ရန်ကုန် – ၂၀၂၅ ဇူလိုင် ၈ (မော်ကွန်း)
ဒီရက်ပိုင်းမှာ ဧရာဝတီတိုင်း လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေး တစ်လျှောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး စစ်ဘေးရှောင်ဒေသခံ ထောင်နဲ့ချီပြီးတိုးလာတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့သုံးရက်ခန့်ကစပြီး လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစပ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကျေးရွာတချို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေတယ်လို့ လေးမျက်နှာမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ညပိုင်းကလည်း လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်အကြားက ကျေးရွာတချို့ကို လေကြောင်းကနေအပြင် အတွဲလိုက်ပစ်ဒုံးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“ညပိုင်းကတော့ လေးမျက်နှာအထွက် အင်္ဂပူမရောက်ခင် အဲဒီတစ်လျှောက်ကရွာတွေကို အတွဲလိုက်တွေချည်းပဲပစ်တာ၊ လေယာဉ်တွေနဲ့ရော ဒုံးကျည်တွေရော အတွဲလိုက်လိုက်ပဲ ၁၀ တွဲလောက်ကို ဆက်တိုက်တွေ ပစ်ချသွားတယ်။ ဒီမနက်တော့ အဲဒီလောက်တော့ကြီးမဟုတ်တော့ဘူး။ လက်နက်ကြီးသံတစ်ချက်တစ်ချက်ပဲ ကြားရတော့တယ်” လို့ ၎င်းက ပြောပါတယ်။
၎င်းတိုက်ပွဲတွေကြောင့် ဒီကျေးရွာတွေက ဒေသခံထောင်နဲ့ချီပြီး လေးမျက်နှာမြို့ပေါ်အပါအဝင် ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
လေးမျက်နှာမြို့နယ် မန်ကျည်းကုန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA နဲ့ မဟာမိတ်တွေ မနေ့က သိမ်းပိုက်ခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
ဒါ့အပြင် လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစပ်က ကွင်းကောက်၊ ဘန့်ဘွေးကုန်း၊ မျောက်ချောကုန်းနဲ့ ပန်းတောကြီး ရွာတွေအပါအဝင် ကျေးရွာအများအပြားမှာ တိုက်ပွဲတွေဖြစ်နေပြီး ၎င်းဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတာပါ။
အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေး မဟာမိတ်တပ်တွေဟာ ရခိုင်ရိုးမကို ခြေကုပ်ယူပြီး ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအစပ်က ပုသိမ်-မုံရွာ ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းကစပြီး ထိုးစစ်ဆင်လာပါတယ်။
ပြီးခဲ့တဲ့လပိုင်းကစပြီး ပုသိမ်-မုံရွာကားလမ်းကိုအသုံးပြုနေတဲ့ ယာဉ်တွေကလည်း တိုက်ပွဲဖြစ်နေတဲ့ ရေကြည်နဲ့ လေးမျက်နှာမြို့တွေမှာ ကွင်းလမ်းတွေကနေ ဖြတ်သန်းနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဒီစစ်မျက်နှာတွေကို စစ်အင်အားအလုံးအရင်း ပို့လွှတ်နေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
“ကျုံပျော်ဘက်ကနေ စစ်ကားတန်းတွေ အရှည်ကြီးပဲတက်လာတာ။ အခြေအနေက ပိုဆိုးလာတယ်ထင်တယ်။ ကျွန်တော်တို့ မြို့ပေါ် (လေးမျက်နှာ) တောင်မှ သိပ်မလုံခြုံတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကပြီး ၎င်းကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေလည်း အများအပြား ပိတ်ထားလိုက်ရပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဧရာဝတီတိုင်းအစပ်ထိ စစ်ရေးဖြန့်ကျက်လာကာ ပြီးခဲ့တဲ့လပိုင်းကစပြီး ရခိုင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာနဲ့ ငသိုင်းချောင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။
ပုံစာ – ဧရာဝတီတိုင်းအစပ်ကို ထိုးဖောက်ဝင်လာတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

