အသက် ၂၃ နှစ်အရွယ် ခင်မြတ်သူသည် ငယ်စဉ် ကတည်းက အခြားကလေးများနှင့်မတူဘဲ သူ့အပြု အမူများက ထူးဆန်းသည်။ မူကြိုထားသည့်အခါ လည်း အခြားကလေးများလို စာမဆိုနိုင်၊ မရေး နိုင်။ မူလတန်းတက်သည့်အခါလည်း အခြား ကလေးများလို စာလိုက်မသင်ဘဲ လွယ်အိတ်ကို ခေါင်း၌စွပ်ကာ အတန်းထဲ မှောက်အိပ်နေတတ်၏။
စာလည်းမလိုက်နိုင်သဖြင့် အမေဖြစ်သူက ကျူရှင်ဆရာ များကိုအိမ်ခေါ်ပြီး စာသင်သည်။ သို့သော် ခင်မြတ်သူက ၁ဝ မိနစ်၊ ၁၅ မိနစ်ခန့်သာ စာလိုက်ကြည့်ပြီး ထိုစာများကို တစ်ခဏ အတွင်းမေ့သွားသည်။ နောက်နေ့လည်း သည်သင်ခန်းစာကိုသာ ထပ်သင်ရပြန်သည်။ သည်လိုနှင့် သူ့အသက် ၁၅ နှစ်ရောက်သည် အထိ သူငယ်တန်း မြန်မာစာသင်ခန်းစာ ‘ညအခါ လသာသာ’ ထက် ပို၍မတတ်။
ခင်မြတ်သူသည် သင်ယူမှုအားနည်းသည့် ဉာဏ်ရည်မသန် စွမ်းသူတစ်ဦးဖြစ်သည်။ သို့သော် ကျောင်းနေဖက်ကလေးတချို့ က သူ့အား စိတ်ဝေဒနာရှင်တစ်ယောက်ဟု သူ့ရှေ့မှာရော၊ ကွယ် ရာမှာပါ သတ်မှတ်လာကြသည်။ ကလေးတချို့က သူ့မုန့်တွေကို လုစားတတ်ကြသည်။ တချို့က သူ့ကိုရိုက်သည်။ ဒီအဖြစ်တွေကို အမေဖြစ်သူ ကြားရတော့ စိတ်ထဲမကောင်း။
နောက်ဆုံး သာမန်ကလေးများနှင့်အတူ ကျောင်းထား၍ မရတော့သဖြင့် ကျောင်းဆက်မထားတော့ဘဲ ရန်ကုန်၊ ကျိုက် ဝိုင်းရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် ကျောင်းထား လိုက်ရသည်။ ကျိုက်ဝိုင်းကျောင်းတွင် ၁၂ နှစ်ကြာ ကျောင်း တက်ခဲ့၏။ သို့သော် ခင်မြတ်သူသည် လွယ်ကူသောစာတချို့ကို ဖတ်တတ်လာသော်လည်း မိမိကိုယ်ကိုယ်ရပ်တည်နိုင်သည်အထိ တိုးတက်မလာဟု ခင်မြတ်သူ၏ မိခင်ဒေါ်ခင်ဝင်းမော်က အားမရ ဟန်ဖြင့် ပြောပြသည်။
ယခု အသက်အရွယ်အထိ ခင်မြတ်သူ အချိန်နာရီကောင်း စွာ မကြည့်တတ်သေး။ ပြက္ခဒိန်ကောင်းစွာ မကြည့်တတ်သေး။ ဂဏန်းသင်္ချာမတွက်တတ်၍ ငွေလည်းမသုံးတတ်သေး။ ပိုက်ဆံ ငါးရာတန်နှင့် တစ်ထောင်တန်လောက်သာ ခွဲခြားသိပြီး သိန်း ဂဏန်း၊ သောင်းဂဏန်းဆို သူမသိတော့။
ထို့ကြောင့် ”သူ့ကိုယ်သူ ရပ်တည်နိုင်လာအောင်လည်း ခု ထက် ပိုပြီး လေ့ကျင့်ပျိုးထောင်ပေးနိုင်မယ့် နေရာတွေ၊ ဆရာ တွေ ရှိရင်ကောင်းမယ်လို့ စိတ်ထဲ အမြဲတွေးမိတယ်”ဟု မိခင် ဒေါ်ခင်ဝင်းမော်က ပြောပြသည်။
သားသမီးများအား ယခုထက်ပို၍ ပျိုးထောင်ပေးစေလို သော ဆန္ဒများသည် ဒေါ်ခင်ဝင်းမော်တစ်ဦးတည်း၌ ရှိသည် မဟုတ်ချေ။ မော်ကွန်းနှင့်တွေ့ဆုံခဲ့သည့် ဉာဏ်ရည်မသန်စွမ်းသူ များ၏ မိသားစုဝင်များအားလုံးတွင် ရှိနေသည့် မျှော်လင့်ချက် များ ဖြစ်သည်။
သို့သော် လက်ရှိတွင် ဉာဏ်ရည်မသန်စွမ်းသူများအား ထိထိရောက်ရောက် လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် ကျောင်းများ နည်းပါးခြင်း၊ ရှိသည့် ကျောင်းများတွင်လည်း ဝန်ထမ်းမလုံ လောက်မှု၊ ခေတ်မီသင်ထောက်ကူကိရိယာများ ကောင်းစွာ အထောက်အပံ့မပေးနိုင်မှုများကြောင့် ဉာဏ်ရည်မသန်စွမ်းသူ များအား လေ့ကျင့်ပျိုးထောင်ပေးရာ၌ အကန့်အသတ်များ ဖြစ် နေသည်ဟု မသန်စွမ်းသူများ အခွင့်အရေး လှုပ်ရှားဆောင်ရွက် သူများက ထောက်ပြကြသည်။
ထို့ကြောင့် ၎င်းတို့အား လူမှုအသိုက်အဝန်း၌ ကိုယ့်အား ကိုယ်ကိုးကာ ရပ်တည်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးနိုင် သော ကျောင်းများ တည်ထောင်ပေးရန် အရေးတကြီးလိုအပ်နေ ကြောင်း အနာဂတ်ကြယ်ပွင့်ကလေးများ အမည်ရှိ ဉာဏ်ရည် မသန်စွမ်း ကိုယ့်အားကိုယ်ကိုးအဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုကောင်းထက်နိုင်က မော်ကွန်းသို့ ပြောသည်။
”သူတို့(ဉာဏ်ရည်မသန်စွမ်းသူတွေ)ကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်မှ သူ့တို့ဘဝအာမခံချက်ကို ကောင်းကောင်း ပေးနိုင်မယ်။ ဒါက နံပါတ်တစ်”ဟု ၎င်းက ဆိုသည်။
ဉာဏ်ရည်မသန်စွမ်းသူများကို ငယ်စဉ်ကပင် အချိန်မီ ထိ ထိရောက်ရောက် လေ့ကျင့်မပေးနိုင်ပါက ၎င်းတို့ ဘဝတစ် လျှောက်လုံးတွင် လူ့ပတ်ဝန်းကျင်၌ ကိုယ့်အားကိုယ်ကိုးရပ် တည်ရန် ခက်ခဲသွားပြီး လူ့အဖွဲ့အစည်း ပြင်ပသို့ ရောက်မှန်းမသိ ရောက်သွားတတ်ကြောင်း ကိုကောင်းထက်နိုင်က ဆိုသည်။
”မိဘတွေ မရှိတော့တဲ့အခါ ဉာဏ်ရည်မသန်စွမ်းတွေရဲ့ ဘဝအာမခံချက်က ဘာမှ မှန်းဆလို့မရဘူး”ဟု ၎င်းက ဆိုသည်။
ဉာဏ်ရည်မသန်စွမ်းဆိုသည်မှာ
ဉာဏ်ရည်မသန်စွမ်းသူများမှာ သာမန်လူများကဲ့သို့ လျင်မြန်စွာမသင်ယူနိုင်ကြသော်လည်း ၎င်းတို့ကို စနစ်တကျ အချိန် ယူ လေ့ကျင့်သင်ကြားပေးလျှင် ၎င်းတို့၏ မသန်စွမ်းမှုအမျိုးအစား နှင့် ဉာဏ်ရည်အဆင့်အပေါ်မူတည်၍ သင်ယူတတ်မြောက်နိုင်ကြ သူများသာ ဖြစ်သည်။
ဉာဏ်ရည်မသန်စွမ်းသူဆိုသည်မှာ ‘သင်ယူရာတွင် ကြာ ရှည်စွာမှတ်မိရန် ခက်ခဲခြင်း၊ ပြဿ နာများအတွက် အဖြေရှာရာ တွင် ခက်ခဲခြင်း၊ လှုပ်ရှား သွားလာရာတွင် ခက်ခဲ ခြင်းနှင့် စကားပြောရာ တွင် ခက်ခဲခြင်းစသည့် အရာများတွင် အခြား သက်တူရွယ်တူများထက် နှောင့်နှေးခြင်း’ကို ခေါ်ဆို ကြောင်း မသန်စွမ်းသက် ငယ်သင်တန်းကျောင်း (ရန်ကုန်)မှ မသန်စွမ်းမှု အမျိုးအစားနှင့် ဖြစ်ပေါ် စေတတ်သော အကြောင်း ရင်းများ သင်တန်းမှတ်စု တွင် ဖော်ပြထားသည်။ ၎င်းတို့ကို သင်ယူမှု ခက်ခဲ သူများဟုလည်း ခေါ် ကြသည်။
၂ဝ၁၄ တွင် အစိုးရ က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်း သူ နှစ်သန်းသုံးသိန်းကျော် (၂,၃၁၁,၂၅ဝ ဦး)ရှိပြီး ယင်းအထဲမှ ၁၇ ရာခိုင်နှုန်း မှာ ဉာဏ်ရည်မသန်စွမ်း သူများ ဖြစ်ကြသည်။
တွက်ချက်ကြည့် လျှင် မြန်မာနိုင်ငံ၌ ဉာဏ် ရည်မသန်စွမ်းသူ လေး သိန်းနီးပါး(၃၉၂,၉၁၂ ဦးခန့်) ရှိနေသည်ကို တွေ့ရသည်။ တစ် နည်းအားဖြင့် မြန်မာတစ်နိုင်ငံလုံး လူဦးရေ၏ သုညဒသမ ၇၆ ရာခိုင်နှုန်းမှာ ဉာဏ်ရည်မသန်စွမ်းသူများ ဖြစ်ကြသည်။
ဉာဏ်ရည်မသန်စွမ်းမှုများသည် မမွေးဖွားမီ ခရိုမိုဆုမ်းခေါ် ဗီဇဓာတ်ပုံမှန်မဟုတ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မိခင်က အရက် နှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ မိခင်အာဟာရချို့တဲ့ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် မွေးဖွားချိန် နောက်ကျခြင်း၊ စောခြင်း၊ ညှပ် ဆွဲမွေးခြင်းတို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု မသန်စွမ်းသက်ငယ် သင်တန်းကျောင်း (ရန်ကုန်)၏ သင်တန်းမှတ်စုတွင် ဖော်ပြထား သည်။ ကလေးမွေးဖွားပြီးချိန်၌ အသားဝါရောဂါဖြစ်ခြင်း၊ အာဟာရ မပြည့်ဝခြင်းတို့ကြောင့်လည်း ဉာဏ်ရည်မသန်စွမ်းမှု ဖြစ် လာနိုင်သည်ဟုလည်းဆိုသည်။
ဉာဏ်ရည်မသန်စွမ်းမှုများကို အခြေခံအားဖြင့် အမျိုးအစား ရှစ်မျိုးခွဲထားသည်။ သန္ဓေသားဖွံ့ဖြိုးချိန်မှ စတင်၍ ခရိုမိုဆုမ်း ဖွဲ့စည်းမှု မမှန်ကန်ခြင်း (Down Syndrome)၊ အော်တစ်စင် (Autism)၊ သူငယ်နာအကြောတင်း (Cerebral Palsy)၊ အာရုံ စိုက်မှု အားနည်းပြီး စိတ်အာရုံပျံ့နှံ့လွယ်ခြင်း (ADHD – Attention Deficit Hyperactivity Disorder)၊ ဖွံ့ဖြိုးမှု နောက်ကျ ခြင်း (Developmental Delay)၊ စာရေးစာဖတ်ခြင်း၊ စကား ပြောဆိုခြင်း၊ သင်္ချာဘာသာရပ် အားနည်းခြင်း စသည့် အမြင်နှင့် လှုပ်ရှားမှုကြားတွင် ဆက်စပ်လုပ်ဆောင်နိုင်မှု အားနည်းခြင်း (Specific Learning Disabilities)၊ ဘက်စုံဖွံ့ဖြိုးမှု နောက်ကျ ခြင်း (Global Developmental Delay)၊ ပျက်စီးလွယ်သော ရောဂါလက္ခဏာစုများ (Fragile-X Syndrome) ဟူ၍ ဖြစ်သည်။
ဉာဏ်ရည်မသန်စွမ်းသူများသည် တစ်ဦးနှင့်တစ်ဦး မတူညီ ကြဘဲ ထူးခြားသည့် အပြုအမူများ ရှိသည့်အတွက် ၎င်းတို့၏ ပတ် ဝန်းကျင်တွင် စိတ်ဝေဒနာရှင်များဟု မှားယွင်းစွာ ခွဲခြားဆက်ဆံ မှုများ ရှိနေသည်ဟု ဉာဏ်ရည်မသန်စွမ်းသူများ၏ မိဘတချို့က ပြောကြသည်။
စင်စစ် ဉာဏ်ရည်မသန်စွမ်းသူများမှာ စိတ်ဝေဒနာရှင်များ နှင့်မတူ ခြားနားပြီး ၎င်းတို့အထဲတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့ပင် ပါဝင်သည်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ သန်းကြွယ်သူဌေး ဘီလ်ဂိတ်၊ ကမ္ဘာကျော်အနုပညာရှင် မိုက်ကယ်ဂျက်ဆင်တို့သည် လည်း အော်တစ်စင်မသန်စွမ်းမှု အမျိုးအစားတစ်ခု ဖြစ်သည့် Asperger Syndrome များအဖြစ် သတ်မှတ်ခံရသူများဖြစ် ကြောင်း နိုင်ငံတကာမှ ဉာဏ်ရည်မသန်စွမ်းအဖွဲ့အစည်းများ၏ အင်တာနက်ဝက်ဘ်ဆိုက်တချို့တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
Asperger Syndrome ဆိုသည်မှာ လူမှုဝန်းကျင်တွင် ပြောဆိုဆက်ဆံမှု ခက်ခဲသော်လည်း ပြက္ခဒိန်များကို နှစ်ပေါင်း များစွာ မှတ်မိနေခြင်း၊ သင်္ချာပုစ္ဆာများကိုမြင်လိုက်ရုံဖြင့် ချက် ချင်းအဖြေထုတ်နိုင်သည့် ထူးခြားဉာဏ်ရည်အဆင့်အတန်းရှိသူ များဖြစ်ကြောင်း ရန်ကုန်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမ ဒေါ်ရီမာတင်က ဆိုသည်။

တစ်နိုင်ငံလုံးတွင် ကျောင်းနှစ်ကျောင်းသာ ရှိ
မြန်မာနိုင်ငံတွင် ဉာဏ်ရည်မသန်စွမ်းသူများကို ပြုစုပျိုး ထောင်ရန် မသန်စွမ်းသူများသက်ငယ်သင်တန်းကျောင်း နှစ်ကျောင်းကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူမှုဝန်ထမ်းဦးစီး ဌာနက ဖွင့်လှစ်ပေးထားသည်။ ရန်ကုန်ရှိ မသန်စွမ်းသက်ငယ် သင်တန်းကျောင်းကို ၁၉၇၁ ခုနှစ်ကတည်းက စတင်တည်ထောင် ထားခြင်း ဖြစ်သော်လည်း မန္တလေးရှိကျောင်းကို လွန်ခဲ့သောသုံး နှစ်ကမှ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
သို့ရာတွင် ယင်းကျောင်းများမှာ အသက် ၁၈ နှစ်အောက် သက်ငယ်မသန်စွမ်းသူများအတွက်သာဖြစ်ပြီး သက်ကြီးဉာဏ် ရည်မသန်စွမ်းသူများအတွက် သက်မွေးသင်တန်းကျောင်း မရှိ သေးပေ။ ထို့ကြောင့် ၎င်းတို့ အသက် ၁၈ နှစ်ကျော်လာသော်လည်း သက်ငယ်သင်တန်းကျောင်းတွင် ဆက်နေခွင့်ပေးထားရကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဉာဏ်ရည်မသန်စွမ်းသူများ၏ ၆၇ ရာ ခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြရာ မြို့ကြီးများတွင်ရှိသည့် သင်တန်းကျောင်း နှစ်ကျောင်းတည်းဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံအောင် သင်ကြားပေးနိုင်ခြင်း မရှိသေး ကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုကြသည်။
ပုဂ္ဂလိကသင်တန်းကျောင်းတချို့ ရှိသော်လည်း ကလေး များအား နာရီပိုင်းသာ သင်ကြားပေးပြီး အခကြေးငွေများသည့် အတွက် မသန်စွမ်းသူတိုင်း မတက်ရောက်နိုင်ကြဟု ဉာဏ်ရည် မသန်စွမ်း အဖွဲ့အစည်း တာဝန်ရှိသူများက ဆိုကြသည်။နာရီပိုင်း သင်ကြားရုံမျှဖြင့် ကျပ်ငွေသိန်းနှင့်ချီ ပေးရသောကြောင့် အများ စုလက်လှမ်းမမီခြင်းဖြစ်သည်။ ဤသို့ဖြင့် အခကြေးငွေ နည်းပါး ပြီး တစ်နေကုန်သင်ကြားပေးသည့် အစိုးရ၏မသန်စွမ်းသက် ငယ်သင်တန်းကျောင်းများတွင် လာရောက်သင်ကြားသူ ဉာဏ် ရည်မသန်စွမ်းကလေးများ ပိုများလာသည်။
ကျောင်းတွင် ကလေးများကို အရေး၊ အဖတ်၊ အတွက် အချက်နှင့် ငွေကြေးသုံးစွဲခြင်းများကို အဓိကသင်ကြားပေးနေ သည်ဟု ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။ သို့ရာတွင် ၎င်းတို့ ကို သာမန်ကလေးများအား သင်ကြားသကဲ့သို့ သင်ကြားခြင်း မဟုတ်ဘဲ အထူးပညာရေးစနစ်ဖြင့် သင်ကြားရသည်။ စကားလုံး များ သင်ကြားရာတွင် စာလုံးပေါင်းရန် တစ်ဆင့်ချင်းသင်ကြား ခြင်းမဟုတ်ဘဲ စကားလုံးများကို စက္ကူကားချပ်ပေါ်တွင်ရေးကာ ပြင်ပအရာဝတ္ထုနှင့် တွဲမှတ်နိုင်အောင် သင်ကြားပေးရခြင်း ဖြစ်သည်။
ရန်ကုန်ကျောင်းသည် ကလေး ၁၅ဝ ဆံ့ကျောင်းဖြစ်သည်။ သို့သော် ယခုအခါ ကျောင်းသား၊ ကျောင်းသူ ၂၅၆ ဦးကို လက်ခံ သင်ကြားနေရသည်။ ယင်းအပြင် ဤသို့ ကလေးဦးရေများလာ ချိန်၌ ကလေးများအား သင်ကြားပေးသည့် ဆရာ၊ ဆရာမ ဝန် ထမ်းအင်အားမှာမူ လုံလောက်မှု မရှိသေးပေ။
ရန်ကုန်သက်ငယ်သင်တန်းကျောင်းတွင် ကျောင်းသားဦး ရေ ၁ဝဝ နှင့် ညီမျှသည့် ဝန်ထမ်းအင်အားသာရှိသေးသည်။လက်ရှိ ဆရာ၊ ဆရာမမှာ ၁၆ ဦး ရှိ၍ ယခုရှိနေသည့် ကျောင်း သားအရေအတွက်ကို လွှမ်းခြုံနိုင်ခြင်းမရှိသေးချေ။ ဆရာမ များမှာ မသန်စွမ်းသူများကို ပြုစုသင်ကြားခြင်းနှင့် ပတ်သက် သော ဘွဲ့၊ ဒီဂရီများ ရရှိထားသည့်သူများ မဟုတ်ကြ။ သို့သော် ယခုအခါတွင်တော့ အထူးပညာရေး ဆရာ၊ ဆရာမများ မွေး ထုတ်နိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် University of Wolverhampton မှ သင်တန်းများ ပေးနေသည်ဟု ရန်ကုန်ရှိ မသန် စွမ်းသက်ငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ရီမာ တင်က ပြောသည်။
ယင်းအပြင် ကျောင်းများတွင် သာမန်သင်ထောက်ကူ ပစ္စည်းများ၊ ကွန်ပျူ တာသင်ကြားခြင်းများ ပြုလုပ်နိုင်သော်လည်း သက်မွေးဝမ်းကျောင်းလုပ်ငန်းများအား လက်တွေ့လေ့ကျင့်နိုင် သည့် စက်ကိရိယာကြီးများဖြင့် မသင်ကြားနိုင်သေးပေ။
အခြားနိုင်ငံများတွင် မုန့်ဖုတ်သည့် စက်ကြီးများ၊ ကြွေ ပန်းကန်လုပ်သည့် စက်များဖြင့် ကလေးများကို လေ့ကျင့်သင် ကြားပေးနိုင်သော်လည်း ယခုဖွင့်လှစ်ထားသည့် ကျောင်းများ တွင် ထိုကဲ့သို့ စက်ကိရိယာကြီးများ မရှိပေ။
သို့ရာတွင် ဝန်ထမ်းအင်အားနည်းနည်းဖြင့် ကျောင်းသား၊ ကျောင်းသူအများကြီးကို သင်ပေးနေရသဖြင့် ကလေးများ အခြေအနေတိုးတက်လာရန် ခက်ခဲနေဆဲ ဖြစ်သည်ဟု ဉာဏ်ရည် မသန်စွမ်းသူများအရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။
ထိုသို့ ထိရောက်စွာသင်ကြားမပေးနိုင်ခြင်းကြောင့် ဉာဏ် ရည်မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိရေး၊ ဘဝရပ်တည်မှု များတွင် အထောက်အကူပြုနိုင်သည်အထိ ကောင်းမွန်စွာ ပံ့ပိုး မပေးနိုင်တော့ကြောင်း ၎င်းတို့က ဆိုသည်။
ဉာဏ်ရည်မသန်စွမ်းသူများအနေဖြင့် အခြားသူများ အကူ အညီမပါဘဲ မိမိကိုယ်ကိုယ် ရပ်တည်နိုင်လာရန်၊ အလုပ်အကိုင် ရရှိရန်မှာ မသန်စွမ်းသူများ၏မိခင်များအတွက် အကြီးမားဆုံး အိပ်မက်ဖြစ်သည်ဟု ဉာဏ်ရည်မသန်စွမ်းသူတစ်ယောက်၏ မိခင်ဖြစ်သူ ဒေါ်သန်းကြည်က မော်ကွန်းကို ပြောပြသည်။
ဒေါ်သန်းကြည်၏သား ကိုမျိုးမင်းမှာ Down Syndrome မသန်စွမ်းမှု အမျိုးအစားရှိသူဖြစ်သည်။ ကိုမျိုးမင်းကို ကိုယ်ဝန် ရှစ်လနှင့်မွေးဖွားခဲ့ခြင်းဖြစ်ပြီး မီးဖွားစဉ်ကလည်း ဆေးရုံတွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီး မိခင်သတိလစ်နေသည့် အချိန် ကျမှ မွေးဖွားနိုင်ခဲ့သည်။ မွေးဖွားပေးသည့် ဆရာဝန်ကလည်း ဒီကလေးမွေးလာရင်တောင် သန်စွမ်းသည့်ကလေးဖြစ်လာမည်မဟုတ်ဟု ဒေါ်သန်းကြည်ကို ပြောပြခဲ့ဖူးရာ ယင်းအချက်များကြောင့် သူ၏သား မသန်စွမ်းဖြစ်ရသည်ဟု ၎င်းက ယုံကြည်နေသည်။
ငယ်ငယ်က ချူချာသည့်အပြင် ဉာဏ်ရည်မသန်စွမ်းသူ တစ်ဦးဖြစ်ကြောင်း ကြိုသိ၍ ၁ဝ နှစ်သားအရွယ်မှစပြီး ရန်ကုန်သက်ငယ်မသန်စွမ်းသင်တန်းကျောင်းတွင် ထားလိုက်သည်။ သို့သော် ထိုကျောင်းတွင် ၁၄ နှစ်ကြာခဲ့သော်လည်း ကိုမျိုးမင်း၏ အခြေအနေက သူမျှော်မှန်းထားသလောက် တိုးတက်မလာခဲ့။ လူတွေက ဝိုင်းနောက်ကြ၊ အနိုင်ကျင့်ကြသဖြင့် ”သူ လူတွေနဲ့ အေးအေးချမ်းချမ်း အဆက်အဆံလုပ်နေရင် တော်ပါပြီလေ”ဟု စိတ်ဖြေကာ ကျောင်းမှာပဲ ဆက်ထားခဲ့သည်ဟု ဒေါ်သန်းကြည်က ရှင်းပြသည်။
ယခု ဒေါ်သန်းကြည် အသက် ၆၇ နှစ်ရှိပြီ။ အသက်ကြီးပြီ ဖြစ်သော်လည်း ကိုမျိုးမင်းကို အနီးကပ် စောင့်ရှောက်နေရ သည်။ ဒေါ်သန်းကြည်သည် သူ့သားအကြောင်း ဇာတ်ကြောင်း ပြန်ပြောပြရင်း မျက်ရည်များ ကျလာသည်။ ပါးပြင်ပေါ်ကျလာ သည့် မျက်ရည်စက်များကို လက်ဖမိုးဖြင့် ပင့်သုတ်ရင်း ”သူ အလုပ်လေးတစ်ခုရပြီး သူ့လခလေးနဲ့ သူဆိုရင် သေပျော်ပါပြီ”ဟု ပြောသည်။
ကျွန်တော် တွေ့ဆုံမေးမြန်းနေချိန်မှာ အသက် ၂၅ နှစ် အရွယ် ကိုမျိုးမင်းသည် စကိုင်းနက်ရုပ်သံလိုင်းက လွှင့်နေသည့် ဘောလုံးပွဲကို တစ်ယောက်တည်း ထိုင်ကြည့်ရင်း တဟားဟား ရယ်နေသည်။ နောက် သူ့အား ဓာတ်ပုံလှမ်းရိုက်သည့်အခါ သဘော ကျဟန်ဖြင့် လက်မထောင်ပြလေသည်။ သူ့အမေ ဒေါ်သန်းကြည် ကို မေးမြန်းနေချိန်တွင်လည်း မကြာခဏလှည့်ကြည့်ကာ လက်မ ထောင်ပြပြီး ”ဂွတ်…ဂွတ်”ဟု အသံကျယ်ကျယ်ဖြင့် လှမ်းပြော နေတတ်သည်။

အစိုးရ အကူညီပေးပါ
မြန်မာနိုင်ငံသည် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ် ( United Nations Convention on the Rights of Persons of Persons with Disabilities) ကို ၂ဝ၁၁ တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစာချုပ်တွင် အဖွဲ့ဝင် နိုင်ငံများသည် မသန်စွမ်းသူများအား အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ သက်ကြီးပညာရေးနှင့် ဘဝ တစ်သက်တာ သင်ယူလေ့လာရေးတို့တွင် ခွဲခြားဆက်ဆံမှု မရှိ စေဘဲ အများနည်းတူ လက်ခံရရှိ သင်ကြားနိုင်စွမ်းရှိရေး သေချာ စေရန် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ပေးရမည်ဟု ပါရှိသည်။
လက်ရှိအစိုးရ တာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၎င်းတို့လက်ထက်တွင် မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အား နည်းသူကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံ သော ဒေသများတွင်နေသော ကလေးစသည့် ကလေးများ အတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ဖော်ဆောင် ပေးမည်ဟု ၎င်းတို့၏ ရွေးကောက်ပွဲကြေညာစာတမ်း၌ ပြည်သူ များထံ ကတိကဝတ်ပြုထားသည်။
သို့ရာတွင် ဉာဏ်ရည်မသန်စွမ်းသူများ ယခုထက်ပို၍ အဆင့်မြင့်သော နည်းပညာများ၊ လုံလောက်သော အထောက် အပံ့များဖြင့် သင်ကြားခွင့်ရရန်အခွင့်အလမ်းမရှိသေးကြောင်း နှင့် ထိုကဲ့သို့ ဉာဏ်ရည်မသန်စွမ်းသူများအတွက် အထူးကျောင်း များ ပေါ်ပေါက်လာရန်မှာ နိုင်ငံတော်အစိုးရအပေါ်တွင် အဓိက မူတည်ကြောင်း မသန်စွမ်းသူများ၏ မိဘများက ဆိုကြသည်။
အနာဂတ်ကြယ်ပွင့်ကလေးများ ဉာဏ်ရည်မသန်စွမ်း ကိုယ့်အားကိုယ်ကိုးအဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုကောင်းထက် နိုင်ကလည်း ”ကျွန်တော်တို့ မျှော်လင့်နေတယ်ဆိုတာထက် အစိုးရက (မသန်စွမ်းသူတွေအတွက်) လုပ်ကိုလုပ်ပေးဖို့ တာဝန် ရှိတယ်”ဟု ခပ်ပြတ်ပြတ် ပြောသည်။
အစိုးရအနေဖြင့် ဉာဏ်ရည်မသန်စွမ်းသူများနှင့် ပတ် သက်ပြီး နားလည်ဆောင်ရွက်မှု အားနည်းသော်လည်း အစိုးရက ဆောင်ရွက်ပေးမည်ဆိုလျှင် နိုင်ငံတကာအကူအညီတွေပါ ရလာ မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူထားသည်။ ဦးစီးဌာနသည် မသန်စွမ်းသူများကို အသက်မွေးဝမ်းကျောင်းပညာအရ ပြန်လည်ထူထောင်ခြင်းနှင့် လူမှုရေးအရ ပြန်လည်ထူထောင်ခြင်းတို့ကို တာဝန်ယူဆောင် ရွက်နေကြောင်း ဦးစီးဌာန၏ တရားဝင်အင်တာနက်ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။
ဦးစီးဌာနက ဖွင့်လှစ်ထားသည့် အထူးကျောင်းများတွင် မသန်စွမ်းသူများအား နေ့စဉ် တစ်ကိုယ်ရေဆောင်ရွက်မှုများ၊ လူမှုဆက်ဆံရေး၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ သင်ယူရန် ပံ့ပိုးမှုများအား နေ့တက်စနစ်ဖြင့် လည်းကောင်း၊ ကျောင်းအိပ် ကျောင်းစားစနစ်ဖြင့် လည်းကောင်း လက်ခံသင်ကြားပေးလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။ ယင်းကျောင်းများထဲတွင် ဉာဏ် ရည်မသန်စွမ်းသူများအတွက် မသန်စွမ်းသက်ငယ်သင်တန်း ကျောင်းများလည်း အပါအဝင်ဖြစ်သည်။
ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းအများစုမှာ မြို့ကြီးများတွင်သာရှိနေသဖြင့် ရပ်ရွာအခြေပြုပြန်လည် ထူ ထောင်ရေး လုပ်ငန်းများကိုလည်း ရပ်ရွာပြည်သူများ၏ ပါဝင်မှု ဖြင့် ဆောင်ရွက်နေသည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ဉာဏ်ရည်မသန်စွမ်းသူများနှင့် ၎င်း တို့ကို ကိုယ်စားပြုပေးရသော မိခင်များအတွက် ရတက်အေး၍ မရသေးဟု ဉာဏ်ရည်မသန်စွမ်းသူတချို့၏ မိခင်များက ဆိုကြ သည်။ ၎င်းတို့ ထပ်တလဲလဲ ပြောကြသည်မှာ ”သားသမီးတွေ အတွက် အာမခံချက်မရှိလို့ စိတ်မချဘူး”ဆိုတာပဲ ဖြစ်သည်။
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ ဉာဏ်ရည် မသန်စွမ်းသူ ခင်မြတ်သူ၏မိခင် ဒေါ်ခင်ဝင်းမော်ကလည်း မိမိ ကိုယ်ကိုယ် မရပ်တည်နိုင်သေးသည့် သမီးဖြစ်သူ၏ အနာဂတ်ကို တွေးမိတိုင်း ရင်လေးဆဲဟု ပြောပြသည်။
သမီးဖြစ်သူ ခင်မြတ်သူအကြောင်း ပြောပြနေသော သူ့ လေသံမှာ အနည်းငယ် မာထန်သော်လည်း သူ့မျက်နှာပေါ်တွင်မူ ဝမ်းနည်းရိပ်များ သန်းနေ၏။ နောက် ဒေါ်ခင်ဝင်းမော်က စိတ်ရှုပ် ထွေးဟန်ဖြင့် ခေါင်းဖြည်းဖြည်းခါလိုက်ရင်း ဤသို့ ဆိုလိုက်သည်။
”ကျွန်မသေရင်တောင် မျက်လုံးမှိတ်ပြီးသေမှာ မဟုတ် ဘူး။ မျက်လုံးဖွင့်ပြီးသေမှာ၊ သမီးလေးအတွက် ဘယ်လိုမှ စိတ် မချနိုင်သေးဘူးလေ ။ ။
၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
လင်းမြတ် ရေးသည်။