ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၅ (မော်ကွန်း)
အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် သာပေါင်းမြို့နယ်အထိထိုးစစ်ဆင်လာပြီး ဒီဒေသတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
သာပေါင်းမြို့နယ်မရောက်ခင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်အစပ်က မကျီးဇင်၊ ဘောမိကျေးရွာတို့နဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအစပ်မှာရှိတဲ့ သာပေါင်းမြို့နယ်က စစ်ကောင်စီစခန်းတချို့ကို AA နဲ့ တော်လှန်ရေးတပ်တွေက ဒီရက်ပိုင်းမှာတိုက်ခိုက်ခဲ့တာပါ။
လက်ရှိတိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်နားမှာဖြစ်ပွားနေပြီး စစ်ကောင်စီက မနေ့ကစပြီး သာပေါင်းမြို့နယ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒီဒေသကိုရောက်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ဘောမိကမ်းခြေအရှေ့ဘက် သာပေါင်းမြို့နယ်ထဲက ကျားခေါင်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူလိုက်ပြီး ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကိုကိုးကားပြီး သတင်းမီဒီယာတချို့က ဖော်ပြထားပါတယ်။
AA တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်လာဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့လပိုင်းက ယူဆခဲ့တဲ့ ရွှေသောင်ယံကမ်းခြေအနီးမှာတော့ တိုက်ပွဲမရှိဘဲ ပြန်လည်ငြိမ်သက်နေပြီး မထင်မှတ်တဲ့နေရာကို ထပ်မံထိုးဖောက်လာတာလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ်။
“ရွှေသောင်ယံ၊ ချောင်းသာဘက်က အင်အားဖြည့်ထားတော့ သူတို့မတိုက်သေးဘူး။ ငြိမ်နေတယ်။ တပ်ဘက်ကတော့ လက်နက်ကြီးနဲ့တော့ နေ့တိုင်းပစ်နေတယ်။ မြေပြင်မှာတိုက်ပွဲမရှိဘူး။ မထင်မှတ်ဘဲ သာပေါင်းဘက်ကို တိုက်ပွဲရောက်လာတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတယ်လို့ AA က ပြီးခဲ့တဲ့ လကုန်ပိုင်းက သတင်းထုတ်ပြန်ထားပါသေးတယ်။
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာကစပြီး ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပြီး တစ်နှစ်ကျော်အတွင်း ရခိုင်ပြည်နယ်က စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကလွဲလို့ ပြည်နယ်တစ်ခုလုံးကို သိမ်းယူထားနိုင်ခဲ့တာပါ။
ပုံစာ – ဧရာဝတီတိုင်းအစပ်ကို ထိုးဖောက်ဝင်လာတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

