ကော့ကရိတ် – ၂၀၂၄ ဇူလိုင် ၆ (မော်ကွန်း)
ကေအဲန်ယူ-တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ် ၊သုံးဆယ့်သုံးဆူကျေးရွာကို မနေ့နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က အတွဲလိုက်တာဝေးပစ်လက်နက်ကြီး(မစ်ဆိုင်း)တွေနဲ့ ပစ်ခတ်လို့ နေအိမ်တွေထိမှန်ပျက်စီးခဲ့ပါတယ်။
ပစ်ခတ်ချိန်မှာ ကော့ကရိတ်တောင်ပိုင်းတခွင်က ရွာတွေ တုန်ခါမှုကိုခံစားရပြီး လက်နက်ကြီးအလုံးရေ ခုနစ်လုံးခန့်ရှိပါတယ်။
ပစ်ခတ်ခံရမှုကြောင့် သုံးဆယ့်သုံးဆူရွာက နေအိမ်တချို့နဲ့ ကားနှစ်စီးထိမှန်ပျက်စီးသလို လူငယ်တစ်ဦးလည်း ညာဘက်လက်မှာ လက်နက်ကြီးစ အနည်းငယ်ထိမှန်ဒဏ်ရာရတယ်လို့ သုံးဆယ့်သုံးဆူကျေးရွာဥက္ကဌက ပြောပါတယ်။
“အိမ်ကခုနစ်လုံးထိတယ်ပေါ့နော်၊ အများကြီးပျက်စီးတာကတော့ နှစ်လုံးပဲ။ အမိုးပေါက်တာတွေ၊ ပြတင်းပေါက်မှန်တွေ၊ တံခါးတွေထိခိုက်တာကတော့ ငါးလုံး၊ ပြီးတော့ကားနှစ်စီး နည်းနည်းလေးပဲ ထိတယ်၊ ကလေးလေးတစ်ယောက်တော့ထိတယ်၊ နည်းနည်းလေးပဲ၊ ဘာမှမစိုးရိမ်ရဘူး”လို့ ကျေးရွာဥက္ကဌကပြောပါတယ်။
သုံးဆယ့်သုံးဆူရွာဟာ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ထိန်းချုပ်နယ်မြေထဲမှာရှိပြီး ကေအဲန်ယူ အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။
ကော့ကရိတ်ခွင်ဘက်မှာ ဒီလို တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်တဲ့နေရာတွေကတော့ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေက အာဏာသိမ်းစစ်တပ်စခန်းတွေဖြစ်ပါတယ်။
ဒေသခံတွေကတော့ မနေ့က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ကော့ကရိတ်မြို့၊ လှိုင်ဝကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စခန်းကဖြစ်ပြီး အတွဲလိုက်ဒုံးကျည်တွေ ထွက်တဲ့အသံကို ကြားရချိန် ဝပ်ကြသူတွေလည်းရှိတယ်လို့ ပြောကြပါတယ်။
မကြာသေးခင်ရက်ပိုင်း၊ ညဘက်တွေမှာလည်း အာဏာသိမ်းစစ်တပ်ဘက်က အရပ်သားနေထိုင်ရာနေရာတွေကို အလစ်အငိုက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။
ကော့ကရိတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေလက်က ပြန်လည်ရယူထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ မြို့တောင်ပိုင်းမှာရှိတဲ့ ကေအဲန်ယူ-တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲက ရွာတွေကို စစ်ကြောင်းထိုးကာ လှိုင်ဝရွာမှာ တပ်စွဲထားပြီး မကြာခဏတိုက်ပွဲတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။
ကေအဲန်ယူ – တပ်မဟာ ၆၊ ကော့ကရိတ်ခွင်ဟာ တိုက်ပွဲအဖြစ်ဆုံးနေရာဖြစ်ပြီး နေ့စဉ် အာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေဆဲပါ။
ပုံစာ – လက်နက်ကြီးထိမှန်ထားတဲ့ သုံးဆယ့်သုံးဆူက နေအိမ်များ။
ဓါတ်ပုံ – Mawkun

