အွန်လိုင်းရှော့ပင်တွေ မှတ်ပုံတင်ရမည်

အွန်လိုင်းရှော့ပင်တွေ မှတ်ပုံတင်ရမည်

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၆ (မော်ကွန်း)

အွန်လိုင်းစနစ်နဲ့ဈေးရောင်းချသူတွေ ယခုနှစ်ဒီဇင်ဘာလကုန်ထိ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

စားသုံးသူရေးရာဦးစီးဌာနက အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချသူတွေ မှတ်ပုံတင်နိုင်ရေး စနစ်မိတ်ဆက်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ပြန်ပြောဆိုခဲ့တာပါ။

အွန်လိုင်းစနစ်နဲ့ ရောင်းချသူတွေအနေနဲ့ အောက်တိုဘာလ ၂ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အတွင်း မှတ်ပုံတင်ရမယ့် ကာလအဖြစ် သတ်မှတ်ထားပြီး အဆိုပါကာလအတွင်း မှတ်ပုံတင်သူတွေ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းကနေ မည်သည့်ထုတ်ကုန်ပစ္စည်းအမျိုးအစားကိုမဆို ကိုယ်ပိုင်ပစ္စည်းဖြန့်ဝေရောင်းချသူဖြစ်စေ၊ ပြန်ယူရောင်းသည်ဖြစ်စေ အွန်လိုင်းစနစ်နဲ့ ရောင်းချသူအားလုံး မှတ်ပုံတင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိရဲ့လုပ်ငန်းဟာ စည်ပင်သာယာနဲ့ ဝန်ကြီးဌာနတွေမှာမှတ်ပုံတင်ထားပေမယ့် အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့မှတ်ပုံတင်မှုကို ထပ်မံ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

အွန်လိုင်းကနေ စားသောက်ကုန်တွေ ရောင်းချသူတစ်ဦးကတော့ “ စုံစမ်းကြည့်သလောက်တော့ ဘယ်လုပ်ငန်းမဆို မှတ်ပုံတင်ကြေးကတော့ တူတူပဲကျသင့်မယ်။ အခုက Pilot ကာလ စမ်းသပ်မှာလို့ သိရတယ်။
လိုင်စင်ကြေးဘယ်လို သတ်မှတ်မလဲဆိုတာမေးကြည့်တော့ မသတ်မှတ်ရသေးဘူးပြောတယ်။ ခုကာလမှာတော့ လိုင်စင်ကြေး မပေးရသေးဘူး” လို့ ပြောပါတယ်။

မှတ်ပုံတင်ပြုလုပ်လိုသူတွေဟာ မိမိရဲ့လုပ်ငန်းအမည်၊ အမှတ်တံဆိပ်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ တို့နဲ့ https://www.ecomreg.gov.mm ဝက်ဆိုက်လိပ်စာမှာ ဝင်ရောက်လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁ ရက်ကစပြီး အွန်လိုင်းကနေ ဈေးရောင်းချမှုတွေမှာ မှတ်ပုံမတင်ထားသူတွေကို အရေးယူသွားမယ်လို့လည်း စားသုံးသူရေးရာ ဦးစီးဌာနက အသိပေးထားပါတယ်။

လက်ရှိမှာ အွန်လိုင်းဈေးရောင်းချသူအများစုဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်တွေကနေ ရောင်းချနေတာဖြစ်တဲ့အတွက် ဖေ့စ်ဘွတ်ပေ့ချ်အားလုံးကို မှတ်ပုံတင်စနစ်နဲ့ ဆောင်ရွက်မှာလားဆိုတာ စောင့်ကြည့်ရမယ်လို့ အွန်လိုင်းကနေ မီးဖိုချောင်သုံးပစ္စည်းတွေ ရောင်းချသူတစ်ဦးကလည်း ပြောပါတယ်။

“ ဖေ့စ်ဘွတ်ကလည်း ဒီကာလမှာ VPN ကျော်သုံးနေရတာလေ။ အဲ့ဒီတော့ ဖေ့စ်ဘွတ်ပေ့ချ်တိုင်းကို မှတ်ပုံတင်ထားမထား စောင့်ကြည့်မှာလား။ ပေ့ချ်က လူတိုင်းလိုလိုဖွင့်နေကြတယ်လေ။ ပြီးတော့ သူတို့ပဲ ပိတ်ထားတဲ့ နေရာမှာ သူတို့ပဲ မှတ်ပုံတင်ခိုင်းတယ်ဆိုတော့။ ပိတ်ထားတာ ပြန်ဖွင့်ပေးမှာလား။ VPN မခံတော့ဘဲ သုံးလို့ရပြီးလားပေါ့။ အဲ့ဒါတွေကတော့ သိပ်မသဲကွဲသေးဘူး။ စောင့်ကြည့်ရမှာပေါ့။ အများတင်ဆိုရင်တော့ တင်ရမှာပဲ” လို့ ၎င်းကပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ အွန်လိုင်းစနစ်ကနေ ဈေးရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်တဲ့အမိန့်ကို ယခုနှစ် ဇူလိုင်လပိုင်းက ထုတ်ပြန်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချမှုတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ မည်သူမဆို သတ်မှတ်ထားတဲ့ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်တယ်လို့ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထိုသူကို ထောင်ဒဏ်ခြောက်လကနေ အများဆုံး ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်ခံရမယ့်အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ခြင်းခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပုံစာ – Online Shopping ပေ့ရှ်တစ်ခုကို ကြည့်ရှုနေစဉ်
Photo – မော်ကွန်း


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."