နိုဝင်ဘာ ၂ဝ၁၇
ဆိုဖာခုံနှင့် နံရံတွေကိုအနီရောင်တို့ဖြင့်အလှဆင်ကာ နီယွန်မီးများ ထွန်းထားသော ကေတီဗီဟု ယူဆရသည့် အခန်းတစ်ခုတွင် အမျိုးသားလေးဦး ထိုင်နေသည်။ သူတို့ရှေ့ရှိ စားပွဲပေါ်မှာတော့ အရက်ပုလင်းနှင့် အမြည်းပန်းကန်များက အပြည့်။ အလယ်တွင် ထိုင်နေသူနှစ်ဦးမှာ လက်ချောင်းတွေကို ကောက်ကွေးထားပြီး စကားပြောသည့်အခါတွင်လည်း မဲ့ရွဲ့ကာ အာလေး၊ လျှာလေးဖြင့် အားယူပြီး စကားပြောနေကြသည်။
Photo – ကို့ယို့ကားယား ဇာတ်လမ်းကြော်ငြာမှ ဇာတ်ဝင်ခန်းတစ်ခု၏ Screenshot
၎င်းတို့နှစ်ဦးအနက် တစ်ဦးက ဘေးနားတွင် ထိုင်နေသည့် သူ့အဖော်နားကပ်ပြီး ”စော်လေးယောက်ခေါ်ပေး”ဟု ဆိုလိုက်သည်။
အပြောခံရသူက အံ့သြသွားသည့် အမူအရာလုပ်ပြီး ”အာ…သူ့ကြည့်တော့လည်း မစွမ်းမသန်နဲ့ ဘယ်လိုတွေ ပြောနေတာလဲ”ဟု ဆိုလိုက်သည်။
ယင်းဇာတ်ဝင်ခန်းသည် ဒါရိုက်တာပြည်ဟိန်းသီဟမှ ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် ရွှေမှုန်ရတီတို့ အဓိက ပါဝင်ရိုက်ကူးမည့် ‘ကို့ယို့ကားယား’ ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်သည်။ ပိုလီယိုဖြစ်နေသည့် ညီအစ်ကိုနှစ်ဦးက မိဘနှစ်ပါးချန်ရစ်ခဲ့သည့် အမွေကို စိတ်ထင်တိုင်း သောင်းကျန်းသည့် ဇာတ်လမ်းဖြစ်ကြောင်း အဓိကသရုပ်ဆောင် မြင့်မြတ်က မီဒီယာအင်တာဗျူးများတွင် ဖြေကြားခဲ့သည်။
အဆိုပါဇာတ်ဝင်ခန်း ပါဝင်သည့် ဗီဒီယိုအင်တာဗျူးကို အောက်တိုဘာ ၂ဝ ရက်က အလင်းတန်းအနုပညာဂျာနယ်၏ လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။
ထို့နောက်တွင် မသန်စွမ်းသူများ အပါအဝင် ကြည့်ရှုသူ အများစုက ဝေဖန်ခဲ့ကြသဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့ အောက်တိုဘာ ၂၃ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ယင်းဇာတ်လမ်းကို ပြုပြင်ညှိနှိုင်းရိုက်ကူးရန် သဘောတူညီခဲ့ကြသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် မသန်စွမ်းသူများ အပါအဝင် တချို့သော ဇာတ်ကောင်စရိုက်များကို လွဲမှား သရုပ်ဖော်မှုများ ရှိနေသောကြောင့် သက်ဆိုင်ရာနယ်ပယ်မှ အသက်မွေးဝမ်းကျောင်းပြုနေသူများအပေါ် ပရိသတ်များက အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေသည်ဟု စိတ်ပညာရှင်များနှင့် လူ့အခွင့်ရေးလှုပ်ရှားသူများက သုံးသပ်သည်။
ပရိသတ်အပေါ် လွှမ်းမိုးမှုကြီးသည့် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများတွင် ဇာတ်ကောင်စရိုက်ကို လွဲမှားစွာ သရုပ်ဖော်ခံရခြင်းအပေါ် အတိုင်ပင်ခံစိတ်ကျန်းမာရေးအထူးကု ဆရာဝန် ဒေါက်တာဉာဏ်ဝင်းကျော်က ယခုလို မှတ်ချက်ပြုသည်။
”သူတို့တွေမှာ သူတို့သိက္ခာနဲ့ သူတို့မာနနဲ့ ရှိတယ်။ ဒါကို လှောင်ပြောင်တာတွေ သွားလုပ်တဲ့အခါကျတော့ သူတို့စိတ်ထဲမှာ ထိခိုက်ခံစားရတာတွေ ရှိနိုင်တယ်”
မသန်စွမ်းများကို မှားယွင်းပုံဖော်မှုများ
မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ မသန်စွမ်းသူများ ပညာရေးကော်မတီအတွင်းရေးမှူး ဦးရဲဝင်းက သူကြည့်ခဲ့ဖူးသည့် ရှေးခေတ်မြန်မာရုပ်ရှင်ဇာတ်ကားများတွင် မသန်စွမ်းဇာတ်ကောင်စရိုက်ကို ပုံဖော်မှုများ ရှိသော်လည်း ယခုခေတ် မြန်မာဇာတ်လမ်းများတွင် ပုံဖော်သကဲ့သို့ စော်ကားသည့် ပုံဖော်မှုများမဟုတ်ဟု ဆိုသည်။
”အရင်ခေတ်က မြန်မာဟာသမင်းသားကြီးတွေလည်း ခေတ်ရဲ့ အဆီအငေါ်မတည့်မှုကို ဖော်ထုတ်ဟာသလုပ်တာပဲ။ ဒါပေမဲ့ သီခြားလက္ခဏာရှိတဲ့ လူအုပ်စုတစ်စုကို ဦးတည်ဟာသလုပ်တာ ရှားတယ်”ဟုဆိုသည်။
မသန်စွမ်းနှင့်ပတ်သက်ပြီး ယခင်က သနားကရုဏာ၊ ထုံးတမ်းစဉ်လာ၊ လောကတွင် အရာမဝင်သည့် သာမန်လူမပီသည့်အမြင်နှင့် ကြည့်လေ့ရှိသော်လည်း ယနေ့ခေတ်တွင် မသန်စွမ်းအရေးကို လူ့အခွင့်အရေး၊ လူမှုတရားမျှတမှု ရှုထောင့်မှကြည့်ရှုကြောင်း ဦးရဲဝင်းက ရှင်းပြသည်။
”မသန်စွမ်းတွေကို စော်ကားတဲ့ ဒီခေတ်မြန်မာကားတွေကို စိတ်ပျက်မိတယ်။ ဘာအနုပညာမှ မပါဘူး”ဟု သူက ဆိုသည်။
လက်ရှိမြန်မာဇာတ်လမ်းအများစုတွင် မသန်စွမ်းသူများကို သရုပ်ဖော်ရာတွင် ဟာသလုပ်စရာ၊ သနားစရာအဖြစ် ပုံဖော်လေ့ရှိခြင်းက မသန်စွမ်းသူများကိုရော ပြင်ပလောကကိုပါ သက်ရောက်မှုများ ဖြစ်စေသည်ဟု မသန်စွမ်းသူများက ဝေဖန်သည်။
မသန်စွမ်းသူများအခွင့်အရေး ဦးဆောင်လှုပ်ရှားနေသည့် မြန်မာ့ရှေ့ဆောင်နိုင်ငံရေးသိပ္ပံ၏ အမှုဆောင်အရာရှိချုပ် ဦးနေလင်းစိုးက ”ငါတို့ကိုလူတွေက လှောင်ပြောင်စရာလို့ မြင်ကြပါလား၊ သနားကြပါလားလို့ဆိုတာမျိုး အရမ်းမြင်လာတဲ့အခါကျတော့ အထူးသဖြင့် မသန်စွမ်းအမျိုးသမီးတွေက စိတ်အားငယ်မှုတွေ ပိုဖြစ်တယ်။ လူတောသူတောတိုးဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတယ်”ဟု ဆိုသည်။
Photo – Hay Man Pyae မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်တို့ တွေ့ဆုံညှိုနှိုင်းပွဲ
ထို့ပြင် မသန်စွမ်းမှုအမျိုးအစားများ မှားယွင်း သရုပ်ဆောင်ခြင်း (ဥပမာ – ပိုလီယိုနှင့် သူငယ်နာအကြောတင်းခြင်းကို လွဲမှားသရုပ်ဆောင်ခြင်း) များရှိသကဲ့သို့ မသန်စွမ်းမှုနှင့်ပတ်သက်ပြီး ခေါ်ဝေါ်သည့် အသုံးအနှုန်းများမှာလည်း လွဲမှားမှုများ ရှိနေကြောင်း မသန်စွမ်းအဖွဲ့အစည်းများက ထောက်ပြသည်။
ဥပမာ-အမြင်အာရုံ အားနည်းသည့်ဇာတ်ကောင်စရိုက်ကို ပုံဖော်ပါက နေကာမျက်မှန်တပ်လိုက်ရုံ သရုပ်ဆောင်ခြင်းမျိုး၊ အကြားအာရုံ အားနည်းသည့် ဇာတ်ကောင်စရိုက်ကို ပုံဖော်ပါက တောင်ကြည့်မြောက်ကြည့်ရုံ သရုပ်ဆောင်ခြင်းဖြင့် အဆင်မပြေကြောင်း မသန်စွမ်းမှုအလိုက်ပုံသဏ္ဌာန်များ ရှိသည့်အတွက် သေချာလေ့လာပြီးမှ သရုပ်ဆောင်ရန် မသန်စွမ်းသူများက အကြံပြုသည်။
မသန်စွမ်းသူများနှင့်ပတ်သက်ပြီး ဟာသပုံဖော်ရာတွင် ခြေထောက်များ ကွေးကောက်ခြင်း၊ စကားပြောသည့်အခါ လှုပ်ယမ်းနေသည့်လက်များ စသဖြင့် မသန်စွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကိုယ်ခန္ဓာသွင်ပြင်များကို ဟာသအဖြစ် ပုံဖော်ခြင်းက မသန်စွမ်းသူများအတွက် ထိခိုက်နစ်နာစေကြောင်း မသန်စွမ်းသူများက ထောက်ပြသည်။
လက်ရှိတည်ဆဲဥပဒေများတွင် ‘မသန်စွမ်း’ ဟုသာ သုံးနှုန်းသော်လည်း ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းများတွင် ‘မသန်မစွမ်း’ ဟူသည့် အသုံးအနှုန်းများကို သုံးစွဲနေသေးသည်ကို တွေ့ရှိရသည်။
မသန်စွမ်းအရေး လုပ်ဆောင်နေသည့် ရွှေမင်းသားဖောင်ဒေးရှင်းမှ ကိုဝဏ္ဏကျော်စွာက မသန်စွမ်းမှုအရ ဖြစ်လာသည့် ပုံသဏ္ဌာန်များကို အပန်းပြေစရာ၊ ရယ်စရာဟာသတစ်ခုအနေနဲ့ ပုံဖော်မယ်ဆိုရင် ”ကျွန်တော်တို့ရဲ့ လူ့ဂုဏ်သိက္ခာဆုံးရှုံးတာပေါ့။ လူ့ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေတယ်” ဟု ဝေဖန်သည်။
လွန်ခဲ့သည့် နှစ်သုံးဆယ်ဝန်းကျင်ခန့်က မသန်စွမ်းဇာတ်ကောင်စရိုက်များပုံဖော်ရာတွင် စိတ်ပညာဆိုင်ရာ ပညာရှင်များထံမှ အကြံဉာဏ်ရယူမှုများရှိခဲ့ကြောင်း အတိုင်ပင်ခံ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာဉာဏ်ဝင်းကျော်က သူ ဘွဲ့လွန်တက်ရောက်စဉ်က အတွေ့အကြုံကို ပြန်ပြောပြသည်။
”ဒါကတော့ မသန်စွမ်းတွေအပေါ်မှာစော်ကားရာရောက်တယ်၊ ထိခိုက်ရာရောက်တယ်။ ညှိုးငယ်စရာဖြစ်တဲ့ ပြကွက်မျိုးက မပြသင့်ဘူး။ တခြားနည်းနဲ့ ပြသင့်တယ်ဆိုတာမျိုး (ဒါရိုက်တာတွေကို) အကြံပေးရတာရှိတယ်”ဟု ပြောသည်။
လက်ရှိအချိန်တွင် မသန်စွမ်းများနှင့်ပတ်သက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသော ‘ကို့ယို့ကားယား’ဇာတ်လမ်းနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ”ဇာတ်ကားရိုက်ကူးသော ဒါရိုက်တာပြည်ဟိန်းသီဟနှင့် သရုပ်ဆောင်မြင့်မြတ်တို့ကို သတင်းမီဒီယာများက မေးမြန်းရန် ကြိုးစားသော်လည်း ”အင်တာဗျူးမပေးပါ”ဟူ၍သာ ဒါရိုက်တာပြည်ဟိန်းသီဟကအကြောင်းပြန်ကာ ချက်ချင်းပြန်သွားကြသည်။
ယင်းသတင်းစာရှင်းလင်းပွဲမတိုင်မီကတည်းက ဒါရိုက်တာပြည်ဟိန်းသီဟကို အင်တာဗျူးရန် မော်ကွန်းက တယ်လီဖုန်းမှတစ်ဆင့် ၁၅ ကြိမ်ခန့် ဆက်သွယ်ခဲ့သော်လည်း ဖုန်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
မြန်မာ့ရုပ်ရှင် ရွှေခေတ်အလွန်
၁၉၁ဝ တွင် ရိုက်ကူးခဲ့သည့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးထွန်းရှိန်၏ ဈာပန မှတ်တမ်းရုပ်ရှင်သည် ပထမဆုံး မြန်မာ့ရုပ်ရှင်ဖြစ်သည်။ ထို့နောက် ၁ဝ နှစ်အကြာ ၁၉၂ဝ အောက်တိုဘာတွင် ပထမဆုံးအသံတိတ်ရုပ်ရှင်ဖြစ်သည့် မေတ္တာနှင့်အသူရာကို ရုံတင်ပြသခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်၊ မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကဏ္ဍတွင် ဖော်ပြထားသည်။
မေတ္တာနှင့် အသူရာဇာတ်ကားကို စတင်ရုံတင်သည့်နေ့ အောက်တိုဘာ ၁၃ ရက်ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ်သတ်မှတ် ထားသည့်အတွက် မြန်မာ့ရုပ်ရှင်သက်တမ်းမှာ နှစ်တစ်ရာနီးပါး သက်တမ်းရှိပြီဖြစ်သည်။
မြန်မာ့ရုပ်ရှင်ရွှေခေတ်အလွန်ကာလဖြစ်သည့် စစ်အစိုးရလက်ထက် ၁၉၈ဝ မှ ၁၉၈၅ ဝန်းကျင်တွင် တစ်နှစ်လျှင် ရုပ်ရှင်ကား ၃ဝ ခန့်သာထုတ်လုပ်နိုင်သည်အထိ ကျဆင်းသွားသည်။ ထို့နောက် ၁၉၈၅ နောက်ပိုင်းတွင်တော့ ဈေးကွက်လိုအပ်ချက်အရ ဗီဒီယိုဇာတ်ကားဈေးကွက် ပေါ်ထွက်လာသည်။
စစ်အစိုးရလက်ထက်အတွင်း တင်းကျပ်သည့် ဆင်ဆာမူဝါဒကြောင့် ဇာတ်ကားများတွင်အနုပညာအရည်အသွေး ကျဆင်းသွားရကြောင်း အနုပညာရှင်များက ထောက်ပြသည်။ ထို့အပြင် ငွေကုန်ကြေးကျသက်သာစေရန် ဇာတ်ညွှန်းရေးသားခြင်းမှအစ ဇာတ်လမ်းရိုက်ကူးချိန်အထိ အဆင့်တိုင်းတွင် အချိန်နည်းပါးခြင်းကလည်း ရုပ်ရှင်အရည်အသွေးကျဆင်းရကြောင်း အနုပညာရှင်များက သုံးသပ်သည်။
လက်ရှိတွင် အများစုမှာ ရုပ်ရှင်ကားကြီးတစ်ကားလျှင် ၁ဝ ရက်၊ ဗီဒီယိုတစ်ကားလျှင် ငါးရက်နှုန်းဖြင့် ရိုက်ကူးမှုများ ရှိကြောင်း ဒါရိုက်တာညီညီထွန်းလွင်က ဆိုသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဆင်ဆာမူဝါဒ ဖြေလျှော့မှုအချို့ ပြုလုပ်ခဲ့သည်။ သို့သော် ဇာတ်လမ်းအများစုမှာ မဲပြာပုဆိုး ဇာတ်လမ်းကျောရိုးများ၊ ဖန်တစ်ရာတေနေသည့် ဇာတ်ကောင်စရိုက်များ၊ ခိုင်မာမှုမရှိသည့် ဇာတ်လမ်း၊ ဇာတ်အိမ်များနှင့် သဘာဝမကျသည့် သရုပ်ဆောင်မှုများ စသည့် အချက်များက မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်ကို စိတ်ပျက်စေခဲ့သည်။
ရုပ်ရှင်ဇာတ်ကားတွင် မသန်စွမ်းသူများအပါအဝင် လိင်စိတ် တိမ်းညွှတ်မှုကွဲပြားမှုများအား ဟာသအဖြစ် သရုပ်ဖော်မှုများမှာ ၂ဝ၁ဝ ဝန်းကျင်နောက်ပိုင်းတွင် အများအပြားထွက်ပေါ်လာကြောင်း အနုပညာရှင်များနှင့် သရုပ်ဆောင်ခံရသည့် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းများက ဆိုသည်။
Photo – Thet Oo Mon ဗီဒီယိုထုတ်လုပ်ရေးအများစုရှိသည့် ရန်ကုန်မြို့ ၃၆ လမ်း
မြန်မာ့ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) ၏ စာရင်းများအရ တစ်လလျှင် ဗီဒီယိုဇာတ်ကား ၅ဝ ဝန်းကျင်ခန့် ထွက်ရှိနေသည်ကို တွေ့ရသည်။
အခြားပရော်ဖက်ရှင်များကိုပါ ထိခိုက်
မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် မသန်စွမ်းသူများကိုသာ ယင်းသို့ သရုပ်ဖော်နေခြင်းမဟုတ်ဘဲ ယောကျာ်းလျာ၊ မိန်းမလျာဇာတ်ကောင်စရိုက်များကို သရုပ်ဖော်ရာတွင်လည်း ကြောင်ကြောင်ကျားကျားနိုင်သည့် ဝတ်စားဆင်ယင်မှုများ၊ ခါးအောက်ပိုင်းစကားလုံးတို့ကို အမြဲတစေသုံးစွဲနေသည့် ဇာတ်ကောင်စရိုက်များဖြင့် လှောင်ပြောင်စရာများအဖြစ် ပုံဖော်နေခြင်းက ပြင်ပလောကတွင်ပါသက်ရောက်မှုရှိစေသည်ဟု LGBT- Lesbian, Gay, Bisexual, Transgender (လိင်စိတ်တိမ်းညွှတ်မှုနှင့် လိင်ဝိသေသခံယူမှုကွဲပြားသူများ) အသိုင်းအဝိုင်းက ပြောသည်။
”တစ်ကားလာလည်း အခြောက်တွေ လင်တရူးတဲ့ ကားတွေ၊ မရယ်ရတဲ့ဒိုင်ယာလေ့ာခ်တွေကို အခြောက်မ ပုံစံမျိုးဝတ်ပြီး အခြောက်မတွေ၊ ဂေးတွေရဲ့ ဗန်းစကားတွေကို ပြောပြီးတော့ မရယ်ရယ်ရအောင် လုပ်နေကြတယ်”ဟု မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ဦးဝေယံက ထောက်ပြသည်။
သူတို့၏ဘဝရုန်းကန်လှုပ်ရှားမှုများကို ထည့်သွင်း ပုံဖော်ခြင်းမရှိဘဲ ဇာတ်ကားစတင်ချိန်မှ အပြီးသတ်ချိန်အထိ ဟာသအဖြစ်သာ ဖော်လေ့ရှိခြင်းသည် လက်တွေ့လောကနှင့် ”အပ်စပ်မှုမရှိ”ဟု သူက ဝေဖန်သည်။
အကယ်ဒမီဆုရှင်ဒေါ်ဆွေဇင်ထိုက်က ”မိန်းမလျာကာရိုက်တာ(ဇာတ်ကောင်)ဆိုရင် ညစ်ညစ်ပတ်ပတ်တွေကို ပြောမယ်။ ရယ်သလိုမောသလိုနဲ့ သူကိုယ်တိုင်က သူ့တန်ဖိုးကို မသိတော့တဲ့ ဉာဏ်ရည် နည်းနည်းနိမ့်နေတဲ့သူ ပုံစံမျိုးတွေ ပုံဖော်တာဟာ ဇာတ်ကောင်စရိုက်ကို နှိမ့်ချရာရောက်တယ်”ဟု ဝေဖန်သည်။
ဒေါ်ဆွေဇင်ထိုက်သည် ၁၉၇ဝ မှစတင်ကာ ရုပ်ရှင်ကားပေါင်း ၂ဝဝ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၇၇ တွင် ‘မိန်းကလေးရှင်ရဲ့ ဆန္ဒ’ရုပ်ရှင်ဖြင့် အကယ်ဒမီရရှိခဲ့သည်။ လက်ရှိတွင် PEN Myanamar အဖွဲ့နှင့်ပူးပေါင်းပြီး ဇာတ်ညွှန်း ရေးသားခြင်း သင်တန်းကို ပြီးခဲ့သည့်နှစ်မှစတင်ကာ ဖွင့်လှစ်ပို့ချပေးနေသူဖြစ်သည်။
”ရယ်စရာဟာ သူ့အပြောနဲ့သူ လုပ်လို့ရတယ်။ ဒါပေမဲ့ အခုခေတ်ကတော့ ရယ်စရာကို ညစ်ပတ်တာတွေပြောမှ ရယ်စရာလို့ ထင်လားမသိဘူး”ဟု သူက ပြောသည်။
သရုပ်ဆောင် ဗေလုဝကလည်း ဇာတ်လမ်း၊ ဇာတ်ဝင်ခန်းနှင့် လိုက်ဖက်မှုမရှိဘဲ ဟာသဖြစ်စေရန် အတင်းထည့်သွင်း ရိုက်ကူးထားသည့် မိန်းမလျာဇာတ်ရုပ်များသည် ”ဇာတ်လမ်းအတွက် အကျိုးမပြုသလို လူထုအတွက်လည်းအကျိုးမပြု” ဟုဝေဖန်သည်။
LGBT များအား ဇာတ်လမ်းအများစုတွင် ဟာသအဖြစ်သာ ပုံဖော်ခြင်းသည် သွယ်ဝိုက်သောနည်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်ဟု LGBT အရေးဆောင်ရွက်နေသူများက ထောက်ပြသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာအဖွဲ့မှ ဒါရိုက်တာဦးအောင်မျိုးမင်းကလည်း ဇာတ်ကောင်များကို မှားယွင်းစွာ ပုံဖော်ခြင်းသည် အနုပညာကို လွဲမှားစွာ အသုံးချပြီး မှားယွင်းသည့် အမြင်များကို ဖန်တီးရာရောက်ကြောင်း ဆိုသည်။
”ဒါဟာ မှားယွင်းတဲ့အစွဲတစ်ခုကို အနုပညာနည်းနဲ့ ရိုက်သွင်းလိုက်တာ ဖြစ်လာနိုင်တယ်”ဟု သူက ဆိုသည်။
မိန်းမလျာဇာတ်ကောင်စရိုက်ဖြင့် ဇာတ်လမ်းအများစုတွင် သရုပ်ဆောင်ဖူးသည့် ဒိန်းဒေါင်ကတော့ မိန်းမလျာဇာတ်ရုပ်ဖြင့် ရိုက်ကူးခဲ့သည့်ကားများအနက် နှိမ်ချလိုသည့်သဘောဖြင့် ရိုက်ကူးခဲ့ခြင်းမရှိဟု တုံ့ပြန်သည်။
”ဒါပေမဲ့ သူတို့ကို နှိမ်ချတာတွေလို့ ထင်ယောင်ထင်မှားရှိလိမ့်မယ်။ ကျွန်တော်တို့ ရိုက်ခဲ့တဲ့အခြောက်ကားတွေဆိုရင် သူတို့ကိုနှိမ်ချတဲ့ကား တစ်ကားမှမရှိဘူး”ဟု ဆိုသည်။
ထို့အပြင် ယောကျ်ားလျာ(ယောကျ်ားစိတ် တိမ်းညွှတ်နေသည့်အမျိုးသမီးများ) ဇာတ်ကောင်စရိုက်အများစုကို ပုံဖော်ရာတွင် ကွမ်းတပျစ်ပျစ်နှင့် ဖရိုဖရဲနိုင်သည့် ဝတ်စားဆင်ယင်မှုများဖြင့် ပုံဖော်လေ့ရှိသည်။
ယောကျ်ားလျာဇာတ်ကောင်အများစုမှာ နောက်ဆုံးတွင် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ပြီး အမျိုးသမီးအဖြစ် ပြန်လည် ပြောင်းလဲသွားကြောင်းကို ပုံဖော်လေ့ရှိသည်။ ယင်းကဲ့သို့ ပုံဖော်မှုများမှာ လက်တွေ့နှင့် များစွာကွာခြားမှုများ ရှိကြောင်း ယောကျ်ားလျာများက ဆိုသည်။
အသက် ၂၄ နှစ်အရွယ် Lesbian တစ်ဦးဖြစ်သည့် မခိုင်ဇာအောင်က ”အဲဒီလိုမျိုး သူတို့ပုံဖော်တာတွေက ကျွန်တော်တို့ကို အရှက်ရစေတယ်။ ကိုယ်တွေကိုလှောင်စရာ ပြောင်စရာလို့ သေတဲ့အထိ မြင်သွားမှာပဲ”ဟု ဖွင့်ဟသည်။
ဦးအောင်မျိုးမင်းက လိင်စိတ်ကွဲပြားသူများတွင် ဘဝကို အရှုံးမပေးသူများ၊ အများအကျိုးအတွက် လုပ်ဆောင်နေသူများ အများအပြား ရှိသော်လည်း ဇာတ်လမ်းများတွင် ယင်းဇာတ်ကောင်စရိုက်မျိုးကို သရုပ်ဖော်တင်ပြလေ့မရှိဟု ဆိုသည်။
လိင်စိတ်ကွဲပြားသူများကို လှောင်ပြောင်စရာဇာတ်ရုပ်များအဖြစ် ထပ်တလဲလဲ ရိုက်ကူးနေခြင်းက ”ဒီလိုလူတွေရဲ့ ဂုဏ်သိက္ခာကို မလေးစားရာရောက်သလို အရမ်းအန္တရာယ်ကြီးတဲ့ လွဲမှားတဲ့ ပုံစံခွက်ထဲ ပြည်သူတွေကို ရိုက်သွင်းထည့်ခံရတာပါပဲ” ဟု သူက ဝေဖန်သည်။
ထို့ပြင် မြန်မာဇာတ်ကားအများစုတွင် ကျေးလက်နေပြည်သူများကို ပုံဖော်ရာတွင် ဗိုလ်ရူးရူးနေသည့် သူကြီးသားများ၊ ကျယ်လောင်စွာ အော်ဟစ်ရန်ဖြစ်နေသူများ၊ ထန်းတောထဲမှာသာ အချိန်ကုန်နေကြသူများ၊ တုတ်တစ်ချောင်းနှင့် ပတ်ပြီး မူးယစ်ရမ်းကားနေသူများအဖြစ် ပုံဖော်လေ့ရှိသည်။ ယင်းကဲ့သို့ ပုံဖော်မှုမျိုးသည် ပရိသတ်ကို အဆိပ်ခတ်သကဲ့သို့ဖြစ်နေကြောင်း ဇာတ်ညွှန်းရေးသူ မပွင့်သစ်ချိုက ထောက်ပြသည်။
”ဒီလိုပုံဖော်တာက ကိုယ့်ပြည်တွင်းတင်မကဘူး။ ပြည်ပမှာပါ ပုံရိပ်က ကျဆင်းစေတယ်။ ရွာတွေမှာ အဲ့ဒီထက်ပိုပြီးတော့ ယဉ်ကျေးမှုကို ပြတာတွေ၊ ကျေးရွာသူကျေးရွာသားတွေရဲ့ဓလေ့တွေက ပြလို့ကို မကုန်နိုင်ပါဘူး”ဟု သူက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကလည်း ဗီဒီယို၊ ရုပ်ရှင်အများစုတွင် ပုံဖော်သည့် ရှေ့နေဇာတ်ကောင် စရိုက်အား ပုံဖော်ရာတွင် ပရိသတ်အထင်အမြင်လွဲမှားစေနိုင်သည့် ပုံဖော်မှုများ ရှိနေကြောင်း ပြောသည်။
အမှုသည်နှင့် တွေ့ဆုံစဉ် ပေါက်ကရများပြောဆိုခြင်း၊ အမှုသည်၏လျှို့ဝှက်ချက်ကို အခြားသူတစ်ဦးထံ ပြောပြခြင်း စသည့် ကျင့်ဝတ်များကို ပေါတောတော လှောင်ပြောင်သရုပ်ဆောင်မှုများက ရှေ့နေများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း သူကဆိုသည်။
”ရှေ့နေတိုက်ပုံဝတ်ပြီး ဟာသလုပ်တယ်။ ခပ်ပေါပေါ စကားတွေ ပြောတယ်။ ကြည့်တဲ့ပရိသတ်က ဟာ.. ရှေ့နေတွေဆိုတာ အလကားပါ၊ သောက်ပေါတွေ၊ ခပ်ပေါပေါကောင်တွေလို့မြင်သွားတာပေါ့”ဟု သူက ပြောသည်။
ထို့ပြင် ပုဒ်မများ လွဲမှားနေခြင်း၊ ဥပဒေကြောင်းဆိုင်ရာ အချက်များ မှားယွင်းတင်ပြမှုများကို တွေ့ရလေ့ရှိကြောင်း သူကပြောသည်။ ဥပဒေကြောင်းဆိုင်ရာများ ထည့်သွင်းရိုက်ကူးမည် ဆိုပါက ဇာတ်ကားမရိုက်ခင် သက်ဆိုင်သည့် အချက်အလက်များကို ကြိုတင်ပြင်ဆင်လေ့လာရန် လိုကြောင်း သူက ထောက်ပြသည်။
မသန်စွမ်းတစ်ဦးဖြစ်သည့် ဦးရဲဝင်းက အနုပညာဖန်တီးသူများအနေဖြင့် မသန်စွမ်းသူများ၊ ရောဂါသည်များ၊ ကလေးသူငယ်များ စသည့် အားနည်းသည့် အုပ်စုများကို မလှောင်ပြောင်မိစေရန် ကျင့်ဝတ်စောင့်ထိန်းရန် လိုကြောင်း အကြံပြုသည်။
လက်ရှိတွင် လွတ်လပ်စွာ ဖန်တီးထုတ်လုပ်ခွင့်ရရှိလာသည့်အတွက် ရုပ်ရှင်ဇာတ်လမ်းများ ဖန်တီးရာတွင် ဖျော်ဖြေရေးသာမက အကျိုးသက်ရောက်မှုကိုပါ ထည့်သွင်းစဉ်းစားရန် လိုသည်ဟု စိတ်ပညာရှင်များက အကြံပြုသည်။
အချို့နိုင်ငံများမှာကဲ့သို့ပင် ဇာတ်လမ်းများကို အသက်အရွယ်အလိုက် ကြည့်ရှုနိုင်သည့် အဆင့်သတ်မှတ်ချက် ပြုလုပ်သင့်ကြောင်း ဒေါက်တာဉာဏ်ဝင်းကျော်က ယခုလိုအကြံပြုသည်။
”ဒါကတော့ ကလေးငယ်တွေ ကြည့်သင့်တဲ့ ကား၊ ဒါကတော့ လူလတ်ပိုင်းတွေ ကြည့်သင့်တဲ့ ကား။ ဒါကတော့ လိင်ပိုင်းဆိုင်ရာ အသားပေးပါတဲ့အတွက် အသက်ကြီးတဲ့သူတွေပဲ ကြည့်သင့်တယ် ဆိုတဲ့ကား စသဖြင့် ကားကို အတန်းအစားခွဲတာမျိုးတွေ ရှိသင့်တယ်”
ဘယ်သူတွေကို ဘာတွေ ထိခိုက်စေလဲ
ရုပ်ရှင်ဇာတ်ကားများ၏ လွှမ်းမိုးနိုင်မှုသည် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု အတွေ့အကြုံနည်းပါးသည့် လူငယ်များတွင် သက်ရောက်မှုပိုများစေကြောင်း စိတ်ပညာရှင် ဒေါက်တာခင်မြင့်က ထောက်ပြသည်။
သရုပ်ဆောင်မြင့်မြတ်၏ ဂျင်းကောင်ဇာတ်လမ်းဆိုလျှင် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့သွားကာ လူငယ်များ ပါးစပ်ဖျားတွင် ဇာတ်ကောင်၏ လေသံမျိုးဖြင့် နောက်ပြောင်ပြောဆိုမှုများကိုပင် အချိန်တိုတွင်း တွေ့လာရသည်။
ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းထဲမှ သရုပ်ဆောင်များ၏ စကားလုံး၊ အမူအရာများ၊ သတင်းစကားများသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ကြန်အင်လက္ခဏာကို ကိုယ်စားပြုနေကြောင်း၊ ရုပ်ရှင်ဇာတ်လမ်းများသည် လူ့အဖွဲ့အစည်းအပေါ် အထူးသဖြင့်လူငယ်များအပေါ်တွင် သြဇာကြီးမားသည့်အတွက် ရုပ်ရှင်လောကသားများ၏ တာဝန်မှာအရေးကြီးကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် မတ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ကြောင့် တိုင်းပြည်တွင် ဒီမိုကရေစီစနစ်သို့ပြောင်းလဲနေချိန်တွင် လူထုအားခွဲခြားမှု၊ အမုန်းတရားများ ကင်းဝေးစေသည့် စိတ်ဓာတ်တော်လှန်ရေးတစ်ရပ်အောင်မြင်စေရန် အနုပညာရှင်များမှ ပါဝင်ကူညီရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
ဇာတ်ညွှန်းရေးသူ မပွင့်သစ်ချိုက မြန်မာရုပ်ရှင်ဇာတ်ကားများတွင် ထပ်တလဲလဲဖြစ်နေသည့် ဇာတ်ကောင်စရိုက်များမှ ရုန်းထွက်ပြီး ဇာတ်ညွှန်းရေးသူများအနေဖြင့် ကမ္ဘာကြည့် ကြည့်မြင်ရန် လိုသည်ဟု အကြံပြုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် အိန္ဒိယဇာတ်ကားများဆိုလျှင် ကမ္ဘာပတ်နေပြီဖြစ်ပြီး ဘောလိဝုဒ်အဖြစ် နိုင်ငံတကာတွင် လူသိများနေပြီဖြစ်သည်။ ဘောလိဝုဒ်ဇာတ်ကားတစ်ခု ဖြစ်သည့် My name is Khan ဆိုလျှင် နိုင်ငံတကာပရိသတ် အခိုင်အမာရရှိခဲ့သည့် ဇာတ်လမ်းဖြစ်သည်။
၁၉၈ဝ တွင် ဒီမိုကရေစီအပြောင်းအလဲ စတင်ခဲ့သည့် အာရှနိုင်ငံတစ်ခုဖြစ်သည့် တောင်ကိုရီးယား၏ ရုပ်သံဇာတ်လမ်းတွဲများဆိုလျှင် အာရှမှာရော က္ဘာတွင်ပါ ဈေးကွက်အခိုင်အမာ ရရှိနေပြီဖြစ်သည်။ အဆိုပါ ဇာတ်လမ်းအများစုမှာ အပစ်အခတ် အကြမ်းအတမ်းများနှင့် ကွန်ပျူတာဖန်တီးမှုများ ထွေထွေထူးထူး ပြုလုပ်စရာ မလိုဘဲ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာသည့် လူမှုရေးဇာတ်ညွှန်းများကို အခြေခံထားသည်ကို တွေ့ရသည်။
Photo – Thet Oo Mon ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံတစ်ရုံ
ကိုရီးယားဇာတ်လမ်းတွဲများ၏ လွှမ်းမိုးမှုကြောင့် ကိုရီးယားဖက်ရှင်များ၊ အစားအသောက်များနှင့် လူနေထိုင်မှုများပါ ပြည်တွင်းတွင် လိုက်လံတုပလာကြပြီး ကိုရီးယားမှ နာမည်ကျော်ကြားသည့် သရုပ်ဆောင်များ၊ အဆိုတော်များကို အားပေးသည့် လူမှုကွန်ရက်စာမျက်နှာများပါ ခေတ်စားလာကြသည်ကို တွေ့ရသည်။
ဘယ်သူ့မှာ တာဝန်ရှိလဲ
ဇာတ်ကားတစ်ကားအတွက် ဇာတ်ညွှန်းသည် အခြေခံဖြစ်သည့်အတွက် ဇာတ်ကောင်စရိုက်များကို ပုံဖော်ရန် တာဝန် အရှိဆုံးသူမှာ ဇာတ်ညွှန်းရေးသူဖြစ်ကြောင်း ဒေါ်ဆွေဇင်ထိုက်က ထောက်ပြသည်။
မိန်းမလျာဇာတ်ကောင်အရေအတွက် အများအပြား ရိုက်ကူးခဲ့ဖူးသည့် သရုပ်ဆောင်ဒိန်းဒေါင်ကလည်း ဇာတ်ကောင်စရိုက်များ ပုံဖော်မှုတွင် ဇာတ်လမ်းဖန်တီးသည့် ဇာတ်ညွှန်း နှင့်ဒါရိုက်တာတွင် တာဝန်ရှိကြောင်း ဆိုသည်။
”ဘယ်သရုပ်ဆောင်ဖြစ်ဖြစ် ဇာတ်ညွှန်းအပြည့်အစုံ Detail အတိအကျ ဘယ်တုန်းကမှ မရဖူးပါဘူး။ ဒီဆင်းန် (ပြကွက်)မှာ ဘယ်သူက ဘာလုပ်တယ်၊ ဘယ်နှခန်းပါတယ် ဆိုတာလောက်ပဲ ကျွန်တော်တို့က သိရတာ။ တော်ကီတို့၊ အပြည့်အစုံက ရိုက်ကွင်းပေါ်ရောက်မှ ဒါရိုက်တာလက်ထဲမှာပဲရှိတာ”ဟု သူက ဆိုသည်။
ယခင်က ရုပ်ရှင်ဇာတ်လမ်းများတွင် ဇာတ်ညွှန်းရေးသားရာတွင် နှစ်နှင့်ချီပြီး အချိန်ယူလေ့ရှိကြောင်း ရုပ်ရှင်ဖန်တီးသူများက ဆိုသည်။
ဒါရိုက်တာညီညီထွန်းလွင်က ”ဇာတ်ညွှန်းက အသက်ပဲ။ ဇာတ်ညွှန်းရေးတာက ရိုက်တာထက် ပိုကြာတယ်။ ဇာတ်ကားကောင်းတစ်ကား ဖြစ်ဖို့အတွက် အချိန်ယူရေးရတာ”ဟု ဆိုသည်။
လက်ရှိတွင်တော့ ဇာတ်ညွှန်းအတွက် ပြင်ဆင်ချိန် သိပ်ရလေ့မရှိဟု ဇာတ်ညွှန်းရေးသူ ကိုဆဲဗင်းဒေးက ဆိုသည်။ ကိုဆဲဗင်းဒေးသည် ၂ဝဝ၇ မှစတင်ကာ ဇာတ်ညွှန်းရေးသားခဲ့ပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား ၄ဝ ခန့် ဇာတ်ညွှန်းရေးသားခဲ့သူဖြစ်သည်။ သူ့အနေဖြင့် ဇာတ်လမ်းအခန်းစဉ်ကို အဓိကထား ပြင်ဆင်လေ့ရှိပြီး ဇာတ်ညွှန်းအများစုကို ရိုက်ကွင်းပေါ် ရောက်မှ ရေးသားလေ့ရှိကြောင်း သူက ပြောသည်။
”ရိုက်ကွင်းပေါ်ရောက်မှ ရေးတာမကောင်းဘူး။ ဝန်ခံတယ။် အဲဒါ ကျွန်တော်တို့ရဲ့ ညံ့ဖျင်းမှု၊ ကျွန်တော်တို့ အချိန်မပေးနိုင်ဘူး”ဟု ဆိုသည်။
ဇာတ်ညွှန်းရေးသားရာတွင် ရှိပြီးသား ဇာတ်လမ်းကျောရိုးနှင့် ဇာတ်ကောင်စရိုက် မပျောက်အောင် အဓိကထားလေ့ရှိသော်လည်း ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလေ့ မရှိဟု သူက ဆိုသည်။
သူက ဆက်ပြီး ရုပ်ရှင်ကားများ အရည်အသွေးကျဆင်းရခြင်းမှာ ထုတ်လုပ်မှုအပိုင်းနှင့် ဒါရိုက်တာအပိုင်းကြောင့်ဟူသည့် အကြောင်းပြချက်မှာ ၃ဝ ရာခိုင်နှုန်းသာ မှန်ကန်မှုရှိကြောင်း တုံ့ပြန်သည်။ ပရိသတ်တောင်းဆိုမှုများသည့် ဇာတ်လမ်းမျိုးကိုသာ ဦးစားပေးထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ကောင်းမွန်သည့် ဇာတ်လမ်းများ ထွက်ပေါ်ရန် ပရိသတ်အပေါ်တွင်လည်း မူတည်သည်ဟု ကိုဆဲဗင်းဒေးက ပြောသည်။
ဒေါ်ဆွေဇင်ထိုက်က ရုပ်ရှင်ဖန်တီးသူသည် ပေးလိုက်သည့် သတင်းစကား၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြသည်။
”တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ စကားထဲမှာ ထည့်ပြောနေလို့မရဘူး။ အလုပ်နဲ့ သက်သေပြရတာ” ဟု ဆိုသည်။
ဇာတ်ကောင်စရိုက်များအား ပီပြင်စွာ သရုပ်ဖော်နိုင်ရန် သက်ဆိုင်ရာ နယ်ပယ်အလိုက် သုတေသနများ ပြုလုပ်ရန် လိုသည်ဟု အနုပညာရှင်များနှင့် သက်ဆိုင်ရာနယ်ပယ်များက အကြံပြုကြသည်။
ရုပ်ရှင်ဇာတ်လမ်းဖန်တီးသူများအနေဖြင့် ဟာသဖြစ်စေရန် တစ်ခုတည်းသာ မကြည့်ဘဲ ”ကိုယ်ပေးတဲ့ မက်ဆေ့ချ် တစ်ခုကြောင့် လူအုပ်စုတစ်ခုကို ဘယ်လောက်ထိ ဂုဏ်သိက္ခာဆိုးဝါးထိခိုက်စေသလဲဆိုတဲ့ စဉ်းစား တွေးခေါ်စေချင်တယ်”ဟု မသန်စွမ်း အခွင့်အရေးလှုပ်ရှားသူ ဦးနေလင်းစိုးက အကြံပြုသည်။
ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက အနုပညာမြောက်ပြီး ပရိသတ်ကြိုက်မည့် ဇာတ်လမ်းမျိုးကို ကြိုးစားအားထုတ်ဖန်တီးချင်စိတ်မရှိဘဲ လွဲမှားသည့် ဟာသများ၊ ဇွတ်ဖန်တီးကာ မှားယွင်းသည့် သတင်းစကားများ ဖြန့်ဝေနေမည်ဆိုပါက ”အနုပညာသည် ပြည်သူအတွက် ဖြစ်လာမှာ မဟုတ်ဘူး”ဟု ဝေဖန်သည်။
ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများသည် ပရိသတ်ကို ဦးဆောင်ရမည်ဖြစ်ပြီး ပေးလိုက်သည့် သတင်းစကားအပေါ် တာဝန်ယူမှုရှိရန် လိုကြောင်း ဒေါ်ဆွေဇင်ထိုက်ကလည်း ယခုလို သတိပေးသည်။
”လူရဲ့အစာထဲကို အဆိပ်ခတ်တာဟာ စားတဲ့တစ်ယောက်ပဲ သေတယ်။ လူရဲ့ ဦးနှောက်ထဲကို ရုပ်ရှင်သမားတစ်ယောက်အနေနဲ့ အဆိပ်ခတ်ရင် မျိုးဆက်တစ်ခုလုံး သေတယ်” ။ ။
၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၁) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ဟေမာန်ပြည့် ရေးသည်။