အမြစ်တွယ်နေတဲ့ အဝေးပြေးရဲ့ အနာ

အမြစ်တွယ်နေတဲ့ အဝေးပြေးရဲ့ အနာ
၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Feature ဖြစ်ပါသည်။

အိရွှေဖြူ ရေးသည်။

ရန်ကုန်(ဧပြီ၊ ၂၀၁၉)

အဝေးပြေးလမ်းမပေါ် ပြေးနေတဲ့ကားကြီး သူနေထိုင်ရာ ပေါင်းတလည်မြို့ကို မြန်မြန်ရောက်ဖို့ မဖူးငုံဝင်း တစ် ယောက် ဆုတောင်းနေပါတယ်။ အိပ်ချင်ပေမယ့် ကိုယ့်အိတ်ကိုပိုက်ပြီး ကျုံ့ကျုံ့ကလေးထိုင် ကျောက်ရုပ်လို ညပ် ပြီးနေရတဲ့ အခြေအနေက သူ့အတွက် စိတ်ရော လူပါ အနေအထိုင် ကျဉ်းကျပ်နေတာကြောင့်ပါ။

ရွေးချယ်စရာမရှိတဲ့အချိန်မှာ ဒီလိုပုံစံမျိုးနဲ့ ကားပေါ်ပါလာ ခဲ့တာဟာ တစ်နှစ်ပတ်လုံး ကင်းကွာနေတဲ့ မိသားစု၊ တစ်နယ် တစ်ကျေးကနေ ပြန်လာကြမယ့် အဝေးရောက်သူငယ်ချင်းတွေနဲ့ ပြန်ဆုံရဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်လာရတာပဲ ဖြစ်ပါတယ်။

ပုံမှန် အဝေးပြေးကားအများစုမှာ နှစ်ယောက်တွဲခုံနှစ်တန်း ရှိပေမယ့် သူက လျှောက်လမ်းအလယ်မှာ အပိုထိုးထားတဲ့  ပလတ်စတစ် ခုံပုလေးမှာ ကြားညပ်ပြီး လိုက်ပါလာရတာပဲ ဖြစ် ပါတယ်။

““ဒီနည်းနဲ့ပဲလိုက်ရမယ်ဆိုရင်တောင် ပြန်ရမှာပဲလေ။ အိမ် ပြန်ချင်တာကိုး”” လို့ မဖူးငုံဝင်းက သူ့ရဲ့ စိတ်ညစ်စရာကောင်းတဲ့ အိမ်ပြန်ခရီးတွေအကြောင်း ပြောပြပါတယ်။

အလယ်ခုံဆိုပေမယ့် ဘေးခုံနဲ့ တန်းတူဈေးပေးရတာပါ။ ညကားစီးရတဲ့အချိန်မျိုးဆို ငုတ်တုတ်ထိုင်လိုက်ရတာက ကိုယ် မအိပ်ဘူးဆိုရင်တောင် ဘေးခုံက ယောက်ျားလေးတွေ အိပ်ရင်း ကိုယ့်ပေါ်ကို လဲကျလာတာမျိုးလည်း ကြုံဖူးတယ်လို့ သူက ဆက် ပြောပြပါတယ်။

မဖူးငုံဝင်းဟာ အစိုးရအဆက်ဆက် စနစ်တကျ စီမံခန့်ခွဲမှု မရှိတဲ့ အဝေးပြေးယာဉ်လိုင်းတွေကိုစီးပြီး သြင်္ကန်ရုံးပိတ်ရက် ရှည်မှာ ခက်ခက်ခဲခဲနဲ့ အိမ်ပြန်ရသူတွေထဲက တစ်ယောက်ပဲဖြစ် ပါတယ်။

အလုပ်အကိုင်ရရှိဖို့ အနယ်နယ်အရပ်ရပ်က သူတွေ လာ ရောက် ပြောင်းရွှေ့နေထိုင်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ နှစ်သစ်ကူးသြင်္ကန် ရုံးပိတ်ရက်တွေဆိုရင် ဒီလို ပြဿနာမျိုး နှစ်စဉ်ကြုံတွေ့ရတာဟာ အစိုးရရဲ့  ပြည်သူ့ရေး ရာ ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်တယ်လို့ မော်ကွန်းက မေးမြန်းခဲ့တဲ့ ခရီးသွားတွေနဲ့ ပညာရှင် တွေက ဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ကွန်ရက်အသင်း (Myanmar Public Administration Network –MPAN) ဥက္ကဋ္ဌ ဦးစောလုလုထော်က ဒီလိုဖြစ်နေ တာတွေဟာ အဝေးပြေးယာဉ်လိုင်းကိစ္စကို အစိုးရက မကိုင်တွယ် တာကြောင့်ဖြစ်ပြီး ယာဉ်လိုင်းတွေကို သေချာ စီမံခန့်ခွဲသင့်တယ် လို့ သူက ပြောပါတယ်။

ပိတ်ရက်ရှည်မှာ စုပြုံပြန်ကြတာဟာ မြို့ပေါ်ကို ပြောင်းရွှေ့ လုပ်ကိုင်တာကြောင့်ဖြစ်ပြီး  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာ တာနဲ့အမျှ ရှောင်လွှဲလို့လည်း မရတဲ့ကိစ္စ ဖြစ်တယ်လို့ သူက ဆို ပါတယ်။

၂၀၁၄ မှာ ကောက်ခံတဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပါ အချက်အလက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်သူ လူ ဦးရေ ခုနစ်သန်းကျော်ရှိပါတယ်။ အဲဒီထဲက နှစ်သန်းကျော်ဟာ ပြောင်းရွှေ့ နေထိုင်သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လူဦးရေများလာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ တွေထဲမှာ သယ်ယူပို့ဆောင်ရေးဟာလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပြီး ယင်းနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အစီ အစဉ်တွေကို အရေးပေါ်ချမှတ်ဖို့ လိုအပ်နေတယ်လို့ ၂၀၁၄ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိမ်ပြန်သူတို့ရဲ့ ဒုက္ခ

နှစ်စဉ် ရုံးပိတ်ရက်ရှည်ကာလမျိုးမှာ သတ်မှတ်ယာဉ်စီးခ များအတိုင်း လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုကြိုတင်စီမံဆောင်ရွက် မလဲ ဆိုတာကို သိရှိလိုတယ်လို့ ဒဂုံမြို့နယ်က လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက  ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးခဲ့ပါတယ်။

ထိုမေးခွန်းကိုတော့ ခြောက်လကျော်အကြာ ဒီနှစ် မတ် ၁ ရက်မှသာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စစ်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သြင်္ကန်နဲ့ သီတင်း ကျွတ်လို ရုံးပိတ်ရက်ရှည်တွေမှာ နယ်ပြန်သူတွေ အခက်အခဲရှိတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒီနှစ်မှာ သက် ဆိုင်ရာ အဝေးပြေးယာဉ်လိုင်းများ ကြိုတင်လက်မှတ် ရောင်းချ ချိန်မှာ ခရီးသွားအင်အား အခြေအနေသုံးသပ်နိုင်ရန် စီမံတာ၊ မီးရထား လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲရေး ညှိနှိုင်းစီမံတာတွေ လုပ်ဆောင်မယ်လို့ လွှတ်တော်မှာ ပြန်ဖြေကြားခဲ့ပါတယ်။

ဒါ့ပြင် CNG သုံး ကားများဖြစ်တဲ့ YBS ကားများနဲ့ ဧရာ ဝတီတိုင်းဒေသကြီးဘက်ကို ပြေးဆွဲပေးမှာဖြစ်ပြီး အဆိုပါ ကား များ ပြေးဆွဲဖို့ အဆင်မပြေတဲ့ ဒေသများကို တခြားနည်းလမ်းနဲ့ အင်အားဖြည့်ပြေးဆွဲရေးကို ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ သူက ဖြေကြားခဲ့ပါတယ်။

သြင်္ကန်၊ သီတင်းကျွတ်လို နယ်ပြန်သူများတဲ့ ရုံးပိတ်ရက် ရှည်တွေမှာ ကားလက်မှတ်ရဖို့ ခက်ခဲတာ၊ လူခေါ်ပွဲစား လိမ်လည် တာမျိုးတွေ မဖြစ်အောင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေနဲ့ အနီးကပ်သွားရောက် ကွပ်ကဲစီမံစေချင်တယ်လို့ အကြံပြုတဲ့အခါ ဒေါ်နီလာကျော်က ““ကိုယ်စားလှယ်တော်ကြီး အကြံပေးတဲ့ အတိုင်း ဆောင်ရွက်ပါမယ်””လို့ ဖြေကြားသွားကြောင်း ဦးကျော် ဇေယျက ပြန်ပြောပါတယ်။

Photo - Ei Shwe Phyu အောင်မင်္ဂလာ အဝေးပြေးဝင်း

Photo – Ei Shwe Phyu အောင်မင်္ဂလာ အဝေးပြေးဝင်း

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒေါ်နီလာကျော်က ခရီးသည် များ အခက်အခဲဖြစ်ပါက ဖြေရှင်းရန် အဝေးပြေးဝင်းများမှာ  YRTA ရုံးခန်း ဖွင့်လှစ်ဆောင်ရွက်ပေးမည်လို့ ပြန်ကြားခဲ့ပါတယ်။

YRTA ရုံးခန်းများက ခရီးသွားတွေအတွက် ဘယ်လိုကူညီဆောင်ရွက်ပေးမလဲဆိုတာကို သတင်းမီဒီယာနည်းဥပဒေအရ သတင်းအချက်အလက် ရယူခွင့်ပြုရန် လျှောက်လွှာနဲ့ မတ် ၈ ရက်မှာ ဒေါ်နီလာကျော်ထံ မော်ကွန်းက မေးခွန်းများ ပေးပို့ခဲ့ ပါတယ်။

အချက်အလက်တောင်းခံလွှာနဲ့ပတ်သက်ပြီး မတ် ၁၅၊၂၉ နဲ့ ဧပြီ ၁ ရက်တို့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သွားရောက်မေးမြန်းခဲ့ပေမယ့် စာပြန် မကျလာသေးဘူးလို့ စုံစမ်းရေးဌာနက ပြောပါတယ်။ လတ်တလော ဖြစ်ပေါ်နေသော သတင်းများဆိုလျှင် သတင်းအချက်အလက်တောင်းခံမှုကို လက် ခံရရှိချိန်က စတင်ပြီး အလုပ်လုပ်ချိန် ၂၄ နာရီအတွင်း အကြောင်း ပြန်ကြားရမယ်လို့ သတင်းမီဒီယာနည်းဥပဒေမှာ ပြဋ္ဌာန်းထားပေ မယ့် ယခု သတင်းဆောင်းပါး ဖောင်ပိတ်ချိန် ဧပြီ ၂ ရက်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်း မရှိပါဘူး။

ဝန်ဆောင်မှုမပေးနိုင်သေး

ရန်ကုန်မြို့မှာ အောင်မင်္ဂလာနဲ့ ဒဂုံဧရာဆိုပြီး အဝေးပြေး ကားဝင်းနှစ်ခုရှိပြီး အဝေးပြေးယာဉ်လိုင်းစုစုပေါင်း ၃၆၀ ရှိပါ တယ်။  တစ်နိုင်ငံလုံးရှိ ပြည်နယ်နဲ့တိုင်းတွေကို ပြေးဆွဲပေးနေတဲ့ အောင်မင်္ဂလာအဝေးပြေးမှာ ယာဉ်လိုင်းစုစုပေါင်း ၂၅၀ ရှိပြီး  ဝန်ဆောင်မှုပေးနိုင်တဲ့ ကားအစီးအရေအတွက်မှာ ၂,၅၂၉ စီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(အဝေးပြေး)တာဝန်ခံ ဗိုလ်မှူး ကြီးဘမြင့် (ငြိမ်း) ကပြောပါတယ်။

ဧရာဝတီတိုင်းကို အဓိကထားပြေးဆွဲနေတဲ့ ယာဉ်လိုင်း အများစုရှိတဲ့ ဒဂုံဧရာအဝေးပြေးမှာ ယာဉ်လိုင်း စုစုပေါင်း ၁၁၀ ရှိပြီး ကားအစီးရေစုစုပေါင်း ၁,၀၆၈ စီးရှိတယ်လို့ ဒဂုံဧရာ အဝေးပြေးဝင်းရဲ့ စာရင်းတွေက ဖော်ပြတယ်။

သြင်္ကန်ပိတ်ရက်ရှည်အတွင်း  အောင်မင်္ဂလာအဝေးပြေးမှာ တစ်ရက်ကို ခရီးသည် ခြောက်သောင်းဝန်းကျင်ရှိပြီး ဒဂုံဧရာ အဝေးပြေးမှာ တစ်သောင်းကျော်ရှိတယ်လို့ သက်ဆိုင်ရာ အဝေး ပြေးက တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ အောင်မင်္ဂလာက လူခေါ်ပွဲစားတွေနဲ့ ပုံမှန်သြင်္ကန် ပြန်နေကျ ခရီးသွားတွေကိုမေးကြည့်ရာ အဝေးပြေးတာဝန်ခံရုံး က ကိန်းဂဏန်းထက် ပြန်တဲ့သူ ပိုများနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီကိန်းဂဏန်းဟာ ခုံအရေအတွက်အတိုင်းသာ တွက်ချက်တာ ဖြစ်ပြီး အလယ်ခုံစီးသူ၊ လူစုပြီး ကားငှားပြန်သူ၊ ခရီးခေါက်တို ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းဝန်ဆောင်မှုကို အသုံးပြုသူ စတဲ့သူ တွေမပါဝင်တာကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

တရားဝင်ရုံးပိတ်ရက်ရှည်တွေမှာ ရန်ကုန်ကနေ အခြားမြို့ တွေကို ပြန်လိုတဲ့ခရီးသွားအရေအတွက်ကို ခန့်မှန်းရန် ခက်ခဲမှုရှိ တယ်လို့ တိုင်းဒေသကြီးလွှတ်တော်မှာ ဒေါ်နီလာကျော်ကလည်း ဖြေကြားခဲ့ပါတယ်။

သြင်္ကန်ကာလမှာ ကားလက်မှတ်အခက်အခဲ နှစ်စဉ်ကြုံ တွေ့နေရတာဟာ အဲဒီအချိန်မှာ မြင့်တက်လာတဲ့ ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ခိုင်မန္တလေးယာဉ် လိုင်းပိုင်ရှင် ဦးခိုင်က ပြောပါတယ်။

ခိုင်မန္တလေးယာဉ်လိုင်းဖွင့်တာ ကိုးနှစ်ရှိပြီး လက်ရှိမှာ ကား ၂၈ စီးနဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းဘက် ကို ပြေးဆွဲပေးနေတာပဲဖြစ်ပါတယ်။ ပြန်တဲ့လူများတဲ့ နှစ်ရက်စာ လောက်အတွက် ကားသစ်ဝယ်ဖို့ မဖြစ်နိုင်တဲ့အတွက် သြင်္ကန် ရက်လည်း ပုံမှန်အတိုင်းပဲ ကားထွက်ပေးနေရတယ်လို့ သူက ဆို ပါတယ်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၊ သင် တန်းရေးရာ ဒါရိုက်တာ ဒေါ်ဆုမွန်သဇင်အောင်က ဒီလို အခြေ အနေကို အစိုးရအနေနဲ့ ထိန်းညှိပေးဖို့ ရွေးချယ်နိုင်တဲ့ နည်းလမ်း တွေ စဉ်းစားသင့်ပြီး ရထားတွေပိုပြေးဆွဲပေးတာ၊ နီးစပ်ရာဒေသ တွေကို အစိုးရအစီအစဉ်နဲ့ လိုက်ပို့ပေးတာမျိုး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။

Photo - Ei Shwe Phyu အောင်မင်္ဂလာ အဝေးပြေးဝင်းက ကားတစ်ချို့ကို တွေ့ရစဉ်

Photo – Ei Shwe Phyu အောင်မင်္ဂလာ အဝေးပြေးဝင်းက ကားတစ်ချို့ကို တွေ့ရစဉ်

အခက်အခဲကို ထုတ်ဖော်ပြောကြားပါ

သြင်္ကန်ပိတ်ရက်ရှည် အိမ်ပြန်ခရီးမှာ နှစ်စဉ်ကြုံတွေ့နေရ တဲ့ အခက်အခဲ ပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်းလာဖို့ ပြည်သူတွေအနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ပညာ ရှင်များက ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ကွန်ရက်အသင်း ဥက်္ကဋ္ဌ ဦးစောလုလုထော်ကလည်း အစိုးရက တော့ သာမန်ကိစ္စလို့ ထင်နိုင်ပေမယ့် နယ်ပြန်မယ့်လူတွေကျတော့ အရေးကြီးနေတာမျိုး ဖြစ်နေတတ်တယ်ဆိုတာ သတိချပ်ဖို့ လို တယ်လို့ သူက ပြောပါတယ်။

အစိုးရဟာ ပြည်သူ့ကိုဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက် အရာရာတိုင်းကို အစိုးရက ဖြေရှင်းပေးဖို့လိုတယ်လို့ သူက ဆို ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရမှာ ရေရှည်အစီအစဉ် လိုတယ်လို့ ဒေါ်ဆုမွန်သဇင်အောင်ကလည်းပြောပါတယ်။ ဒါပေမဲ့ အစိုးရမှာ သီးသန့်အစီအစဉ်ချထားတာ မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

နှစ်စဉ်ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ ခရီးသည်အပြန်များနိုင်တဲ့ ပြည်နယ်နဲ့ တိုင်း ဒေသကြီးအစိုးရနဲ့ ပြည်ထောင်စုအစိုးရ၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ အချင်းချင်းချိတ်ဆက်ပြီး ရေရှည်အတွက် မူဝါဒ တစ်ခုချမှတ်ပြီး နှစ်စဉ် အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုရင် ပြဿနာက အနည်းနဲ့အများ သက်သာသွားနိုင်မယ်လို့ သူက အကြံပြုပါတယ်။

YRTA (အဝေးပြေး) က တာဝန်ခံ ဗိုလ်မှူးကြီးဘမြင့် (ငြိမ်း) က သူတို့တာဝန်ခံအဖွဲ့ဟာ ခရီးသွားတွေအဆင်ပြေစေဖို့ အကူအညီတောင်းခံနိုင်တဲ့ စင်တာတွေ ဖွင့်လှစ်ထားပေမယ့် လက်မှတ်အခက်အခဲနဲ့ ပတ်သက်ပြီး လာရောက် အကူအညီ တောင်းခံတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

လက်မှတ်မရသူတွေ ကားတစ်စီးစာ ရှိပါက စီစဉ်ပေးမယ် ဆိုတဲ့ သတိပေးကြေညာချက်ကို ပြီးခဲ့တဲ့ နှစ်က အောင်မင်္ဂလာ အဝေးပြေးရှိ YRTA ရုံးရှေ့မှာ ဗီနိုင်းထောင်ထားပေမယ့် လာ ရောက် အကူအညီတောင်းတဲ့သူ မရှိဘူးလို့ သူက ပြောပါတယ်။

ဒီလို အကူအညီတောင်းလို့ရတယ်ဆိုတာကို  မော်ကွန်းက မေးမြန်းခဲ့တဲ့ နယ်ပြန်မယ့်သူတွေက မသိကြပါဘူးလို့ ပြော ပါတယ်။

အွန်လိုင်းစနစ် ဖွင့်ပေးပါ

ပုံမှန်အချိန်မှာ အဝေးပြေးကားလက်မှတ်ကို လက်မှတ် အရောင်းဆိုင်ခွဲတွေမှာ အလွယ်တကူ ဝယ်နိုင်ပေမယ့် သြင်္ကန်လို ပိတ်ရက်အတွက်ဆိုရင် သက်ဆိုင်ရာ အဝေးပြေးဂိတ်တွေမှာ လက်မှတ်ရောင်းမယ့်နေ့ကို ကြေညာပြီး ရောင်းကြပါတယ်။

သြင်္ကန်အပြန်ကားလက်မှတ်အတွက် ဂိတ်တွေက ကြေ ညာတဲ့ သတ်မှတ်ရက်မှာ ကိုယ်တိုင် တန်းစီစောင့်ပြီး ကားလက် မှတ် ဝယ်ရတာဟာ ကုမ္ပဏီဝန်ထမ်းတွေအဖို့ အဆင်မပြေဘူးလို့ လက်မှတ်ဝယ်သူတွေက ဆိုကြပါတယ်။ လူတစ်ယောက်ကို လက် မှတ်တစ်စောင်သာ ရောင်းပြီး အဲဒီအတွက် မှတ်ပုံတင်ပြဖို့ လို အပ်ပါတယ်။

ဂိတ်ကရောင်းတဲ့အချိန်နဲ့ အလုပ်က ခွင့်ယူဖို့ အဆင်မပြေ တာတွေရှိတာမို့ မိမိပြန်မယ့် လမ်းကြောင်းအလိုက် အွန်လိုင်း ကနေ ကြိုတင်လက်မှတ်မှာယူပြီး ငွေပေးချေတဲ့ စနစ် လုပ်ပေး သင့်တယ်လို့  ဦးစောလုလုထော်က ပြောပါတယ်။

လူတိုင်းနီးပါး စမတ်ဖုန်းသုံးနေတာ ဖြစ်တဲ့အတွက် အွန်လိုင်းကနေ ဝယ်နိုင်တဲ့စနစ်က လူတိုင်းအတွက် အရမ်းအဆင်ပြေ မယ်လို့ သူကဆိုပါတယ်။ တိုက်ရိုက်ငွေပေးချေရတာမို့ မှောင်ခို ဈေးကွက်လည်း ရှိတော့မှာမဟုတ်တဲ့အတွက် စောဒက တက် စရာအကြောင်းကိစ္စတွေလည်း ရှိမှာမဟုတ်ဘူးလို့ သူက ဆက် ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ကနေ ရန်ကုန် မှာ အလုပ်လာလုပ်တဲ့ ကိုထက်ရှိုင်းက ပိတ်ရက်မဟုတ်တဲ့ နေ့ တွေမှာ အွန်လိုင်းက ဘိုကင်တင်နိုင်ပေမယ့် ““အဲဒီအချိန် (သြင်္ကန်အချိန်) ဆို အွန်လိုင်းလည်း ဘာမှလုပ်မရဘူး””လို့ သူက ပြောပါတယ်။

ကားလက်မှတ်ခဈေးပို မပေးချင်လို့ ကိုယ်တိုင် တန်းစီ ဝယ်ရတာမို့ လက်မှတ်တစ်စောင်ရဖို့ မနက် လေးနာရီထပြီး ကား ဂိတ်မှာ သွားတန်းစီရတယ်လို့ သူက ပြောပါတယ်။

တန်းစီသူတွေ များပြီး ကိုယ့်အလှည့်မရောက်ခင်မှာပဲ လက်မှတ်ရောင်းကုန်သွားတဲ့အခါ မောကြီးပန်းကြီးနဲ့ ပြန်လာရ တယ်လို့ သူက ဆိုပါတယ်။ နယ်က အလုပ်လာလုပ်သူအတွက် လက်မှတ်တစ်စောင်ရဖို့က ““အရမ်းကြိုးစားမှ ရတယ်””လို့ သူက ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ကိုပြန်ဖို့ ဒေါ်ဖြိုးဖြိုးေ၀ တစ်ယောက် FAMOUS ကားဂိတ်မှာ မတ် ၃၁ နံနက် ၈ နာရီ အချိန်ကစပြီး လက်မှတ်ဝယ်ဖို့ တန်းစီခဲ့ပါတယ်။ အဲဒီအချိန်က တည်းက သူ့အရှေ့မှာ တန်းစီနေတဲ့သူ အယောက် ၃၀၀ ဝန်းကျင် လောက်ရှိတယ်လို့ သူက ပြောပါတယ်။

သုံးနာရီအကြာ တန်းစီပြီးနောက် ကားလက်မှတ်ကုန်သွား ပြီလို့ ဂိတ်က ပြောတဲ့အခါ ငိုသူက ငို၊ ပြန်သူက ပြန်နဲ့ လူကျဲသွား ပေမယ့် သူက YRTA အဝေးပြေးရုံးကို လက်မှတ်မရတဲ့ အကြောင်း ဖုန်းဆက်ပြောခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ YRTA အဝေးပြေးရုံးက တာဝန်ခံတွေ ကားဂိတ်ကိုရောက်လာခဲ့ပြီး ရန်ကုန်-ပခုက္ကူ လူ ၁၀၀ ကျော်စာ အတွက် အထူးကား (VIP) သုံးစီး စီစဉ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဧပြီ ၁၂ ရက် ည ၁၀ နာရီမှာထွက်မယ့် ကားလက်မှတ် ဘောက်ချာစာရွက်ကို အဲဒီနေ့ နေ့လယ် ၁နာရီမှာ သူ ရခဲ့ပါတယ်။ ဒီလို YRTA အဝေးပြေးဝင်းက စီစဉ်ပေးတာကြောင့် လက်မှတ် ရခဲ့ပေမယ့် ပုံမှန် သူပြန်နေကျ ရိုးရိုးကားခ ကျပ် ၁၁,၀၀၀ အစား အထူးကားခ ၂၂,၀၀၀ ကျပ်ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်ကို ပြေးဆွဲနေတဲ့ ကြံတိုင်းအောင် ကားဂိတ်ဆိုရင်လည်း အွန်လိုင်းဘိုကင်တင်တဲ့စနစ် ရှိပေမယ့် သြင်္ကန်ကာလတွက်ဆိုရင်တော့ ပိတ်ထားတယ်လို့ ဂိတ်မှူး ဦးလှသိန်းထွန်းက ပြောပါတယ်။ အမှန်တကယ် ပြန်မယ့်သူတွေ လက်မှတ်ရဖို့နဲ့ လက်မှတ်တွေကို အများကြီး စုပြုံဝယ်ထားပြီး ဈေးတင်ပြီး ပြန်ရောင်းတာမျိုး မဖြစ်စေဖို့ အရောင်းဆိုင်ခွဲတွေက တစ် ဆင့် ဘိုကင်တင်နိုင်တဲ့စနစ်ကို ပိတ်ထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ မော်ကွန်းက ကားလက်မှတ်အရောင်းဝန်ဆောင်မှု လုပ်ငန်းတွေကို ဖုန်းဆက်မေးမြန်းကြည့်ရာမှာတော့ သြင်္ကန် အတွက် ကားလက်မှတ်ခွဲတမ်းမပေးတာ ကားဂိတ်အကုန်လုံး သာ မဟုတ်ဘူးလို့ ပြောပါတယ်။

အောင်ဆန်းကွင်းဂိတ်မှာဖွင့်ထားတဲ့ ရွှေ ခရီးသွား ဝန်ဆောင်မှုနှင့် ကားလက်မှတ်အရောင်းဌာနက အရောင်းတာဝန်ခံ က သြင်္ကန်အချိန်ရောက်တဲ့အခါမှာ ကားဂိတ် သုံးပုံတစ်ပုံက တော့ လက်မှတ်ခွဲတမ်းချပေးတော့တယ်လို့ သူက ဆက်ပြောပါတယ်။

Photo - Ei Shwe Phyu အောင်မင်္ဂလာ အဝေးပြေးဝင်းတစ်နေရာ

Photo – Ei Shwe Phyu အောင်မင်္ဂလာ အဝေးပြေးဝင်းတစ်နေရာ

လက်မှတ်ပွဲစားနဲ့ လက်မှတ်အတု

ကားဂိတ်တွေမှာ တန်းစီဝယ်ရပေမယ့်လည်း ကားလက် မှတ်တွေက ပွဲစားတွေဆီ ရောက်ဆဲပဲဖြစ်ပါတယ်။ အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ လူခေါ်ပွဲစားလုပ်တာ ၁၉ နှစ်ရှိပြီဖြစ်တဲ့ ကိုညီညီကတော့ ဂိတ်တွေက လက်မှတ်ရောင်းပေးတဲ့အချိန်မှာ တန်းစီ စောင့်ဝယ်တယ်လို့ ဆိုပါတယ်။

သူတို့ပွဲစားတွေလည်း မှတ်ပုံတင်တစ်ခုတည်းနဲ့ ဝယ်ပေ မယ့် မိသားစုပြန်မှာဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်တာကြောင့် ယာဉ်လိုင်းတစ်ခုမှာ ထိုင်ခုံ နှစ်ခုံ၊ သုံးခုံအထိ ဝယ်လို့ရပြီး ထို လက်မှတ်တွေကို တစ်ဆင့် ပြန်ရောင်းတယ်လို့ ဆိုပါတယ်။ မော် ကွန်းက တွေ့ဆုံခဲ့တဲ့ မတ် ၁၉ ရက်မှာတော့ သူ့အနေနဲ့ ရခိုင်၊ ပဲခူး၊ ကရင်၊ မန္တလေး စတဲ့ မြို့တွေကို ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကနေ ဝယ်ထားတဲ့ လက်မှတ်အစောင်လေးဆယ်လောက် (ဧပြီ ၁ ရက်မှ ၁၂ ရက်အတွင်း ထွက်မည့် ခရီးစဉ်များ) ရောင်းထားပြီးပြီ လို့ ဆိုပါတယ်။

သူပြန်ရောင်းတဲ့အခါမှာတော့ ဂိတ်တွေက ပုံမှန်ရောင်းတဲ့ နှုန်းထက် ၂,၅၀၀ ကျပ် ပိုရောင်းတယ်လို့ သူက ဆိုပါတယ်။ ““ဒီ လောက် ပိုယူထားတယ်ဆိုတာကို သူတို့ကိုပြောပြီးမှ ရောင်းတာ။ ကြိုက်တယ်ဆိုရင် ဝယ်ပေါ့။ ဒါလည်း ဝယ်ကြတာပဲလေ””လို့ ကိုညီညီက ပြောပါတယ်။

မော်ကွန်းက ကားလက်မှတ်ဈေးတွေကို ပွဲစားတွေဆီ မတ် ၂၉ ရက်က မေးမြန်းတဲ့အခါ  ပဲခူးတိုင်းဒေသကြီး၊ ပြည်ဘက်ကို ပြန်မယ့် ကားလက်မှတ်ခဟာ ပုံမှန် ၆,၀၀၀ကျပ် ဆိုပေမယ့် မှောင်ခိုဈေးက ၁၃,၀၀၀ ကျပ် ရှိတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာသစ်ကြီးကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ မလှမြတ်မွန်ကတော့ ဒီနှစ် သြင်္ကန်နယ် မပြန်တော့ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလ ဆန်းပိုင်းမှာ အိမ်ပြန်ဖို့ အောင်မင်္ဂလာကားဝင်းမှာ ကိုယ်တိုင် ကားလက်မှတ် သွားဖြတ်ခဲ့ပေမယ့် ဂိတ်တွေမှာ လက်မှတ်မရ တော့တာကြောင့် လက်မှတ်ပွဲစားအကူအညီနဲ့ သူ လက်မှတ်တစ် စောင် ရခဲ့ပါတယ်။

A4 စာရွက် တစ်ဝက်စာအရွယ်မှာ ကားလက်မှတ်ပုံစံ အတိုင်း ပါရှိပြီး ပုံမှန် ၁၃,၀၀၀ ကျပ်တန် ခရီးကို ၂၅,၀၀၀ ကျပ် ပေးပြီး သူဝယ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့လိုပဲ အိမ်ပြန်မယ့်သူ အယောက် ၄၀ ကျော်လည်း လက်မှတ်အတုကို ဝယ်ခဲ့မိတယ်လို့ ဆိုပါတယ်။

ရဲစခန်းကို အကြောင်းကြားတော့ ရဲနှစ်ယောက် ရောက် လာပြီး ခဏအကြာမှာ ပြန်သွားခဲ့တယ်လို့ သူက ပြောပါတယ်။ သြင်္ကန်အပြီးမှာ ဘယ်လို အရေးယူသလဲဆိုတာလည်း မကြားမိ ဘူးလို့ သူက ပြောပါတယ်။

အဲဒီတုန်းက ဇာနည်ဘွားယာဉ်လိုင်းကားရဲ့ အကူအညီနဲ့ မန္တလေးမြို့ထိ ရောက်ခဲ့ပေမယ့် ရွာသစ်ကြီးကိုရောက်ဖို့ သုံးဘီး ဆိုင်ကယ်နဲ့ တစ်နည်း၊ ရွာက လာကူညီတဲ့ ကားနဲ့ တစ်ဖုံ အဆင့် ဆင့်ပြန်ခဲ့ရတာကြောင့် အိမ်ပြန်ခရီးဟာ ပုံမှန်သွားနေကျထက်  လေးဆကျော် ငွေကြေး ပိုကုန်ကျသွားခဲ့ပါတယ်။

““Trauma (စိတ်ဒဏ်ရာ)ပါ ရသွားတာ၊၊ အလယ်မှာ ကျောက်ရုပ်လိုထိုင်ပြီး လိုက်စီးရတာ စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး အိမ်ပြန်ခဲ့ရတာ””လို့ သူက ပြောပါတယ်။ ဒါကြောင့် ဒီနှစ်သြင်္ကန် အိမ်မပြန်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။

အရေးယူမှု အားနည်း

စားသုံးသူရေးရာဦးစီးဌာနက သြင်္ကန်ကာလမှာ လက် မှတ်ဈေး ပိုရောင်းချပါက အရေးယူဆောင်ရွက်သွားမယ်လို့ မတ် ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

၂၀၁၈ သြင်္ကန်ရုံးပိတ်ရက်တုန်းက စားသုံးသူရေးရာ ဦးစီး ဌာနကို တိုင်ကြားတဲ့ကိစ်္စတွေမှာ ယာဉ်စီးခ ပိုမိုတောင်းခံတာ၊ မူလဝယ်ယူထားတဲ့ ခုံနံပါတ်နဲ့ လွဲချော်တာ၊ ခရီးသည်များကို သတ်မှတ်နေရာ ရောက်ရှိအောင် မပို့ပေးတာ၊ အချိန်နဲ့ တစ်ပြေး ညီ ထွက်ခွာမှုမရှိတာ၊ လက်မှတ်ဝယ်တဲ့အခါ ကြော်ငြာထားတဲ့ နေ့ရက်မှာ အမှန်တကယ် ဝယ်ယူလို့ မရတာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုအများဆုံး လက်ခံဖြေရှင်းခဲ့ရတယ်လို့ အဆိုပါဌာန က ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီလိုထုတ်ပြန်တာဟာ လက်မှတ်ဈေးတက် တာနဲ့ လက်မှတ်ဝယ်ဖို့ ခက်ခဲနေတာကို ဖြေရှင်းပေးရာ မရောက် ဘူးလို့ သြင်္ကန်ပြန်ဖို့ စီစဉ်နေသူများက ပြောပါတယ်။

နှစ်တိုင်းလည်း ဈေးပိုမရောင်းရဘူးဆိုတာမျိုး ထုတ်ပြန် နေတာရှိပေမယ့် အမှန်တကယ် လက်တွေ့မှာ ပိုရောင်းနေတာ တွေ ရှိတာကြောင့် အောက်ခြေထိဆင်းပြီး ဂိတ်တွေကို ကွင်း ဆင်း စစ်ဆေးသင့်တယ်လို့ ပေါင်းတလည်မြို့က မဖူးငုံဝင်းက ပြောပါတယ်။

မဖူးငုံဝင်းဆိုရင် ကားလက်မှတ်ခ တစ်ဆကျော် ပိုပေးခဲ့ရ တာမျိုး သုံးကြိမ်ကြုံဖူးတယ်လို့ဆိုပါတယ်။ လက်မှတ်ခ ပိုပေးရ တဲ့အတွက် YRTA ရုံးမှာ သွားမတိုင်ကြားဖူးသလို ရုံးခန်းတည် နေရာကိုလည်း မသိဘူးလို့ ပြောပါတယ်။

ပြန်ဖို့က စီစဉ်ပြီးသားဖြစ်သလို သူပြန်အလာကို စောင့် မျှော်သူတွေ ရှိတာကြောင့် ဂိတ်က လက်မှတ်ခပိုတောင်းလည်း ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။

““(လက်မှတ်)လုံးဝမရလို့ လိုက်လို့မရဘဲ ကျန်ခဲ့မှာကို လည်း ကြောက်တယ်။ ပြန်ဖို့ကလည်း အရေးကြီးနေတော့ တောင်းလည်း ပေးရမှာပဲလေ””လို့ သူက ပြောပါတယ်။

ခိုင်မ်္တလေးယာဉ်လိုင်းကတော့ ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ခ ပိုရောင်းတယ်ဆိုပြီး ခရီးသည်တစ်ဦးက စောဒကတက်တာ ကြုံဖူးတယ်လို့ ယာဉ်လိုင်းပိုင်ရှင် ဦးခိုင်က ပြောပါတယ်။ သတ် မှတ်ယာဉ်စီးနှုန်းထားကို လက်မှတ်မှာရေးထားပေမယ့် ကား လက်မှတ်ကနာမည်နဲ့ ယာဉ်စီးခပိုတောင်းတယ်လို့ လာပြောသူရဲ့ နာမည်ကွဲလွဲနေတာ ရှိတယ်လို့ ဦးခိုင်က ပြောပါတယ်။

““ကျွန်တော်တို့ရဲ့ လက်မှတ်ကို တစ်ယောက်ယောက်က ဝယ်ပြီးမှ တစ်ဆင့် ပြန်ရောင်းသွားတာလည်း ဖြစ်နိုင်တယ်””လို့ သူက ရှင်းပြပါတယ်။

ကားလက်မှတ်အခက်အခဲ ကြုံတွေ့ဖူးသူ မကွေးတိုင်း ဒေသကြီးက ကိုအောင်ကျော်မင်းဆိုရင် ၂၀၁၆ မှာ အိမ်ပြန်ဖို့ အောင်မင်္ဂလာကားကွင်းရှိ ရွှေပွင့်ဖြူကား ဂိတ်မှာ ကိုယ်တိုင် တန်းစီဝယ်ခဲ့ပေမယ့် ကားလက်မှတ်ခ ဈေးပို ပေးခဲ့ရတာမို့ ယခင် မထသ(အဝေးပြေး) ရုံးခန်းမှာ သွားရောက် တိုင်ကြားခဲ့ဖူးတယ် လို့ သူက ဆိုပါတယ်။

ကျသင့်ငွေ ကျပ် ၁၀,၀၀၀ ကို လက်မှတ်မှာ ရေးထားပေ မယ့် အမှန်တကယ် ၁၅,၀၀၀ ကျပ် ပေးခဲ့ရတာကြောင့် ဖြစ်ပါ တယ်။ အဲဒီတုန်းက ပိုတောင်းတဲ့ငွေကိုသာ ရုံးခန်းမှာ ဂိတ်မှူးက ပြန်အမ်းပေးခဲ့ပြီး ဘယ်လို အရေးယူခဲ့လဲဆိုတာ မသိဘူးလို့ သူ က ပြောပါတယ်။

မဖြေရှင်းနိုင်ရင်

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ဟာ အဝေးပြေးကား လက် မှတ် ကိစ္စကို ဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ကားလက်မှတ်အခက် အခဲအကြောင်းကို တိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မော် ကွန်းကို  ပြောပါတယ်။

မကွေးတိုင်းဒေသကြီး တောင်တွင်းကြ%

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."