ငွေစက္ကူမှာ ဘာပုံထည့်ရင် သင့်တော်မလဲ

ငွေစက္ကူမှာ ဘာပုံထည့်ရင် သင့်တော်မလဲ

ကာတွန်း -သီဟစခန်းသစ်(၂၀၁၇)

မြန်မာငွေစက္ကူတွင် ခြင်္သေ့နှင့် ဆင်တို့ ကြီးစိုးနေသည့် သက်တမ်းရှည်ကြာလှပြီ။ ငွေစက္ကူသစ် ဖန်တီးထုတ်ဝေမည်ဆိုပါက မည်သည့်အသွင်ဖြင့် ထွက်လာမည်နည်း။

နိုင်ငံအသီးသီး၏ ငွေစက္ကူတွင် ထိုနိုင်ငံ၏ အမြတ်တနိုးထားမှု၊ဂုဏ်ပြုမှု၊ ဂုဏ်ယူမှု၊ လေးစားမှုတို့ကိုတွေ့နိုင်သည်။ ဤအချက်ကို အခြေခံပြီးသကာလ နေ့စဉ်သုံး ငွေစက္ကူအရေး စိတ်ဝင်စားသူမှန်သမျှမိမိဆန္ဒကို ထုတ်ဖော်ပြောဆိုသင့်၊ ရေးသားသင့်ကြသည်။

မကြာသေးမီကပင် အစိုးရက ‘ပြည်သူနှင့်အတူ’ဟု  ကြွေးကြော် ဖိတ်ခေါ်ထားသည် မဟုတ်လော။ ထိုဖိတ်ခေါ်ချက်အရဆိုလျှင် အစိုးရသည် နိုင်ငံ့ရေးရာတို့တွင် ပြည်သူ၏ စိတ်ကူးစိတ်သန်း၊ ဆန္ဒအာသီသ၊ ပူးပေါင်းဆောင်ရွက်မှုကို ရလိုသည်ဟုယူဆနိုင်သည်။

ယခုအစိုးရသက်တမ်း သို့မဟုတ် လာမည့် အစိုးရသက်တမ်းတွင် ငွေစက္ကူအသစ်တစ်မျိုး ထုတ်ဝေကောင်း ထုတ်ဝေလိမ့်မည်။ ထုတ်ဝေဖြစ်ပါက ဒီဇိုင်းအသစ် ဖန်တီးမှု အထောက်အကူပြုစေရန် အလို့ငှာ အတွေးအမြင်တချို့ကို အောက်ပါအတိုင်းမျှဝေလိုက်သည်။ ‘အစိုးရနှင့်အတူ’ ဟု ဆိုလိုက်ချင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း

မြန်မာငွေစက္ကူမျိုးစုံတွင် နှစ်ပေါင်းများစွာ နေရာရခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံဖြစ်သည်။ နိုင်ငံတကာတွင် အမျိုးသားခေါင်းဆောင်၊ အုပ်ချုပ်သူတို့၏ပုံကို ငွေစက္ကူတွင် ထည့်သွင်းသကဲ့သို့ မြန်မာနိုင်ငံကလည်း အလားတူ ဂုဏ်ယူ ထည့်သွင်းခဲ့ခြင်းပင်။ သို့သော်လည်း ယခင် စစ်အစိုးရက ထိုအစဉ်အလာကိုချိုးဖောက်လိုက်သည်။ အဘယ်ကြောင့်နည်း။ ထိုကာလ ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်သူအဖြစ် ခန့်အပ်ခံရသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကိုမည်သို့ သဘောထားသနည်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်၏ ဖခင် ဖြစ်နေခြင်းမှာ အပြစ်ရှိသည်ဟု စစ်အစိုးရက ယူဆဟန်တူသည်။ သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို ဖိအားပေးရန်လည်း မဖြစ်နိုင်တော့ပေ။ ဖြစ်နိုင်သည့်အချက်မှာ ငွေစက္ကူပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ထပ်မံရိုက်နှိပ်ခြင်း မပြုရန်ပင်တည်း။ ထိုအတိုင်းလည်း ဖြစ်ခဲ့သည်။

ယခု ခေတ်ပြောင်းချေပြီ။ စည်းကမ်းရှိသောဒီမိုကရေစီခေတ်သို့ ရောက်လာပြီဖြစ်သောကြောင့် ငွေစက္ကူပေါ်သို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ပြန်လည်ထားရှိရန် အခွင့်အရေးရောင်ခြည် သမ်းလာလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ ထုတ်ဝေဖြစ်သည် ဆိုပါစို့၊ ကန့်ကွက်မှုများနှင့်လည်း ရင်ဆိုင်ရနိုင်သည်။   ကန့်ကွက်မှုတို့ကို ကြိုဆိုရမည်။ သဘောမတူကြောင်း ထုတ်ဖော်ခြင်းမှာ ဒီမိုကရေစီ မဟုတ်လော။ မည်သို့ပင် ကန့်ကွက်စေကာမူ အစိုးရတင်းလျှင် ပြည်သူ မခံသာသည့် ဖြစ်ရပ်မျိုးနှင့်လည်းကြုံရဖူးသည်မို့ အစိုးရ တင်းခံလျှင် ဗိုလ်ချုပ်အောင်ဆန်းကို ငွေစက္ကူပေါ်တွင် ပြန်မြင်ရမည်ဖြစ်သည်။

ဒေါင်းရုပ်ပုံ

ငွေစက္ကူတွင် ဒေါင်းရုပ်ပုံထည့်သင့်ကြောင်း ပြောမိလျှင်ခွပ်ဒေါင်းပါတီအစိုးရကို ကပ်ဖားသူဟု တချို့က စွပ်စွဲဖွယ်ရှိသည်။ဒေါင်းပုံမှာ အသပြာနှင့် ခွဲမရခဲ့ပေ။ မင်းတုန်းမင်းကလည်းဒေါင်းရုပ်ပုံဒင်္ဂါး ထုတ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာအစိုးရအဖွဲ့အဆက်ဆက် ထုတ်ဝေကြသော ငွေစက္ကူတချို့တွင်လည်း ဒေါင်းရုပ်ပုံ ပါဝင်သည်။ ထို့ကြောင့် ဒေါင်းရုပ်သည် ငွေစက္ကူအတွက် အသစ်အဆန်းမဟုတ်ဟု ဆိုခြင်းပင်။ ဒေါင်းပုံထည့်မည်ဆိုပါက ငွေစက္ကူသစ်ကို ရွေးကောက်ပွဲနီးခါမှ ထုတ်ဝေသင့်သည်။ အာဏာရပါတီက ခွပ်ဒေါင်းပါတီဖြစ်သောကြောင့် မဲဆွယ်သည့်သဘော သက်ရောက်မည်မဟုတ်လော။ အတိုက်အခံတို့ ကန့်ကွက်မည်ကိုမူ စိုးရိမ်စရာ မလိုပေ။ ကန့်ကွက်ခြင်းမှာသူတို့၏ အဓိကအလုပ် ဖြစ်၏။

ဦးနေဝင်းပုံ

၅ဝ တန်၊ ၁ဝဝ တန်ကို နိုင်ငံတိုင်းတွင် တွေ့ခဲ့ကြ၊ တွေ့နေရသည်။ ၄၅ နှင့် ၉ဝ တန်တို့ကိုမူကား မြန်မာနိုင်ငံတွင်သာ တွေ့ ခဲ့ကြလေသည်။ ထိုငွေစက္ကူအမျိုးအစားတို့ကို အာဏာရှင်အစိုးရခေတ် ခေါင်းဆောင်ကြီး ဦးနေဝင်း၏ အမိန့်တော်အရ တီထွင်ခဲ့သည်ဟု ယူဆရသည်။ သို့ဆိုလျှင် မြန်မာကို ကမ္ဘာကသိသောလုပ်ရပ်ဖြစ်သောကြောင့် ဂုဏ်ပြုသင့်လှသည်။ ယခု ငွေစက္ကူသစ်ထုတ်ဝေပါက ဦးနေဝင်းပုံ ထည့်သွင်း ထုတ်ဝေခြင်းဖြင့် သူ့ကိုဂုဏ်ပြုရာရောက်မည်။ အစိုးရ၏ ကျေအေးရေးလုပ်ငန်းစဉ်အတွက်လည်း အထောက်အကူ ဖြစ်ပေမည်။

စာဆိုတော

ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သော ဂျပန်က သူတို့၏ ယန်းငွေတွင် ဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်တို့ကိုလည်း နေရာပေးသည်။ စာရေးဆရာ၊ စာရေးဆရာမတို့၏ ရုပ်ပုံတို့ကိုလည်း နေရာပေးသည်။စာဆိုတော်ကြီးများကို ထိုသို့ ဂုဏ်ပြုလေသော ဂျပန်တို့၏ စိတ်ကူးစိတ်သန်းမှာ မြန်မာတို့အတွက် ထူးဆန်းနေဖွယ်ရှိသည်။ဂျပန်ကို ပုံတူကူးသည်ဟုပဲ ဆိုကြပါစေ။ မြန်မာစာဆိုတော်တို့၏ရုပ်ပုံကိုလည်း ငွေစက္ကူတွင် ထည့်သွင်းမည် ဆိုပါက မည်သူ့ကိုရွေးချယ်မည်နည်း။ အာဏာရှင်တို့၏ လက်ကိုင်တုတ်ကြီးငယ်ကလောင်ရှင်များထဲမှ တစ်ဦးဦးကို ရွေးချယ်ပါက အကြီးအကျယ်ထောက်ခံသူတချို့လည်း ရှိနိုင်သည်။ မင်းသုဝဏ်၊ တင်မိုး စသောကဗျာဆရာကြီးတို့၏ ရုပ်ပုံကို ရွေးမည်ဆိုပါက အာဏာရှင်အစိုးရအဆက်ဆက်ကို ချစ်ကျွမ်းဝင်သူတို့က လက်ခံမည်မဟုတ်။ မည်သူ့ကို ရွေးမည်နည်း။ လက်ဖြူ၊ လက်မည်း မည်သည့်ဘက်ကိုမျှမလိုက်ဘဲ ကြားနေသော ကလောင်ရှင်ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်သည်။ ကြားနေသော ကလောင်ရှင်ဆိုသည်မှာ ရှားပါးမည်ဟု ယူဆရသည်။ အမှန်တကယ် ရှားပါးသည် ဆိုပါက ရန်လိုကျွဲလည်း ကြားနေရန် ကြိုးစားပါမည်။

၂ဝဝ၈ အခြေခံဥပဒေ

ငွေစက္ကူတွင် စာအုပ်စိမ်းကြီးဟု အများက အမြတ်တနိုးခေါ်ဆိုကြသော ၂ဝဝ၈ အခြေခံဥပဒေတော်ကြီး၏ မျက်နှာဖုံးကိုထည့်သွင်းပါက သင့်လျော်ပါမည်လော။ အန်ကယ်ကျွဲကတော့နိုး…ပါပဲ ဟု ဖြေရပေမည်။ အဘယ်ကြောင့်နည်း။ မည်သည့်အရာမှ မတည်မြဲဟူသော အနိစ္စတရားအရ ဤဥပဒေတော်ကြီးလည်း တစ်ချိန်ချိန်တွင် နိဋ္ဌိတံရမည်ဟူသည်ကို သိပါလျက်နှင့်ဥပဒေတော်သစ် နောက်တစ်ခု ထပ်မံ ရေးဆွဲလိုသူ၊ လက်ရှိဥပဒေတော်ကြီးကိုပဲ ပြင်ဆင်ရေးဆွဲလိုသူ၊ ချစ်မြတ်နိုးတော်မူလှသဖြင့် အထိမခံသူ စသဖြင့် စသဖြင့် ရပ်တည်ချက်မျိုးစုံကို တွေ့နေရသည်။ ဤဥပဒေတော်ကြီးနှင့် ပတ်သက်ပြီး သဘောထားကွဲနေကြသောကြောင့် အန်ကယ်ကျွဲကတော့ နိုး…ပါပဲ ဟု ဆိုရခြင်းပင်။

ခြင်္သေ့- ဆင်ဖြူ

လတ်တလော မြန်မာ့ ငွေစက္ကူတွင် ကြီးစိုး နေသည်မှာ ဆင်ဖြူ ဖြူနှင့် ခြသေ့ၤတို့ ဖြစ်သည်။ ဆင် ဖြူဖြူမှာ နိုင်ငံ၏ဂုဏ်ယူဖွယ်ရာဖြစ်သည်ဟု ယူဆခံ ရသောကြောင့် ငွေစက္ကူပေါ်ရောက်လာခြင်းဖြစ်နိုင်သည်။ နိုင်ငံ တကာတွင် ဆင်မည်းများသာရှိသည်မဟုတ်လော။ ဆင်ဖြူဖြူကို အရေးပေးခြင်းမှာ လွန်သည်ဟု မဆိုသာပေဟု သုံးသပ်ပါက ကြားနေရာ ရောက်မည်ထင်သည်။ ခြင်္သေ့ကို ဆက်တိုက် နေရာပေးခဲ့ခြင်းမှာ လည်း စစ်အစိုးရ၏ လူမှုရေးအသင်းတော်ကြီး ပြည်ခိုင်ဖြိုး အသင်းနှင့်ဆက်စပ်ဖွယ်ရှိသည်ဟု အဆိုးမြင်သူတို့က ယူဆကြသည်။ ‘ပြည်သူနှင့်အတူ’ဟု ကြွေးကြော်နေသောဒေါ်အောင်ဆန်းစုကြည်အစိုးရက ခြင်္သေ့ပိုက်ဆံကို ဆက်လက် ရိုက်နှိပ်ကောင်း ရိုက်နှိပ်နိုင်သည်။ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်ကို ဖော်ဆောင်နေသည် မဟုတ်လော။ ဤအတောအတွင်း ခြင်္သေ့နှင့် ဆင်တော်လောက်ပြီဟု ပြောဆိုသံလည်း အသံကျယ်ကျယ်ထွက်မလာသေးချေ။ နိုင်ငံခြားသားတချို့ကခြသေ့ၤ-ဆင်ဖြူပုံမြန်မာပိုက်ဆံကိုကိုင်ပြီး မင်းတို့အမျိုးသားခေါင်းဆောင် တွေ ကဒါတွေလားဟု မေးခွန်းထုတ်လာမည်ကိုလည်း စိုးရွံ့စရာ အကြောင်းမရှိပေ။မတူသော ယဉ်ကျေးမှုကို လေးစားတတ်ဖို့ သူတို့ကို သင်ကြားပေးရုံသာ။

မြန်မာပြည်မြေပုံ

လူပုံ၊ တိရစ္ဆာန်ပုံတို့ကို ဆက်လက် ထည့်သွင်းပါကအငြင်းပွားစရာ၊ ကန့်ကွက်စရာများ ဖြစ်လာနိုင်သည်။ သို့ဆိုလျှင်အား လုံး သဘောတူနိုင်သောပုံ ထည့်သွင်းရေးကို စဉ်းစားရတော့မည်ဖြစ်သည်။ မြန်မာပြည်၏ အရှည်ဆုံးမြစ် ဧရာဝတီပုံကလည်းအားလုံးလက်ခံကြမည်ဟု ထင်စရာပေ။ သို့သော်လည်း ထိုသို့ဆုံးဖြတ်ပါက ချင်းတွင်း၊ သံလွင် ဒေသခံတို့ကို မျက်ကွယ်ပြုရာရောက်မည်။ ထို့ကြောင့် အားလုံး ကျေနပ်ဖွယ်ရှိသည့် ရုပ်ပုံမှာမြန်မာပြည်မြေပုံဖြစ်မည်ဟုယူဆရသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် မြေပုံ ဆိုလျှင် ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ ခုစလုံးတွင် နေထိုင်သူအားလုံး ကျေနပ်ကြပေလိမ့်မည်။ ဟုတ်သည်၊ ငွေစက္ကူ သစ်ရိုက်နှိပ်ဖြစ်ပါက မြန်မာပြည်မြေပုံထက်အငြင်းပွားစရာ နည်းပါးမည့်ပုံ ဘယ်မှာရှိတော့မည်နည်း။ မြန်မာပြည်သားတို့၏အမြင်တွင် မြန်မာပြည်မြေပုံသည်သာကျက်သရေအရှိဆုံး၊ ကြည့်ပျော်ရှုပျော်အရှိဆုံးဖြစ်သောကြောင့်လည်းဤမြေပုံပါ ငွေစက္ကူ ရိုက်နှိပ်ဖြစ်ပါက အမှန်တကယ်ပင် လူကြိုက်များကြ၊အကြိုက်တူကြပေလိမ့်မည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်စေ ရန်ကြုံတုန်းကြုံခိုက် အကြံတစ်ခု အဆစ်ပေးချင်သေးသည။် မြေပုံတွင် ကန့်လန့်ဖြတ် ရေနံနှင့်သဘာဝဓတ်ငွေ့ပိုက်လိုင်းပုံ ထည့်သင့်သည်ဟူသော အကြံဖြစ်သည်။ ထိုသို့ထည့်သွင်း လိုက်ပါက တရုတ်-မြန်မာ ချစ်ကြည်ရေးကိုလည်းဖော်ဆောင်ရာ ရောက်မည်မှာ အသေအချာပင် ဖြစ်တော့သည်။     ။

၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်မဂ္ဂဇင်း အမှတ်(၄၇)မှ သရော်စာဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."