ဗညားအေးကျော်
ရန်ကုန်-၂၀၂၀ ဇူလိုင် ၁၆ (မော်ကွန်း)
အာရှရထားလမ်းမကြီးကွန်ယက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်စာချုပ်မှာ မြန်မာပါဝင်လက်မှတ်ရေးထိုးဖို့နိုင်ရန် လွှတ်တော်ကသဘောတူပေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နိုင်ငံတော်သမ္မတက အသိပေး ပါတယ်။
ဒေသတွင်းနိုင်ငံတွေက သဘောတူညီချက်လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင် အိမ်နီးချင်း နိုင်ငံတွေ၊ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုလုပ်ရမှာ အကျိုးကျေးဇူးတွေရရှိလာမယ်လို့ စာချုပ်ကို လာရှင်းပြတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပြတယ်။
ဒါ့အပြင် ကုန်းတွင်းဆိပ်တွေက ကုန်စည်တွေကို ရထားနဲ့သယ်ယူပို့ဆောင် တဲ့ စနစ်ပိုကောင်းလာနိုင်တာ၊ နယ်စပ်တွေမှာ ပြတ်တောက်နေတဲ့ ရထားလမ်းတွေ ချိတ်ဆက်ရေးအတွက် ငွေကြေးနဲ့နည်းပညာတွေရနိုင်တာနဲ့ နိ်ုင်ငံတွင်းမှာ ကုန်းတွင်း ဆိပ်တွေ တည်ဆောက်ရာမှာ ငွေကြေးနဲ့နည်းပညာအကူ အညီတွေ ရနိုင်တယ်လို့ သူကရှင်းပြတယ်။
ဒီနိုင်ငံပေါင်းစုံရထားလမ်းကွန်ယက်စနစ်မှာ ပါဝင်နိုင်ဖို့ဆိုရင် လက်ရှိနိုင်ငံမှာ အသုံးပြုနေတဲ့ ရထားသံလမ်း အကျယ် တွေကို ထပ်ချဲ့ပြုပြင်တာတွေ လုပ်ဆောင်ရဖို့ ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးကပြောတယ်။ နိုင်ငံနဲ့ အဓိက ချိတ်ဆက်မယ့် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်တို့မှာ ရှိတဲ့ ရထားသံလမ်းတွေဟာ မြန်မာသံလမ်းတွေ ထက် ပိုကျယ်နေတယ်လို့ သူက ပြောတယ်။
“ ဒီဘက်က … သံလမ်း ၂ ချောင်းရဲ့ အကျယ်က တစ်မီတာ ( ၃.၂၈၀ ပေ ) ပဲ ကျယ်ပြီးတော့ အိန္ဒိယဘက်မှာကျတော့ ၁.၆၇၆ မီတာ ( ၅.၄၇၉ ပေ ) ကျယ်ပါတယ်။ … တရုတ်ဘက်မှာကျတော့ standard garage လို့ခေါ်ပါတယ်။ ၁.၄၃၅ မီတာ ( ၄.၇၀၈ ပေ ) ဖြစ်ပါတယ်။ … ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့အကြံပြုချက်အရ မူဆယ်ကနေ မန္တလေးကို standard garage နဲ့ သွားသလို မန္တလေးကနေ တမူးကိုလည်း standard garage နဲ့ သွားဖို့ရာအတွက် ကျနော်တို့ အဆိုပြုပြီး တော့ ညှိနှိုင်းနေပါတယ်။ နည်းပညာအကူအညီရဖို့ရာလည်း ညှိနှိုင်းနေတာဖြစ်ပါတယ် ” လို့ သူကပြောတယ်။
ကုလသမဂ္ဂ၊ အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးနှင့်လူမှုရေးကော်မရှင် (UNESCAP) က အဆိုပြုတဲ့ ဥရောပနဲ့ အာရှတိုက်ကို ဆက်သွယ်မယ့် ဒီရထားလမ်း ကွန်ယက်မှာ စင်္ကြန်သုံးခု ပါဝင်ပြီး မြန်မာဟာ တောင်ဘက်စင်္ကြန်လမ်းကြောင်းပေါ်မှာ ရှိတယ်လို့ ဝန်ကြီးက ရှင်းပြတယ်။
ဒီစာချုပ်တွင်လက်မှတ်ရေးထိုးနိုင်ပါက အရှေ့ဘက်ကတရုတ်နိုင်ငံ၊ အနောက်ဘက်က အိန္ဒိယနိုင်ငံနှင့်တောင် ဘက်ရှိ ထိုင်း၊ မလေးရှား၊ စင်္ကာပူအထိ ရထားလမ်းကွန်ယက်ကို မြန်မာက ချိတ်ဆက်နိုင်မယ်လို့ ဦးသန့်စင်မောင်က ရှင်းပြတယ်။ နိုင်ငံတွင်းအနေနဲ့ မန္တလေး-မူဆယ်၊ မန္တလေး-တမူးရထားလမ်းပိုင်းတွေကို ဖောက်လုပ်အဆင့်မြှင့်ဖို့ ရှိတယ်လို့လည်း သူက ရှှုင်းပြပါတယ်။
လက်ရှိတွင် ထိုရထားလမ်းကွန်ယက်ဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံပေါင်း ၂၂ အထိ ရှိနေပြီး စီမံကိန်း အကောင်အထည် ဖော်မှုဆိုင်ရာသဘောတူညီချက်ကို ၁၉ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကို ရှင်းပြတယ်။
အထက်ပါစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ခွင့်ပြု၊ မပြု အဆုံးအဖြတ် ဆွေးနွေးမှုကို ဇူလိုင် ၂၂ ရက်မှာ ဆွေးနွေးဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက အသိပေးပါတယ်။
ဓါတ်ပုံ – ဂေထော၊ ပုံစာ – ရန်ကုန်ဘူတာကြီး မြင်ကွင်း
#Dailynews