စီဇံမျိုးကျော် ရေးသည်
ရန်ကုန် ဧပြီ ၄
လှိုင်သာယာမြို့နယ် ညောင်ရွာ မီးဘေးသင့် ပြည်သူ ၄၀ ခန့်သည် ၎င်းတို့နေထိုင်ရာ နေရာ အခက်အခဲ များကိုတင်ပြခွင့်ရရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးအပြင်တွင် ယနေ့မနက်ပိုင်းက စပြီး စောင့်ဆိုင်းနေကြသည်။
မီးဘေးသင့်ပြီး နောက်ပိုင်း အိမ်များပြန်ဆောက်ခွင့်မရခြင်း၊ မီးဘေးသင့် ကယ်ဆယ်ရေးစခန်းမှာလည်း မတ်လ ၁၅ တည်းက ပိတ်သိမ်းလိုက်ပြီဖြစ်ရာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ရပ်ဆွေရပ်မျိုးများ၏ နေအိမ်များ တွင်နေထိုင်နေရခြင်း စသော အခက်အခဲများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအားတွေ့ဆုံ တင်ပြခွင့်ရရန် ယခုလို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
မတ်လ ၁၈ ရက်နေ့ ကတစ်ကြိမ်၊ ၂၂ ရက်နေ့ က တစ်ကြိမ် ဝန်ကြီး ချုပ်ရုံးကို ၎င်းတို့၏ အခက်အခဲများကို စာဖြင့် ရေးသားတင်ပြခဲ့သော်လည်း ပြန်လည် အကြောင်းကြားခြင်း မရှိသည့် အတွက် ယခုလို လူကိုယ်တိုင် လာရောက် တောင်းဆိုရခြင်းဖြစ်သည်ဟု ညောင်ရွာ မီးဘေးသင့် ပြည်သူတစ်ယောက်ဖြစ်သူ မဝါဝါထွန်းကဆိုသည်။
“ရှေ့လျှောက် မိုးကလည်း ကျတော့မှာ နေစရာ နေရာလေးတစ်ခုလိုတယ်။အဲဒါတွေကိုတင်ပြဖို့ အတွက် ဝန်ကြီးချုပ်ကို မတွေ့မချင်း ကျွန်မတို့ကထိုင်စောင့်နေမှာ” ဟု မဝါဝါထွန်းက ဆိုသည်။
မီးလောင်ပြင်တွင် ၎င်းတို့နေအိမ်များ ကိုပြန်ဆောက်ရန် ကြိုးပမ်းချိန်တွင် ရပ်ကျေးအဖွဲ့ဝင်များ၊ လူမိုက်များက မဆောက်လုပ်ရန် တားမြစ်ပြီး လူများကိုခြိမ်းချောက်ခြင်း ၊ တိုင်များကို ဆွဲနှုတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် နေအိမ်များကို ဆက်ဆောက်၍မရဘဲ နေထိုင်စရာ အခက်အခဲများ ဖြစ်နေသည်ဟုလည်း မဝါဝါထွန်း ကဆိုသည်။
လှိုင်သာယာ ညောင်ရွာမီးဘေးတွင် မီးဘေးသင့် အိမ်ထောင်စု ၁၀၆စု လူဦးရေ ၄၀၀ ကျော်ခန့် ရှိသည်ဟု ၎င်းကဆိုသည်။