ရန်ကုန်-၂၀၂၃ မတ် ၆ (မော်ကွန်း)
စစ်အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ဧရာဝတီလင်းပိုင်း ထိန်းသိမ်းရေးလုပ်ငန်းတွေထိခိုက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မင်းကွန်းအထက်၊ ဆင်ကျွန်းရွာအနီးမှာ ဧရာဝတီလင်းပိုင်အထီးတစ်ကောင် ပြင်ပဒဏ်ရာနဲ့သေဆုံးခဲ့ပါတယ်။ ဒီလိုဧရာဝတီလင်းပိုင် သေဆုံးမှုတွေဖြစ်ပေါ်နေပေမယ့် ဆုံးရှုံးမှုအတိအကျကိုသိရှိဖို့မလွယ်ကူဘူးလို့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးပညာရှင်တွေကဆိုပါတယ်။
“ဒီနှစ်နှစ်မှာ ဧရာဝတီလင်းပိုင်သေဆုံးတဲ့သတင်းတွေကြားသိရပေမယ့် ထိန်းသိမ်းကာကွယ်တာ၊စာရင်းကောက်တာတွေမလုပ်နိုင်တော့ ဘယ်လောက်ဆုံးရှုံးနေတယ်ဆိုတာမသိနိုင်ဘူး “လို့ ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးပညာရှင်တစ်ဦးကပြောပါတယ်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ဒေသခံတွေကိုသာအဓိကအားကိုးရတာဖြစ်ပြီး လက်ရှိဧရာဝတီလင်းပိုင်ကျင်လည်ကျက်စားရာ ဒေသအချို့ရဲ့အခြေနေအရ ဒေသခံတွေမပါဝင်နိုင်တာက ထိန်းသိမ်းရေးလုပ်ငန်းတွေကို အားနည်းစေတာဖြစ်ပါတယ်။
“အရင်ကဆို လင်းပိုင်သေတယ်ဆို ဒေသခံတွေကသတင်းပို့ကြတယ်။အဲဒီတော့ဘာကြောင့်သေတယ်ဆိုတာကို နောက်ကြောင်းလိုက်လို့ရပြီး ထိန်းသိမ်းကာကွယ်ရေးကိုသေချာလုပ်လို့ရတယ်။ အခုကတော့ ဒေသခံတွေကိုယ်တိုင်တောင်ခက်ခက်ခဲခဲရပ်တည်နေရတော့ သတင်းမပို့နိုင်ကြတော့ဘူး”လို့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့သူ ပညာရှင်တစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံလိုပဲ ဧရာဝတီလင်းပိုင်ကိုတွေ့ရှိနိုင်တဲ့ လာအိုနိုင်ငံရဲ့ နောက်ဆုံးကျန်ရှိတဲ့ဧရာဝတီလင်းပိုင်ဟာ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ငါဖမ်းပိုက်နဲ့ညိကာ သေဆုံးသွားခဲ့ပြီး လာအိုနိုင်ငံမှာဧရာဝတီလင်းပိုင်မျိုးတုန်းပျောက်ကွယ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။
မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနရဲ့၂၀၂၀ ဖေဖော်ဝါရီအထိစာရင်းကောက်ယူခဲ့မှု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်အကောင်ရေ ၇၉ ကောင်ထိတွေ့ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
ပုံစာ – ဒဏ်ရာဖြင့်သေဆုံးခဲ့သော ဧရာဝတီလင်းပိုင်
Photo: Supplied
#Dailynews