ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ ရခိုင်ရိုးမကို ကျော်လွန်လာပြီး ဧရာဝတီတိုင်းထဲကို ရောက်ရှိလာတဲ့အချိန်မှာ စစ်ကောင်စီက ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ဒေသခံတွေကို ပြည်သူ့စစ်ဖွဲ့စည်းဖို့ ခေါ်ယူစုဆောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ဒေသခံတချို့က ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ကျိုက်လတ်၊ ဒေးဒရဲနဲ့ ဖျာပုံ မြို့နယ်တွေမှာ ဒေသခံတွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အခုရက်ပိုင်းမှာပဲ ရပ်ရွာအစည်းအဝေးတွေ ခေါ်ယူခဲ့ကာ ရပ်ကွက်ကျေးရွာတွေအတွင်း ပြည်သူ့စစ်လိုအဖွဲ့တွေဖွဲ့ဖို့ ပြင်ဆင်လာတယ်လို့ ဒီမြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။
၎င်းမြို့နယ်တွေမှာ ရပ်ရွာလုံခြုံရေးအဖွဲ့ ဆိုတဲ့အမည်နဲ့ ရပ်ကွက်တစ်ခု ကျေးရွာတစ်ခုကို လူ သုံးဦးနှုန်း ပါဝင်ကာလုံခြုံရေးသင်တန်း တက်ရောက်ပြီး ရပ်ကွက်ကျေးရွာရဲ့လုံခြုံရေးကို စစ်ကောင်စီအာဏာပိုင်တွေနဲ့အတူ ပူးတွဲ တာဝန်ထမ်းဆောင်ရမယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“စစ်မှုထမ်းလည်းမဟုတ်ဘူး။ လက်နက်တွေဘာတွေ ရမှာတော့မဟုတ်ဘူး။ ရပ်ကွက်ထဲ၊ ရွာတွေထဲ ညပိုင်းကင်းပတ်တာတွေလိုက်ရမယ်။ ရပ်ရွာလုံခြုံရေးအဖွဲ့ဆိုပြီး ရွာလူကြီးတွေရော၊ စစ်သားလည်းပါမှာပေါ့ အဲဒီလိုပုံစံတွေဖွဲ့ဖို့ စီစဉ်နေတာ” လို့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ စစ်ရေးပြင်းထန်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာလည်း ပျူစောထီးလို့ နာမည်တွင်တဲ့ ကျေးရွာပြည်သူ့စစ်တွေ ဖွဲ့စည်းခဲ့ပြီး လက်နက်လည်း တပ်ဆင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ကြိုးပမ်းနေတာပါ။
အခုရက်ပိုင်းမှာတော့ အာရက္ခတပ်တော် (AA) တပ်တွေဟာ ရခိုင်ပြည်နယ်တောင်ဘက်အစွန်အဖျား ဂွမြို့နယ်ကို ကျော်လွန်လာပြီး ဧရာဝတီတိုင်း၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ်တွေအထိ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားလာပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလပိုင်းကလည်း ဧရာဝတီတိုင်းက မြန်အောင်၊ ကျုံပျော်၊ ကြံခင်း၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တွေမှာ ပြည်သူ့စစ်သင်တန်းအတွက်ဆိုကာ မဲနှိုက်ခေါ်ယူကာ စစ်သင်တန်းပေးမှုတွေ ရှိခဲ့တယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းသင်တန်းသားသစ် လူငယ်တွေကိုလည်း စုဆောင်းမှုတွေလည်း ရှိနေကာ ဒီဥပဒေကို အကြောင်းပြကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံမှုတွေလည်း ရှိနေတာပါ။
ပုံစာ – မန္တလေးတိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်နေတဲ့ မြင်ကွင်း
ဓါတ်ပုံ – စစ်ကောင်စီ ပြန်ကြားရေး

