ငွေရေးကြေးရေးနဲ့ ဘဏ်တွေကိုပဲ ကွက်ပြီးတော့ ပြင်မယ်ဆင်မယ်ဆိုရင် အခုအခြေအနေမှာ လုံလောက်မယ်မထင်ဘူး

 ငွေရေးကြေးရေးနဲ့  ဘဏ်တွေကိုပဲ  ကွက်ပြီးတော့ ပြင်မယ်ဆင်မယ်ဆိုရင် အခုအခြေအနေမှာ  လုံလောက်မယ်မထင်ဘူး

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Interview ဖြစ်ပါသည်။

ဒေါက်တာဇော်ဦး အမှုဆောင်ဒါရိုက်တာ

မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း-စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့

(MDRI-CESD)

ကျော်ဇေယျ တွေ့မေးသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ  အမိန့်စာအမှတ်(၆/၂၀၁၈)နဲ့ ပြည်တွင်းမှာ ရုံးခွဲဖွင့်အခြေစိုက်ထားတဲ့ နိုင်ငံ ခြားဘဏ်လုပ်ငန်းတွေကို ပြည်တွင်းဘဏ် လုပ် ငန်း တွေနည်းတူ  ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု တွေပေးနိုင်ဖို့ ကန့်သတ်ချက်တွေကို ဖြေလျော့ လိုက်ပါတယ်။

၂၀၁၄ လောက်ကတည်းက ပြည်တွင်းမှာ ရှိနေကြပြီဖြစ်တဲ့  နိုင်ငံခြားဘဏ်တွေဟာ ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းတွေနဲ့ ဆက် ဆံရာမှာ လက်ကားဘဏ်လုပ်ငန်းကိုသာ လုပ်ခွင့်ရှိပါတယ်။ ဒီ ကနေတစ်ဆင့် ယခုအစိုးရလက်ထက် ၂၀၁၇၊ ဒီဇင်ဘာထဲမှာ တော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ ပို့ကုန်ချေးငွေဖြည့် ဆည်းမှု၊ ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်တဲ့ ဘဏ်ဝန်ဆောင်မှုတွေကို လုပ်ကိုင်ခွင့် ထပ်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ ဗဟိုဘဏ်က ဒီနိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်များနည်းတူပဲ ပြည် တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ မည်သည့်ချေးငွေဖြည့်ဆည်းမှုကို မဆိုလုပ်ကိုင်ခွင့်နဲ့ ဒီလုပ်ငန်းတွေအတွက် အခြားဘဏ်လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဖြေလျော့မှုမှာ အကန့်အသတ်တွေနဲ့ပါ။ ဒီဘဏ်တွေဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်ဆံရာ မှာ မရွှေ့မပြောင်းနိုင်တဲ့ပစ်္စည်းတွေကို ချေးငွေအပေါင်ပစ္စည်း အဖြစ်  ပြည်တွင်းဘဏ်တွေက ယူသလို ယူခွင့်မရှိပါဘူး။ ဒါ့အပြင် နိုင်ငံသားတွေရဲ့ အပ်ငွေကိုလည်း လက်ခံခွင့်မရှိပါဘူး။

ဒါပေမဲ့လည်း လက်ရှိတိုင်းပြည်စီးပွားရေးတုံ့နှေးနေရတာတွေကို ဖြေရှင်းနိုင်ဖို့ ဒီလို ငွေရေးကြေးရေး ကဏ္ဍဘက်က ဖြေ လျော့မှုတွေ လုပ်ရုံနဲ့တော့ အဆင်မပြေနိုင်ဘူးလို့ စီးပွားရေးပညာ ရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။ ဒီလို နိုင်ငံခြားဘဏ်တွေ အပေါ် အကန့်အသတ်တွေ ဖြေလျော့မှုတွေကနေ တိုင်းပြည် စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အစိုးရဦးဆောင်တဲ့ စီမံခန့်ခွဲမှု တွေ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ ဒေါက်တာဇော်ဦးဟာ အရင်အစိုးရလက်ထက်တုန်းက နိုင်ငံတော်သမ်္မတရဲ့ စီးပွားရေး ဆိုင်ရာ အကြံပေးကော်မတီမှာလည်း ပညာရှင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ကွန်း မဂ္ဂဇင်းက သူနဲ့ သွားရောက်တွေ့ဆုံပြီး လက်ရှိ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားဘဏ်တွေအပေါ် ဖြေလျော့မှုတွေကနေ    နိုင်ငံစီးပွားရေး အပေါ် သက်ရောက်မှုဖြစ်လာနိုင်မယ့် အလားအလာနဲ့ စိန် ခေါ်မှုတွေကို တွေ့ဆုံ မေးမြန်းထားတာတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။  ။ နိုဝင်ဘာတုန်းက ဗဟိုဘဏ်ကနေ နိုင်ငံခြား ဘဏ်ခွဲတွေကို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် ဘဏ် လုပ်ငန်းဆိုင်ရာကိစ်္စတွေ လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါ ပေမဲ့ ငွေချေးတဲ့အခါ အကန့်အသတ်တချို့ ခံထားဆဲလို့လည်း ကြားသိရတယ်။ ဒီလို ဗဟိုဘဏ်ရဲ့ နိုင်ငံခြားဘဏ်တွေကို ပြည် တွင်းဘဏ္ဍာရေးကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ခွင့်အတွက် ထပ်မံ ဖြေလျော့လိုက်တာသည် နိုင်ငံရဲ့ စီးပွားရေးကို ဘယ်လိုတွေများ အထောက်အပံ့ဖြစ်လာစေနိုင်ပါသလဲ။

ဒေါက်တာဇော်ဦး။  ။ ကျွန်တော် တင်ပြချင်တဲ့အထဲမှာ အရေး ကြီးတဲ့အချက်ကတော့ နိုင်ငံခြားဘဏ်တွေကို မြန်မာ့စီးပွားရေး ထဲမှာ ဝင်ရောက်လုပ်ပိုင်ခွင့်ကို ပိုမိုပေးလိုက်တယ်ဆိုတဲ့ဟာက ၂၀၁၂-၁၃ မှာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်လို့ စတင် စဉ်းစားစဉ်ကတည်းက စဉ်းစား ခဲ့တဲ့ အယူအဆတစ်ရပ်ပေါ့။

ဆိုလိုတာက နိုင်ငံခြားဘဏ်တွေရောက်လာမယ်ဆိုရင် ပြည်တွင်းဘဏ်တွေနဲ့ အပြိုင်အဆိုင်ဆောင်ရွက်နိုင်မယ်။ ပြည် တွင်းဘဏ်တွေ မလုပ်သေးနိုင်တဲ့ ဝန်ဆောင်မှုအသစ်တွေကို လည်း သူတို့ဆောင်ရွက်နိုင်မယ့်အပြင် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အရေးကြီးလိုအပ်နေတဲ့ နိုင်ငံခြားငွေတွေ ဖြည့်ဆည်းမှု၊ ဒီ Financing (ငွေရေးကြေးရေး) အပိုင်းကိုပါ သူတို့က ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ပြု ပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆနဲ့ ကျွန်တော် တို့ စဉ်းစားခဲ့ကြတယ်။ ဒါကိုပဲ လက်ရှိ  NLD အစိုးရလက်ထက်မှာ တကယ်ကို အကောင်အထည်ဖော်နိုင်တယ်ဆိုတော့ ဒါက ကောင်းမွန်တဲ့ လုပ်ငန်းတစ်ရပ်လို့ ထင်ပါတယ်။

ဒါပေမဲ့လည်း တစ်ခု သတိချပ်ရမယ့်ကိစ်္စကတော့ လက်ရှိစီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ကိစ်္စပေါ့။ ဒီအကျပ်အတည်း ဖြစ်နေတဲ့ ကိစ္စအပေါ်မှာ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို ဦးဆောင် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေကြားမှာ မြင်တဲ့အမြင်တွေ အပေါ်မှာတော့ ကျွန်တော်ပြန်ပြီးတော့ သုံးသပ်ပြချင်ပါတယ်။

အဓိကက ဘာလဲဆိုတော့ တော်တော်များများက ပြော နေကြတာက ဘဏ်တွေပေါ့။ အထူးသဖြင့် ပြည်တွင်းဘဏ်တွေ က အားနည်းလာလို့၊ ပြည်တွင်းဘဏ်တွေက သိပ်ပြီးတော့ အလုပ်မလုပ်နိုင်ဘဲနဲ့ မလည်ပတ်နိုင်ဖြစ်လာတဲ့အတွက်ကြောင့်မို့ လို့ တိုင်းပြည်စီးပွားရေးကျဆင်းတယ်။ ဒါကြောင့်မို့ အခု နိုင်ငံ ခြားဘဏ်တွေကို ပိုမိုလုပ်ကိုင်ခွင့် ပေးလိုက်တဲ့အခါမှာ တိုင်းပြည် စီးပွားရေးဟာ ပြန်ပြီးတက်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေပေါ့။ ဒါကို ကျွန်တော့်ရဲ့ အမြင်အရပြောရရင် ဒါကတော့ နည်းနည်းလွဲ နေမယ်လို့ ထင်ပါတယ်။

အဓိက ကျွန်တော်မြင်တာက နိုင်ငံရဲ့ စီးပွားရေးအကျပ် အတည်းဖြစ်ရခြင်းဟာ ငွေရေးကြေးရေးကဏ္ဍရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် မဟုတ်ဘဲနဲ့ အဓိက ကုန်ထုတ်လုပ်ငန်းတွေမှာ နိုင်ငံရဲ့ စီးပွားရေးဟာ တုံ့နှေးသွားတဲ့ သဘော ရှိနေပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းဟာလည်း အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေးမှာ အစဉ်တစိုက် ကြိုးစားပြီး ဆောင်ရွက်နေတဲ့ တချို့ကဏ္ဍတွေမှာ စီမံကိန်းတချို့ဟာ ရုတ်တရက်ရပ်တန့်သွားတဲ့ အနေအထားတွေရှိပါတယ်။ ၂၀၁၆-၁၇ မှာပေါ့။

အရေးကြီးတဲ့ စီမံကိန်းတွေကတော့ အထူးသဖြင့် စွမ်းအင် ကဏ္ဍမှာ လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် ဘဏ်တွေနဲ့ပေါ့။ ကျွန်တော်တို့ အခေါ်ကတော့ ဘက်စုံစီမံကိန်းတွေပေါ့။ Master Plan ပေါ့။ ဒီဟာတွေဆွဲထားတဲ့ စီမံကိန်းတော်တော်များများရှိတဲ့ ဟာတွေ က တကယ်ဆိုရင် အကောင်အထည်ဖော်လို့ရတဲ့ အနေအထား မှာ ရှိတယ်။ ဒါကို အလျင်အမြန် အကောင်အထည်ဖော်ပြီးတော့ သူလိုအပ်တဲ့ ငွေကြေးဖြည့်ဆည်းမှုပေါ့၊ Financing ကို သက် ဆိုင်ရာ နိုင်ငံတကာဘဏ်တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နိုင်ခဲ့ မယ်ဆိုရင် အဲဒီစီမံကိန်းတွေ လည်ပတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးဟာ အတော်အသင့် ဆက်ပြီးတော့ အား ကောင်းမောင်းသန် လည်ပတ်နိုင်မယ့် အနေအထားရှိတယ်။

ဒါပေမဲ့ ၂၀၁၆-၁၇ မှာ တစ်သွားတဲ့ကိစ်္စက ဒီစီမံကိန်းတွေ အပေါ်မှာ ပြန်လည်သုံးသပ်မှုတွေကြောင့် ကြာမြင့်သွားတာ ရှိ တယ်။ အရေးကြီးဆုံး ကြန့်ကြာမှုကတော့ နိုင်ငံခြားငွေ အရင်း အနှီးပေါ့။ ဒါကို ဖြည့်ဆည်းရမယ်ဆိုတဲ့ Financing ကိစ္စပေါ့။ ဒီ Financing ကိစ်္စနဲ့ ချေးငွေရယူရမယ်ဆိုတဲ့ ကိစ်္စတွေမှာ သဘော ထားတွေက မှားယွင်းတဲ့ နားလည်မှုတွေ ရှိနေတယ်လို့ ကျွန် တော် မြင်ခဲ့တယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အရင်းအနှီး လုပ်ဖို့ဆိုရင် အရင်းအနှီးကို ဖြည့်ဖို့လိုတယ်။ ပြည်တွင်းမှာ အဲဒီ အရင်းအနှီးကို မရှာနိုင်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာမှာ လွယ်လင့်တကူနဲ့ အတိုးနှုန်းသက်သက်သာသာ ရနိုင်တဲ့ နိုင်ငံ တကာက ငွေကြေးအရင်းအနှီးကို ရယူပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်တယ်။ တကယ်ကို မလုပ်မဖြစ်၊ မရင်းနှီးရင် မဖြစ်တဲ့ ကဏ္ဍတွေမှာပေါ့လေ။

ဒါဟာ ကျွန်တော်တို့နိုင်ငံက မရှိလို့၊ ဆင်းရဲလို့၊ စားစရာ မကျန်တော့လို့ ချေးငွေယူရတယ်ဆိုတဲ့ အရပ်ထဲက အကြွေးထူ တဲ့ ပုံစံမျိုး နားလည်ပြီးတော့ နိုင်ငံတကာအကြွေးဆိုရင် ဘယ် ဟာမှ မချေးသင့်ဘူးဆိုတဲ့ အယူအဆနဲ့ ဒီစီမံကိန်းတွေက ကြန့် ကြာမှုဖြစ်ခဲ့တယ်လို့ ထင်မြင်မိတယ်။ ဒါကြောင့်မို့လို့ စီမံကိန်း တော်တော်များများဟာ ဒီ ၂၀၁၆-၁၇ အစပိုင်းမှာ တုံ့နှေးခဲ့တယ်။

တုံ့နှေးခဲ့တဲ့အပိုင်းမှာ နိုင်ငံတကာဘက်ကလည်း သူတို့ရဲ့ အခေါ် အရဆိုရင် ပရောဂျက်ရဲ့ ပိုက်လိုင်းလို့ ပြောတာပေါ့နော်။ ဒီပိုက် လိုင်းထဲမှာ ရှေ့က သွားတဲ့ စီမံကိန်းတစ်ခုက မပြီးသေးခင်မှာ နောက်က နောက်ထပ်စီမံကိန်းအသစ်ကို သူတို့က ဖြည့်လို့မရ ဘူး။ ပိုက်လိုင်းကတစ်ခုတည်းပဲ သွားရတယ်ဆိုတော့။ ကျွန်တော် တို့နိုင်ငံရဲ့ စီမံကိန်းပိုက်လိုင်းထဲမှာ သွားနေတဲ့ဟာတွေ အကုန် လုံးက အလျင်နှုန်းကျသွားတဲ့အခါမှာ ပိုက်လိုင်းကြီးက ဆို့သွား တဲ့ သဘောပေါ့။

ဆို့သွားတဲ့အခါကျတော့ အဲဒီအချိန်တွေမှာ ဂျပန်အစိုးရ က ကျွန်တော်တို့ကို ရှစ်ဘီလီယံလောက်အထိတောင်မှ ထောက် ပံ့ပေးမယ်ဆိုတဲ့ ကိစ်္စတွေဟာ ဒီပိုက်လိုင်းကြီးဆို့နေတာနဲ့ ကျွန် တော်တို့ဆီမှာ ချေးငွေကိစ္စတွေကို အလျင်အမြန် မဆောင်ရွက် နိုင်တဲ့ အခြေအနေမှာ အကူအညီပေးချင်တဲ့ဟာတွေအားလုံးကလည်း တဖြည်းဖြည်းနဲ့ တုံ့နှေးသွားတဲ့ သဘော ဖြစ်သွားတယ်။

ဒီနေရာမှာ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို အင်မတန်မှ စိတ်ချရတဲ့ ဘဏ်တွေနဲ့ ချေးငွေစီမံကိန်းတွေ လုပ် တာတောင်မှအဆင်မပြေခဲ့ရင် ကျန်တဲ့ တစ်နိုင်ငံချင်းနဲ့ ဆိုင်တဲ့ ဘဏ်တွေကနေ၊ ဥပမာ ဂျပန်လိုနိုင်ငံကနေ ချေးပေးတဲ့ ချေးငွေ မျိုးပေါ့နော်။ ကျွန်တော်တို့အပေါ် ချေးဖို့ဆိုတာ ပိုပြီး တုံ့နှေးလာ တဲ့ သဘော ဖြစ်လာတယ်။ အဲဒီ ၂၀၁၆-၁၇ အချိန်တွေမှာ နိုင်ငံရဲ့ စီမံကိန်းတွေဟာ အတော်လေးတုံ့နှေးသွားတဲ့ အနေအထား ရှိခဲ့တယ်။

ပြီးတော့ ပိုဆိုးတာက အရင်ကာလက ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေဟာ တချို့စံတွေနဲ့ မကိုက်ဘူး၊ စံချိန်စံဩန်းနဲ့အညီ လုပ်တာ မဟုတ်တဲ့အတွက်ကြောင့်မို့လို စံတွေအားလုံးကို ပြန်ပြီး စိစစ်ရမယ်။ ဒီစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ထားလား၊ မလုပ် ထားဘူးလားဆိုတာကို တိတိကျကျ စိစစ်ရမယ်ဆိုတဲ့ဟာတွေ လုပ်ကြပြန်တယ်။ ဒီနေရာမှာ ဆောက်လုပ်ရေးကဏ္ဍရဲ့ စီမံကိန်း တွေ အတော်များများ ပါသွားတာပေါ့။

ဒီဟာက စေတနာကိုတော့ မေးခွန်းမထုတ်လိုပါဘူး။ တိုင်း သူပြည်သားအားလုံး အန္တရာယ်ကင်းကင်းနဲ့ ဒီအဆောက်အအုံ တွေမှာ နေထိုင်နိုင်အောင် စေတနာနဲ့ ဆောင်ရွက်တာပါပဲ။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းက စီမံကိန်းအားလုံးကို ရပ်ဆိုင်းပြီးတော့ မှ ဒါကို အပြီးသတ်စိစစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံမှာ ဆောက်လုပ်ရေးကဏ္ဍဟာ အတော်ကြီးကို အထိနာခဲ့တယ်။ အဲဒီအခါကျတော့ ဆောက်လုပ်ရေးကဏ္ဍက နေ နောက်ဆက်တွဲအဖြစ် အခြား စီးပွားရေးကဏ္ဍတွေကိုပါ တနွယ်ငင်တစင်ပါ ထိခိုက်လာတဲ့ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် ကျွန်တော်တို့ စီးပွားရေးကလည်း တုံ့နှေးသွားတယ်ပေါ့။

နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံရဲ့ အဓိကကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေမှာလည်း အသစ် တက်လာတဲ့အစိုးရအနေနဲ့က တချို့အနေအထားတွေမှာ ပြန်ပြီး တော့ စိစစ်နေတာ၊ သုံးသပ်နေတာ၊ မဟာဗျူဟာ ရေးဆွဲနေတဲ့ ဟာတွေနဲ့ အချိန်ယူတဲ့ အပိုင်းလေးတွေ ရှိနေတယ်။ အချိန်ယူနေ စဉ်ကာလအတွင်းမှာ လုပ်နေကျပုံစံလေးတွေကို ပိုပြီးတော့ သွက်သွက်လက်လက် မလုပ်နိုင်ခင်စပ်ကြားမှာ ကံက မကောင်း ချင်တော့ တစ်ကမ္ဘာလုံးမှာလည်း ကုန်သွယ်ရေးက ပိတ်ဆို့မှုတွေ ဖြစ်လာတယ်။

ကျန်တဲ့ဈေးကွက်တွေကလည်း အကန့်အသတ်တွေ အလုပ်ခံလာရတယ်။ ဥပမာ-အိန္ဒိယကနေပြီးတော့ ကျွန်တော်တို့ ဆီက ပဲကို မဝယ်တော့ဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိလာတယ်။ တရုတ်နယ်စပ်မှာလည်း ကုန်သွယ်ရေးအရ အကန့်အသတ်တွေ ဖြစ်လာတယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ ငွေလဲနှုန်းကလည်း အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး စစ်ပွဲကြားမှာ ထပ်ပြီးတော့ အလူးအလဲခံရတဲ့ ပြဿနာ ဖြစ်လာတယ်။ ဒါတွေရဲ့ အဓိက ထိုးနှက်ချက်က ဘယ်မှာ သွားဖြစ်သလဲဆိုရင် ကျွန်တော်တို့နိုင်ငံ ရဲ့ စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အများကြီးသွားပြီး သက်ရောက်သွားတယ်။

ပြန်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ အဓိက ကုန်ထုတ် လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး ပြီးတော့ ဆောက် လုပ်ရေး။ ပြီးရင်တော့ ဒီကုန်ထုတ်လုပ်ငန်းတွေကို ပိုပြီးတော့ သက်သက်သာသာနဲ့ အမြတ်များအောင် ဆောင်ရွက်နိုင်မယ့် လမ်းပန်းဆက်သွယ်ရေးလို အခြေခံ အဆောက်အအုံ စီမံကိန်း တွေကို မလုပ်နိုင်ခဲ့တဲ့အခါမှာ နိုင်ငံရဲ့ ကုန်ထုတ်ကဏ္ဍကြီးဟာ အခုအချိန်မှာ အင်မတန်မှ တုံ့နှေးပြီးတော့ ကဏ္ဍတော်တော် များများမှာ အမြတ်မရနိုင်ဘဲနဲ့ အရှုံးပါ ပေါ်နိုင်တယ်ဆိုတဲ့အတွက် ကြောင့်မို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပါတဲ့ အဖွဲ့ဝင် တော် တော်များများကလည်း ဒီကိစ်္စတွေမှာ ရှေ့ကို တွန်းတွန်းတိုက် တိုက် မလုပ်ရဲဘူး ဖြစ်နေကြရတယ်။

အဓိက ကျွန်တော်မြင်တဲ့ ပြဿနာကတော့ ကျွန်တော်တို့ စီးပွားရေးကဏ္ဍမှာ အဓိက ပြဿနာဖြစ်နေတာက ကုန်ထုတ် ကဏ္ဍ ဖြစ်နေတယ်။ ကုန်ထုတ်ကဏ္ဍက တုံ့နှေးသွားတဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တွေ။ ဒီကုန်ထုတ်လုပ်ငန်းတွေကို အရင်းအနှီးပေးထားတဲ့ ဘဏ် တွေကပါ စီးပွားရေးလည်ပတ်မှုကလည်း တုံ့နှေးလာတယ်။ တုံ့ နှေးသွားတဲ့အတွက်ကြောင့် ဘဏ်တွေမှာ အခုဆိုရင် ချေးထား တဲ့ ချေးငွေတွေဟာ မပြေမလည်ဖြစ်ကြတယ်။ အဲဒီတော့ ချေး ငွေတွေ ပြန်မဆပ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ အကြွေးပြဿနာ ရယ်လို့ ဖြစ်လာတယ်။

ကျွန်တော်တို့ စီပွားရေးတစ်ခုလုံး တုံ့နှေးသွားရတဲ့အပေါ် မှာ ကိုင်တွယ်မယ်ဆိုရင်တော့ ငွေရေးကြေးရေးနဲ့ ဘဏ်တွေကိုပဲ ကွက်ပြီးတော့ ပြင်မယ်ဆင်မယ်ဆိုရင် အခုအခြေအနေမှာ လုံ လောက်မယ်မထင်ဘူး။ ဒါကြောင့်မို့ ဒီဟာရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ နိုင်ငံခြားဘဏ်တွေကို ကျွန်တော်တို့ရဲ့ ငွေကြေးကဏ္ဍထဲမှာ ဝင်ရောက် ဆောင်ရွက်ခွင့်ပြုလိုက်ခြင်းဟာ အဖြေတစ်စိတ် တစ်ပိုင်းပဲဖြစ်မယ်။ ဒီဟာကတော့ အဖြေတစ်ခုလုံးကို ပေးလိမ့် မယ်လို့ မထင်ဘူး။

မော်ကွန်း။  ။ ဆရာပြောတာက လက်ရှိစီးပွားရေးအကျပ်အတည်း က ကုန်ထုတ်ကဏ္ဍတွေ တုံ့ဆိုင်းသွားတာကြောင့်သာ ဖြစ်တယ်။ ဒီအခါမှာ အခုနိုင်ငံခြားဘဏ်တွေကို ဈေးကွက်မှာ ဝင်ရောက် ခွင့်ပြုလိုက်တာက တစ်စိတ်တစ်ဒေသ ဖြေရှင်းရာပဲ ရောက်မယ် လို့ သုံးသပ်တယ်ပေါ့။ အခုလက်ရှိ ဗဟိုဘဏ်ကနေ နိုင်ငံခြား ဘဏ်တွေကို ဖွင့်ပေးလိုက်တာက အလားအလာအားဖြင့်ရော။ ဒီဘဏ်တွေကို ဖြေလျော့ပေးလိုက်တာသည် သာမန်ပြည်သူ တွေအတွက် ဒီဘဏ်လုပ်ငန်းတွေနဲ့ ထိတွေ့နိုင်မှုအပိုင်းမှာရော အလုပ်ဖြစ်ပါ့မလား။

ဒေါက်တာဇော်ဦး။  ။ ဒါကြောင့်မို့လို့ တကယ်ဆိုရင်တော့ ဒီ နိုင်ငံခြားဘဏ်တွေကို ဖွင့်ပေးလိုက်တဲ့ မဟာဗျူဟာမှာကတော့ အားနည်းနေသေးတယ်။ ဒါပေမဲ့ နည်းဗျူဟာအပိုင်းမှာ ကောင်း သွားအောင်လို့ စဉ်းစားလို့ရတဲ့ဟာတွေ ရှိသေးတယ်။ နည်း ဗျူဟာပိုင်းဆိုတာ ဘာလဲဆိုရင် ကျွန်တော်တို့ဆီက ပြည်တွင်း ဘဏ်တွေက သူတို့အတွက် အကျိုးအမြတ် လွယ်လင့်တကူ ရနိုင် တဲ့ ဖောက်သည်အကြီးစား၊ အလတ်စားတွေပေါ့ဗျာ။ မြို့နေ လူ တန်းစားဖောက်သည်တွေကို သူတို့က အဓိကထား ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းဖြစ်နေတယ်။

ဒီတော့ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ နိုင်ငံမှာ မရှိသေးတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တချို့သော ဝန်ဆောင်မှု လုပ်ငန်းမျိုးကို နိုင်ငံတကာဘဏ်တွေက ဦးဆောင်ပြီးတော့ လုပ် ခွင့်ပေးတာမျိုးကို နည်းဗျူဟာကောင်းကောင်းနဲ့ ကျွန်တော်တို့ရဲ့ ဘဏ်တွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေက စဉ်းစားသင့်တယ် လို့ ထင်တယ်။

နံပါတ်တစ်က ဥပမာအားဖြင့် ကုန်ထုတ်လုပ်ငန်းကိုပဲ ပြန် သွားမယ်ဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမှာ အခုအချိန် မှာ အရင်းအနှီးရဖို့က အင်မတန်ခက်နေတယ်။ နိုင်ငံရဲ့ပြည်တွင်း ဘဏ်တွေမှာလည်း အရင်းအနှီးယူဖို့ဆိုတဲ့ဟာက လိုအပ်ချက် တွေက အရမ်းများနေတယ်။ ဒါကလည်း ပြည်တွင်းဘဏ်တွေက ပြည်သူတွေရဲ့ အပ်ငွေကို သုံးပြီးတော့ ပြန်ချေးမယ့်လုပ်ငန်းတွေ ဖြစ်နေတော့ ငွေချေးမယ့်လုပ်ငန်းဟာ အင်မတန်မှ အန္တရာယ် များတဲ့ လုပ်ငန်းမျိုးဆိုရင် ပြည်သူအပ်ငွေကို မထိခိုက်သွားရ အောင် ဗဟိုဘဏ်ကလည်း ကာကွယ်ရတဲ့သဘောကြောင့်ပါ။

အခု နိုင်ငံခြားဘဏ်တွေကို ဖွင့်ပေးလိုက်တယ်ဆိုပေမယ့် အပ်ငွေကို လုပ်လို့မရသေးဘူး။ အပ်ငွေကို မလုပ်ရသေးတဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့ အပ်ငွေသူတို့မှာ မရှိဘူး။ ပြည်ပကနေ သယ်လာမယ့် ရင်းနှီးမြှုပ်နှံငွေ ဖြစ်နေတယ်။ သူတို့ ကလည်း စွန့်စွန့်စားစား လုပ်ချင်တဲ့အတွက်ကြောင့် အခုအချိန် မှာ ရောက်လာတာဆိုတော့ ပိုပြီးတော့ စွန့်စားဖို့လည်းလိုတယ်။ သိပ်ပြီးတော့လည်း ကျွန်တော်တို့ဆီက အပ်ငွေလိုမျိုး အတင်း အကျပ်ကြီး အပေါင်ပစ္စည်းရှိမှ ရမယ်တို့၊ မြေပိုင်မှ ရမယ်တို့၊ ပုံစံ ၇ ကို(လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်)ပြမှ ချေးမယ် ဆိုတာတွေ မလုပ်ဘဲနဲ့ နိုင်ငံခြားဘဏ်တွေက ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးတော့မယ် ဆိုရင်တော့ သက်သက်သာသာ လွယ်လွယ်ကူကူနဲ့ အကူအညီပေးနိုင်အောင် သူတို့ကို ဖွင့်ပေးလိုက်သင့်တယ်။

ဘာကြောင့်လဲဆိုရင် သူတို့ယူလာတဲ့ ပိုက်ဆံဟာ သူတို့ အပြင်ကနေ ယူလာတဲ့ ပိုက်ဆံဖြစ်နေတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အပ်ငွေနဲ့ လုပ်တဲ့ ပိုက်ဆံမဟုတ်တဲ့အတွက်ကြောင့် သူတို့က ဒီအပေါ်မှာ စွန့်စားလိုစိတ်ရှိပြီးသား။ ဒီလို လုပ်ငန်းတွေ အတွက် ဗဟိုဘဏ်က သီးခြားနည်းဗျူဟာတစ်မျိုးကို စနစ်တကျ ဖော်ထုတ်သင့်တယ်။

ဘာကြောင့်လဲဆိုတော့ ဒီလိုအခြေအနေမျိုးဟာ နှစ်ဦး နှစ်ဖက်အကျိုးရှိနိုင်တယ်။ စွန့်စားချင်တဲ့သူနဲ့ စွန့်စားမှုအတွက် အာမခံမှုနည်းနေတဲ့၊ မရှိတဲ့ သူတွေအတွက်ပေါ့။ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှာဆိုရင် မွေးမြူရေးမှာဆိုရင် ပုံစံ ၇ ရဖို့အတွက် အင်မတန်ခက်ပါတယ်။ ငါးကန်တွေမှာဆိုရင် ပုံစံ ၇ မရှိကြဘူး။ မရှိတော့ သူတို့က ဘယ်ဘဏ်ကမှ ပိုက်ဆံချေး လို့မရဘူးဖြစ်နေတယ်။ ဒါပေမဲ့ ငါးကန်မွေးမြူရေး လုပ်နေတဲ့သူ တွေက တကယ်လုပ်နေတဲ့ သူတွေပဲလေ။ သို့သော် ပြည်တွင်း ဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ချေးလို့မရဘူး ဖြစ်    နေတယ်။

အဲဒီတော့ ဒီလိုဟာမျိုးကို စနစ်တကျနဲ့ ဒီကဏ္ဍအတွက် သီးခြားအစီအစဉ်နဲ့ ဘယ်လိုနိုင်ငံခြားဘဏ်တွေက လုပ်ပေး နိုင်သလဲ။ ဒီလိုကိစ်္စတွေကို ဗဟိုဘဏ်က မလုပ်နိုင်ရင်တောင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုဟာမျိုးက လုပ်နိုင်သလဲဆိုရင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက လုပ်ပေးနိုင်တယ်။ သူကနေ ကမကထလုပ်ပေးပြီးတော့ ဖော်ထုတ်ပေးဖို့ လိုလိမ့်မယ်။

သို့မဟုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးလို ဝန်ကြီးဌာနမျိုးတွေကပေါ့။ သူတို့က ကြားခံအနေနဲ့ အာမခံပေး ပြီးတော့ လုပ်နိုင်ပါတယ်။ ဘယ်သူတွေက တကယ်နိုင်ငံခြားကို တင်ပို့ဖို့ လုပ်နေသလဲဆိုတာ ဒီဝန်ကြီးဌာနတွေက အကုန်သိနေ တာပဲလေ။ ဝန်ကြီးဌာနက ဒီဟာကို ကမကထလုပ်ပေးမယ်ဆိုရင် ဒီလို Project Financing လို့ ခေါ်တဲ့ စီးပွားရေး စီမံကိန်းတွေကို လွယ်လင့်တကူနဲ့ လျင်လျင်မြန်မြန် ချေးငွေထုတ်ပေးနိုင်တဲ့ အစီ အစဉ်မျိုးကို နိုင်ငံတော်ဘက်က ဖော်ထုတ်ပေးသင့်တယ်။

နောက်တစ်ခုက ဘာလဲဆိုရင် နိုင်ငံခြားဘဏ်တွေကလည်း စွန့်စားမှုကို ယူပြီဆိုပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံထဲမှာ ကြည့်လိုက်ပြန်တော့ သူတို့အများဆုံး ယူသင့်တဲ့ စွန့်စားမှုက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှာဆိုရင် ဒီက လုပ်ငန်းရှင်ကြီးတွေ အဆင့်လောက်မှာပဲ ရှိနေသေးတယ်။ ကျွန်တော်တို့ဆီက တောင် သူတွေအဆင့်အထိ သူတို့ ထုတ်ချေးလာဖို့ဆိုရင် သူတို့အတွက် စွန့်စားရတဲ့ အန္တရာယ်က အရမ်းများသွားပြီ။ ဒီဟာက ရှုံးဖို့ များ နေတယ်လေ။ မြန်မာစိုက်ပျိုးရေးဘဏ်တောင်မှ ချေးငွေ ပြန် မဆပ်ကြလို့ ဒုက်္ခရောက်နေတဲ့ အနေအထားမျိုးမှာ သူတို့က လည်း ဒီဟာကိုပဲ ပြန်ချေးရင်တော့ ဒီပိုက်ဆံဟာ ဘယ်တော့မှ ပြန်မရဘူးဆိုတဲ့ ဟာမျိုးကို သူတို့လည်း သိမှာပဲ။ ဒီလိုဆိုရင်တော့ သူတို့ကလည်း လုံး၀ ချေးမှာ မဟုတ်ဘူး။

ဒါပေမဲ့လည်း အဓိက လိုနေတာကဘာလဲဆိုရင် စိုက်ပျိုး ရေး၊ မွေးမြူရေးကဏ္ဍမှာဆိုရင် လုပ်ငန်းရှင်ကြီးတွေတင် မက ဘူး။ ကုန်သည်တွေရော၊ တောင်သူတချို့ကိုပါ ထုတ်ချေးနိုင်တဲ့ အနေအထားမျိုး ဖြစ်လာအောင် ဒါမျိုးကိုလည်း အားပေးဖို့ လို နေပါတယ်။

တခြားတိုင်းပြည်တွေမှာကတော့ အဆင့်မြင့်တဲ့ ဝိုင်းကြီး ချုပ်စနစ်တွေ ပေါ်နေပြီ။ ဒီဟာက သိပ်တော့ ကျွန်တော်တို့ မသိနားမလည်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဥပမာ-ကျွန်တော်တို့ ဆီမှာ အခု micro-fnance လို့ခေါ်တဲ့ အသေးစား ငွေစုငွေချေး လုပ်ငန်းတွေမှာ ခင်ဗျား ငွေသွားချေးပြီဆိုရင် အနည်းဆုံးငါး ယောက်လောက်က စုပေါင်းချေးတဲ့စနစ်နဲ့ လုပ်ကြရတယ်။ ငါး ယောက်ထဲက တစ်ယောက်က ပျက်ကွက်ရင် ကျန်လေးယောက် က ဝိုင်းလျော်ရတယ်ဆိုတဲ့ စနစ်မျိုးပေါ့နော်။ ဒါမျိုးကို ကျွန် တော်တို့က နည်းနည်းပိုပြီး အကြီးချဲ့လိုက်ပြီးတော့ ကျွန်တော်တို့ အခေါ်ကတော့ Value Chain Financing Financing လို့ ခေါ်တယ်။  ဒီလယ်ယာထုတ်ကုန် အဆင့်ဆင့်မှာ ပါနေတဲ့ လုပ်ငန်းရှင်လည်း ပါမယ်၊ ကုန်သည်တချို့လည်း ပါမယ်၊ တောင်သူတချို့လည်း ပါတဲ့ သူတို့အသင်းအဖွဲ့ကနေ ဦးဆောင်ပြီး လုပ်တဲ့ ကိစ္စမျိုးတွေကို လုပ်ပေးဖို့ပေါ့။ ဒီလို လုပ်ပေးဖို့ဆိုရင်တော့ စိုက်ပျိုးရေး၊ မွေး မြူရေးဝန်ကြီးဌာနလိုဟာမျိုး၊ ဒီအကြောင်းတွေကို ကောင်း ကောင်းသိတဲ့ ဌာနလိုဟာမျိုးတွေကနေ ကမကထ လုပ်ပြီးတော့ ဒီနိုင်ငံခြားဘဏ်တချို့နဲ့ စပြီး လုပ်မယ်ဆိုရင် ကောင်းနိုင်တဲ့ အနေအထားရှိတယ်။ အခု ကျွန်တော်ပြောနေတာက နည်း ဗျူဟာပိုင်း ကိစ်္စတွေပါ။

အခု ဗဟိုဘဏ်ရဲ့  ဩန်ကြားချက်က အသေးစိတ်တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် သူတို့အထဲမှာ ရေးထားတဲ့ဟာက ဘာလဲဆို တော့ မည်သည့်နည်းနှင့်မဆို ချေးခွင့်ကို ပေးပါတယ် ဆိုတဲ့ ဟာက ပါတယ်။ အရင်တုန်းက ပိတ်ထားတုန်းကတော့ အရမ်းကို ပိတ်ထားခဲ့တယ်။ အခုကျတော့ ဘာမဆို ချေးလို့ရတယ်ဆိုပြီး ဖွင့်ပေးလိုက်ပြန်တယ်။ ဒီဟာကလည်း ကျွန်တော့်စိတ်ထင် မမှန် ပြန်ဘူး။

တကယ်တမ်းက ဘယ်ဟာကတော့ဖြင့်ကောင်းနိုင်တယ်။ ဘယ်အရာတွေကတော့ဖြင့် ကျွန်တော်တို့ နိုင်ငံအတွက် သင့် တော်ပါတယ်ဆိုတဲ့ဟာကို ဗဟိုဘဏ်က ရှင်းသင့်တယ်။ ဒါမှ မဟုတ် ဗဟိုဘဏ်က ဒီဟာကို လုပ်ဖို့ခက်နေတယ်ဆိုရင် သက် ဆိုင်ရာ စီးပွားရေးဝန်ကြီးဌာနတွေဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနလိုမျိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလိုမျိုး၊ စိုက်ပျိုးရေး၊မွေးမြူရေးလို ဝန်ကြီးဌာနတွေက ဒီလိုနိုင်ငံခြားဘဏ်တချို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းဗျူဟာ ဖော်ထုတ်တဲ့ အစီအစဉ်မျိုးကို ဖော်ဆောင်သင့်တယ်လို့ ထင်တယ်။

ဒါမှသာလျှင် နိုင်ငံခြားဘဏ်တွေကို အခုလိုမျိုး ပိုမိုလွတ် လပ်စွာ ဆောင်ရွက်ခွင့်ပေးလိုက်တယ်ဆိုတဲ့ အကျိုးကျေးဇူးကို အောက်ခြေအထိ ခံစားရမှာဖြစ်တယ်။ မဟုတ်ရင်တော့ သူတို့က လည်း ကျွန်တော်တို့ ပြည်တွင်းဘဏ်တွေ လုပ်သလိုမျိုးပဲ အကျင့် ဆိုးတွေနဲ့ လိုက်ပြီးတော့ လုပ်နေဦးမယ်ဆိုရင် ပိုပြီးတော့တောင်မှ ဒုက္ခရောက်မယ့်သဘောမှာ ရှိတယ်။

ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံတို့၊ အင်ဒိုနီးရှားနိုင်ငံ တို့မှာ ၁၉၉၇ က ဖြစ်ခဲ့တဲ့ အာရှငွေကြေးဂယက်မှာဆိုရင် ပြည် တွင်းကနေတောင် ချေးတာ မလောက်တော့လို့ နိုင်ငံခြားက မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ချေးငွေတွေကို ဒီဘဏ်တွေကနေ တစ် ဆင့် ချေးမိတာကနေ ဒုက်္ခရောက်ကြရတယ်။

အခုဆိုရင် ကျွန်တော်တို့ဆီမှာလည်း တချို့လုပ်ငန်း တော် တော်များများက ရပ်နေတဲ့အတွက်ကြောင့်မို့လို့ အခုလို ငွေယူလို့ ရတဲ့ နောက်တစ်နေရာ လမ်းကြောင်းပေါ်လာတဲ့အခါ ဒီလုပ်ငန်း ရှင်ကြီးတွေက ဒီငွေကိုထပ်ယူပြီးတော့ မှားနေတဲ့ လမ်းကြောင်း ပေါ်မှာပဲ ထပ်မံလိုက်နေကြမယ်ဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံ လုံးဟာ ပိုပြီးတော့ ဒုက်္ခရောက်သွားနိုင်တဲ့ အနေအထား ရှိပါ တယ်။ ဒီဟာမျိုးက မဟာဗျူဟာအဆင့်မှာ အကြီးအကျယ်ကို စဉ်းစားရမယ့် အနေအထား။

ဘာကြောင့်လဲဆိုရင် အခုလက်ရှိချေးလိုက်မိတဲ့ ပုံစံတွေနဲ့ ကုန်ထုတ်လမ်းကြောင်းကို လုပ်နေကြတဲ့ ပုံစံတွေက မမှန်သေး ဘူး။ မမှန်သေးတဲ့နေရာမှာ အခု နောက်တစ်ဖွဲ့ကို ချေးခွင့်ပေး လိုက်တယ်ဆိုရင် အဲဒီနောက်တစ်ဖွဲ့ကို ဘယ်နေရာတော့ဖြင့် ဘယ်လိုချေးပေးမယ်ဆိုရင် ဘယ်လို ကောင်းပါတယ်ဆိုတာမျိုးကို နည်းပေးလမ်းပြ မပြုဘဲနဲ့ ဘာမဆိုချေးနိုင်တယ် ဆိုတဲ့ အဲဒီအမိန့် စာအတိုင်း ချေးခွင့်ပေးမယ်ဆိုရင် သူတို့(နိုင်ငံခြားဘဏ်)က လည်း ဘယ်လိုဟာမျိုးပဲ ချေးမလဲဆိုရင် ဆူလွယ်နပ်လွယ် ကိစ္စ တွေပဲ ချေးမယ်ဟေ့ဆိုရင် ကျွန်တော်တို့ စီးပွားရေးက ပိုပြီးတော့ ဒုက္ခရောက်နိုင်တဲ့ အနေအထားရှိတယ်။

မော်ကွန်း။  ။ အခုနိုင်ငံခြားဘဏ်တွေကို ဖွင့်ပေးတဲ့အခါမှာ ဘာမဆို ချေးနိုင်တယ်ဆိုတာမျိုးထက် အစိုးရက ဒီဘဏ်တွေကို တိုင်းပြည်ရဲ့ ဘယ်ကဏ္ဍတွေမှာတော့ ချေးသင့်၊ လုပ်ကိုင်သင့်ပါ တယ်ဆိုတာမျိုးကို လမ်းကြောင်းပြပေးသင့်တယ်။ ဒါမှ အလုပ် ဖြစ်နိုင်မယ်လို့ ဆိုလိုတာလား။

ဒေါက်တာဇော်ဦး။ ။ နည်းပေးလမ်းပြလုပ်ပေးနိုင်ရမယ်။ လမ်း ကြောင်းပေးနိုင်ရမယ်။ ကျွန်တော်ပြောချင်တဲ့ မဟာဗျူဟာ ကတော့ စီးပွားရေးကျဆင်းတာက ဘဏ်တွေကြောင့် မဟုတ် ဘူး။ စီးပွားရေးကျဆင်းနေတာက ကုန်ထုတ်ကဏ္ဍကို တိကျမှန် ကန်တဲ့ ဦးဆောင်မှုနဲ့ စီမံကိန်းတွေကို ပြန်ပြီးတော့ တည့်မတ်ပြီး တော့ ကောင်းမွန်လာအောင် မလုပ်သေးတဲ့အတွက်ကြောင့် စီးပွားရေးက ကျဆင်းတာ။ ဒီဟာရဲ့ အဓိက အဖြေဖြစ်သင့်တာက တော့ ကုန်ထုတ်လုပ်ငန်းတွေကို ဘယ်လို တိုးတက်အောင် လုပ် မလဲ။ ဘယ်လိုစီမံကိန်းတွေကို အစိုးရအနေနဲ့ Budget(ရန်ပုံငွေ)တွေ ဘယ်လို ပုံအောမလဲ။ ဘယ်နေရာတွေမှာကတော့ဖြင့် အလေအလွင့်ဖြစ်နေတာတွေကို လျော့နည်းသွားအောင် လုပ် ဆောင်မလဲ ဆိုတာတွေကို လုပ်ဆောင်ဖို့ လိုနေတာပါ။

မော်ကွန်း။  ။ ဒါဆိုရင် ပြည်တွင်းဘဏ်တွေက စွန့်စားမှုမပြုရဲကြတဲ့ ကဏ္ဍတွေမှာ အခု နိုင်ငံခြားဘဏ်တွေက စွန့်စားလုပ်ကိုင်နိုင် အောင် နည်းဗျူဟာကောင်းကောင်းနဲ့ အစိုးရက နည်းပေးလမ်းပြ လုပ်ပြီး ဖော်ဆောင်နိုင်မယ်ဆိုရင် အောက်ခြေအထိ အကျိုးများ နိုင်တယ်ဆိုတဲ့ သဘောလား။

ဒေါက်တာဇော်ဦး။  ။ ဟုတ်တယ်။ အဓိကကတော့ ဗဟိုဘဏ်က လည်း ပြည်တွင်းဘဏ်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတာပေါ့ဗျာ။ ပြည်တွင်းဘဏ်တွေအနေနဲ့ စွန့်စားမှုတွေ အရမ်းမလုပ်နိုင်အောင်ပေါ့။ ဘာကြောင့် စွန့်စားမှုတွေ အရမ်း မယူအောင် လုပ်ထားရသလဲဆိုရင် ပြည်တွင်းဘဏ်တွေရဲ့ ထည့် ဝင်ငွေအများစုက ပြည်သူတွေက ထည့်ထားကြတဲ့ အပ်ငွေတွေ ဖြစ်နေတယ်။ အဲဒီတော့ တစ်ခုခုများ အမှားအယွင်းဖြစ်ခဲ့ရင် ဒါမျိုးက ရှင်းရှင်းပြောရရင် ပြန်ပြင်ဖို့ဆိုတာ ခက်တယ်ပေါ့ဗျာ။

ဒါပေမဲ့ နိုင်ငံခြားဘဏ်တွေကြတော့ ပြည်သူတွေရဲ့ အပ် ငွေကို အခြေခံပြီး လုပ်တဲ့ဘဏ်တွေမဟုတ်ဘူး။ သူတို့က သူတို့ နိုင်ငံတွေကနေ အရင်းအနှီးတွေ ယူလာမယ့်သူတွေ။ သူတို့က လည်း စွန့်စားချင်တဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မှာ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟာတွေကို စဉ်းစားတာပေါ့ဗျာ။ စဉ်းစားကြတဲ့အခါမှာ သူတို့ချည်းလွှတ်ပေးလိုက်ပြီး လုပ်ခိုင်းတာ ထက် အစိုးရက ဒီဟာကို ကြပ်ကြပ်မတ်မတ်လေး၊ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးဖြစ်တဲ့ ကုန်ထုတ်ကဏ္ဍကို ပိုပြီးတိုးတက်အောင် လုပ်ချင်တယ်ဆိုတဲ့ မဟာဗျူဟာနဲ့ ချိတ်ဆက်ပြီးတော့ လုပ်မယ် ဆိုရင် နည်းဗျူဟာတွေသည် ငွေရေးကြေးရေးကဏ္ဍကို ပြန်ပြီး ထူမပေးတယ်ဆိုတဲ့ အဆင့်မှာပဲ မထားဘဲနဲ့ တိုင်းပြည်ရဲ့ အရေး ကြီးတဲ့ ကုန်ထုတ်ကဏ္ဍကိုပါ မြင့်တက်အောင်လုပ်တယ်ဆိုတဲ့ မဟာဗျူဟာအဆင့်ကို ပြန်ပြီးတော့ ရောက်နိုင်အောင် နည်း ဗျူဟာမှာ ဒီနိုင်ငံခြားဘဏ်တွေကို ပိုပြီးစီမံခန့်ခွဲပြီးတော့ လမ်း ကြောင်းပေး၊ ဦးဆောင်ပေးဖို့ လိုနေတယ်။ ကျွန်တော်တို့ဘက်က သူတို့ကို ဦးဆောင်ပေးရမယ်။

ဘယ်သူတွေက ဦးဆောင်ပေးရမလဲဆိုရင် ဗဟိုဘဏ်က တော့ ဝင်ပြီး လုပ်လို့မရဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သက်ဆိုင်ရာ စီးပွားရေးဝန်ကြီးဌာနတွေက ဒီဟာကို ဦးဆောင်ပြီး ဆောင် ရွက်နိုင်အောင် စဉ်းစားသင့်တယ်။ သူတို့ကလည်း စီမံကိန်းတွေ ဖော်ထုတ်သင့်တယ်ဆိုတာကို ကျွန်တော်က ပြောချင်တာပါ။

မော်ကွန်း။  ။ အခု ဗဟိုဘဏ်ထုတ်ပြန်ချက်မှာလည်း ပါပါတယ်။ ငွေချေးပေးမယ့် နိုင်ငံခြားဘဏ်တွေဟာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို အပေါင်ယူခွင့်မရှိဘူးလို့ ကန့်သတ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ဆီက စီးပွားရေးလုပ်ငန်းတွေက ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းစံနှုန်းတွေလည်း အားနည်းကြပြန်တယ်။ ဒီလို ဆိုတော့ ဒီဘဏ်တွေက ကျွန်တော်တို့ဆီက ချေးငွေ လိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေချေးဖို့ စိတ်ဝင်စားပါ့မလား။

ဒေါက်တာဇော်ဦး။ ။ ဒါကြောင့်မို့လို့ အခု နိုင်ငံတကာမှာ ခေတ် စားလာတဲ့ ပုံစံတချို့နဲ့ လုပ်ကြဖို့ လိုတယ်ပေါ့။ အထက်မှာ ကျွန်တော်ပြောခဲ့တာတွေထဲကဆိုရင် နည်းလမ်းတွေက ဘာရှိ သလဲဆိုရင် Project Financing လိုဟာမျိုးပေါ့။ ဆိုလိုတာက ကုမ္ပဏီတို့၊ ကုမ်္ပဏီပိုင်ဆိုင်မှုတို့ကို ကြည့်ပြီးတော့ ချေးငှား တာထက် ဒီလုပ်ငန်းရဲ့ Project (စီမံကိန်း) ကို ချေးတဲ့ပုံစံမျိုးပေါ့ ဗျာ။ Project ကိုချေးတဲ့ အတွက်ကြောင့်မို့လို့ Project က အောင်မြင်နေမှသာလျှင် ငွေကို ထပ်ထုတ်ပေးမယ်၊ ထပ်ချေးပေး မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ သူတို့ဘက်က အဆင့်ဆင့်တွေပေါ့ဗျာ။ Project ရဲ့ Performance (တိုးတက်အောင်မြင်မှု) နဲ့ သူတို့ ချေးငွေရဲ့ Financing ကို ချိတ်ဆက်ထားတဲ့ နည်းလမ်းတွေပေါ့ဗျာ။

ကျွန်တော်တို့ဆီမှာက ပိုက်ဆံချေးတဲ့ဟာတွေက ရှေး တုန်းက သုံးခဲ့တဲ့ ပုံစံမျိုးတွေချည်းပဲ ဖြစ်နေသေးတယ်ဗျ။ ငွေလုံး ငွေရင်းနဲ့ ရော့…အင့်။ ခင်ဗျားဘာသာ ဒီငွေကို ဘယ်လိုပဲသုံးသုံး၊ ဂရုလည်းမစိုက်ဘူး။ သိလည်းမသိဘူး။ ဒီငွေကို ခင်ဗျားပြန်ဆပ် ရမယ့်နေ့ ပြန်မဆပ်နိုင်ခဲ့ရင် ခင်ဗျားအိမ်ကို သိမ်းမယ်ဆိုတာမျိုး တွေဖြစ်နေတယ်။ ဒီဟာမျိုး မဟုတ်တော့ဘဲနဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ Project ကို ကြည့်ပြီး ဘဏ်ကငွေချေးတဲ့ ပုံစံမျိုးပေါ့။

ဒီလိုဟာမျိုးကို အရင်တုန်းက ကျွန်တော်တို့ဆီက ဘဏ် တွေက လုပ်ဖို့ခက်နေတာက ဘဏ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်း ငြိနေသလို သူတို့အနေနဲ့ကလည်း စီးပွားရေးလုပ်ငန်းတွေ မှာ Project တွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ ကိစ်္စတွေကို လုပ် ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ မရှိကြဘူး။

နိုင်ငံခြားဘဏ်တွေ အတော်များများကတော့ တခြားနိုင်ငံ တွေမှာ ဒီလိုဟာကို လုပ်ခဲ့ကြတဲ့ အတွေ့အကြုံက ရာပေါင်းများ စွာသော စီမံကိန်းတွေကို သူတို့က စီမံခန့်ခွဲခဲ့ဖူးပြီးသား။ အတွေ့ အကြုံရှိပြီးသား။ ဆိုတော့ သူတို့လို ဘဏ်တွေကို ကျွန်တော်တို့က ဒါတွေကို လုပ်ခွင့်နဲ့ လုပ်နိုင်အောင်စီစဉ်ပေးနိုင်ရင် သူတို့ကလည်း လုပ်ချင်ကြမယ်လို့ ထင်ပါတယ်။

ဒါတွေကတော့ အခြားနိုင်ငံတွေမှာလည်း သူ့အလို အလျောက်တော့ ဖြစ်မသွားဘူး။ အစိုးရက ဦးဆောင်ပြီးတော့ စီမံခန့်ခွဲပြီးမှ ထိန်းကျောင်းပေးရတဲ့ အနေအထားမှာ ရှိတယ်။ ဒါကြောင့်မို့လို့ အခု ကျွန်တော်ပြောနေတာက နိုင်ငံခြားဘဏ် တွေကို ပိုပြီးတော့ လုပ်ကိုင်ခွင့် ပေးလိုက်တယ်ဆိုတဲ့ ကိစ်္စဟာ မှန်တဲ့ ကိစ်္စ၊ ကောင်းတဲ့ ကိစ်္စ။ ဒါပေမဲ့ ဘဏ်ကဏ္ဍ၊ ငွေရေးကြေး ရေးကဏ္ဍမှာ အခက်အခဲဖြစ်နေတာတွေ တစ်ခုတည်းလောက် ကို ရည်ရွယ်ပြီး ဆောင်ရွက်တယ်ဆိုရင်တော့ ဒီရည်ရွယ်ချက်ဟာ မပြည့်စုံသေးဘူး။ ဘာကြောင့်လဲဆိုရင် ကုန်ထုတ်ကဏ္ဍကြီးကိုပါ တိုးတက်အောင် ဒီဘဏ်တွေနဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချိတ် အဆက်ကို အစိုးရက ဦးဆောင်ပြီးတော့ စီမံခန့်ခွဲပေးသင့်တယ်။

မော်ကွန်း။  ။ အခုဆိုရင် ဒီလိုဖြေလျော့မှုကြောင့် ဘဏ်ကဏ္ဍမှာတော့ အပြောင်းအလဲတွေ စဖြစ်လာပြီပေါ့။ ဒီဟာက ကျွန်တော်တို့ နိုင်ငံက အသေးစား၊ အလတ်စားလုပ်ငန်းတွေ အနေနဲ့ ဒေသတွင်းဈေးကွက်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်လာ စေမယ့် အခွင့်အလမ်းတွေရော ဖြစ်လာနိုင်သလား။

ဒေါက်တာဇော်ဦး။  ။ ဖြစ်လာနိုင်တာပေါ့။ ဒီနိုင်ငံခြားဘဏ်တွေက အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစီမံကိန်းမျိုးတွေကို ဖြည့်ဆည်း ပေးတဲ့ ငွေရေးကြေးရေးကိစ်္စတွေမှာ သူတို့လုပ်လာလို့ရမယ်။ ပြီး ရင် အထက်မှာ ပြောခဲ့တဲ့ Value Chain Financing လို့ ခေါ်တဲ့ ကုန်ထုတ်လမ်းကြောင်းတစ်လျှောက်လုံးကို ငွေချေးပေးတဲ့ အစီအစဉ်တွေ ကို သိလာမယ်ဆိုရင် သူတို့ကိုယ်၌ ဘာဖြစ်လာပြီလဲဆိုရင် ကျွန် တော်တို့ရဲ့ ကုန်ထုတ်လုပ်ရေးလမ်းကြောင်းကြီးဟာ ဒေသတွင်း မှာ ရှိတဲ့ ဈေးကွက်တွေနဲ့ ချိတ်ဖို့ လိုတယ်။ နိုင်ငံတကာဈေးကွက် တွေနဲ့ ချိတ်ဖို့လိုတယ်ဆိုတဲ့ ပြည်တွင်း Value Chain Financing ကနေ Globel Value Chain Financing (ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လမ်း ကြောင်း) ကို ပြောင်းလာနိုင်အောင် လုပ်ပေးဖို့ လိုတယ်ဆိုတာကို သူတို့က မြင်လာတာပေါ့ဗျာ။ မြင်လာတဲ့အခါကျတော့ အဲဒါမျိုး တွေကို သူတို့က တဖြည်းဖြည်းနဲ့ လုပ်လို့ရသွားအောင် သူတို့ကပဲ ဦးဆောင်ပြီး ဖော်ပေးကြမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ ဒီလုပ်ငန်းတွေ အောင်မြင်လာလေလေ၊ သူတို့ ချေးထားတဲ့ ချေးငွေကလည်း အောင်မြင်လာလေလေပေါ့။ အဲဒီ တော့ ဒီဟာမျိုးတွေကို ပိုပြီးတော့ကောင်းအောင် သူတို့ဘက်က လည်း လုပ်ပေးလာမယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ဘက်ကလည်း ဒီလိုအစီအစဉ်မျိုးတွေကို ပိုပြီးတော့ မဟာ ဗျူဟာကျကျ ဖော်ထုတ်ပေးသင့်တယ်လို့ ပြောတာပါ။

မော်ကွန်း။  ။ ဗဟိုဘဏ်က နိုင်ငံခြားဘဏ်တွေကို ဖြေလျော့ပေး လိုက်တာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုရော တက်လာစေနိုင် သလား။

ဒေါက်တာဇော်ဦး။  ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျတော့ ကျွန်တော် တို့ရဲ့ စီးပွားရေးထဲမှာဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံချင်တာ။ သူတို့ကို ဖိတ်ခေါ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကုန်ထုတ်ကဏ္ဍပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကဏ္ဍမှာပဲ ဖြစ်ဖြစ်၊ ဒီကဏ္ဍတွေမှာ ပိုပြီးတော့ အမြတ်ရဖွယ် ရှိတယ်ဆိုတဲ့၊ စီးပွားရေးတိုး တက်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ကိစ်္စတွေကိုပါ ကျွန်တော်တို့ဘက်က အဖြေကို ပေးနိုင်မှ။ အခုလောလောဆယ်မှာ အဲဒီအဖြေက သူတို့ မမြင်ရသေးဘူး ဖြစ်နေတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဩွှန်ကိန်း တွေကလည်း တစ်နေ့တခြား ကျဆင်းနေတဲ့ သဘောပေါ့ဗျာ။ ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ ကုန်ထုတ်ကဏ္ဍစီးပွားရေးတုံ့နှေးတာ တွေ၊ နောက်ပြီးတော့ ဝန်ဆောင်မှုကဏ္ဍမှာ ဥပမာအားဖြင့် ခရီး သွားလုပ်ငန်းလိုဟာမျိုးမှာ အတော်ကြီးကို ကျဆင်းတာတွေ အပေါ်မှာ မူတည်နေတယ်လို့ ထင်တယ်။ ဒီဟာတွေကို တက် အောင် ကျွန်တော်တို့လုပ်နိုင်တော့မှ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေကလည်း သူတို့ရင်းနှီးလိုက်တဲ့ အရင်းအနှီးဟာ အကျိုးအမြတ် ရှိမယ်ဆိုတော့မှသာ သူတို့က ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ဒါကို ဖြေရှင်းရမယ့်ပုံစံက လည်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုတာ တစ်ခုတည်းနဲ့ မပြီးဘူး လို့ ထင်တယ်။ ဒါကိုလည်း ဆက်စပ်ပြောရမယ်ဆိုရင် ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးဟာ နည်းဗျူဟာအဆင့်မှာပဲ ရှိပါတယ်။ မဟာ ဗျူဟာကျကျ ဆောင်ရွက်ရမယ့်ကိစ်္စက ကျွန်တော်တို့ နိုင်ငံထဲမှာ လာအလုပ်လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ မှန်သမျှ၊ အခု လက်ရှိ လုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ မှန်သမျှဟာ အကျိုးအမြတ်များမယ့် စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်ဆိုတဲ့ ဟာကို ကျွန်တော်တို့အစိုးရက ဦးဆောင်ပြီးတော့ သက်သေ မပြနိုင်သေးသရွေ့ ကာလပတ်လုံးကတော့ ရင်းနှီးမြှုပ်နှံမှုက အလိုအလျောက် ဝင်လာမှာမဟုတ်ဘူး။ ဒီလိုဘဏ်တွေကို ဖြေ လျော့ပေးခြင်းနဲ့လည်း မဆိုင်ဘူး။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုတဲ့အထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျှောက်လွှာတင်တဲ့ကိစ္စတွေမှာ လျင်မြန်အောင်ဆောင်ရွက်ပေး နေပါတယ်ဆိုတဲ့ ဝန်ဆောင်မှုမျိုးလောက်က အင်မတန်မှ သေး ငယ်တဲ့အဆင့်၊ အစိတ်အပိုင်းတစ်ခုလောက်ပဲရှိတယ်။ အရေးကြီး တဲ့စဉ်းစားချက်က ဘယ်မှာရှိသလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အခုလက်ရှိဖြစ်နေတဲ့ စီးပွားရေးတွေဟာ ကောင်းနေရဲ့လား။ အကျိုးအမြတ် များနိုင်ရဲ့လား။ ရေရှည်မှာရော ရင်းနှီးမြှုပ်နှံဖို့ သင့်ရဲ့လားဆိုတာကို ရင်းနှီးမြှုပ်နှံမယ့်သူတွေက ကြည့်တာဟာ အဓိက ဖြစ်နေတယ်။

အဓိကဖြစ်နေတဲ့ကိစ္စကို ကျွန်တော်တို့ ပိုပြီးဦးစားပေးလုပ် နိုင်မှသာလျှင် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး အစီအစဉ်တွေ ကလည်း အောင်မြင်နိုင်မယ်ပေါ့နော်။ အခုလိုဘဏ်တွေကို ပိတ် ထားတာကနေ ဖွင့်ပေးလိုက်တဲ့ကိစ္စနဲ့တော့ မသက်ဆိုင်ဘူးလို့ ထင်တယ်။

သို့သော်လည်းပဲ အနည်းငယ် တိုးတက်သွားနိုင်တဲ့အနေအထားတွေကတော့ ဘာတွေရှိသလဲဆိုရင်တော့ တရုတ်နိုင်ငံက ဘဏ်တစ်ခု ကျွန်တော်တို့ဆီမှာ ရှိထားပြီဆိုရင်တော့ တရုတ် နိုင်ငံ က ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီဘဏ်နဲ့အကြား ပေါင်းစပ်ပြီး ဆောင်ရွက်လို့ ရနိုင်တာမို့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေဟာ ပိုပြီးတော့ သွက်လက်လာဖို့ ရှိတာပေါ့။

ကျွန်တော့်အယူအဆအရပေါ့နော်၊ ကျွန်တော်နဲ့ အယူကွဲ နိုင်တဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ အဓိကက နိုင်ငံရဲ့ ကုန် ထုတ်လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ စီးပွားရေး တုံ့နှေးနေတဲ့ ပြဿနာက အဓိက ဖြစ်နေတယ်။ အဓိက ပြဿနာ ကို အခု နိုင်ငံခြားဘဏ်တွေကို ဖွင့်ပေးတယ်ဆိုတဲ့ နည်းဗျူဟာနဲ့ ဖြေရှင်းကြတယ်ဆိုရင်တောင် ဒီနည်းဗျူဟာနဲ့ အဓိက ပြဿနာ ကို ဘယ်လိုချိတ်ဆက်မလဲဆိုတာကို အစိုးရက စနစ်တကျ စီမံ ခန့်ခွဲသင့်တယ်လို့ အကြံပြုလိုပါတယ်။

 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."