ဟေမာန်ပြည့် ရေးသည်။
ရန်ကုန်၊ သြဂုတ်-၃၀
ရခိုင်ပြည်နယ်၊ မောင်တောတွင်ဖြစ်ပေါ်နေသည့််အခြေအနေများအား တပ်မတော်မှသာကိုင်တွယ်နိုင်မည်ဖြစ်ကြောင်းကို ဗုဒ္ဓ၏အောင်ခြင်းရှစ်ပါးအနက်မှ တစ်ခုဖြစ်သည့် နန္ဒောပနန္ဒနဂါးမင်းအား ရှင်မောဂ္ဂလန်မှကိုင်တွင်အောင်မြင်ခဲ့ပုံကို ဥပမာဆောင်ကာ ဆရာတော်အရှင်ဝီစီတ္တာဘိဝံသ(ဦးဝီရသူ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှင်မောဂ္ဂလန်နှင့် ခိုင်းနှိုင်းဟောကြားခဲ့ခြင်းဖြစ်သည်။
Photo- Hay Man Pyae
ယနေ့(သြဂုတ် ၃၀)တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ပြုလုပ်သည့် ကိုဖီအာနန်အစီရင်ခံစာအား ကန့်ကွက်ခြင်းနှင့် ရခိုင်ပြည်နယ်မှ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ လုပ်ရပ်အားရှုံ့ချပွဲတွင် အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“နန္ဒောပနန္ဒကိုဆုံးမနိုင်တာ ရှင်မောဂ္ဂလန်ပဲဖြစ်သလို ဘင်္ဂါလီကိုဆုံးမနိုင်တာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းရှိတယ်” ဟု ဦးဝီရသူက လက်ရုံးဆန့်တန်းကာ မိန့်ကြားခဲ့သည်။
“ရှင်မောဂ္ဂလန်ဟာ နဂါးရဲ့ဟိုဘက်နား၊ ဒီဘက်နား ဝင်ထွက်သွားလာနိုင်သလို ဘင်္ဂါလီရွာတွေကို ထိုးဖောက်နိုင်တာလည်း စစ်တပ်ပဲရှိတယ်။ ရှင်မောဂ္ဂလန်ဟာ နဂါးရဲ့ဗိုက်ထဲကိုစြင်္ကန်လျှောက်သလို အဲဒီဘင်္ဂါလီတောင်တန်းတွေပေါ် စြင်္ကန်လျှောက်နိုင်တာလည်း စစ်တပ်ပဲရှိတယ်” ဟု ဆက်လက်မိန့်ကြားခဲ့သည်။
အလားတူ မောင်တောမြို့အား အရေးပေါ်အခြေအနေပြဋ္ဌာန်းပြီး စစ်အုပ်ချုပ်ရေးကြေညာပေးရန်လည်း ဦးဝီရသူက တိုက်တွန်းခဲ့သည်။
ထို့ပြင် ဦးဝီရသူသည် ရခိုင်အရေးနှင့်ပတ်သက်သည့်အဆိုတင်သွင်းမှု လွှတ်တော်အတွင်း ရှုံးနိမ့်ခဲ့ခြင်းအား ရည်းညွှန်း၍ လွှတ်တော်ကိုယ်စာလှယ်များကိုလည်း ဝေဖန်မိန့်ကြားခဲ့သည်။
“ခင်ဗျားတို့ လွှတ်တော်အမတ်တွေက အဲကွန်းခန်းထဲထိုင်ပြီး ကန့်ကွက်ဖို့လောက်ပဲ သိတဲ့သူတွေ၊ ခင်ဗျားတို့ အစိုးရအကြီးအကဲတွေက ကြက်သားစားပွဲတော်ကျင်းပဖို့လောက် သိတဲ့သူတွေ” ဟု သူက မိန့်ကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍လည်း ဦးဝီရသူက “မောင်တောမြို့ကြီး အချုပ်အခြာအာဏာ အထိခိုက်ခံမလား၊ အကျဆုံးခံမလား၊ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပေးမလား မယ်မင်းကြီးမ ကြိုက်ရာရွေး လိုက်ပါ” ဟု မိန့်ကြားခဲ့သည်။
အဆိုပါ ရှုတ်ချပွဲတွင် ဦးဆောင်ကျင်းပသည့် မျိုးချစ်လူငယ်များက ကြေညာချက်ထုတ်ပြန်ရာတွင် အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီများကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် မြန်မာ့မြေတွင် အကြမ်းဖက်ဝါဒ ကင်းရှင်းသွား သည်အထိ မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ်အဖြစ် ကျရာနေရာမှ ပါဝင်တိုက်ခိုက်ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းအခမ်းအနားသို့ သံဃာအပါး ၃၀ ခန့်နှင့်် လူဦးရေ ၃၀၀ ခန့်တက်ရောက်ခဲ့သည်။