ဦးအောင်မျိုး မင်း၊ ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာနှင့် တွေ့ဆုံခြင်း

ဦးအောင်မျိုး မင်း၊ ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာနှင့် တွေ့ဆုံခြင်း

ဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ခါနီး အချိန် ၂ဝ၁၆၊ ဖေဖော်ဝါရီထဲမှာ သတင်း အချက်အလက် အခွင့်အရေးဆိုင်ရာ ဥပဒေ(ကြမ်း) RTI (Right To Information) ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါ ပေမဲ့ ဒီနေ့အထိတော့ ဒီဥပဒေအကြမ်း ဟာ ဥပဒေတစ်ခုအဖြစ် ထွက်ပေါ် မလာသေးပါဘူး။

ဒါကြောင့် RTI ဟာ ဘယ်လောက် အရေးကြီးတယ်၊ ပြည်သူတွေနဲ့ ဘယ် လိုပတ်သက်နေတယ်၊ အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို သိ ရဖို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ညီမျှ ခြင်း မြန်မာ (Equality Myanmar) မှ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်း (သူ ကိုယ်တိုင်ကလည်း  RTI ဥပဒေနဲ့ ပတ် သက်လို့ ပြည်တွင်းမှာ အသိပညာပေး ဟောပြောပွဲတွေလုပ်နေသူ တစ်ယောက် ပါ) ကို မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံမေး မြန်းခဲ့ပါတယ်။

မော်ကွန်း။  ။ RTI ဆိုပြီး ဆွေးနွေးပြောဆိုနေကြတာတွေ အခု နောက်ပိုင်းမှာ တော်တော်များများ တွေ့ရတယ်။ အဲဒါ ဘာကို ပြောတာလဲ။

ဦးအောင်မျိုးမင်း။  ။  RTI ဆိုတာ Right To Information ဆိုတာပါ။ အဲဒါကတော့ သတင်းများရရှိခွင့်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါက အခြေခံလူ့အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါတယ်။ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ်(၁၉)မှာ ဆိုရင် လူတိုင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိဖို့ လို အပ်သလို သတင်းများရရှိခွင့်ရှိတယ်ဆိုတာကို အဓိက ဖော်ပြ ထားတယ်။

နောက်တစ်ခါ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေး ဆိုင်ရာအခွင့်အရေး (Civil and Political Right) မှာ ဆိုရင် လည်း ဒီဟာက အခြေခံကျတဲ့ အချက်ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုရင် လူတွေမှာ ကိုယ်ရဲ့ယူဆချက်တွေကို လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ရှိသလို ကိုယ်နဲ့သက်ဆိုင်တဲ့ သတင်းတွေကို သိရှိ ခွင့်ရှိတယ်။ ဒါမှသာ သူတို့ရဲ့ဘဝမှာ လိုအပ်တဲ့ ပြင်ဆင်ချက်တွေ၊ သက်ဆိုင်တဲ့အကြောင်းအရာတွေကို အသုံးချပြီးတော့ ဘဝကို တိုးတက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဆုံးဖြတ်ကြ ရတယ်။ ဒီဟာက အရေးကြီးတာဖြစ်တဲ့အတွက် Right To Information (သတင်းအချက်အလက်ရရှိခွင့်)ဆိုတာကို ဆွေး နွေးလာကြတယ်ဗျ။

အရင်တုန်းကတော့ ဒါကို လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ လုပ်ဆောင်ပေမယ့် ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာ ဒီဟာကို အစိုးရ တွေအနေနဲ့ အသိအမှတ်ပြုသင့်တယ်။ အသိအမှတ်ပြုတဲ့အခါမှာ သာမန်လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲနဲ့ ဥပဒေပြဋ္ဌာန်းပြီးတော့ Right To Information Law (သတင်းအချက်အလက်ရရှိခွင့် ဥပဒေ)  ဆိုပြီးတော့၊ အဲဒီ လို ပုံစံမျိုးနဲ့ စပြီးတော့ CSOs (အရပ်ဘက်အဖွဲ့ အစည်း) တွေက စပြီး လှုပ်ရှားလာကြတယ်။

ဥရောပနိုင်ငံတွေမှာ (ဒီဥပဒေကို) စတင်ခဲ့တယ်။ အဲဒီကမှ တစ်ဆင့် တဖြည်းဖြည်းနဲ့ ဒီအယူအဆတွေက ဥပဒေဖြစ်သင့် တယ်ဆိုတာတွေ ပြောလာပြီးတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံ ပေါင်း ၉၅ နိုင်ငံကျော်က ဒါကို ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းထား တယ်။ ကျွန်တော်တို့ ASEAN (Association of South East Asian Nations – အရှေ့တောင်အာရှနိုင်ငံများအသင်း) မှာ ဆို လို့ရှိရင်တော့ ဒီဥပဒေကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ မှာ ပြဋ္ဌာန်းထားတယ်။

မော်ကွန်း။  ။ သတင်းအချက်အလက်ရရှိခွင့်ဥပဒေ (RTI Law) က ကျွန်တော်တို့ နိုင်ငံအတွက် ဘာကြောင့် လိုအပ်တာလဲ။

ဦးအောင်မျိုးမင်း။  ။ အခြေခံအရပြောမယ်ဆိုရင် မြန်မာနိုင်ငံက လူတွေလည်း လူသားဖြစ်တာကြောင့် လူသားတွေလိုအပ်တဲ့ RTI Law လိုအပ်ပါတယ်။ ပိုပြီးတော့ မြန်မာနိုင်ငံအတွက် လို အပ်တာက ဖြတ်သန်းလာတဲ့ သမိုင်းစဉ်တစ်လျှောက်၊ အစိုးရ တစ်လျှောက်လုံးမှာ လူထုက အစိုးရတွေ ဘာလုပ်နေတယ်ဆို တာကို သိခွင့်မရကြဘူး။ အစိုးရတွေက ဘာတွေလုပ်ဆောင်နေ ပြီးတော့ ကိုယ့်ဘဝနဲ့ သက်ဆိုင်တဲ့ Policy (မူဝါဒ)တွေ၊ ဥပဒေ တွေ၊ လုပ်ဆောင်ချက်တွေ စတာတွေ ဘယ်လိုလုပ်ဆောင်နေ တယ်ဆိုတာ သိခွင့်မရှိခဲ့ကြဘူး။

အရင်တုန်းကဆိုရင် ပိုတောင်ဆိုးသေးတယ်။ သတင်းတွေ မှာ ဖတ်ကြည့်မယ်ဆိုရင် အစည်းအဝေးကျင်းပတယ်ဆိုတာပဲ ပါတယ်။ အစည်းအဝေးမှာ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာ တစ်ချက်မှပါမလာဘူး။ အဲဒီတော့ ပြည်သူ လူထုက အစည်းအဝေးကျင်းပတဲ့ လူတွေကိုပဲကြည့်ပြီး ကိုယ့် ဘဝနဲ့ ဘာတွေသက်ဆိုင်တာကို ဆွေးနွေးကြတယ်ဆိုတာ သိခွင့် မရတော့ ဒီလို အစည်းအဝေးတွေဟာ ကိုယ့်အတွက်အရေးကြီး လား။ ကောင်းလား၊ ဆိုးလား၊ မှားလား၊ မှန်လား ဆိုတာ ဝေဖန် နိုင်တဲ့ အနေအထားမျိုး မရှိကြဘူး။

ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရက ဘာတွေလုပ်နေသလဲဆိုတာသိဖို့ အရမ်း အရေးကြီးတယ်။ အဲဒါကို သိမှသာ ကိုယ်ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရဟာ မှန်တဲ့လမ်းကို သွားနေလား၊ မှားတဲ့လမ်းကို သွားနေလားဆိုတာ သိနိုင်မယ်။

အဲဒီလိုသိနိုင်မှ ဘယ်ဟာကို လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတဲ့ ပါဝင်မှုတွေက ရှိလာမှာပါ။ ဥပမာတစ်ခုပြောရမယ်ဆိုရင် သယံဇာတကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ကြတယ်။ အဲဒီ တော့ သယံဇာတဆိုတာ အစိုးရပဲ ပိုင်တာမဟုတ်ဘူး။ နိုင်ငံတော် ပိုင်ဗျ။

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နိုင်ငံတော်ပိုင်ကို အစိုးရပိုင်ပုံစံ မျိုး လုပ်ပြီးတော့ သူ့ဘာသာသူ ကြိုက်သလိုရင်းနှီး၊ ဆုံးဖြတ်၊ ပြီး ရင် အမြတ်ဘယ်လိုရမှန်းမသိ၊ (ဘယ်လောက်)သုံးနေမှန်းမသိနဲ့ ကျွန်တော်တို့ ဘဝတွေ ဒီလိုပဲ ဖြတ်သန်းခဲ့ရတယ်။ နောက်ဆုံး သယံဇာတတွေ တုံးသွား(ကုန်ခန်း)တာပဲ ရှိတယ်။ ပြည်သူလူထု မှာ ဘာအကျိုးမှ မရှိဘူး။

အဲဒီလို ဘဝတွေဖြစ်နေခဲ့တော့ တကယ်လို့သာ ကျွန်တော် တို့နိုင်ငံမှာ Right To Information ရှိမယ်ဆိုရင် ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်ကုမ္ပဏီနဲ့လုပ်မှာလဲ။ ဘာတွေထုတ်မှာလဲ။ ဘယ်လောက်အထိ အကျိုးရှိမှာလဲ။ ဆိုးကျိုးတွေက ဘာတွေရှိလဲ ဆိုတာတွေ သိနိုင်မယ်။ သိလိုရှိရင် ပြည်သူလူထုအနေနဲ့ သူတို့ ဒေသအတွက် လုပ်သင့်လား၊ မလုပ်သင့်ဘူးလားဆိုတာကို ဆုံး ဖြတ်နိုင်မယ်။

လုပ်မယ်ဆိုရင်တောင်မှ ဘယ်လိုနည်းမျိုးတွေနဲ့ လုပ် ဆောင်သင့်တယ်ဆိုတာကို ပြည်သူတွေရဲ့ အကြံဉာဏ်ပေးချက် တွေ ထွက်လာမယ်ဆိုရင် လုပ်သမျှ ပြည်သူခံဆိုတာမျိုး မဟုတ် ဘဲနဲ့ အားလုံးက အကျိုးရှိရှိနဲ့ အမှန်တကယ်လက်တွဲနိုင်မယ်။ နောက်ရရှိလာမယ့် အကျိုးကျေးဇူးကို ဘယ်လိုမျိုး အသုံးချမလဲ ဆိုတာကို သိခြင်းအားဖြင့် Transparency ဆိုတဲ့ ပွင့်လင်းမြင် သာမှု ရှိလာလေလေ၊ ဘယ်ဟာကို အသုံးချနိုင်မလဲဆိုတာ သိ လာနိုင်လေလေ ဖြစ်တဲ့အတွက် မြန်မာပြည်လူထုအတွက် ဒီ ဥပဒေက ပိုလို့တောင် အရေးကြီးတယ်။

မော်ကွန်း။  ။ သတင်းအချက်အလက်ရရှိခွင့် ဥပဒေနဲ့ ပတ်သက် ပြီးတော့ အခု ဘယ်လို လှုပ်ရှားမှုတွေ ရှိနေပြီလဲ။

ဦးအောင်မျိုးမင်း။  ။ ဒီနိုင်ငံမှာ RTI ဥပဒေ ရှိသင့်တယ်ဆိုတာက ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စခဲ့တယ်။ စစ ချင်းတုန်းကတော့ ဒီဟာနဲ့ပတ်သက်ပြီး အစိုးရက သိပ်စိတ်မဝင် စားဘူး။ ဒါပေမဲ့ ဘယ်ဝန်ကြီးဌာနက ဒီဟာကို အဓိက စိတ်ဝင်စား သလဲဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာန။  ဦးရဲထွဋ်တို့ ခေတ်က တည်းက RTI ရှိသင့်တယ် ဆိုပြီး လုပ်ဆောင်တာတွေ ရှိတယ်။ အခု အစိုးရပြောင်းတဲ့အချိန်မှာ ဝန်ကြီးပြောင်းသွားတဲ့နောက် ပိုင်းမှာ RTI ကို ဝန်ကြီးဌာနအနေနဲ့  တွင်တွင်ကျယ်ကျယ် ပြော လာတာ ရှိတယ်။

ဒါပေမဲ့ သူတို့မှာ အမြင်လေးတစ်ခုက ဘာလဲဆိုတော့ Right To Information ကို ပြောရင် သတင်းမီဒီယာကိုပဲ မြင် ကြတယ်။ အဓိက လှုပ်ရှားတဲ့သူတွေကလည်း သတင်းမီဒီယာ သမားတွေကပဲ လှုပ်ရှားကြတယ်။ ဘာကြောင့်လဲဆိုတော့ သတင်း မီဒီယာသမားတွေကလည်း ခံနေရတာကိုး။ သတင်းသွားယူတဲ့ အချိန်မှာ တာဝန်ဝတ္တရားနှောင့်ယှက်တယ်ဆိုပြီး အဖမ်းခံရတာ တို့၊ နိုင်ငံတော်လုံခြုံရေးထိခိုက်တယ်ဆိုပြီး တရားစွဲခံထိတာတို့ ဖြစ်တဲ့အတွက် သတင်းသမားတွေရဲ့ လွတ်လွတ်လပ်လပ်သတင်း ယူသင့်တယ်ဆိုတဲ့ အခြေခံအပေါ် မူတည်ပြီးတော့ Right To Information ကို တွန်းတွန်းတိုက်တိုက် လုပ်တာက သတင်းမီဒီ ယာ။ ဝန်ကြီးဌာနကလည်း ဒီဟာက သတင်းမီဒီယာနဲ့ပဲ ဆိုင် တယ်ဆိုတဲ့ သဘောမျိုးထားတာဖြစ်တယ်။

အမှန်တော့ မဟုတ်ဘူးဗျ။ သတင်းမီဒီယာနဲ့ ဆိုင်တယ်ဆို တာလည်းဟုတ်ပါတယ်။ သူတို့မှာ ပြည်သူလူထုကို သတင်းပေး ရမယ့် တာဝန်ရှိတဲ့အတွက် သူတို့အနေနဲ့ ဒီသတင်းအချက် အလက်တွေကို သိခွင့်ရှိသလို ပြည်သူလူထုတစ်ဦးတစ်ယောက် ချင်းမှာလည်း RTI အရ သူတို့ သိချင်တာကို အစိုးရကို မေးပိုင် ခွင့်ရှိတယ်။ ရပိုင်ခွင့်ရှိတယ်။ ဒါဟာ အခုအချိန်မှာတော့ အား နည်းနေတုန်းပေါ့။

RTI ဆိုတာတော့ နည်းနည်းတွင်ကျယ်လာတယ်။ လုပ် ဆောင်ရမယ့်သဘောမျိုး ဖြစ်လာတယ်။ ဒါပေမဲ့ နားလည် သဘောပေါက်မှုမှာ RTI လို့ပြောရင် သတင်းမီဒီယာနဲ့ပဲ ဆိုင်တယ်၊ အများပြည်သူနဲ့မဆိုင်ဘူးဆိုတဲ့ အခြေခံသဘော တရားဖွင့်ဆိုမှုမှာ နည်းနည်းလွဲနေတယ်။ အဲဒါကို ကျွန်တော့် အနေနဲ့ ထောက်ပြချင်တယ်။

မော်ကွန်း။  ။ ၂ဝ၁၆ ဖေဖော်ဝါရီနှောင်းပိုင်းပေါ့။ ဦးသိန်းစိန်အစိုးရ မဆင်းခင်ကလေးမှာ သတင်းအချက်အလက် အခွင့်အရေးဆိုင် ရာ ဥပဒေ(မူကြမ်း) ဆိုတာ ထွက်ခဲ့သေးတယ်။ အခု အဲဒီ ဥပဒေ ကြမ်းက ဘယ်လို ဖြစ်သွားပြီလဲ။

ဦးအောင်မျိုးမင်း။  ။ အဲဒီ Draft Law ( ဥပဒေကြမ်း) က Draft Law အတိုင်းပဲ အခု ရှိနေသေးတယ်။ အဲဒီဥပဒေနဲ့ ပတ်သက်ပြီး တော့ ဝိုင်းဝန်းအကြံပေးဖို့အတွက်ပေါ့။ ဥပဒေတွေပြုတဲ့အခါ ပြည်သူတွေရဲ့ အကြံပြု ချက်ဆိုတာတွေခေါ်တယ်လေ။ အဲဒီ ဥပဒေက အကြံပြု ချက်ခေါ်တဲ့အဆင့်တောင် မရောက်သေးဘူး။ ဒါပေမဲ့ မီဒီယာဘက်ကတော့ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီးတွေ့တိုင်း ပြောနေကြတာရှိတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေထဲက ဒီသတင်းအချက် အလက်ရရှိခွင့်ဘက်မှာ စိတ်ဝင်စားတဲ့အဖွဲ့တွေကလည်း  ဒီ ဥပဒေက မီဒီယာတင်မကဘဲနဲ့ လူတိုင်းအတွက် သတင်းအချက် အလက်သိနိုင်တဲ့ ဥပဒေမျိုးဖြစ်အောင် လုပ်နေတာရှိတယ်။ နောက်တစ်ခုက ဒီဥပဒေထဲမှာ ပါဝင်တဲ့အချက်တွေက တကယ့် RTI ကို ပံ့ပိုးပေးနိုင်ရဲ့လား၊ ကျင့်သုံးနိုင်ရဲ့လား၊ အလုပ်ရောဖြစ် ရဲ့လား ဆိုတာကို အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သုံးသပ်မှု တွေ လုပ်ဆောင်နေကြတာရှိတယ်။

မော်ကွန်း။  ။  RTI ဥပဒေ မရှိတော့ ပြည်သူတွေအနေနဲ့ ဒီနိုင်ငံမှာ ဘယ်လို အခွင့်အရေးတွေ ဆုံးရှုံးနေပါသလဲ။

ဦးအောင်မျိုးမင်း။  ။ ပြည်သူတွေ ဘာတွေဆုံးရှုံးနေသလဲဆိုရင် အစိုးရလုပ်ငန်းတွေ ဘာတွေလုပ်နေမှန်း မသိတော့ ဘယ်လိုဝေ ဖန်ရမှန်းမသိဘူး။ ဖြစ်လာတော့မှ နောက်ဆုံးခံလိုက်ရတာ ပြည် သူဖြစ်နေတယ်။ ဒါက ဆိုးကျိုးတစ်ခု။ နောက်တစ်ခုက ဥပမာ အစိုးရဝန်ကြီးဌာနတွေ၊ တာဝန်ယူတဲ့သူတွေ၊  သူတို့တွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ချမပြဘူး။ အဲဒါကို မသိရဘူး။ မသိတော့ ဒီ လူတွေက သမ္မာအာဇီဝနဲ့ ချမ်းသာတာလား။ ကိုယ်ကျိုးစီးပွား အတွက် တလွဲအသုံးချပြီး ချမ်းသာတာလား။ ဒါတွေကို မသိရ ဘူး။ အဲဒီတော့ လူကောင်း၊ လူမှန်တွေ မရွေးနိုင်ဘဲနဲ့ ကိုယ်ကျိုးစီး ပွားအတွက် လုပ်ဆောင်နေတဲ့သူတွေကို ရွေးချယ်မိသွားတဲ့ဟာ မျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ ရှိနိုင်တယ်။

ကိုယ်ရွေးချယ်တင်မြှောက်လိုက်တဲ့ကိုယ်စားလှယ်တွေ၊ တာဝန်ယူတဲ့အစိုးရရဲ့ တာဝန်ရှိတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကို သိရှိ ခွင့်ဟာလည်း သတင်းအချက်အလက်သိပိုင်ခွင့် အခွင့်အရေး တစ်ခုပဲ။ အဲဒါတွေ မသိရတဲ့အတွက် ဒီနိုင်ငံမှာ ဒီလူက ကောင်း လား၊ ဆိုးလား။ ဝိသမလောဘသားလား၊ သမ္မာအာဇီဝသမား လားဆိုတာ မခွဲခြားနိုင်တာ အခက်အခဲတစ်ခုပဲ။

မော်ကွန်း။  ။ RTI ဥပဒေတစ်ခုမှာ အခြေခံအားဖြင့် ဘယ်လို စံနှုန်းတွေ ပါဝင်သင့်သလဲ။

ဦးအောင်မျိုးမင်း။  ။ အခြေခံစံနှုန်းအားဖြင့် ပထမတစ်ပိုင်းက တော့ ပြည်သူလူထုနဲ့ ပါဝင်ပတ်သက်တဲ့ ဝန်ကြီးဌာနတွေ၊ အစိုးရ ဌာနတွေက သူတို့ရဲ့ ပေါ်လစီက ဘာလဲ၊ ဘာလုပ်ငန်းတွေကို လုပ် ဆောင်နေတာလဲ၊ ပြီးတော့ ဘယ်လိုပုံစံတွေနဲ့ လုပ်ဆောင်နေ တာလဲ၊ အဲဒါတွေကို ပြည်သူတွေကရော ဘယ်လို အကြံတွေ ဝင် ပေးနိုင်မလဲဆိုတဲ့ လုပ်ငန်းစဉ်တစ်ခု ရှင်းရှင်းလင်းလင်း ဒီဥပဒေ မှာ ရှိဖို့လိုမယ်။ အခု အစိုးရသစ်လုပ်သလို ရက်တစ်ရာစီမံကိန်း ပုံစံမျိုးပေါ့။ ရက်တစ်ရာစီမံကိန်းမှာ ဘာတွေလုပ်ဆောင်မယ်ဆို တာကို အများသိအောင်လုပ်တယ်။ တင်ပြတယ်။ ပြီးတော့ အကြံ ဉာဏ်တောင်းတယ်။ ဒါက RTI အခွင့်အရေးမှာ ပါတဲ့ဟာ။

နောက်တစ်ခုကတော့ ဒီလုပ်ငန်းစဉ်တွေတင်မကဘဲနဲ့ စာချုပ်စာတမ်းတွေ၊ သဘောတူညီချက်တွေ၊ နောက်တစ်ခါ အစိုးရ လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ စာ ချုပ်တွေမှာ တာဝန်ရှိမှုတွေ၊ အဲဒါတွေကို အများပြည်သူသိအောင် ချပြရမှာရှိမယ်။ ပြည်သူကတောင်းမှ မဟုတ်ဘူးဗျ။ အစိုးရအနေ နဲ့ ပြည်သူကိုချပြနိုင်တဲ့ အနေအထားမျိုး ရှိကိုရှိရမယ်။ လူတွေက သွားတောင်းမှ ပေးတယ်ဆိုတာက မဟုတ်သေးဘူး။

နိုင်ငံတစ်ခုအနေနဲ့ ဘယ်လိုအရာတွေကို လက်မှတ်ထိုး ထားတယ်။ အဲဒီမှာ ဘယ်လို သဘောတူညီချက်တွေပါတယ်။ ဘာတွေ လိုက်နာဖို့ လိုအပ်တယ်။ ဘယ်သူတွေ ပါဝင်ပတ်သက်လဲ ဆိုတာတွေကို လူတိုင်းက အင်တာနက်မှာပဲဖြစ်ဖြစ်၊ ဌာနမှာပဲ ဖြစ်ဖြစ်၊ အများပြည်သူသိနိုင်တဲ့အနေအထားမျိုး ရှိနေဖို့လိုအပ် တယ်။ အစိုးရအနေနဲ့ ဒီလိုမျိုးတွေ လုပ်ကိုလုပ်ပေးရမယ်။ ဒါတွေ က RTI ထဲမှာ အခြေခံပါရမယ့် အချက်တွေ။

နောက်ထပ်တစ်ခုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလို ကိစ္စ တွေ။ ဘာတွေလုပ်ဆောင်ပေးရမလဲဆိုလို့ရှိရင် ဒီရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ပတ်သက်ပြီး ကောင်းကျိုးက ဘာလဲ၊ ဆိုးကျိုးက ဘာလဲ။ ဘယ်လိုတွေ သုံးသပ်မှုရှိသလဲ။ ဘယ်သူတွေက သုံးသပ်တာလဲ။ အဲဒီအထဲမှာ ဘယ်သူတွေက အကျိုးရှိပြီး ငွေကြေးတွေကို ဘယ် လိုသုံးစွဲသလဲဆိုတဲ့ Accountability ဆိုတဲ့ တာဝန်ခံမှု၊ တာဝန် ရှိမှု ဒါတွေက ရှိဖို့ လိုအပ်တယ်။ အဲဒီအချက်တွေက ပထမဆုံး(ဥပဒေမှာ) ရှိဖို့ လိုအပ်တယ်။

ဒုတိယတစ်ချက်ကတော့ အဲဒါတွေကို ဘယ်လိုမျိုးနည်းနဲ့ ရရှိနိုင်မလဲဆိုတဲ့ လုပ်ငန်းစဉ်ရှိဖို့ လိုတယ်။ အထက်မှာ ပြောခဲ့ သလိုပဲ သွားတောင်းမှပေးမယ်ဆိုရင် ဒါတွေကို တောင်းရကောင်း မှန်းမသိတဲ့သူတွေက ဘယ်မှာ သွားတောင်းရဲမှာလဲ။ အဲဒီတော့ သတင်းအချက်အလက်တွေကို အလွယ်တကူရှာချင်ရင် ရှာလို့ရ အောင်၊ အများပြည်သူအတွက် Access (လက်လှမ်းမီ) ဖြစ်တဲ့ နေရာမျိုးတွေ ဖန်တီးပေးရမယ်။

နောက်ထပ်တစ်ခုက သတင်းအချက်အလက်တွေကို ရပိုင် ခွင့်အတွက် ဥပဒေက ခွင့်ပြုထားပေမယ့် တာဝန်ရှိတဲ့ လူတွေက မပေးဘူးဆိုရင် ဒါကို ဘယ်လိုမျိုး ဖြေရှင်းနိုင်မလဲ၊ ဘယ်လိုမျိုး တိုင်ကြားနိုင်မလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေရှိဖို့ လိုအပ်တယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလုပ်ခဲ့တဲ့ RTI Law ထဲမှာ ဆိုရင် အဲဒီအချက်ကို အဓိကထားတယ်။ ထိုင်းနိုင်ငံမှာ အား နည်းတာက  တကယ်လို့ သွားပြီး သတင်းတောင်းတဲ့အခါမှာ သတင်းမပေးလို့ရှိရင် ဘယ်လိုနည်းမျိုးနဲ့ အဲဒီကိစ္စကို အရေးယူ မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ မရှိဘူး။ နောက်တစ်ခုက အဲဒီဟာကို စောင့်ကြပ်ပြီး လုပ်ဆောင်မယ့်သူတွေက တကယ်တမ်း အချိန် ပြည့် လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး မရှိဘူး။ အဲဒါက ထိုင်း နိုင်ငံရဲ့ သင်ခန်းစာ။ အဲဒါကို ကျွန်တော်တို့ဆီမှာ ဥပဒေရေးဆွဲတဲ့ အခါ အများကြီး သင်ခန်းစာယူဖို့လိုတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာ သတင်းအချက်အလက် ရရှိခွင့်နဲ့ ပတ်သက်ရင် ကောင်းတဲ့အချက်က လူထုက၊ အထူးသဖြင့် အရပ် ဘက်အဖွဲ့အစည်းတွေက ဒီဥပဒေရှိမှန်းသိတော့ ဥပဒေကို အသုံး ချပြီးတော့ သတင်းတွေ တောင်းတဲ့ဟာမျိုးရှိတယ်။

ဥပမာ-ထားဝယ်ရေနက်ဆိပ်ကမ်းလိုကိစ္စမျိုးပေါ့။ ကျွန် တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ဘယ်လိုမှ သတင်းအချက်အလက် တောင်းလို့ မရဘူး။ ဒီဘက်က အစိုးရက လုံးဝမပေးဘူး။ ဒါပေမဲ့ ထိုင်းမှာက အဲဒီဥပဒေရှိတဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်း မှာ ဘယ်သူတွေပါလဲ။ ဘယ်လိုလုပ်မှာလဲ။ ကောင်းကျိုး၊ ဆိုးကျိုး ဘာရှိလဲဆိုတာတွေကို ပြည်သူတွေက အစိုးရကို တောင်းတဲ့ အချိန်မှာ အစိုးရက မဖြစ်မနေ ထုတ်ပေးရတာမျိုး ရှိတယ်။ အဲဒါ က ကောင်းတဲ့အချက်ပဲ။

မော်ကွန်း။  ။ ထိုင်းဥပဒေမှာဆိုရင် နိုင်ငံခြားသားတွေက သတင်း အချက်အလက်တောင်းခွင့်ရှိပါသလား။

ဦးအောင်မျိုးမင်း။  ။ အဲဒါကို ထိုင်းဥပဒေမှာတော့ တိတိကျကျ မပြဋ္ဌာန်းထားဘူး။ ဒါပေမဲ့ နိုင်ငံသားတွေက တောင်းပိုင်ခွင့် ရှိတယ်။

မော်ကွန်း။  ။ ဘာကြောင့် ဒါကိုမေးသလဲဆိုတော့ ဦးသိန်းစိန် အစိုးရမဆင်းခင်လေးမှာ ဥပဒေကြမ်းအဖြစ် ထုတ်ပြန်သွားတဲ့ သတင်းအချက်အလက် အခွင့်အရေးဆိုင်ရာဥပဒေမှာဆိုရင် သတင်းအချက်အလက်ရရှိနိုင်သူကို နိုင်ငံသားလို့ သုံးနှုန်းထား တယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးရေးအကူအညီတွေ ယူနေရတဲ့ နိုင်ငံ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေ ကူညီနေတဲ့နိုင်ငံမှာ နိုင်ငံသားမဟုတ်တဲ့သူတွေ ဦးဆောင်နေတဲ့ အဲဒီအဖွဲ့အစည်း တွေရဲ့ သတင်းအချက်အလက်ရရှိခွင့်ကရော ဘယ်လိုဖြစ်သွား မလဲ။

ဦးအောင်မျိုးမင်း။  ။ ဒါကတော့ သတင်းအပေါ်မှာ မူတည်လိမ့် မယ်။ တကယ်တော့ အများပြည်သူ သိသင်တဲ့ ကိစ္စတွေကတော့ အများပြည်သူ ဘယ်သူပဲဖြစ်ဖြစ် ကြည့်ခွင့်၊ သိခွင့် ရှိရမယ်။ နိုင်ငံ သားတို့၊ နိုင်ငံခြားသားတို့မခွဲဘဲနဲ့ အားလုံးကြည့်နိုင်တဲ့ ဝက်ဘ် ဆိုက်သဘောမျိုး။ အဖွဲ့တစ်ခုရဲ့ ရရှိနိုင်တဲ့သတင်းတွေကို ဖော်ပြ နိုင်တဲ့နေရာမျိုး။ အဲဒါတွေကို လူတိုင်းသိခွင့်၊ ကြည့်ခွင့်ရှိရမယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ နိုင်ငံသားပဲ တောင်းခွင့်ရှိတယ်ဆို တာတော့ ထိုင်းနိုင်ငံမှာလည်း ရှိတယ်။

မော်ကွန်း။  ။  RTI နဲ့ ပတ်သက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်း တွေဘက်က လွှတ်တော်ပိုင်းနဲ့ ဆွေးနွေးတာမျိုးတွေ ရှိလား။

ဦးအောင်မျိုးမင်း။  ။ ကျွန်တော်တို့ အခုကတော့ ကိုယ့်အရပ်ဘက် အဖွဲ့အစည်းတွေ အချင်းချင်း၊ ဒီသတင်းအချက်အလက်အခွင့် အရေးဆိုင်ရာဥပဒေကြမ်းမှာ ဘယ်ဟာတွေ အားနည်းလဲဆိုတာ လုပ်နေတာတွေရှိတယ်။ လုပ်ပြီးရင်တော့ လွှတ်တော်ကတော့ မဖြစ်မနေဖြတ်ရမှာပဲ။ လွှတ်တော်ဆိုတာ ဥပဒေပြုမှုဖြစ်တယ်။ ဒါကို ဥပဒေပြုမယ်ဆိုလို့ရှိရင် လွှတ်တော်မှာ ဒါကို ဆွေးနွေးတင် ပြမှာ ရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ကိုယ့်ရဲ့ လမ်း ကြောင်းအတိုင်း ဒီဥပဒေကို သုံးသပ်နေတာရှိသလို လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဒီဥပဒေမှာ ဘာတွေပါသင့်တယ်။ ဘာတွေ ဖြုတ်ပစ်သင့်တယ်ဆိုတာကို ဆွေးနွေးပေးဖို့လည်း ကိုယ်စားလှယ်တစ်ဦးချင်းစီကိုသွားပြီး အရပ်ဘက်အဖွဲ့အစည်း တွေဘက်က လှုံ့ဆော်နေတာတွေ ရှိပါတယ်။

နှစ်ခုရှိပါလိမ့်မယ်။ တရားဝင်တွေ့ဆုံဆွေးနွေးတာရယ်။ ကိုယ်စားလှယ်တစ်ဦးချင်းကို ဒီကိစ္စအကြောင်းသိပြီးတော့ ဒီ ဥပဒေကြမ်းကို ဆွေးနွေးတဲ့အချိန်မှာ ပါဝင်ဆွေးနွေးပေးဖို့ အတွက် တိုက်တွန်းတာ။

မော်ကွန်း။  ။  RTI နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင် ပါသလဲ။

ဦးအောင်မျိုးမင်း။  ။ အစိုးရအစဉ်အဆက်က  ကိုယ့်သတင်းကို ပြည်သူအများသိသွားရင် အန္တရာယ်ရှိနိုင်တယ်လို့ ထင်ကြတယ်။ အမှန်တော့ ဘာတွေလုပ်ဆောင်မယ်ဆိုတာကို ပြည်သူကိုအသိ ပေးခြင်းဟာ  အမြဲတမ်းအားဖြစ်စေတယ်။ သိတဲ့အခါမှာ ပြည်သူ တွေအနေနဲ့ ဒီအကြောင်းအရာကို စဉ်းစား၊ ဆင်ခြင်သုံးသပ်နိုင် မယ်။ လုပ်သင့်လား၊ မလုပ်သင့်လားဆိုတဲ့အပေါ်မှာ သူတို့ပါဝင် နိုင်မယ်။ အစိုးရက ကောင်းတယ်လို့ထင်တောင် လက်တွေ့မှာ မကောင်းသော အခြေအနေမျိုးတွေ ရှိနိုင်တဲ့အတွက် သတင်း များများ သိခွင့်ပေးခြင်းဟာ၊ သိရှိခြင်းဟာ ဘယ်တော့မှ မှားယွင်း တယ်လို့ မရှိပါဘူး။ သတင်းတွေကို လျှို့ဝှက်ထိမ်ချန်ထားမယ့် အစား သတင်းတွေကိုပေးခြင်းက ပြည်သူလူထုအခွင့်အရေး တစ်ရပ်ကို လေးစားတာဖြစ်သလို တိုင်းပြည်အတွက် အရှည်မှာ ကောင်းကျိုးဖြစ်စေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။  ။

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈) မှ အင်တာဗျူ  း ဖြစ်ပါသည်။

ကျော်ဇေယျ တွေ့မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."