မေ ၂၃
ဗညားအေးကျော်
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှု တရားခံများနှင့်ဆက်စပ်နေသူတစ်ဦး မြန်မာနိုင်ငံသို့ရောက်ရှိနေသည်မှာ တစ်နှစ်နှင့်နှစ်လကျော်ရှိနေပြီး ပြန်လည်ထွက်ခွာခြင်းမရှိသေးကြောင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးသောင်းဟန်က မော်ကွန်းကို ပြောသည်။
သီရိလင်္ကာတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲအကြမ်း ဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးရမိသည့် တရားခံများနှင့် ဆက်စပ်သူများအနက်မှ အသက် ၃၉ နှစ်ရှိ Mr.Abdul Aslam Irshadmohmood ပစ်စပို့နံပါတ် N 5467645 ကိုင်ဆောင်ထားသူသည် ၂၀၁၈ ဇန်နဝါရီက ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ အကြောင်းကြားစာတွင်ပါရှိသည် ၎င်းကဆိုသည်။
“ပုဂံမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲရဲ့ အကြောင်းကြားစာအရ ကျွန်တော်တို့က ဒီသတင်းကို ဆက်ပြီးတော့မှ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက် တဲ့အနေအထားနဲ့ ဆက်လက် ဖြန့်ဝေပေးလိုက်တာဖြစ်ပါတယ်” ဟု ဦးအေးသောင်းဟန်က ရှင်းပြသည်။
ထို့ကြောင့် လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၁,၇၀၄ ကို ယင်းသံသယရှိသူ နိုင်ငံ ခြားသားရောက်လာပါက သတင်းပို့ပေးရန် မှာကြားထားကြောင်း ၎င်းကပြောသည်။
ပြည်သူအများလုံခြုံရေးနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို မေးမြန်းရန် မော်ကွန်းအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးအား ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။။