ကျော်ဇေယျ
ဇန်နဝါရီ-၁၆
ပြည်သူများ၏အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းပိုကောင်းလာစေရန်နှင့် ဘဏ်များ၏ဈေးကွက်ချဲ့ထွင်နိုင်ရန် ယခင်က ကန့် သတ်ထားသည့် အိမ်ရာချေးငွေဆိုင်ရာ ကာလကန့်သတ်ချက်ကို ဖြေလျော့သည့် ကြေညာချက်တစ်ခုကို မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ယနေ့ထုတ်ပြန်လိုက်သည်။
ဘဏ်များအနေဖြင့် စုစုပေါင်းချေးငွေပမာဏ၏ ငါးရာခိုင်နှုန်းရှိသော ငွေများကို အိမ်ရာချေးငွေခေါင်းစဉ်အောက်တွင် ငွေချေးနိုင်ပြီး အရင်းပြန်ဆပ်ကာလကို သုံးနှစ်ထက်ပိုမိုသတ်မှတ်နိုင်ကြောင်း ဗဟိုဘဏ်က ဖြေလျှော့လိုက်ခြင်းဖြစ်သည်။ ယခင်က ယင်းခေါင်းစဉ်ဖြင့် ငွေချေးမည်ဆိုလျှင် အရင်းပြန်ဆပ်ကာလကို သုံးနှစ်သာခွင့်ပြုရမည်ဟု ၂၀၁၇၊ နိုဝင်ဘာလ အတွင်း ဗဟိုဘဏ်က ထုတ်ပြန်သတ်မှတ်ထားခြင်းဖြစ်သည်။
ဗဟိုဘဏ်၏ အိမ်ရာချေးငွေဆိုင်ရာကာလသတ်မှတ်ချက်ဖြေလျှော့မှုသည် လက်ရှိ အိမ်ရာဈေးကွက်အပေါ်တွင် ထူးထူး ခြားခြား အကျိုးသက်ရောက်မှု ဖြစ်မလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။
“ သိပ်တော့ မထူးပါဘူး။ အိမ်ရာချေးငွေတွေက အရင်လည်းပေးနေတာပဲ။ ကျွန်တော်တို့ဆို ၁၀ နှစ်တွေ ဘာတွေ ရှိတာပဲ။ ဧရာဝတီဆိုရင် ၁၀ နှစ်တောင်ပေးထားတာ။ အခုထိ ဝယ်မယ့်သူတောင်မရှိသေးဘူး” ဟု သူက သုံးသပ်သည်။ ဗဟိုဘဏ် က ဖြည့်လျော့ပေးသည့်တိုင် ဘဏ်များထံမှ ချေးငွေရနိုင်မှု အခြေအနေသည် မသေချာကြောင်း သူက သုံးသပ်သည်။
သို့သော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များအပေါ်တွင် ယခုကဲ့သို့ ဖြေလျှော့မှုများ လုပ်ဆောင်ပေးလာခြင်းသည် ကြိုဆိုရ မည်ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။
ဗဟိုဘဏ်သည် ယမန်နေ့ကလည်း ကြေညာချက်အမှတ် ၁/၂၀၁၉ ဖြင့် ဗဟိုဘဏ်က သတ်မှတ်ပေးထားခြင်းမရှိသော အပေါင်ပစ္စည်းများနှင့် အပေါင်ပစ္စည်းမပါဝင်သော ချေးငွေပေးခြင်းလုပ်ငန်းများအတွက် ဘဏ်များအနေဖြင့် တစ်နှစ်အတိုး နှုန်း ၁၆ ရာခိုင်နှုန်းထက်မပိုသောနှုန်းထားဖြင့် ချေးငွေလုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း ဖြေလျှော့မှု လုပ်ထားသည်။