မြဝတီ – ၂၀၂၅ စက်တင်ဘာ ၅ (မော်ကွန်း)
အာရှလမ်း၊ သင်္ကန်းညီနောင်က ကေအဲန်ယူတော်လှန်ရေးတပ်တွေကို အာဏာသိမ်းစစ်တပ်ဘက်က အပြင်းအထန်စစ်ကြောင်းထိုးတိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က အရေးသာနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေဘက်က စခန်းတချို့ ဆုတ်ခွာထားရပြီး အာဏာသိမ်းစစ်တပ်ဘက်က အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကလည်း သင်္ကန်းညီနောင်ဂိတ်မှာ တပ်ထိုင်ထားပြီး တော်လှန်ရေးတပ်တွေ ဆုတ်ခွာထားတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ တည်နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကရင်နယ်ခြားစောင့်တပ်နဲ့ သူ့လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNA)တို့ကလည်း အာဏာသိမ်းစစ်တပ်နဲ့ ရပ်တည်ကြောင်းကြေညာထားပါတယ်။
“ရှေ့တန်းစခန်းတွေတင်မကဘဲ အခုတော့ နောက်တန်းစခန်းတွေကိုပါ အဓိကထားပြီး လေကြောင်းပစ်ကူပေးနေတယ်”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
အခုလ ၂ ရက်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နို့ဖိုး၊ ထီးမူထရွာတွေကို အာဏာသိမ်းစစ်တပ်က ရုတ်တရက် ဝင်ရောက်လာပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ကြပါတယ်။
သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ အာရှလမ်းမှာပိတ်ဆို့ထားတဲ့တော်လှန်ရေးတပ်တွေကို အာဏာသိမ်းစစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်း၊ လေကြောင်းပစ်ကူတွေနဲ့ မြို့စောင့်တပ် ၂၇၅ တို့က ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်တဲ့သဘောလို့သိရပါတယ်။

