ခွဲခန့်ကြာအောင် တစ်တိုက်တည်းတွင် အတူနေခဲ့ကြရသည်။ တစ်တိုက်တွင် နေခဲ့ရသောရက်များသည် အလွန်ရှည်ကြာသည်ဟုထင်ရသည်။ စာရေးစာဖတ်ခွင့် လုံးဝမရှိ။ ပျင်းရိငြီးငွေ့ ဖွယ်အတိ။ နိုင်ငံရေးရာသီဥတု ပြင်းထန်ချိန်များတွင် အခန်းကျဉ်း ကလေးထဲမှ အပြင်မထွက်ရ။ တစ်ခန်းနှင့်တစ်ခန်း စကားလှမ်းပြောခွင့်မရှိ။ ၁၀ မိနစ် ရေချိုးဆင်း၊ ပြန်တက်။ တရားမှတ်သူမှတ်၊ ပုတီးစိပ်သူစိပ်၊ အုတ်ခုံတွင်ခဲဖြင့်ရေး၍ သီချင်းစပ်သူစပ်၊ အချိန်ကုန်အောင် ကြံဖန်လုပ်ကြသည်။

ညပိုင်းမှာတော့ သီချင်းဆိုကြ။ ဟောပြောတာတွေ လုပ်ကြသည်။ ကျွန်တော်က မြန်မာနိုင်ငံသမိုင်းကို ကျောက်ခေတ် အညာသားဓလေ့ ပြဒါးလမ်းဂူနေလူ၊ ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ၊ ဝေသာလီစသော ပဒေသရာဇ်နိုင်ငံများ၊ မြန်မာအစ တကောင်းကနှင့် မြန်မာအစ ကျောက်ဆည်က အယူအဆနှစ်ရပ်၊ ပုဂံ၊ ပင်းယနှင့် စစ်ကိုင်း၊ အင်းဝ-ဟံသာဝတီစစ်၊ တောင်ငူ- ဟံသာဝတီခေတ်၊ နတ်သျှင်နောင်၊ ဓာတုကလျာနှင့် ငဇင်ကာ၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ကို မ္တလေး ရတနာပုံနှင့် ပါတော်မူထိ၊ ဗြိတိသျှခေတ်၊ ဝိုင်အမ်ဘီအေနှင့် ဝံသာနု ဂျီစီဘီ အေခေတ်၊ တို့ဗမာအစည်းအရုံးနှင့် သခင်ခေတ်၊ ၁၃၀ဝ ပြည့် အရေးတော်ပုံနှင့် ရဲဘော်သုံးကျိပ်၊ ဂျပန်တော်လှန်ရေး၊ ဖဆပလ နှင့် လွတ်လပ်ရေးထိ ညစဉ် အခန်းဆက်ပြောသည်။ အပျင်းလည်းပြေ၊ ပညာလည်းရမို့ စိတ်ဝင်တစား နားထောင်ကြသည်။ မန္တလေးရတနာပုံခေတ်အကြောင်းမပြောမီ နန်းမတော်မယ်နုနှင့် ဆရာတော်ဦးဗုဓ်အကြောင်း၊ ထိုနောက်မှ မြင်ကွန်းမြင်းခုံတိုင်အရေး၊ သီပေါမင်းသားနှင့် စုဖုရားလတ်၊ ရနောင်မောင်မောင်တုတ်နှင့် မောင်ဖေငယ်၊ ကင်းဝန်မင်းကြီးနှင့် ယောမင်းကြီးဦးဘိုးလှိုင်၊ ကင်းဝန်မင်းကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီး၊ သီပေါမင်းနန်းရပုံ၊ မင်းညီမင်းသားများ ကွပ်မျက်ခံရပုံ၊ သီပေါမင်းက ပတ္တမြားငမောက်ကိုပြပုံ၊ စလေဒင်ယူသွားပုံ၊ အရှင်နှစ်ပါးကို သူရိယသင်္ဘောနှင့် တင်၍ ရန်ကုန်သို့ ခေါ်သွားပြီးမှ ရတနာဂီရိသို့ပို့ပုံတို့ ပါလေရာ တော်ဘုရားကလေးသည် စိတ်ဝင်တစား နားထောင်ပြီးလျှင် ကျွန်တော်အားတွေ့တိုင်း သမိုင်းဆရာဟုခေါ်လေ့ရှိသည်။ အလွန်လည်း အပြန်အလှန် လေးစားခင်မင်မှုရှိခဲ့သည်။
တော်ဘုရားကလေးပြောသည်တို့ကိုလည်း ကျွန်တော်တို့ မကြာခဏ နားထောင်ကြရသည်။ တော်ဘုရားကလေးသည် သူ့ဘွားတော် စုဖုရားလတ်ကို အလွန်လေးစား ချစ်ခင်ကြည်ညိုသည်။ တိုင်းပြည် ကျွန်ဖြစ်ရသည့် ဇာတ်လမ်းတွင် ဗြိတိသျှနယ်ချဲ့စနစ်သည် အဓိကတရားခံဆိုသည်ကို သူမသိမဟုတ်၊ သိသည်။ သို့သော် သူ့ဘိုးတော်နှင့် ဘွားတော်တို့ ပါတော်မူပြီး ရတနာဂီရိသို့ အပို့ခံရသည့်ဖြစ်ရပ်၏ အဓိက တရားခံမှာ ကင်းဝန် မင်းကြီး ဦးကောင်း ဖြစ်သည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ခဲ့သည်။ ထို့ ကြောင့် သူ့ဘွားတော် စုဖုရားလတ်က နန်းရင်းဝန်ကြီးသည် ဤမျှလောက် သတ္တိမရှိလျှင် ခေါင်းတုံးရိတ်၊ ပိတ်ဖြူစည်းပြီး သီလရှင်လုပ်ပါတော့လားဟု ပြောဆိုပြီး ညီလာခံသဘင်မှ မိမိအဆောငတော်သို့ ထွက်ခွာသွားကာ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကို နန်းရင်းဝန် (ဦးကောင်း) ထံ ပို့ခိုင်းလိုက်သည်ဟူသော အကြောင်းကို မကြာခဏ ပြောတတ်သည်။ တော်ဘုရားကလေးသည် သူ၏ပစ္စုပ္ပန်ဘဝကို အဖိနှိပ်ခံ ဆင်းရဲသားပြည်သူတို့ဘက်တွင် မယိုင်မနဲ့ ရပ်တည်ခဲ့သည့် တစ်ချိန်တည်းတွင် မိမိတို့ မျိုးနွယ်၏ ဇာတိသွေး၊ ဇာတိမာန်ကိုလည်း အခိုင်အမာ ထိန်းသိမ်းခဲ့သူ ဖြစ်လေသည်။
သူ့အကြောင်းကို ဆောင်းပါးတစ်စောင်ရေးဖို့လည်း စိတ်ကူးရှိခဲ့သည်။ သူရော ကျွန်တော်ပါ အကျဉ်းထောင်က လွတ်လာပြီးနောက် နိုင်ငံရေးမိသားစုများ၏ အလှူပွဲများတွင် မကြာခဏတွေ့တတ်သည်။ သို့သော်လည်း သူသက်ရှိထင်ရှားရှိစဉ်က ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် သူ့ထံသို့ မရောက်နိုင်ခဲ့။ သူ့အကြောင်းလည်း မရေးဖြစ်ခဲ့။ မည်သို့ဖြစ်စေ ခုတော့သူ့အကြောင်းကို တစ်စွန်းတစ်စရေးဖြစ်ပါပြီ။ သမိုင်းဆိုသည်မှာ ထိုသမိုင်းကို ဖန်တီးသူ ကာယကံရှင်များ ဖတ်ဖို့ မဟုတ်။ နှောင်းလူတို့ ဖတ်ဖို့သာ ဖြစ်သည် မဟုတ်ပါလော။
အင်းစိန်ထောင် (၁၉၈၉) နှင့် နိုင်ငံရေးသမား
ရေကြည်အိုင်စစ်ကြောရေးတွင် နှစ်ည၊ အချုပ်ခန်းတွင် တစ်ညအိပ်ပြီးနောက် ကျွန်တော်တို့အသုတ် နိုင်ငံရေးသမားများကို အင်းစိန်ထောင်သို့ ပို့သည်။ ခေါင်းစွပ်များ စွပ်ထား၍ ဘယ်သူဘယ်ဝါ မသိကြ။ မွန်းလွဲပိုင်းတွင် အင်းစိန်ထောင်တိုက်ဝင်းသို့ ရောက်သည်။ ဦးသန့်အရေးအခင်းတုန်းက ကျွန်တော် ဤနေရာသို့ ရောက်ဖူးသည်။ ထို့ကြောင့် တိုက်ဝင်းဟု သိသည်မှလွဲ၍ ထိုထက်ပို၍ မမှတ်မိတော့။ ကျွန်တော်တို့ လူနှစ်ဆယ်ခန့် ရှိသည်။ ခုတော့ ခေါင်းစွပ်များကို ဖယ်လိုက်ပြီဖြစ်၍ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ကြရပြီဖြစ်သည်။ ကျွန်တော်နှင့် သိသူ မန်းညွန့်မောင်ခေါ်စာရေးဆရာ မောင်စင်ကြယ်ကိုမြင်သည်။ စကား မပြောကြ။ အမှိုက်သရိုက်များကို လှည်းကျင်းထားခြင်းမရှိသော လမ်းပေါ်မြေကွက်လပ်တစ်ခုတွင် နှစ်ကြီးရာဇဝတ်အကျဉ်းသားတစ်ဦးက ကျွန်တော်တို့ကို ပုံစံထိုင်ခိုင်းသည်။ ထိုနှစ်ကြီးသမား ရာဇဝတ်အကျဉ်းသားသည် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး အမှုတစ်ခုခုဖြင့် အနည်းဆုံး ၁၅ နှစ် သို့မဟုတ် အနှစ် ၂၀ ထောင် ဒဏ်ကျခံနေရသူ ဖြစ်သည်။ ဝန်ထမ်းများ၏ နုတ်ထွက်စကားအရ သူ့နာမည် ကြက်ဖကြီးဖြစ်သည်။ ကြက်ဖကြီးက ကျွန်တော်တို့ကို အမိန့်ပေးနေသည်။ ထောင်မှူးနှင့် ဝါဒါများ မနီးမဝေးတွင် ထိုင်နေကြသည်။ ကြက်ဖကြီးသည် ပြောပြောဆိုဆိုနဲ့ ဆရာမောင်စင်ကြယ်အား ဦးလေးကဘာအမှုနဲ့ ရောက်လာတာလဲဟု မေးလိုက်သည်။ “အောင်ဆန်းကွင်းနားမှာ စစ်သားတွေကို ဆဲမိလို့ပါ” ဟု ဆိုသည်။ “တိုင်းပြည်အတွက် ဒီလောက်အလုပ်ကြီး အကိုင်ကြီးတွေ လုပ်နေတဲ့ စစ်သားတွေကို ဦးလေးက ဆဲရသေး သလား”ဟု ကြက်ဖကြီးက ဆိုသည်။ ဆရာမောင်စင်ကြယ်က “အရက်မူးမူးနဲ့ ဆဲမိတာပါ” ဟု စကားဆုံးသည်နဲ့ “ဒီမှာ အားလုံးနားထောင်၊ ခင်ဗျားတို့ဟာ အပြင်မှာတုန်းက အရာရှိကြီးတွေ၊ မင်းကြီးတွေ၊ ဆရာကြီးတွေ၊ ဗိုလ်မှူးကြီးတွေမကလို့ ဘာကြီးတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အဲဒါတွေက ထောင်ဘူးဝမှာ ကျန်ခဲ့ပြီ။ ဒီ အထဲရောက်လာရင်တော့ အားလုံး အကျဉ်းသားပဲ။ အကျဉ်းသားမှန်ရင် အကျဉ်းထောင်စည်းကမ်း၊ အကျဉ်းထောင်ဥပဒေကို တိတိကျကျလိုက်နာရမယ်။ ဘယ်သူမဆို အကျဉ်းထောင်စည်းကမ်း၊ အကျဉ်းထောင်ဥပဒေကို ဖောက်ဖျက်ရင် အရေးယူခံရမယ်။ အရေးယူခံရပြီဆိုရင်တော့ ဒေါက်ခတ်မယ်၊ လက်ထိတ်ခတ်မယ်၊ ထမင်းအငတ်ထားမယ်၊ စစ်ခွေးတိုက်ပို့ခံရမယ်။ အဲဒီတော့ ခင်ဗျားတို့ …” ထိုအချိန်တွင် ထောင်မှူးဝင်လာပြီး ကြက်ဖကြီးစကားကို ဖြည့်စွက်၍ ခြိမ်းခြောက်ပြောဆိုပြန်လေသည်။
ထိုနေ့သည် ၁၉၈၉ ဩဂုတ် ၁၆ ရက် ဖြစ်သည်။ နဝတသက်တမ်း တစ်နှစ်ပြည့်ခါနီး အချိန်ဖြစ်သည်။ စစ်ထောက်လှမ်းရေးအကြီးအကဲ အာဏာပိုင်တို့သည် နိုင်ငံရေးသမားများအား ဖိနှိပ်ချိုးနှိမ်ပစ်ရန် စိတ်အားတက်ကြွထက်သန်လျက်ရှိလေသည်။ သူတို့သည် နိုင်ငံရေးသမားများအား သူတို့အာဏာကို ခြိမ်းခြောက်သူများ၊ တိုင်းပြည်ကို ဖျက်ဆီးမည့်သူများဟု မြင်လေသည်။ ၂၀ ရာစုသည် ကမ္ဘာကြီးကို များစွာ ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။ အာဖရိကတိုက်တောင်စွန်းနှင့် အလယ်ပိုင်းဒေသနိုင်ငံများမှ အုပ်ချုပ်သူ အစိုးရအာဏာပိုင်များ၏ အတွေးအခေါ်၊ အယူအဆများပင် များစွာပြောင်းလဲသွားပြီ ဖြစ်ပါလျက် အရှေ့တောင်အာရှဒေသ၏ အချက်အချာနေရာတွင် တည်ရှိသော မြန်မာနိုင်ငံကို အုပ်ချုပ်လျက်ရှိသည့် စစ်ဘက်မှပုဂ္ဂိုလ်တစ်စု၏ အတွေးအခေါ်၊ အယူအဆများ မပြောင်းလဲဘဲ ရှိနေခြင်းမှာ ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်။ ကျွန်တော်တို့ ပြည်သူများသည် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားဆိုသော မြန်မာပဒေသရာဇ် မင်းများ ဆင်ဖြူတော်စီး၍ ရွှေထီးဆောင်းခဲ့ရသည့် အတိတ်ကို ဟစ်အော်ဂုဏ်ယူလျက်နဲ့ပင် ပစ္စုပ္ပန်တွင် ဒုက္ခဆင်းရဲတွင်း၌ ကျရောက်ကာ အနာဂတ်အတွက် များစွာ စိုးရိမ်ပူပန်နေကြရလေသည်။ အတိုက်အခံနိုင်ငံရေးသမားများသည် ဆင်းရဲသော ပြည်သူလူထုများ ခံစားနေရသည့် ထိုစိုးရိမ်ပူပန်မှုများ၏ အမှတ် သင်္ကေတများ ဖြစ်သည်ဆိုခြင်းကို သူတို့ အသိအမှတ်မပြုနိုင်ကြပါတကား။
ကြိုးတိုက်ထဲမှ အကျဉ်းသားမင်းသားကြီး
ကြက်ဖကြီးနှင့် ထောင်မှူးတို့ မိန့်ခွန်းေြွခပြီးနောက် ကျွန်တော်တို့ကို လူစုခွဲ၍ တိုက်အသီးသီးသို့ ပို့သည်။ ကျွန်တော်နဲ့ နောက်တစ်ယောက် (၄၈၂၈ ကိုဗိုလ်စိန်) တို့ကို နှစ်တိုက်သို့ ခေါ်သွားသည်။ တိုက်မှာ ရင်ခွဲတိုက်ဖြစ်၍ မျက်နှာချင်းဆိုင်အခန်းများရှိသည်။ ကျွန်တော့်ကို အခန်း ၆ တွင် ထည့်လိုက်သည်။ ရှစ်ပေ _ ဆယ်ပေ အခန်းကလေးတွင် ထည့်၍ သံတံခါးကို ပိတ်ပြီး အပြင်မှ သော့ခတ်လိုက်သောအခါ အတော်ပင် စိတ်ကျဉ်းကျပ်သလို ခံစားလိုက်ရသည်။ အခန်းကို ကြည့်သောအခါ သမံတလင်းတွင် ဖျာကြမ်းတစ်ပိုင်းနှင့် အခန်းထောင့်တွင် ရေအင်တုံနှစ်လုံးနှင့် ဖွဲပြာများ တွေ့ရသည်။

ပထမသမီးတော်၏ တစ်ဦးတည်းသောသမီး တုတုကို မြန်မာပြည်မှ သီပေါမင်း၏ဆွေမျိုးတို့အမှူးထားပြီး အလှူပေးနေပုံ
ရှေ့မျက်နှာချင်းဆိုင်အခန်း (၅၄ ဟု ထင်သည်) တွင် အသားဖြူဖြူဝတ်ဖြူစင်ကြယ် (ထောင်ကျအဝတ်) နဲ့ ရှစ်တန်းကျောင်းသားအရွယ် ကလေးတစ်ယောက်မြင်သည်။ သူကစ၍ “အန်ကယ်၊ ဘာမှစိတ်မပူနဲ့၊ ကျွန်တော်တို့ ရှိပါတယ်။ ကျွန်တော် မိုးကျော်သူပါ။ ကျွန်တော့်ညာဘက်က ကိုညီညီဦး၊ ပြီးတော့ကိုသန့်ဇော် ရှိပါတယ်။ ကျွန်တော်တို့ သန်လျင်ရေနံချက်စက်ရုံနဲ့ မြို့တော်ခန်းမ ဗုံးခွဲတယ်ဆိုပြီး သေဒဏ်ချခံထားရတာပါ။ ဒီဘယ်ဘက်မှာက ကိုခွန်ဆိုင်းပါ။ အန်ကယ်ဘယ်အဖွဲ့ကလဲ။ ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီပါ။ အို၊ ဟုတ်လား။ ဒါဆို အတော်ပဲ၊ အန်ကယ့်ဘေးက အခန်း ၅ မှာ မနတ နာယက အန်ကယ်တော်ဘုရားလေးလေ။ အို၊ အဲဒါဆိုဦးခင်မောင်မြင့်ပါတီက ပေါ့ဟု တော်ဘုရားကလေးက လှမ်းပြောသည်။ နာမည်ဘယ်လို ခေါ်သလဲ။ ဦးခင်မောင်မြင့်ဟာ သိပ်တော်တဲ့ နိုင်ငံရေးသမားပေါ့။ အန်ကယ်တို့နဲ့ မဟာမိတ်တွေပါ” ဟု တော်ဘုရားကလေးက ပြောလေသည်။
တော်ဘုရားကလေး(အောင်ဇေ) ဆိုတာ သိနေတာကြာပါပြီ။ ကျွန်တော်ကျောင်းသားဘဝကတည်းက ဆရာကြီးသခင် ကိုယ်တော်မှိုင်းတို့နှင့်အတူ နိုင်ငံရေးလုပ်လို့ ထောင်ကျခဲ့ပြီးသူ ထောင်ကလွတ်လာပုံကို သတင်းစာထဲမှာ ဓာတ်ပုံနဲ့တကွဖတ်ဖူး၊ မြင်ဖူးခဲ့သည်။ ယခု ပါတီတွေဖွဲ့တော့ မြန်မာနိုင်ငံအမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုရဲ့ နာယကအဖြစ်သူ မိန့်ခွန်းပြောတာတွေကို ကျွန်တော်တို့ပါတီမှာပြောကြ၊ ဆိုကြတာကို ကြားခဲ့ရသည်။ လူကိုယ်တိုင်ကိုတော့ မဆုံတွေ့ဖူးခဲ့။ တွေ့မယ့်တွေ့တော့ ခုမှကြိုးတိုက်ထဲမှာ လာဆုံနေသည်။ ဘာပဲဖြစ်ဖြစ်မိုးကျော်သူက အန်ကယ့်ဘေးခန်းမှာ၊ မနတ နာယက အန်ကယ်တော်ဘုရား ကလေးလေလို့ ပြောလိုက်တော့ ကျွန်တော် စိတ်ကျဉ်းကျပ်နေရာက အတော်အတန် သက်သာရာ ရသွားသလို ခံစားမိသည်။ ထိုအချိန်ထိ တော်ဘုရားကလေးတို့ရဲ့ အနွယ်တော်မိသားစုများအကြောင်းကို ထဲထဲဝင်ဝင် မလေ့လာမိခဲ့သေးပေမယ့် ဗြိတိသှနယ်ချဲ့တွေ ဆင်ကြံကြံလို့ မြန်မာပဒေသရာဇ်မင်းဆက် နိဂုံးချုပ်ခဲ့ရပြီး တိုင်းပြည်ကျွန် ဖြစ်ခဲ့ရသည့် ဇာတ်လမ်းကို ဘယ်မှာမသိဘဲ ရှိပါမည်နည်း။ တော်ဘုရားကလေးဟာ မြန်မာ့နောက်ဆုံးမင်းဆက်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းတရားနှင့် မိဖုရားကြီး စုဖုရားလတ်တို့ရဲ့ မြေးတော်အရင်းအချာဆိုတာကိုလည်း သိထားခဲ့သည်။ တကယ်တော့ တော်ဘုရားကလေးဟာ ပါတော်မူ အရေးအခင်းသာ မဖြစ်ပေါ်ခဲ့ဘူးဆိုလျှင် မြန်မာ့ထီးနန်းကို ဆက်ခံရန် ချိန်ရွယ်မျှော်လင့်နိုင်တဲ့ မင်းသားတစ်ပါး ဖြစ်လေသည်။ ဤကဲ့သို့သော မြန်မာမင်းအနွယ်တော် မင်းသားကြီးတစ်ပါးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ အဖိနှိပ်ခပြည်သူဘက်မှ ရပ်တည်ကာ ဒီမိုကရေစီတိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းကို ပြည်သူ့ဘက်တော်သား အင်အားစုများအနေဖြင့် လေးလေး နက်နက် အသိအမှတ် ပြုကြရပေမည်။ မြန်မာလူမျိုးတို့မှာ အသိအမှတ်ပြုရမည့်အရာကို အသိအမှတ်မပြုခဲ့၍ သမိုင်းေြွကးများ တင်လျက်ရှိသည်ကို သတိပြုရပေမည်။ ဘာပဲဖြစ်ဖြစ်တော် ဘုရားကလေးဟာ တိုက်ပွဲဝင်လူငယ်တွေအတွက် အားဆေးတစ်ခွက် ဖြစ်မှာပဲဟု တွေးမိသည်။ အခန်း ၅ နှင့် ၆ မှာ ဘေးတိုက်ဖြစ်၍ အသံကိုကြားရပေမယ့် လူကိုမမြင်ရသေး။ နောက်နေ့ ရေချိုးဆင်းမှပင် လူကိုကြည့်၍ စကားပြောရတော့သည်။ တော်ဘုရားကလေးသည် အသက်အရွယ်ကြီးပြီဖြစ်သော်လည်း ပြောဟန် ဆိုဟန် သွားဟန် လာဟန် အလွန်ပေါ့ပါးသည်ကို တွေ့ရသည်။ ဤမျှ လူ့အဆင့်အတန်းကို အောက်ဆုံးအဆင့်ထက်ပင် နိမ့်ကျအောင် ချိုးနှိမ်ခံထားရသည့် အကျဉ်းသားဘဝ၌ သူသည် အားမာန်အပြည့် ရှိနေခြင်းမှာ သူ့တွင်ဤထက်ကြီးမားသော အကြောင်းတစ်ရပ်ရှိ၍ ဖြစ်ပေမည်။
ပြည်သူ့အောင်ပွဲ (People’s Victory)
ကျွန်တော်တို့ စရောက်သည့် ဩဂုတ်တတိယပတ်တွင် နှစ်တိုက်ထဲ၌ လူကျဲသေးသည်။ မျက်နှာချင်းဆိုင် အခန်းတစ်ဖက် ၃၀၊ စုစုပေါင်း အခန်း ၆၀ ရှိသည့်အနက် ကျွန်တော်တို့ကို ထားသည့် ရှေ့ပိုင်းအခန်းများတွင် လူရှိသော်လည်း နောက်ဘက်ပိုင်းတစ်ခုလုံး လပ်နေပုံရသည်။ သို့သော်လည်း လကုန်ပိုင်းသို့ ရောက်သောအခါ တဖြည်းဖြည်း လူများလာပြီး အခန်းအားလုံး လိုလိုပြည့်သွားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက် လှုပ်ရှားမှုအဖွဲ့ ၄၈၂၈ များကို ဖမ်းမိ၍ ရောက်လာကြခြင်း ဖြစ်သည်။ လူများလာ၍ ကျွန်တော်တို့ကို တစ်ခန်းတစ်ယောက် မထားတော့ဘဲ အလယ်ပိုင်းသို့ရွှေ့ပြီး ၄၈၂၈ များနှင့် ရော၍ထားလိုက်သည်။ ကျွန်တော့်ကို အခန်း ၄၃ သို့ ရွှေ့၍ ကိုမြင့်ဆန်း၊ ကိုမြင့်တို့နှင့် အတူထားသည်။ တော်ဘုရားကလေးကိုလည်း ကျွန်တော်တို့နှင့် နီးနီးနားနား (၄၂ ဟု ထင်သည်) သို့ရွှေ့ပြီး တခြားသူများနှင့် ရောထားလိုက်သည်။ တစ်ယောက်ခန်းမရှိတော့။ အားလုံးနှစ်ယောက်ခန်း၊ သုံးယောက်ခန်းများချည်းဖြစ်ပြီး ၄၈၂၈ အဖွဲ့ဝင်လူငယ်များ ဖြစ်ကြသည်။ ထင်ရှားသူ ကလပ်စည်းခေါင်းဆောင်များမှာ ဒေါက်တာမော်ဇင်၊ ညိုထွန်း၊ ကျော်စိန်မောင်၊ သီဟလတ်၊ မိုးညိုနေဝင်းတို့ ဖြစ်သည်။ လူများလွန်း၍ တရုန်းရုန်းနှင့် ညဘက်တွေဆိုလျှင် သီချင်းဆိုကြ၊ စကားပြောကြနှင့် စည်ကားနေသည်။ တော်ဘုရားကလေးသည် ကွန်မြူနစ်ပါတီ နှင့် ပတ်သက်သော ဤလူငယ်များကို တွေ့မြင်ရသောအခါ စိတ်တက်ကြွလာပုံရသည်။ သူ့ဘိုးတော် သီပေါမင်းနှင့် ဘွားတော်စုဖုရားလတ်တို့အား ဗြိတိသျှနယ်ချဲ့တို့က နန်းချပြီး ရတနာဂီရီသို့ ပို့၍ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့သောသမိုင်းကို မည်သည့်အခါမျှမမေ့နိုင်ပေ။ သူသည် ဗြိတိသျှတို့ကို အလွန်စိတ်နာသည်။ ကွန်မြူနစ်ပါတီသည် အင်္ဂလိပ်-အမေရိကန် နယ်ချဲ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ပြီး ဂျပန်ဖက်ဆစ် တော်လှန်ရေးကိုလည်းခေါင်းဆောင်ခဲ့သည်။ ထို့ကြောင့် သူသည် ကွန်မြူနစ်ပါတီခေါင်းဆောင်များကို လေးစားလေသည်။ ဤနှစ်တိုက်ခေါ် ကြိုးတိုက်ထဲ၌ ရှိနေစဉ် တစ်ခုသောညနေခင်း ၈ နာရီခန့်တွင် တော်ဘုရားကလေးသည် ‘ပြည်သူ့အောင်ပွဲ’ (People’s Victory) ဟူသော ကဗျာတစ်ပုဒ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးစပ်၍ အသံကျယ်ကျယ်ဖြင့် ဖတ်လေသည်။ အကြောင်းအရာမှာ သမ္မတဟိုချီမင်းနှင့် ဗီယက်နမ်ပြည် သူတို့၏ အမေရိကန်နယ်ချဲ့စနစ်အပေါ် အောင်ပွဲခံခြင်းအကြောင်း ဖြစ်လေသည်။ အခန်းတိုင်းမှ ကွန်မြူနစ်လူငယ်များမှာ တိတ်ဆိတ်စွာ နားထောင်နေကြပြီးနောက်ဖတ်၍ ပြီးဆုံးသွားသောအခါ လက်ခုပ်တီးကြ၊ လေချွန်ကြ၊ လက်ခေါက်မှုတ်ကြနဲ့ အားပေးလိုက်ကြသည်မှာ တစ်တိုက်လုံး ဆူညံသွားလေသည်။ ဒီအတိုင်း ပြီးသွားပါ့မလားဟု ကျွန်တော် တွေးမိသည်။ ဝန်ထမ်းတွေက လွှတ်ပေးထားပြီး စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

နောက်နေ့ နံနက် ၈ နာရီခန့်တွင် ဝန်ထမ်းတစ်ဦး တော် ဘုရားကလေးတို့ အခန်းတံခါးကို လာဖွင့်သည်။ တော်ဘုရား ကလေးကို ပစ္စည်းသိမ်းရန်ပြောသည်။ အခန်းတိုင်းမှ စူးစိုက်ကြည့်နေကြသည်။ နားစွင့်နေကြသည်။ အားလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ကျွန်တော်တို့ အခန်းနှင့်နီး၍ ကျွန်တော်သည် တော်ဘုရားကလေးကို ဂရုတစိုက်ကြည့်နေမိသည်။ ပစ္စည်းကိုယူ၍ သူအခန်းမှ ထွက်သည်။ သူ့ကို ဘယ်သို့ခေါ်သွားမည်ကို ကျွန်တော်တို့မသိ။ သူ့မျက်လုံးများသည် အရောင်လက် နေသည်ဟုထင်သည်။ မျက်ရည်ဝဲနေသလော၊ ဒေါသ၏ အရိပ်လော ဆိုသည်ကို ကျွန်တော်မခွဲခြားနိုင်။ ကြောက်၍မဟုတ်ဆိုသည်မှာ သေချာသည်။ သူ့ဘိုးတော် သီပေါမင်းတရားနှင့် သူ့ဘွားတော် စုဖုရားလတ်တို့အား ဂေါဝိန်ဆိပ်ကမ်း၌ အင်္ဂလိပ်စစ်ဗိုလ်က သူရိယသင်္ဘောပေါ်သို့ ခေါ်ဆောင်နေသည့် မြင်ကွင်းသည် သူ့ခေါင်းထဲ၌ အမြဲတမ်း ရှိနေသည်။ ထိုခေါ်ဆောင်ခြင်းနှင့် နှိုင်းစာလျှင် ယခုသူ့အား ခေါ်ဆောင်ခြင်းမှာ ဘာမှမှုလောက်သည့် ခေါ်ဆောင်ခြင်း မဟုတ်ဆိုသည်ကို သူသိသည်။ သူသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီးလျှင် “ရဲဘော်တို့ People’s Victory” ဟု ကြွေးကြော်လိုက်လေသည်။ ထို့နောက် ဝန်ထမ်းခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့သည်။ သံတိုင်များနောက်၌ ရှိနေကြသော လူငယ်များသည် ခွန်အားဗလရှိပြီး ရဲရင့်သတ္တိရှိသူ များချည်း ဖြစ်ကြသည်။ သို့သော် ဘာမျှမတတ်နိုင်ကြ။ ဆိတ်ငြိမ်၍သာ ကျန်ရစ်ခဲ့ကြသည်။ ဝမ်းထဲ၌ကား ကျိတ်မနိုင်ခဲမရ။ တာဝန်ကျဝန်ထမ်းသည် တော်ဘုရားကလေးအား ခေါင်းစွပ်စွပ်၍ ခေါ်ဆောင်သွားလေသည်။ မင်းသားကြီးသည် သူ့ပခုံးပေါ်သို့ ကျရောက်နေသည့် တာဝန်ကို ထမ်းဆောင်ခြင်းဟု ယူဆပုံရ လေသည်။
တော်ဘုရားကလေးနှင့် ဦးဝင်းထိန်
တော်ဘုရားကလေးနှင့် ဦးဝင်းထိန်မှာ နိုင်ငံရေးအရ ဆက်စပ်မှုမရှိပါ။ ယခုကိစ္စမှာ ထောင်တွင်းနေရာအပြောင်းအရွှေ့ကိစ္စဖြစ်ပါသည်။ ဦးဝင်းထိန်မှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနီးတွင် တာဝန်ထမ်းဆောင်ရသူဖြစ်၍ လူသိများခဲ့သည်။ ပြည်သူ့အောင်ပွဲကဗျာကြောင့် တော်ဘုရားကလေးကို အထူးတိုက်သို့ ပို့လိုက်ကြောင်းသိရသည်။ အထူး တိုက်ဆိုသည်မှာ စစ်ထောက်လှမ်းရေးက အထူးအရေးထားခံရသော နာမည်ကြီး နိုင်ငံရေးသမားများကို ထားသော နေရာဖြစ်သည်။ အကျဉ်းသားအချင်းချင်း ဆက်သွယ်မှုခက်ခဲအောင် အဆက်ဖြတ်သော နေရာဖြစ်သည်။
စက်တင်ဘာ ဒုတိယပတ်သို့ ရောက်သောအခါ နှစ်တိုက်ထဲရှိ ၄၈၂၈ နိုင်ငံရေးသမားများအား အနှစ် ၂၀၊ ၁၀ နှစ်နှင့် အနည်းဆုံးကြမ်းခင်းဈေး ၅ နှစ်ဖြင့် တစ်သုတ်ပြီး တစ်သုတ်ထုတ်၍ စစ်ခုံရုံးမှ စီရင်ချက်ချကာ နေရာပြောင်းရွှေ့သွားကြ၍ တဖြည်းဖြည်း လူရှင်းသွားသည်။ ကျွန်တော်တို့ပါတီမှ လူကြီးများကိုလည်း လေးရှည် လေးတို တိုက်များသို့ ပြောင်းရွှေ့ပေးလိုက်သည်။ ကျွန်တော်တစ်ဦးသာ နှစ်တိုက်ထဲတွင် ကျန်ခဲ့သည်။ ကျွန်တော့်ကိုလည်း ယခင် အခန်း ၄၃ မှ အခန်း ၃၃ သို့ ရွှေ့ပြောင်းထားလိုက်သည်။ အခန်း ၃၄ တွင် ဗိုလ်ကြီးဝင်းထိန်ရှိနေသည်။ ဗိုလ်ကြီးဝင်းထိန်ရှေ့နားတွင် ၄၈၂၈ မှ ထောင်မချဘဲ ချန်ထားခံရသူ မိုးညိုကိုနေဝင်းရှိသည်။ ကျန်အခန်းများအားလုံးနီးပါး လစ်လပ်ကုန်ကြပြီ ဖြစ်၍ နေ့လယ်များတွင် တိတ်ဆိတ်ပြီး အချိန်ကုန်ခဲကာ အလွန်ပျင်းစရာကောင်းနေသည်။ ဦးဝင်းထိန်မှာ မှန်မှန်ပုတီးစိပ်၍ တရားထိုင်သူဖြစ်သည်။ ကျန်အချိန်များတွင် ကျွန်တော်နှင့် ကြံဖန်ရယ်စရာမောစရာများပြော၍ အချိန်ကုန်ကြသည်။ ဦးဝင်းထိန်သည်လည်း စိတ်ဓာတ်ကောင်းသူဖြစ်သည်။ ပျော်ပျော်နေတတ်သည်။ သူ့တွင်လည်း ရည်မှန်းချက်ကြီးကြီး ရှိပုံရသည်။ ဤအကျပ်အတည်းလောက်ကို သိပ်မှုပုံမရ။ ထိုစဉ်က တနင်္ဂနွေနေ့လယ်တိုင်း ထောင်ပိုင် သို့မဟုတ် ညွှန်မှူး သို့မဟုတ် ညွှန်ချုပ်တစ်ဦးဦးခေါင်းဆောင်၍ ထောင်မှူးများ၊ ဝါဒါများ တသီကြီး နောက်မှလိုက်လျက် နေ့လယ် ၁၂ နာရီအချိန်တွင် လူစစ်သည်ဟုဆိုကာ ကျွန်တော်တို့အခန်းများရှေ့မှဖြတ်၍ လျှောက်သည်။ ကျွန်တော်တို့ အကျဉ်းသားများက ပုံစံထိုင်ပေး ကြရသည်။ သို့ဖြင့် တနင်္ဂနွေနေ့တစ်နေ့တွင် ညွှန်ချုပ်ဗိုလ်မှူးကြီး ဇော်မင်းကိုယ်တိုင် ခေါင်းဆောင်၍ နောက်မှ ညွှန်မှူး၊ ထောင်ပိုင်၊ ထောင်မှူးနှင့် ဝါဒါများ လိုက်ပါလျက် လမ်းလျှောက်လာလေသည်။ ရှေ့ဆုံးမှ ညွှန်ချုပ်ကြီးသည် ဦးဝင်းထိန်အခန်းရှေ့သို့ ရောက်သောအခါ ခေတ္တမျှရပ်၍ “ဦးဝင်းထိန် နေကောင်းလား” ဟု မေးသည်။ ဦးဝင်းထိန်က “ကောင်းပါတယ်” ဟု ဖြေသည်။ “ဘာလိုသေးလဲ” ဟု ဆက်မေးသည်။ ဦးဝင်းထိန်က “မလိုပါ ဘူး” ဟု ဖြေသည်။ ညွှန်ချုပ်ကြီး ဆက်၍ လျှောက်သည်။ နောက်မှလူများ လိုက်လျှောက်ကြသည်။ တန်းဆုံးခါနီး နောက်ဆုံးမှ ဝန်ထမ်းသည် ဦးဝင်းထိန်အခန်းကို ဖြတ်ပြီးချိန်တွင် “အလကား လမ်းလျှောက်တဲ့အဖွဲ့ပါ။ ဘာမှလည်း ဟုတ်တာမဟုတ်” ဟု ဦးဝင်းထိန်က ပြောလိုက်လေသည်။ ထိုအခါ နောက်ဆုံးမှ ဝါဒါများ ကြားသွားပြီး အနည်းငယ်လှုပ်ရှားသွားကာ တိုးတိုးပြောသည်ကို ကျွန်တော်သတိပြုမိ၍ “ဦးဝင်းထိန် ခင်ဗျားပြောတာ ကြားသွားပြီနဲ့ တူတယ်ဗျ” ဟု လှမ်းပြောသည်။ ဦးဝင်းထိန်က ကြားလည်းကြားဗျာဟုပြော၍ ကျွန်တော်တို့ ရယ်ကြသည်။ နောက် နာရီဝက်ခန့်ကြာသောအခါ ဝန်ထမ်းတစ်ဦး ရောက်လာပြီး ဦးဝင်းထိန်ကို ပစ္စည်းသိမ်းခိုင်းသည်။ ထို့နောက် တံခါးဖွင့်၍ ခေါင်းစွပ်စွပ်ပြီး ဦးဝင်းထိန်ကို ခေါ်ဆောင်သွားလေသည်။ ဦးဝင်းထိန်လည်း တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။ စိတ်ထဲ၌ကား လုပ်ထားနှင့်ကြဦးပေါ့ကွာဟု တွေးသွားပုံရသည်။ ကျွနု်ပ်က ဘာ များတတ်နိုင်ဦးမည်နည်းဟုသာ တွေးမိပါသည်။
ကြိုးတိုက်တစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။ ကိုနေဝင်းနှင့် ကျွန်တော်မှာ ညအမှောင်ပျိုးစအချိန်၌ လူသူကင်းမဲ့သော တစပြင်သင်္ချိုင်းထဲ၌ ရောက်နေသူနှစ်ဦးကဲ့သို့ ကျောစိမ့်သလို ခံစားရင်း ကျန်နေခဲ့ကြသည်။ ဤသို့ဖြင့် တောင်တွေးမြောက်တွေးတွေးနေစဉ် နာရီဝက်ခန့် ကြာသောအခါ ဝန်ထမ်းတစ်ယောက်သည် ခေါင်းစွပ်စွပ်ထားသော လူတစ်ဦးအား ခေါ်ဆောင်လာပြီး လျှင် ဦးဝင်းထိန်နေသွားသော အခန်းတံခါးကို ဖွင့်လေသည်။ ထိုလူသည် အခန်းထဲသို့မဝင်မီ ခေါင်းစွပ်ကိုချွတ်လိုက်ရာ တော်ဘုရားကလေး(အောင်ဇေ) ဖြစ်နေလေသည်။ “အလကားလမ်း လျှောက်တဲ့အဖွဲ့” ဟု ပြောသော ဦးဝင်းထိန်နှင့် ‘ပြည်သူ့အောင်ပွဲ’ ကဗျာကို ဖတ်သော တော်ဘုရားကလေးတို့ကို နေရာချင်းလဲလိုက်ခြင်းပဲဟု သိကြရသည်။ တော်ဘုရားကလေးမှာ ခါတိုင်းကဲ့သို့ ပျော်ရွှင်တက်ကြွလျက်ပင်ရှိသည်။ ကျွန်တော်တို့လည်း ပြောရင်းဆိုရင်း ရယ်မိကြပြန်လေသည်။
ထိုအချိန်တွင် တောင်ဥက္ကလာ ငွေကြာယံ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒလတို့မှ ခေါင်းဖြတ်မှုဟုဆိုကာ သေဒဏ်ချခံရသူများကို တစ်သုတ်ပြီးတစ်သုတ် ကြိုးတိုက်ထဲသို့ ခေါ်သွင်းလာရာ ကျွန်တော်တို့နေသော အခန်းများထိ ရောက်လာ၍ ကျွန်တော်တို့ကို လေးတိုက်သို့ ပို့လိုက်လေသည်။ ထိုမှ နှစ်ကုန်ပိုင်းသို့ ရောက်သောအခါ ပြစ်ဒဏ်ချမှတ်ရေးအတွက် ပုဒ်မတပ်လောက်အောင် အပြစ်ရှာလည်းမရ၊ လွှတ်လည်း လွှတ်မပေးလို သူများအား စု၍ တစ်တိုက်သို့ ပို့လိုက်လေသည်။ သို့ဖြင့် တော်ဘုရားကလေးရော ကျွန်တော်တို့ ပါတီလူကြီးများပါ တစ်တိုက်သို့ ရောက်သွားခဲ့ကြသည်။
ဆက်လက်ဖော်ပြပါမည်။
#mawkun #magazine #chronicle #diary #no69

