အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦးတင်သွင်းတဲ့ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်ကို အရေးကြီးအဆိုတင်သွင်းလာတာဟာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွှတ်တဲ့အတွက်ကန့်ကွက်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ဒီကနေ့ လွှတ်တော်မှာ ပြောပါတယ်။
၂၀၁၉၊ ဇန်နဝါရီ ၂၉ က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြားဖြတ်အရေးကြီးအဆိုအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွှန့်က ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာပြင်နိုင်ဖို့ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့် လျော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးဖို့ တင်သွင်းခဲ့တဲ့အဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
“ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်သင့်တာတွေ၊ ပြင်နိုင်တာတွေကို ဥပဒေလုပ်ထုံးများနှင့်အညီ ပြင်သင့်တဲ့အချိန်မှာ ပြင်ရ မယ်ဆိုတာကို ယေဘူယျလက်ခံပါတယ်။ ဒါပေမဲ့ လုပ်ထုံးဥပဒေတွေကိုကျော်လွန်ပြင်ဆင်တာကို လက်မခံပါဘူး။ လုပ်ခဲ့ ရင်လည်း တရားဝင်မှုမရှိနိုင်ဘူးဆိုတာကို ဦးစွာတင်ပြလိုပါတယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ပါ ပြင်ဆင်ခြင်း ပုဒ်မတွေဖြစ်တဲ့ ၄၃၃၊၄၃၄၊၄၃၅ တွေနဲ့လည်း မညီညွှတ်သလို ပြည် ထောင်စု လွှတ်တော်နည်းဥပဒေပုဒ်မ ၁၃၃၊၁၃၄၊၁၃၅မှာ ပြဌာန်းထားချက်တွေနဲ့လည်း မညီညွှတ်ဘူးလို့ ဒီကနေ့ ဆွေးနွေး ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ်တွေက ပြောပါတယ်။
အခြေခံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆိုကို တိုင်းရင်းသားပါတီ အများစုရဲ့အမတ်တွေက ထောက်ခံဆွေး နွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ်တွေကတော့ အဆိုတင်သွင်းတာဟာ ဥပဒေနဲ့ ညီညွှတ်တယ်လို့ ဥပဒေအကိုးအကားတွေနဲ့တကွ ပြန်လည်ချေပကြရင်း အဆိုကို ထောက်ခံဆွေးနွေးကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃)က ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမြတ်ဉာဏစိုးက “ ပြင်ဆင်ရေးဆိုတာနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခန်း (၁၂) ကိုပဲ အားလုံးက ပြေးမြင်ကြ ပါတယ်။ အဲဒီပုဒ်မတွေမှာလည်း ပြင်ဆင်ရေးပူးပေါင်းကော်မတီမဖွဲ့ရလို့လည်း မကန့်သတ်ထားပါဘူး။ ပြင်ဆင်ရေးဆိုတဲ့ စကားရပ်တစ်ခုအပေါ်မှာပဲ အနက်ကောက်ဖို့ မသင့်လျော်ပါဘူး” လို့ လွှတ်တော်မှာ ရှင်းလင်းပါတယ်။ ဒါ့အပြင် ဒီကော် မတီမှာ တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် အားလုံးပါဝင်ပူးပေါင်းခွင့်ရှိတယ်လို့လည်း သူကပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ်တွေကတော့ အမှန်တကယ်ပြည်သူလူထုတောင့်တမှုမရှိဘဲ တစ်စုတစ်ဖွဲ့ က နိုင်ငံရေးအရ လုပ်ကိုင်တာမျိုးဖြစ်တဲ့အတွက် ဒီလိုကြိုးပမ်းတာကို ကန့်ကွက်တယ်လို့ လွှတ်တော်မှာ ဝေဖန်ပါတယ်။
” အဆိုရှင်က မြို့တစ်မြို့၊ နှစ်မြို့မှာ လူတစ်ရာလောက်က စတစ်ကာကမ်ပိန်းလုပ်တာနဲ့ပဲ အဲဒါကို လွှတ်တော်ကြီးက မသိ ကျိုးကျွံပြုလို့မသင့်လျော်ဘူးလို့ ပြောတာဟာ အင်မတန်ရယ်စရာကောင်းပါတယ်။ အဲဒီလူတွေ ဘယ်သူ့စနက်ကြောင့် စတစ်ကာကမ်ပိန်းလုပ်တယ်ဆိုတာကိုလည်း ပိုမိုပြီးမှပေါ်လွင်ထင်ရှားလာစေပါတယ်” လို့ ဦးမောင်မြင့်က ဝေဖန်ပါတယ်။
ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့မညီညွှတ်တာ၊ ရှေ့နောက်ပြဌာန်းချက်တွေ မညီညွှတ်တာနဲ့ တိုင်းရင်းသားတွေ ရဲ့ တန်းတူရေးကို အဟန့်အတားပြုလုပ်ခံနေရတဲ့အတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုအပ်တယ် လို့ အဆိုကို ထောက်ခံဆွေးနွေးသူတွေက ပြောကြပါတယ်။
” ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟာ နိုင်ငံနေပြည်သူလူထုရဲ့လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ အပြည့်အဝပါရှိတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံချက် ပေးနိုင် တဲ့ အခြေခံဥပဒေဖြစ်ရပါမယ်။ အင်အားကြီးသူက လက်ဦးမှုယူထားတဲ့၊ အသာစီးယူထားတဲ့၊ အသာစီးရတဲ့ အခြေခံ ဥပဒေ မျိုးမဖြစ်ရပါဘူး” လို့ အဆိုကိုထောက်ခံဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)က ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၊ ဒေါ်ထုမေက ဆွေးနွေးပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက ဆွေးနွေးခဲ့ပေမယ့် အဆိုတင်သွင်းတဲ့နေ့တုန်းက ဥပဒေနဲ့မညီတာကြောင့်ဆိုပြီး အပြင်းအထန်ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော်သားအစုအဖွဲ့ကိုယ်စားလှယ်တွေဘက်က ဝင်ရောက်ဆွေးနွေးတာမျိုးတော့ ဒီနေ့မှာ မတွေ့ရပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌန်းချက်တွေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပါက ပြင်ဆင်နိုင်တယ်လို့ဖော်ပြထားပါတယ်။ လွှတ်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိတဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် တပ်မတော်က သဘောတူညီချက်ရမှာသာ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ယနေ့ ဆွေးနွေးချက်တွေအပေါ် မနက်ဖြန်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒုတိယနာယကဖြစ်သူ ဦးမန်းဝင်းခိုင်သန်းက ဖတ်ကြားရှင်းလင်းမှာဖြစ်ပြီး အဆိုအတည်ပြု၊ မပြုကို ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာဖြစ်ပါတယ်။